Saturday, October 29, 2011

ထန်းတောထဲက တွေ့ဆုံမေးမြန်းခန်း .. မောင်လှဝင်း(မြင်းခြံ)

နေ့သစ်မှ
Posted by on October 29, 2011 2 Commen


ခေါင်းစုတ်ဖွား
အသားမဲမဲ
အရပ်ရှည်ရှည် မိုးထိုးနေ
ကျုပ်ရဲ့ ဆင်းရဲဖော် ဆင်းရဲဖက်တွေ
ဓနုဖြူခံတပ်မှာ လက်ပိုက်ရပ်နေတဲ့ ဗန္ဓုလ ပန်းချီကားကိုတောင်
အမှတ်ရမိသေးရဲ့
ဝံ့ဝံ့ကြွားကြွား ရှိလိုက်ပလေ
လေပြေထဲမှာ ငယ်ရုပ်ဆင်နေကြ
စုစုစည်းစည်း လက်တွဲပြီး လောကကြီးကို ရင်ဆိုင်နေကြ
မြေဆီမဲမဲပေါ်မှာ မားမားမတ်မတ် ရပ်တည်ကြ
ကောင်းကင်ထဲမှာ မိုးသက်ရနံ့ ရှူရှိုက်နေကြ။
ကျုပ်လား
အဲဒီထန်းပင်တွေကြားက ထန်းသမား
မန်းစကားမသိ
နန်းစကားမသိ
ဗန်းစကားမသိ
ထန်းစကားနဲ့ ထန်းသမားအသိသာရှိ။
ဘဝမြင့်မားမှုလား
ထန်းပင်ပေါ်တက်တဲ့အခါ ဘဝမြင့်မားသွား
ထန်းပင်ပေါ်က ဆင်းတဲ့အခါ ဘဝနိမ့်ကျလာ
ထန်းလက်တဲ နိမ့်နိမ့်သာ ကျုပ်ပိုင်ပါတယ်
မြင့်တာဆိုလို့ ထန်းပင်များတောင် ကျုပ်မပိုင်
တနိုင်လုပ်တဲ့ ထန်းသီးစား ကျုပ် ထန်းတက်သမား။
မွဲတေမှုလျှော့ချရေးလား
သမ္မတမိန့်ခွန်းစကား
ကြားဖူးဖို့ဆိုတာ အဝေးသား
သမ္မဆိုတာ ဖြူလား မဲလား
ဗိုလ်တံဆိပ်နဲ့လား
လက်ညှိုးညွှန်ရာ ရေဖြစ် မင်းဧကရာဇ်ပုံလား
ခွဲခြားမသိ
ကျုပ်သိသမျှက
ကျုပ်တွေ့ရတဲ့ တောထဲက ဖွတ်တွေ
ကျောမှာ ပြာမစုဘဲ ပိုပိုမွဲလာတယ်
ဘဝတူတွေရဲ့ ကျောတွေကတော့ ပြာစုပြီး မွဲမွဲလာတယ်
ကျုပ်မျက်စိတွေ ပိုပြီး ပိုပြီး မွဲမွဲလာတယ်။
ကြားဖူးပါရဲ့ ဒီမိုကရေစီ
ကျုပ်ကတော့ ဒီမိုးမှာလည်း ငွေမစည်
ဟိုမိုးတုန်းကလည်း ငွေမစည်
ထန်းလျက်ပေါ်ချိန်လည်း ငွေမစည်
ထန်းတက်နေလည်း ငွေမစည်
ပရုပ်စီ(ဆီ)ဘူးတောင် မဝယ်နိုင်လို့တဲ့
မိန်းမရဲ့ဆူသံပွက်သံသာ
ကျုပ်တဲထဲမှာ ညံညံစီ။
စိမ်းလန်းစိုပြေရေးလား
ကျုပ်သမီးလေး ကျောင်းစိမ်းနဲ့ဝေးတာ ကြာပြီ
တောခုတ်လို့ တောအုပ်တွေတောင် မစိမ်းတာ ကြာပြီ
မလှူရတာကြာလို့  ဆရာတော်ရဲ့ ဦးပြည်းစိမ်းစိမ်းတောင် မဖူးရတာ ကြာပြီ
စိမ်းတာဆိုလို့
ရွာအာဏာပိုင်တို့ မျက်နှာများ
ကြွေးရှင်တွေရဲ့မျက်နှာများ၊ ထန်းပိုင်ရှင်တွေရဲ့ မျက်နှာများ
စိမ်းသလားမမေးနဲ့
စိမ်းလိုက်သမှ ငှက်ခါးတောင်က အရှုံးပေးရ။
စိုပြေတာတော့ မသိ၊ ခန်းခြောက်တာတော့ ရှိတယ်
ကျုပ်တို့ဘဝတွေ ခန်းခြောက်နေတယ်
ရွာထဲက ဘဝတွေ ခန်းခြောက်နေတယ်
လယ်ယာမြေတွေ ခန်းခြောက်နေတယ်
ကန်ရေတွေ ခန်းခြောက်နေတယ်
နွားစာမြက်တွေ ခန်းခြောက်နေတယ်
အသိတွေ ခန်းခြောက်နေတယ်။
မြော်အမြင် .. ဟုတ်စ
ထန်းသမားပဲ  ထန်းပင်ဖျားက အမြော်အမြင်
ထန်းတောတခွင်လောက်ပဲ မြင်တယ်
ရွာဦးက ထုံးဖြူဖြူ စေတီတော်တဆူပဲ မြင်တယ်
နေပြည်တော်လား ကျုပ်မမြင်
ပင်လယ်ပြင်လား ကျုပ်မမြင်
အာရပ်ကမ္ဘာလား ကျုပ်မမြင်
မဟာတံတိုင်း ကျုပ်မမြင်
‘ဝေါလမ်းမကို သိမ်းပိုက်ကြဖို့’ ဆိုတာ
ဘာလဲဗျာ။
ဗျာ ..
ဇာတ်ထဲက ငိုချင်းနဲ့
လက်ငင်းဘဝ ထန်းသမားငိုချင်းကလွဲပြီး
ဝန်ကြီးပဒေသရာဇာနဲ့ တျာချင်း .. ဟင့်အင်း
ဖွေးဖွေးနဲ့ အောင်ရဲလင်း .. ဟင့်အင်း
အဖေပြောပြ ‘ရွှေဘ’ တော့ ကြိုက်လှချည့်
အစ်ကိုဆိုပြ တွံတေးသိန်းတန်သီချင်း ရခဲ့ဖူးတယ်။
ကိုယ့်တိုင်းပြည် ကိုယ်ချစ်လားတဲ့
ဒါတော့ လာမစမ်းနဲ့လေ
ဦးအောင်ဇေယျ စစ်တိုက်ခဲ့တုန်းက
ထန်းလုံးတွေနဲ့ ခံတပ်ဖွဲ့တိုက်ခဲ့တာ ကြားဖူးမှာပေါ့
ကျုပ်တို့မိတ်ဆွေ ထန်းလုံးတွေ စုစည်းညီညွတ်ပြီး
အသားမဲတွေရဲ့ ရင်ဘတ်မွဲကြီးတွေ စုတ်ပြတ်ဖွာလန်ကြဲ
ခုခံစစ်မှာ  အသေရဲခဲ့ကြသလို
ကျောမွဲဆင်းရဲသား လယ်သမား ယာသမား ထန်းသမားတတွေ
အရေးတော်ပုံအတွက် အသေရဲကြရမယ်ဆိုရင်
လက်ကို အပ်နဲ့ရိုက် လူရွေးလိုက်စမ်း
နောက်မတွန့်စတမ်း။    ။
မောင်လှဝင်း (မြင်းခြံ)

11ReadMore-2.jpg

Template by:

Free Blog Templates