Thursday, November 11, 2010


             စစ်ရဲ့အမြုတေ
      စစ်ပွဲဆိုတာကမ္ဘာပေါ်မှာမရှိသင့်ဆုံးအရာ
      စစ်ပွဲမရှိခဲ့တဲ့ ငြိမ်းချမ်းရေးအရပ် မရှိသလို
      စစ် ဆိုတာဖက်ဆစ် တစ်ဝက်တဲ့
      စစ်ရဲ့ မဲနက်သောတောင်ပံမှာ
      ရက်စက်မှုတွေရှိကောင်းရှိမယ်
      အဲဒီတောင်ပံရဲ့ အားမာန်တွေမှာ
      ငြိမ်းချမ်းရေးရဲ့  အမြုတေ တွေရှိတယ်။
                        ဖိနှိုပ်သူနဲ့ အဖိနှိုပ်ခံသူ
                        ကျူးကျော်စစ်နဲ့ ခုခံစစ်
                        တရားသောစစ်နဲ့ မတရားသောစစ်
                        သင်ဘယ်ဘက်က ရပ်တည်ဖြစ်မလဲ။
                                      သူပုန်ဆိုတဲ့ဝေါဟာရ
                                      ငါတို့အတွက် မြတ်တဲ့နာမ
                                      မတရားတာကို ပြန်ခံချတာတဲ့
                                      တိုက်ပွဲတစ်ပွဲရဲ့ မြင်ကွင်းကို
                                      ထိုတိုက်ပွဲရဲ့ရည်ရွယ်ချက်နဲ့ 
                                      တိုင်းတာမနှိုင်းယှဉ်သင့်ပါ။
                                                  တော်လှန်ရေးသမားဆိုတာ
                                                  လူထုနောက်မြီးဆွဲမဟုတ်
                                                  လူထုကိုဦးဆောင်တဲ့သူ
                                                  တွေဝေစရာမလို
                                                  နားယောင်စရာမလို
                                                  လုပ်စရာရှိတာလုပ်ရမယ်။
                                                                   စစ်ပွဲတွေကြောင့်                                  
                                                                   ကမ္ဘာမြေ ပျက်ရင်ပျက်မယ်
                                                                   ကရင်တွေရှိနေသေးရင်တော့
                                                                   မူ လေးချက်ဟာ  ရှိနေရဦးမယ်။
   
မတရားတာကို ခေါင်းငုံ့မခံတတ်တဲ့ ကရင်လူမျိုးတို့ရဲ့ ဗီဇသတ္တိကို အရောင်ပြန်တင်နိုင်ခဲ့တဲ့
ဗိုလ်မှူးချုပ် စောလားပွယ်နှင့်ရဲဘော်အပေါင်းအား  ဒီကဗျာလေးနဲ့ဂုဏ်ပြုအပ်ပါတယ်။
                                                   သူရေ၀့်ဖါန်(သူရေ့ဖေါင်)






11ReadMore-2.jpg

DKBA နှင့် စစ်အစိုးရ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်

 တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ်နှင့် စစ်အစိုးရကြား လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲနှင့် ပတ်သက်၍ အပစ်အခတ် ရပ်စဲရေး အတွက် ထိုင်းအစိုးရ အာဏာပိုင်များက ကြားဝင် ညှိနှိုင်း ဆွေး နွေး ပေးသော်လည်း မအောင်မြင်နိုင်ကြောင်း သိရှိရသည်။

three-pagoda-irr
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူ ဒေသတွင်တွေ့ရသော စစ်အစိုးရ တပ်ဖွဲ့ဝင် ၂ ဦး (ဓာတ်ပုံ - ဧရာဝတီ)
ဗိုလ်မှူးကြီး စောလားပွယ်က ၎င်း အနေဖြင့် ထိုင်းစစ်တပ်က ကြားဝင် စေ့စပ်ပေးမှုကနေ နုတ်ထွက်ခဲ့ကြောင်း၊ စစ်အစိုးရ အာဏာပိုင်များကိုလည်း မြ၀တီမြို့နှင့် ဘုရားသုံးဆူမြို့များတွင် ရှိသည့် စစ်အစိုးရတပ်များကို စစ်ကူ မပေးရကြောင်း၊ ၎င်း၏ တပ်ဖွဲ့ဝင်များကို အပစ်အခတ် မလုပ်ရန် အမိန့်ပေးထားသော်လည်း အစိုးရ တပ်များက စတင် ပစ်ခတ်လာလျှင် ပြန်ပစ်ရန် ညွှန်ကြားထားကြောင်း ဆိုသည်။

“ထိုင်း အာဏာပိုင်တွေ အနေနဲ့ တိုက်ပွဲပြီးသွားတာကို မြင်ချင်တယ်။ နယ်စပ် တည်ငြိမ်ရေးကို သူတို့လိုလားတယ်။ ပြီးတော့ သူတို့ အနေနဲ့ ပစ်ခတ်မှုတွေရပ်ဖို့ စပြီး စကားပြောနေပါပြီ”ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူး ချာမုစေး က ဧရာဝတီသို့ ပြော သည်။

ယနေ့ နံနက် ၃ နာရီ ကျော်တွင်လည်း DKBA တပ်ဖွဲ့ဝင်များက နအဖစစ်တပ် ခြေလျင်တပ်ရင်း (ခလရ )၂၈၃ တပ်စွဲရာ ထိုင်း-မြန်မာ နယ်စပ် ဘုရား သုံးဆူ မြို့ပြင်ရှိ တောင်ကုန်းကို လက်နက်ကြီများဖြင့် စတင်ပစ်ခတ်ကြောင်း သိရသည်။

ခန့်မှန်းခြေ လက်နက်ကြီး အလုံး ၃၀ခန့် ရှိပြီး နံနက် ၆ နာရီခန့် အထိ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက် မြင့်မားနေပြီး ပစ်ခတ်မှု တစုံတရာ မရှိသေးကြောင်း ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

စစ်အစိုးရနှင့် DKBA တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေသောကြောင့် ဒေသခံ လူဦးရေ ၂၀၀၀ ခန့် ယခင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ခဲ့ သည့် ဂျပန်ရေတွင်း အနီးဝန်းကျင်တွင် တိမ်းရှောင်နေရကြောင်း ဘုရားသုံးဆူရှိ ဧရာဝတီ သတင်း ထောက်တဦး က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသူများထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးအများစုလည်း ပါဝင်ကြောင်း ပြောပြသည်။

ဒုက္ခသည်များ ကို အစိုးရ မဟုတ်သော အဖွဲ့အစည်း(GNO)များ အပါအ၀င် အလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် မွန်ပြည် သစ်ပါတီမှ အဖွဲ့ဝင် တချို့က အစားအသောက်များကို ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံး သတင်းများအရ မြ၀တီမြို့ဘက်မှ ဆုတ်ခွာလာသော ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့ ယမန်နေ့က ရောက်ရှိနေကြောင်း၊ နအဖ စစ်ကူတပ်များလည်း သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူ ရှိရာသို့ ဦးတည် လာနေ ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ် တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

မြ၀တီမြို့ရှိ DKBA တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ပြန်လည်ရယူထားပြီး ဖြစ်သည်။

“စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်း အကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေး အတွက် မြ၀တီ မှာ ကျနော်တို့ တပ်တွေ နေရာစယူခဲ့ရခြင်း ဖြစ်တယ်”ဟု ဗိုလ်မှူးကြီး စောလားပွယ်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆို ထားသည်။

စစ်အစိုးရကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

၎င်းအဖွဲ့ သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။

11ReadMore-2.jpg

အညံ့ခံစရာ အကြောင်းမရှိ

ကိုးဒီသွေးမှ.......

ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ဖြစ်သော နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က မြ၀တီမြို့၌ အစိုးရတပ်ဖွဲ့များကို အလစ်အငိုက် ညတိုက်ပွဲတခုဖြင့် တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံ များစွာကို ယာယီထိန်းချုပ်နိုင်ခဲ့သည်။ နောက်တရက်တွင် မြ၀တီမြို့တွင်းနှင့် မြို့တ၀ိုက်တွင် DKBA နှင့် စစ်အစိုးရတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် DKBA တပ်ဖွဲ့များသည် ဘုရားသုံးဆူဒေသတွင် တပ်စွဲထားသော စစ်အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ထောင်သောင်းချီ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် စံခရဘူရီမြို့များသို့ ထွက်ပြေးခဲ့ကြသည်။

ဗိုလ်မှူးကြီး စောလားပွယ်သည် DKBA တပ်မဟာ (၅) ၏ တပ်မှူးဖြစ်သည်။ DKBA ခေါင်းဆောင်ပိုင်းက စစ်အစိုးရ ဖိအားပေးသည့်အတိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံလိုက်ခြင်းကို သဘောမတူသဖြင့် DKBA မှ ခွဲထွက်ခဲ့သော တပ်မဟာ တခုလည်း ဖြစ်သည်။ DKBA တပ်မဟာ (၅) သည် မြ၀တီနှင့် ဘုရားသုံးဆူ ဒေသတ၀ိုက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် အခြေစိုက်သည်။

လက်ရှိစစ်ရေး အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီသတင်းထောက် စောရန်နိုင်က ဗိုလ်မှူးကြီး စောလားပွယ်အား ဆက်သွယ်မေးမြန်းထားပါသည်။


မေး ။ ။ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဗိုလ်မှူးကြီးတို့အဖွဲ့ မြ၀တီမြို့ကိုဝင်တိုက်ပြီး အစိုးရအဆောက်အဦတွေကို သိမ်းယူခဲ့တယ်။ ဘာကြောင့် အဲဒီလို တိုက်ခိုက်ခဲ့ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သိပါရစေခင်ဗျား။

ဖြေ ။ ။ စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ။

မေး ။ ။ မြန်မာအစိုးရက ဗိုလ်မှူးကြီးအပေါ် ဘယ်လိုမျိုး ဖိအားတွေပေးနေပါသလဲ။

ဖြေ ။ ။ ကျနော်သာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ သဘောတူမယ်ဆိုရင် ကျနော့်ကို ကားအစီး ၅၀၀ နဲ့ စီးပွားရေးလုပ်ခွင့်တွေ ပေးမယ်လို့ အစိုးရအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကျနော့်ကို ဖျောင်းဖျပြောဆိုဖို့ဆိုပြီး အစိုးရက ဆရာတော် ဦးသုဇနကိုတောင် ခိုင်းခဲ့သေးတယ်။ ဘယ်သူမှ ကျနော်တို့ကို မစည်းရုံးနိုင်တဲ့အခါကျတော့ အစိုးရက ကျနော်တို့ကို မြ၀တီကနေ ထွက်သွားခိုင်းပါတယ်။ ကျနော်တို့ကို မတွေ့ချင်တော့ဘူးလို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ ထွက်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာဟာ ကရင့်နယ်မြေဖြစ်တယ်။ ဒါ့ကြောင့် ကရင်တိုင်းရင်းသားတွေ နေထိုင်နိုင်ရမယ်။ ဘယ်လိုအကြောင်းနဲ့မှ ကျနော်တို့ ထွက်မပေးနိုင်ပါဘူး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကိုသာ ကျနော်က လက်ခံမယ်ဆိုရင် ကျနော်လိုတာပေးမယ်လို့ စစ်အစိုးရက ပြောပါတယ်။ ပြည်သူလူထုအတွက်ပဲ အလုပ်အကျွေးပြုမယ်လို့ ပြန်ပြောလိုက်တယ်။ လူထုကို အကာအကွယ်ပေးဖို့ဆိုတာ ကျနော်တို့တပ်ဖွဲ့တွေရဲ့ တာဝန်ပဲဖြစ်တယ်။

မေး ။ ။ အခုပြီးသွားတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့အမြင်ကို သိပါရစေ။

ဖြေ ။ ။ ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ မဆောင်ကျဉ်းပေးနိုင်သလို တိုင်းရင်းသား ပြည်သူလူထုအတွက်လည်း တန်းတူညီမျှမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအစစ်အမှန် မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေ အရေခွံလဲတဲ့သဘောပါပဲ။ ပြည်သူလူထုကလည်း ရွေးကောက်ပွဲကို မထောက်ခံဘူး။ စစ်မှန်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာကို နိုင်ငံတကာအသိုင်းအ၀န်းက လာရောက် ကြည့်ရှုလေ့လာဖို့လိုပါတယ်။ ပြဿနာတွေကို သူတို့လာပြီး ဖြေရှင်းပေးသင့်ပါတယ်။

မေး ။ ။ တခြား DKBA တပ်မဟာတွေက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်ခံခဲ့ကြတယ်။ ဗိုလ်မှူးကြီးတို့ တပ်မဟာတခုပဲ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံဘဲငြင်းပယ်ခဲ့ပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့ အမြင်ကို သိပါရစေ။

ဖြေ ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ဆိုတာ စစ်အစိုးရက ကျနော်တို့ ကရင်ပြည်သူတွေကို ဖိနှိပ်ချေမှုန်းပစ်မယ့် နည်းလမ်းပါ။ ကျနော်တို့ကတော့ အောင်ပွဲမရမချင်း ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကို ဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ (၁) လက်နက်ချစကား အလျဉ်းမပြောရ (၂) ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမည် (၃) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည် (၄) ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဆိုတာပါပဲ။

မေး ။ ။ ဗိုလ်မှူးကြီးတို့က မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၁၅ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ရည်တည်လှုပ်ရှားခဲ့ပါတယ်။ ဒီတော့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ သဘောထားက ဘာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးထင်ပါသလဲ။ အပစ်အခတ်ရပ်စဲရေးအပေါ်မှာကော သူတို့အနေနဲ့ အလေးအနက်ရှိပါရဲ့လား။

ဖြေ ။ ။ စစ်အစိုးရက သူတို့နဲ့လာရောက်ပူးပေါင်းဖို့ ကျနော်တို့ကို ဖိတ်ခေါ်ခဲ့တယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေးရရှိဖို့ ရည်မှန်းချက်နဲ့ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ငြိမ်းချမ်းရေးကို တကယ်မလိုလားပါဘူး။ စစ်အစိုးရက သဘောတူချက်အပေါ်မှာ အလေးထားခြင်းမရှိသလို အပစ်ရပ်စာချုပ်နဲ့ပတ်သက်လို့လည်း မရိုးသားပါဘူး။ ပြည်သူလူထုအပေါ်မှာရော တိုင်းရင်းသားလူထုအပေါ်မှာပါ သူတို့တွေ မရိုးသားကြပါဘူး။ ဒီလူတွေအုပ်ချုပ်မှုအောက်မှာတော့ ကျနော်တို့ အသက်ပဲရှုနိုင်တယ်၊ အသက်တော့ မရှင်နိုင်ပါဘူး။

မေး ။ ။ မြန်မာအစိုးရနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်မှူးကြီးတို့ဘက်မှာက ရဲဘော်အင်အား နည်းနည်းပဲရှိတယ်။ ဆိုတော့ ဗိုလ်မှူးကြီးတို့က အစိုးရတပ်တွေကို ဘယ်လိုတန်ပြန် တိုက်မလဲ။

ဖြေ ။ ။ ကျနော်တို့တပ်တွေကို မြ၀တီကနေ ပြန်ဆုတ်ခိုင်းပြီး မြို့အပြင်မှာ နေရာချထားပါတယ်။ ကျနော်တို့ရဲ့ စစ်ဗျူဟာကို ပြောင်းပါမယ်။ ပြောက်ကျားစစ်နည်းဗျူဟာနဲ့ ကျနော်တို့ ပြန်တိုက်ပါမယ်။ ကျနော်တို့ကို စစ်ရေးအကူအညီပေးမယ့် အကူတပ်ဖွဲ့တွေလည်း ရှိပါသေးတယ်။

မေး ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကရော ဗိုလ်မှူးကြီးတို့အဖွဲ့ကို ကူညီမှာလား။

ဖြေ ။ ။ ကျနော်တို့ KNU နဲ့ ပုံမှန်အဆက်အသွယ်ရှိပါတယ်။

မေး ။ ။ စစ်အစိုးရက ဗိုလ်မှူးကြီးတို့အဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဖို့ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လာဦးမယ်လို့ ယူဆပါသလား။

ဖြေ ။ ။ မထင်ပါဘူး။ သူတို့သဘောထားက သိပ်မဟုတ်ဘူး။ အခုအထိ အင်အား ထပ်တိုးနေတုန်းရှိသေးတယ်။

11ReadMore-2.jpg

ရွေးကောက်ပွဲ အရေးပေါ်ကာလ နအဖစစ်တပ်၏ သျှမ်းပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ

သျှမ်းသံတော်ဆင့်


စစ်အစိုးရသတ်မှတ်သော ရွေးကောက်ပွဲအရေးပေါ်ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အင်္ဂါမစုံသူအမျိုးသမီးအား မုဒိန်းကျင့်ခြင်း ၊ ဒေသခံများအပေါ်အခြား လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်နေခြင်း စသည်များ နအဖစစ်တပ်က ကြမ်းရမ်းနေသည်ဟု စုံစမ်းသိရှိရသည်။

ယခုလ ၆ ရက် မိုင်းနောင်အခြေစိုက် ခမရ ၂၈၆ မှ ဗိုလ်မှူးဝင်းဇေလတ်ဦးဆောင်သည့် အင်အား ၂၀ ခန့်ပါ တပ်ဖွဲ့တဖွဲ့ မိုင်းနောင်မှ မိုင်းရှူး သို့အထွက်လမ်းအိမ်ခြေ ၅၀ ကျော်ရှိ ၀မ့်ဝိန်းကောင်ရွာ သို့သွား၍ ကိုယ်အင်္ဂါမစုံသူ အမျိုးသမီး တဦးအိမ် အတွင်း ရှာဖွေမွှေနှောက် ပြီးနောက်ပိုင်း ထိုအမျိုးသမီးကိုထပ်မံသွားရောက် မုဒိန်းကျင့်ကြောင်းထိုအမျိုးသမီး ကိုယ်တိုင် လဲချားရှိသူမ၏ဆွေမျိုးတဦးအား ပြန်လည် ပြောပြ၏။

အမျိုးသမီး၏ပြောပြချက်အရ လဲချားမှထိုင်းနယ်စပ်သို့ရောက်လာသူ၎င်း၏ဆွေမျိုးတဦးက သျှမ်းသံတော်ဆင့်သို့ ပြန်လည် ပြောပြရာတွင် - “ ၆ ရက် နေ့ခင်းပိုင်းအဲဒီတပ်က ဗမာစစ်သားတွေ ဒုက္ခိတ နန်းလီ ၃၂ နှစ်(အပျိုကြီး/ အမည်ရင်းမဟုတ်) တို့အိမ် ၀င်မွှေနှောက်ပြီးပြန်သွားတယ်။ ညနေ ၃ နာရီလောက်ရောက်တော့ အဲဒီဗိုလ်မှူး ၀င်းဇေလတ်ရဲ့တပည့်တယောက်က အရပ်ဝတ်နဲ့ နန်းလီရဲ့အိမ်ကိုပြန်သွားတယ်။ ထပ်သွား မွှေနှောက်ဟိန်းဟောက်ဆဲ ဆိုပြီး အဲ့ဒီစစ်သားက နန်းလီကိုရိုက်ပုပ်ဖမ်းချုပ် ဆံပင်ကို တိုင်မှာချည်ထား၊ ပါးစပ်ကို ပုဝါနဲ့ပတ်ပိတ်ပြီး မုဒိန်းကျင့်တာတဲ့။ ကျင့်ပြီးတော့လဲ နန်းလီရဲ့ ရုပ်ပျက်ဆင်း ပျက်ပုံကို ဓါတ်ပုံရိုက်ယူသေးတယ်ဆိုဘဲ” - ဟု ဆို၏။

ထိုသို့ မုဒိန်းကျင့်ပြီးနောက် ညနေ ၅ နာရီတွင်လည်း အဆိုပါ ၀င်းဇေလတ်တပ်ဖွဲ့ နန်းလီတို့အိမ်သို့ တဖန်ပြန်သွား ရှာဖွေမွှေနှောက်ယူငင်ကြ့သေးသည်ဟုဆို၏။ ၇ ရက် နံနက်ပိုင်းနန်းလီတယောက် ၀ိန်းကောင်ရွာမှ တိမ်းရှောင်သွားခဲ့ ကြောင်းလည်း ပြောပြသည်။

ယခုလ ၄ ရက်မှ ၁၀ ရက်အထိ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ ၏ ၀မ့်ဇန့် တပ်စခန်းရှိ ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်မြင့် နှင့်အဖွဲ့ ဒေသခံများအာနေ့စဉ်း သောက်သုံးရေခပ်ပေးခိုင်းသည်ဟုဆို၏။ ထို့အပြင် စိန်ကျော့ ပြည် သူ့စစ်မှ တပ်ကြပ်စိုင်းဆိုင်ဦးဆောင်သည့် ရှေ့ပြေးတပ်ဖွဲ့နှင့်နအဖတပ်စိပ်တစိပ်တို့ ၀မ့်ဟူးမီ၊ နမ့်မော်ဆုမ့်၊ ၀မ့်ကျောင်း မိုင်ရွာ ဒေသခံတို့၏ ကြက်များကို တပိသာ ၁၅၀၀ ကျပ်နှင့်ဈေးနှိမ်ဝယ်ယူသည်ဟု သိရ၏။ ပြင်ပရောင်း ဈေးမှာတပိသာ ကျပ် ၅၀၀၀ ဖြစ်သည်။

မိုင်းနောင်မြို့နယ်ခွဲ မိုင်းနန်းအုပ်စု အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ရဲမင်းကျော် လည်း ကျေးသီးမြို့နယ် ဟိုပုံအုပ်စုမှ မိုင်းဟဲန် ရွာ၊ မဝေါင်းရွာ၊ ဟွေ့ပုတ်ရွာတို့အား သျှမ်းတပ်တို့၏ လှုပ်ရှားမှု တနေ့တကြိမ် သတင်းပို့ခိုင်းတာ ၁ ရက်ပျက်ကွက်သည်ဟု ဆိုကာရွာတိုင်းကြက် ၃ ပိသာစီဆင့်ဆိုခဲ့သည်ဟုဆို၏။

“ ပြီးခဲ့တဲ့လ ၂၃ ရက်ကသတင်းပို့ပျက်ကွက်တာကို ဒဏ်ရိုက်တာတဲ့ ။ တရက်ကို ကြက် ၃ ပိသာ ရွာစလုံးပို့ခိုင်းတယ်။ မိန်းနန်းရွာက အိမ်ခြေ ၃၀၀ ကျော်တယ်။ ရွာဘုန်းကြီးကျောင်းနားမှာ သူတို့ ဂိတ်ထားတယ်။ အ၀င်အထွက် ဆိုင်ကယ်တွေ စစ်ဆေးတယ်။ နေ၀င်မီးငြိမ်း အမိန့်တောင်ထုတ်ထားတယ်၊ ညအချိန်ဖြတ်တာတေါကရင်ပစ်မယ်တဲ့” ဟု နယ်စပ်ရောက် မိုင်းနောင်ဒေသခံတဦးကပြောပြသည်။

အောက်တိုဘာလကုန်ကလည်း မိုင်းနောင်အခြေချ လွယ်လင် စကခ ၂ မှ တပ်ဖွဲ့တဖွဲ့ က ယာထွန်ပြီး တဲ၌နားနေသော နားလင်လိုင်ရွာနေ လုံးလား၏သား စိုင်းကာလိန် (၂၀နှစ်) အား တွေ့ဆုံရာ ဆွဲခေါ် ဆဲဆိုကြိမ်းမောင်းပြီးဓါးဖြင့် ခုတ်ရာ မိုင်းနောင်ဆေးရုံ၌ ဆေးကုသနေရကြောင်း မိုင်းနောင်မှ ကျန်းမာရေးဝန်ထမ်းတဦးကပြော၏။

“ ဒီတပ်ဖွဲ့က စကခ ၃ လွယ်လင်ကဘဲ။ တပ်ဖွဲ့နာမည်တော့မသိဘူး။ စိုင်းကာလိန်ယာတဲကလဲ မိုင်းနောင်ခလရ ၉ နားမှာဘဲလေ။ စိုင်းကာလိန်ကိုတွေ့ရော အသားလွတ်ဝင်ဆဲပြီး စိုင်းကာလိန်ရဲ့ခါးပလိုင်းထဲက ဓါးမဆွဲပြီးခုတ်ထဲ့လိုက်တာ ခေါင်းမှာ ၄ချက် လက်ဖျံကျောမှာ ၅ ချက်ချုပ်ရတယ်။ ဓါးပြားနဲ့ရိုက်ဓါးရိုးနဲ့နှက်ထားတဲ့ဒဏ်ရာတွေလဲ မနဲဘူး” ဟု ပြောပြသည်။

11ReadMore-2.jpg

နိုင်ငံတကာရှိ ကရင်အမျိုးသားအဖွဲ့ အစည်းများ. ထုတ်ပြန်ကျေညာချက်၊


ကရင်အမျိုးသားများခင်ဗျား-
တိုင်းရင်းသား လူမျိုးစုံပြည်သူများခင်ဗျား-

(၁)၊လူမဆန်သည့် နအဖ ဖက်ဆစ် စစ်အုပ်စု. ကရင်မျိုးဖြုတ်ရေး စီမံချက်ကို လက်သင့်မခံသော။စစ်
အုပ်စု သက်ဇိုးရှည်ရေး အတုအယောင်ရွေးကောက်ပွဲကိုဆန့် ကျင်သော။ စစ်ကျွန်သက်သက်ဖြစ်သည့်
နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးကို ဆန့် ကျင်သော သူရဲကောင်းပီသသော တပ်မဟာ(၅)မှူး
ဗိုလ်မှူးချုပ် စောလာပွဲနှင့် ကရင်လက်နက်ကိုင် ရဲဘော်များသည် နိုဝင်ဘာလ (ရ) ရက်နေ့ မှစတင်၍မြဝ
တီမြို့ ရှိရန်သူ နအဖများကို တိုက်ခိုက်လိုက်ပြီးဖြစ်သည်၊ ထိုတိုက်ခိုက်မှုသည်ပြည်ထောင်စုတ၀ှမ်းလုံးရှိ
ကျောင်းသားလူငယ်များ။ ရဟန်းသံဃာတော်များ။ လူတန်းစားအလွှာပေါင်းစုံမှ လုပ်သားပြည်သူများ။
ဗမာ့တပ်မတော် ကြည်း။ရေ။ လေ။ ပြည်သူ့ ရဲ တပ်ဖွဲ့ များမှမျိုးချစ် အရာရှိ။ အရာခံ။ အကြပ်။ စစ်သည်
တော်များကို “နအဖ ဖက်ဆစ်ဆန့် ကျင်ရေး ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးတရပ် စတင် ဆင်နွဲလိုက်
ပြီး”ဆိုသည့်အချက်ပြ သေနတ်သံများ ဖြစ်သည်။

(၂)၊တပ်မဟာ(၅) မှူး ဗိုလ်မှူးချုပ်စောလားပွဲနှင့် သူရဲကောင်းပီသသော ကရင်လက်နက်
ကိုင်ရဲဘော်များသည် ကရင်အမျိုးသားခေါင်းဆောင်ကြီး အာဇာနည်စောဘဦးကြီး. တော်လှန်သည့်
သစဏာတရား (၄) ပါး (၀ါ) မူလေးချက်ကို စွဲစွဲမြဲမြဲဆုတ်ကိုင်ပြလိုက်ခြင်းဖြစ်သလို။ ဒေါ်စုဘခင် ဗိုလ်ချုပ်
အောင်ဆန်း.တော်လှန်သောသြ၀ါဒဖြစ်သည့် “ဒီမိုကရေစီနဲ့ လူ့ အခွင်းအရေးကိုတောင်းလို့“ရရင်ရ-
မရရင်ချ”ဆိုသည့်မူကို အကောင်အထည်ဖေါ်ပြလိုက်ခြင်း ဖြစ်သည်၊

ကရင်အမျိုးသားများခင်ဗျား-
တိုင်းရင်းသားလူမျိုးစုံပြည်သူများခင်ဗျား-

(၃)၊နအဖ ဖက်ဆစ်လူသတ်သမားများ.ဖိနှိပ်ကျွန်ပြုမှုကို ခေါင်းငုတ်။လည်စင်းမခံနေဘဲ ညီကိုတော်
လူမျိုးစုများနှင့်၎င်း။လူတန်းစားအလွှာပေါင်းစုံမှလူမျိုးစုံပြည်သူများနှင့်၎င်း။ခိုင်မာစွာလက်တွှဲု တိုက်
ပွဲပုံစံမျိုးစုံကိုရဲရဲဝန့် ဝန့် ဆင်နွဲကြပါရန် မေတျွှာရပ်အပ်ခံပါသည်၊

(၄)၊ ဗမာ့တပ်မတော် ကြည်း။ရေ။လေ။ ပြည်သူ့ ရဲတပ်ဖွဲ့ တို့ မှ အရာရှိ။ အရာခံ။ အကြပ်။ စစ်သည်တော်
များသည် နအဖ ဖက်ဆစ်လူမိုက်တစု. ရာသက်ပန် စစ်အာဏာရှင်စနစ်ထူထောင်ရေး။ စစ်ကျွန်ဇာတ်
သွင်းနေမှုများမှရုံးထွက်တော်လှန်သောလူမျိုးစုံပြည်သူများ နှင့်ခိုင်မာ စွာလက်တွှဲုဟန်ချက်ညီတိုက်
ပွဲဝင်သွားပါရန် ထပ်မံမေတ္တာရပ်ခံအပ်ပါသည်၊
(၅)၊ နအဖ ဖက်ဆစ်ဆန့် ကျင်ရေး ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးအောင်ပွဲဆင်နွဲနိုင်ရန် လူမျိုးစုံပြည်
သူတရပ်လုံးမှ-(ကာယ။ ဥာဏ နှင့် ဓန အင်အားများဖြင့် ၀ိုင်းဝန်းပံ့ပိုးကြပါရန်) ထုတ်ပြန်ကျေညာအပ်
ပါသည်၊
“နအဖဖက်ဆစ်ဆန့် ကျင်ရေး။ ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးဆင်နွဲကြ”
“ဒီမိုကရေစီနှင့် လူအခွင့်အရေး ရရင်ရ-မရရင်ချ”
(၂)

“တိုင်ရင်းသားလူမျိုးစုံပြည်သူများ သွေးစည်းကြ”

လေးစားစွာဖြင့်-
1) (KCM) Karen Community of Minnesota.
(2) (KCA) (UK) Karen Community Association (United Kindom)
(3)(KYO)- Korea. Karen Youth Organization (Korea)
(4) ဘက်မလိုက် လွတ်လပ်သောကရင်လူမှုအဖွဲ့အစည်း (နော်ဝေးနိုင်ငံ)
Collapse...

11ReadMore-2.jpg

Template by:

Free Blog Templates