Thursday, July 7, 2011

သံဖြူဇရပ်မြို့စောင့်တပ်မိသားစု အပြင်ထွက်အိပ်နေရ

July 7th, 2011လွတ်လပ်သောမွန်သတင်းအေဂျင်စီ      မင်းသုတ-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ လုံခြုံရေးအခြေအနေစိုးရိမ်နေရသည်ဟု သတင်းထွက်ပေါ်နေသည့်အတွက် မြို့ခံခလရ (၆၂) တပ်ရင်းမှ အိမ်ထောင်သည်အမျိုးသမီးများနှင့် ခလေးများ မြို့ပေါ်ရပ်ကွက်များသို့ ပြောင်းရွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။
“တပ်ရင်းအိမ်ထောင်သည်လိုင်းမှာ မိသားစု ၂၀ ကျော်လောက်ပဲရှိပါတယ်တဲ့၊ ခင်မင်ရာအသိမိတ်ဆွေတွေ အိမ်တွေဆီညအိပ်ညနေဖို့ပဲ၊ တချို့ဆို နေ့ပိုင်းဆိုတပ်ထဲပြန်တယ်၊ တပ်ရင်းမှာအခြေအနေမကောင်းဘူးလို့ ပြောနေကြတယ်” ဟု ၄င်းမိသားစုများနှင့် တွေ့ရှိခဲ့သူ သံဖြူဇရပ်မြို့ခံတစ်ဦး ပြောသည်။
ခလရ ၆၂ တပ်ရင်းတည်နေရာပြပုံ
ခလရ ၆၂ တပ်ရင်းတည်နေရာပြပုံ
ခလရ ၆၂ တပ်ရင်းသည် သံဖြူဇရပ်မြို့အစွန်တွင်တည်ရှိပြီး တပ်မြေ၏အနောက်ဖက်ခြမ်းများ၌ ရာဘာခြံနှင့် တောင်ညိုတောင်တန်းငယ်များရှိနေသဖြင့် ပထဝီအနေအထားအရ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွယ်တကူလာရောက်တိုက်ခိုက်နိုင်သည်ဟုလည်း သူက ဆက်ပြောသည်။
လွန်ခဲ့သည့်ဇွန်လ ၂၉ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်အနီး၌ ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့အထိလက်သည်မဖေါ်နိုင်ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
“ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ မြို့နားရောက်နေတယ်လို့ သတင်းတွေပြန့်နေတယ်၊ ဟိုတလောကလည်း မှန်လုံကားတွေမီးရှို့တာ၊ ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စတွေလည်း ဖြစ်ခဲ့တော့ မြို့လုံခြုံရေးကိုအထူး သတိထားနေရတယ်” ဟု သံဖြူဇရပ်မြို့ စရဖအဖွဲ့နှင့်နီးစပ်သူ အမည်မဖေါ်လိုသော စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ညပိုင်းအချိန်မတော် မြို့ပေါ်သွားလာသူများအား မသင်္ကာဟုယူဆလျှင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။
“ညပိုင်းဘောလုံးပွဲကြည့်ပြီး ပြန်လာတဲ့သူတွေ၊ မျက်နှာစိမ်းမော်တော်ဆိုင်ကယ်နဲ့ သွားလာတဲ့သူတွေကိုလည်း စစ်ဆေးတယ်၊ အချို့ဆိုရင် အချုပ်ခန်းမှာ တညအိပ်ရတာရှိတယ်” ဟု မြို့ခံလူငယ်တဦးက ပြောသည်။
သို့ရာတွင် မြို့လုံခြုံရေးအနှောက်အယှက်ပေးနိုင်သူ မည်သူတဦးတယောက်ကိုမှ ဖမ်းဆီးမိခြင်းမရှိသေးပေ။
သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လ၌ တရားမဝင် လက်နက်ကိုင်ဆောင်ထားသူများရှိပါက သက်ဆိုင်ရာအာဏာပိုင်များထံ လာရောက်အပ်နှံရန် နိုးဆော်ထားကြောင်း ယခင်သတင်းများတွင် ဖေါ်ပြထားသည်။
ယခင်က သံဖြူဇရပ်မြို့၌ ခလရ ၃၁၊ ၆၂ တပ်ရင်း နှစ်ရင်းရှိခဲ့ရာ ခလရ ၃၁ အား ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲသို့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်တွင် အပြီးအပိုင်ပြောင်းရွေ့ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် အင်အား ၁၀၀ ကျော်ရှိ ခလရ ၆၂ တပ်ရင်းတစ်ရင်းသာ မြို့စောင့်တပ်အဖြစ် ကျန်ရှိနေပြီး စကခ (၁၉) လက်အောက်ခံတပ်ရင်းဖြစ်သည့်အတွက် ကရင်ပြည်နယ်ထိုးစစ်များတွင် ထိုးစစ်ဆင်ခဲ့သည့် တပ်ရင်းတစ်ရင်းဖြစ်ခဲ့သည်။

11ReadMore-2.jpg

မောင်ချစ်သူ စည်းရုံးရေးခရီး မအောင်မြင်


သန်းထိုက်ဦး

မကြာသေးခင်က ပုန်ကန် ခွဲထွက်သွားသော ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည် စည်းရုံးရန် အစိုးရက DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်ချစ်သူကို တနင်္ဂနွေနေ့က စေလွှတ် ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှု မရှိသေးကြောင်း သိရသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdmTHILwA3PQNR87uwTBJNkXgp1HztHa8SjfM0mD66vSfJwqGTWXbAuS3H8rIoNZZAVXWGUu9rVXGMx7A6fL6WmHlIxVVoJKat-tCdotnMqJiBTh1HZo6duGXR0cjEttCzX1niGalpYx8/s1600/20812-DKBA.jpgဗိုလ်ချစ်သူသည် ခွဲထွက်သွားသည့် တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ မြိုင်ကြီးငူ ဒေသတွင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ဧရာဝတီသို့ ပြောသည်။

“မြန်မာ အစိုးရကတော့ ကရင် အချင်းချင်း ပြန်တိုက်စေချင်တယ်၊ ဒါကြောင့် ဗိုလ်ချစ်သူကို ညှိခိုင်းတာပါ၊ ဒါပေမယ့် ဗိုလ်ဘိက ဗိုလ်ချစ်သူကို မယုံတော့ ညှိနှိုင်းတာ အဆင်မပြေဘူး” ဟု ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

ပုန်ကန်ခွဲထွက်သွားသော တပ်ဖွဲ့များက မြိုင်ကြီးငူဒေသ အပြင်ဘက်တွင် နေရာယူထားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ရင် ဘုန်းကြီးကျောင်းတွေ ဘာသာရေး အဆောက်အအုံတွေ ပျက်စီးမှာစိုးလို့ ဗိုလ်ဘိကတော့ မြိုင်ကြီး ငူနားမှာ စစ်မျက်နှာ မဖွင့်ချင်ဘူး” ဟု ဗိုလ်မှူးချူပ် ဂျော်နီက ဆိုသည်။

ဤအတောအတွင်း ဒေသခံအများအပြားက တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် အနီးအနားရှိမြို့ရွာများသို့ ပြောင်းရွှေ့နေကြသည်ဟု သိရသည်။

DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်သည်သည် အာဏာပိုင်တို့၏ အစီအစဉ်ဖြင့် နယ်ခြားစောင့်တပ်များ အဖြစ် အသွင်ပြောင်းထားသည်မှာ တနှစ် ပြည့်တော့မည် ဖြစ်သည်။

ပြီးခဲ့သည့် မေလတွင် တပ်ရင်း ၄ ရင်းက ပုန်ကန် ခွဲထွက်ပြီး DKBA တပ်ဖွဲ့များအဖြစ် ပြန်လည် ခံယူလိုက်ကြသည်။ အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် မနေလိုသဖြင့် ခွဲထွက်ခြင်း ဖြစ်သည်ဟု သိရသည်။

တလအကြာတွင် ခွဲထွက်တပ်များနှင့် အစိုးရကို သစ္စာခံသည့် ကရင် နယ်ခြားစောင့်တပ်များ မြိုင်ကြီးငူ အနီးရှိ တခွက်ဖိုးကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားကြောင်း သိရသည်။

၂ နာရီ ခန့်ကြာသည့် ထိုတိုက်ပွဲတွင် ခွဲထွက် တပ်ဖွဲ့များက စစ်ရေးအရ အချက်အချာကျသည့် တံတား ၃ စင်း ကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၊ မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
http://www.irrawaddy.org/bur/index.php/news/

11ReadMore-2.jpg

Template by:

Free Blog Templates