Tuesday, December 21, 2010

ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ပြောင်းရေး လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေ နှင့် စစ်အစိုးရတပ်များ ၄ ရက်မြောက် တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ဒီကေဘီအေ ဗဟို ဌာနချုပ်က ယနေ့မနက်ကပြောသည်။

ယနေ့မနက်ပိုင်း မြဝတီမြို့နယ် ဖလူးလေး ဘုရားကုန်းတွင် ဗိုလ်မှူးကြီးကျော်သက် ဦးစီးသည့် ဒီကေဘီအေ ကလို့ထူးဖော အမှတ် ၂ ဗျူဟာ တပ်ရင်းများနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် ၁၂ လက်အောက်ခံ ခမရ ၅၄၇၊ ၃၅၆၊ ခလရ ၂၃ဝ တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။

“ကျနော်တို့ ဘက်က ဗျူဟာမှူး ဗိုလ်ကျော်သက် လက်အောက်ခံ တပ်ရင်းတွေနဲ့ စစ်တပ်နဲ့ ဒီနေ့မနက်ပိုင်း ဘုရားကုန်း မှာ ပစ်နေကြပြီ။ အခုအချိန်ထိ တိုက်နေတုန်းပဲ ထိခိုက်၊ အသေအပျောက်ကတော့ ဘာစာရင်းမှ မရသေးဘူး” ဟု ဒီကေဘီအေ ဗဟိုဆက်သွယ်ရေးဌာနချုပ်မှ ဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို ပြောသည်။

ယနေ့မနက် ၁၁ နာရီ ၂၅ မိနစ်က စတင်ပစ်ခတ်ခဲ့ပြီး မဇ္ဈိမက ဒီကေဘီအေ ဗဟို ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းချိန် ထိုင်းစံတော်ချိန် ၁ နာရီ ခွဲထိ တိုက်ခိုက်နေသေးကြောင်း သိရသည်။

မြဝတီမြို့နယ်တွင် တိုက်ပွဲဖြစ်နေချိန် ကော့ကရိတ်မြို့နယ်ေ ဝါလေဒေသ ကနဲလေးတွင်လည်း ၉ဝ၉ တပ်ရင်းနှင့် ကလို့ထူးဘော ဗဟို လုံခြုံရေး တပ်ခွဲတို့ ပူးပေါင်း၍ ဗိုလ်မှူး ဗညားဝင်း ဦးစီးသည့် ခလရ ၄ဝ၉ စစ်ကြောင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေဘက်က ပြောသည်။

“ဒီနေ့မနက် ၇ နာရီလောက်က ကနဲလေးဂွင်မှာ နှစ်ဖက်ပစ်ခတ်တုန်း ပြေးလွှားရင်းနဲ့ ကျနော်တို့ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရသွားတာ။ မနေ့ကလဲ အဲဒီမိုင်းဂွင်ထဲမှာပဲ ဗိုလ်မှူးဗညားဝင်းတပ်ကပဲ ၂ ယောက် မိုင်းနင်းမိပြီး ခြေထောက်တွေ ပြတ်ကုန်တယ်” ဟု ဗိုလ်မှူး ချစ်စရာက ပြောသည်။

စစ်အစိုးရက နယ်စပ်တွင် ပြန်လည်ပေါ်ပေါက်နေသောတိုက်ပွဲများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။

အဆိုပါ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကြီး၊ ဖလူးလေးနှင့် ကော့ကရိတ် ဝေါလေဒေသတွင် ယခုလ ၁၈ ရက်ကစ၍ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူ ၅ဝဝ ကျော် စစ်ဘေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံဘက် ရောက်ရှိလာကြောင်း ထိုင်းနယ်စပ်မြို့ မဲဆောက်အခြစိုက် မယ်တော်ဆေးခန်း ကျန်းမာရေးမှူး ဦးသာဝင်းက ပြောသည်။

ဒုက္ခသည်များ ထိုင်းအာဏာပိုင်များထံ တရားဝင်ခိုလှုံခွင့် တောင်းဆိုပါက သေနတ်သံများ ငြိမ်သွားလျှင် ချက်ချင်းပြန်ပို့မည်ကို စိုးရိမ်ကြသဖြင့် မဲဆောက်မြို့၊ ဖုတ်ဖရာ့၊ မဲ့ကိုကင်းရွာရှိ အသိအိမ်များနှင့် လယ်တဲများ၊ စိုက်ပျိုးရေးခြံများ၊ သစ်ပင်များနှင့် သောင်ရင်း ချောင်းဘေးများတွင် မိုးကာစများခင်း၍ ပုန်းအောင်း ခိုလှုံနေကြသည်ဟု ဦးသာဝင်းက ပြောသည်။

အကယ်၍ နအဖ စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပါက အင်အား ၁ဝဝဝ ကျော်သာရှိသည့် ဒီကေဘီအေ အနေဖြင့် ပြန်လည် ခုခံနိုင်စွမ်းမရှိပေမည့် နိုင်ငံရေးအရ မဖြေရှင်းမချင်း ပြောက်ကျားစနစ်ဖြင့် စစ်အစိုးရကို လက်နက်ကိုင်တိုက်သွားမည်ဟု ဗိုလ်မှူးစောအေဝမ်းက ပြောသည်။

0 comments:

Post a Comment

Template by:

Free Blog Templates