Saturday, February 26, 2011

ဝေါ်လေအနီး နအဖ ကားလမ်းလုံခြုံရေးတပ်တွေ တိုက်ခိုက်ခံရ


http://www.naytthit.net/wp-content/uploads/2011/02/dkba26feb2011.png

နေ့သစ်


ဖေဖော်ရီလ ၂၃ ရက်နေ့ကစလို့ မြဝတီနဲ့ ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ကော့ကရိတ် ကုက္ကိုနေရာတွေမှာ ဒီကေဘီအေ ဘက်က ဝင်ရောက် စစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေအရ စစ်တပ်လုံးခြုံရေးတွေ ထူထပ်စွာချထားခဲ့ရတယ်။ အဲဒီရက်ထဲမှာပဲ နအဖ ဘက်က ထောက်ပို့ကားတန်းတွေ မြဝတီကို ရောက်ရှိလာကာ ဖလူးနဲ့ ဝေါ်လေဘက်ကို ဆက် သွားမယ်လို့လည်း သတင်းတွေ ရရှိခဲ့ပြီး။ ဒီကနေ့မှာ ဝေါ်လေဘက်ကိုတက်မယ့် နအဖ စစ်ကားတန်းကို လုံခြုံရေးယူ ထားတဲ့ တပ်တွေကို ဒီကေဘီ နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက ကနဲ့လေးနဲ့ ဘလဲ့ဒို့ ဘက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။

နအဖ တပ်မ ၂၂ လက်အောက်ခံတပ်တွေကို ဒီကနေ့ နေ့လည်ပိုင်းက ဝေါ်လေအနီးက ကနဲလေးနေရာမှာ ဒီကေဘီအေ နဲ့ ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ ဒီထိတွေမှုမှာ နအဖ ဘက်က ၄ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရတယ် လို့ သိရပြီး၊ ဘလဲ့ဒို့ ဘက်မှာတော့ နအဖ ဘက်က ၂ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ တယ်လို့ သိရှိရပါတယ်။

ဒီကေဘီအေ တပ်မဟာ ၅ စစ်ဆင်းရေးမှူး ဗိုလ်မှူးဆန်းအောင် ပြောပြတာက …

“ဟုတ်ကဲ့ ဒီနေ့နေ့လည် ကနဲ့လေမှာ ဖြစ်တယ်။ သူတို့ဘက်က ရိက္ခာနဲ့ စစ်သားတွေသယ်လာတဲ့ ကားတန်းတွေအတွက် လုံခြုံးရေးလမ်းကင်းကို တိုက်လိုက်တာဖြစ်တယ်။ သူတို့ဘက်က ၄ ယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရတယ်။ အခု ဒီရက် ပိုင်းထဲမှ တက်လာတဲ့ နအဖ ကားတန်းတွေက ရိက္ခာတွေအပြင် ချူကလီးနေရာမှာ မြို့တည်ဖို့လိုအပ်တဲ့ ပစ္စည်း တွေပါ ပါ နိုင်တယ်။ ဒီနေ့လည်က တိုက်ပွဲဖြစ်တဲ့နေရာမှာ မိုးတွေလည်း တအားရွာနေတယ်၊ ဒီနေ့ တနေ့ထဲပဲ ဝေါ်လေ အနီးက ဘလဲဒို့ မှာလည်း ဒီကေဘီအေဘက်က ပြောက်ကျားစစ်ဆင်ခဲ့တဲ့အတွက် နအဖ ဘက်က ၂ ယောက်သေပြီး လေးယောက် ဒဏ်ရာရတယ်” လို့ ပြောပြသွားပါတယ်။

နအဖ အနဲ့နဲ့ ဝေါ်လေအနီးက ချူကလီးနေရာမှာ မြဝတီမြို့နယ်ခွဲတခု တည်ဖို့အတွက်ပြင်နေတယ်ဆိုတာ ကြားသိရပြီး လုံခြုံရေအတွက် ရဲတပ်ဖွဲ့အင်အား ၁၀၀ နဲ့ မြို့နယ်အုပ်ချုပ်ရေးဝန်ထမ်း၊ အထွေးထွေရုံဝန်ထမ်းတွေ ဆောက်လုပ်ရေး ဝန်ထမ်းတွေကို တာဝန်သတ်မှတ်ပြီးဖြစ်တယ်လို့လဲ သိရှိရပြီး အရပ်သားဝန်ထမ်းတွေ အနေနဲ့ အခု မြို့တည်မယ့် နေရာ အခြေအနေကို ကြိုတင်စုံစမ်းတာတွေလုပ်နေပြီး သွားရောက်တာဝန်ထမ်းဆောင်ရမှာ အထူးစိုးရိမ်နေတယ်လို့လဲ ကြား သိရပါတယ်

11ReadMore-2.jpg

ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ။ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆိုထားသည်။

စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း၊ ရှေ့တန်းစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင် ခြေကုပ်ယူလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ်၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး။ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး” ဟု မဇ္ဈိမကို သုံးသပ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်း မရှိပေ။

နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည်။

စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။

“၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်ထားကြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (United Nationalities Federal Council-Union of Burma) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည်။

11ReadMore-2.jpg

ယနေ့သတင်း (၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၁)


 ဆုံဆည်းရာ၊ ၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၁


သတင်း
နံနက် (၁၀ နာရီ ၄၀ မိနစ်) ကေအိုင်အို ထိန်းချုပ်ရာနယ်မြေဒေသ၀န်းကျင်တွင် နအဖ ဘက်က စစ်အင်အား တိုးမြှင့်ချလိုက်ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းက ကေအိုင်အေ ထိန်းချုပ်နယ်မြေသို့ ကျူးကျော် ၀င်ရောက်ခဲ့သော နအဖ တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ဒု ဗိုလ်မှူးကြီးတဦး ကျဆုံးသွားပြီးတဲ့ နောက်ပိုင်း စစ်ရေးအရ နှစ်ဘက် တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ကေအိုင်အေက ပြည်သူ့စစ်တပ် ဖွဲ့စည်းမယ်ဆိုပြီး ကြေညာပြီး နောက်ပိုင်းနှင့် ကေအိုင်အို ထိန်းချုပ်ရာဒေသ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်းဝင်ရောက်သွားတဲ့ ထူးကုမ္ပဏီ၏ ရဟတ်ယာဉ် တစင်းကို ကေအိုင်အေ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတိပေးမှုတွေ ပြီးတဲ့နောက်ပိုင်း နအဖ စစ်တပ်ဘက်က မကျေနပ်မှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ နအဖ စစ်တပ်နှင့် ကေအိုင်အေ ထိန်းချုပ်ရာဒေသနှင့် ထိစပ်လျှက်ရှိတဲ့ စစ်မျက်နှာ သုံးနေရာမှာ နအဖ စစ်က တပ်အင်အားတိုးမြှင့်ချထားပြီး ကေအိုင်အိုဘက်မှ ၄င်းတို့ထိန်းချုပ်ရာ နယ်မြေဒေသအတွင်းသို့ နအဖ စစ်တပ်များ နယ်ကျွံဝင်ရောက်လာလျှင် ပစ်မိန့် ပေးထားသောကြောင့် လက်နက်ကိုင် စစ်ရေးပဋိပက္ခ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံတဦးက သုံးသပ်ပြောဆိုပါတယ်။

နံနက် (၁၀ နာရီ ၂၇ မိနစ်) ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဝေါလေဒေသ ကနဲလေးဂွင်အတွင်း လက်ရှိလှုပ်ရှားနေသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းနေရာ ကို စကခ(၅) လက်အောက်ခံ ခမရ (၃၄၆) တပ်ရင်းက တပ်အပြောင်းအလဲ လုပ်နေကြောင်း သိရပါတယ်။

နံနက် (၁၀ နာရီ ၁၅ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကနဲလေးဂွင်ရှိ ဖို့ခဲတဒို့နှင့် ခီးကုဒေါ့်ခီးဂွင်ဖောမု ဘောထာ့နေရာတွင် DKBA-KNLA ပူးပေါင်းတပ်နှင့် နအဖ စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)၊ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းများအကြား ၂၃ ရက်နှင့် ၂၄ ရက် နှစ်ရက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၁၀ နာရီ ၇ မိနစ်) တာချီလိတ်မြို့နယ် လေယာဉ်ကွင်းအနီးတွင် မူးယစ်ဆေးဝါးဂိုဏ်း ရောင်းဝယ်မှုမှ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာ ရဲများ ရောက်ရှိပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ရဲနဲ့ မူးယစ်ဂိုဏ်းများ ပစ်ခတ်မှုဖြစ်နေစဉ် စစ်တပ်မှ ရောက်ရှိပြီး ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးကြောင်း သိရှိရပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates