Tuesday, December 7, 2010

ဝီကီလိခ်၏ လျှို့ဝှက်မှတ်တမ်းများ ထုတ်ပြန်မှုတွင် ဂျာမနီ၊ တရုတ်၊ ရုရှား အပါအ၀င် တူရကီ၊ ယီမင်နိုင်ငံတို့နှင့် ပတ်သက်သော အကြောင်းအရာများ ပါဝင်

610d2
ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အဆန်ဂ် ၊ တူရကီဝန်ကြီးချုပ်အာဒိုဂန် ၊ ရုရှားသမ္မတဗီဒက်နှင့် ၀န်ကြီးချုပ်ပူတင်

အမေရိကန်သံရုံးဆိုင်ရာ လျှို့ဝှက်မှတ်တမ်း ၂၅၀၀၀၀ ကျော်ကို ၀ီကီလိခ်ဝက်ဘ်ဆိုက်က
ထုတ်ပြန်ခဲ့မှုတွင် တရုတ်နိုင်ငံရှိ ဂူးဂဲလ်ကုမ္ပဏီ လုပ်ငန်းရုပ်သိမ်းခဲ့ရမှု၊ ယီမင်တွင် ပခုံးထမ်းပစ်နိုင်သော
ဒုံးကျည်များရှိကြောင်း အမေရိကန်က သံသယရှိမှု၊ နျူလက်နက် လျှော့ချရေး
အဆိုပြုချက်ကို ဂျာမနီအစိုးရအဖွဲ့အတွင်း အခြေအတင် ဆွေးနွေးမှုစသည့်
အကြောင်းအရာများလည်း ထွက်ပေါ်လာခဲ့သည်။

ယီမင်နိုင်ငံတွင် ပခုံးထမ်းပစ်ခတ်နိုင်သော Man Portable Air Defense Systems MANPADS ဒုံးကျည်များစွာ
ရှိနေကြောင်း အမေရိကန် တာဝန်ရှိသူများက သံသယရှိနေပြီး အကြမ်းဖက်သမားများ လက်ထဲသို့ ယင်းလက်နက်များ
ရောက်ရှိသွားမည်ကို အဓိကစိုးရိမ်နေကြောင်း ပေါက်ကြားခဲ့သော မှတ်တမ်းတွင်
ဖော်ပြထားသည်။ ယီမင်ကာကွယ်ရေး ၀န်ကြီးဌာနက ၎င်းတို့တွင်
ယင်းလက်နက်များမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း အမေရိကန်သံတမန်
သတင်းပေးတစ်ဦးက ယီမင်တွင် ယင်းဒုံးကျည်များ ရှိကြောင်းပြောကြားခဲ့မှုကို
လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသော ၂၀၀၉ ခုနှစ်၊ သြဂုတ် ၄ ရက်နေ့စွဲ
အမေရိကန်သံရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။

တူရကီဝန်ကြီးချုပ် အာဒိုဂန်သည်လည်း ဆွစ်ဇာလန်နိုင်ငံတွင် ဘဏ်စာရင်း အများအပြားဖွင့်ထားကြောင်း လျှို့ဝှက်မှတ်တမ်းတွင်ဖော်ပြခဲ့ရာ ဆွစ်ဇာလန်ဘဏ်များတွင် ၎င်း၏ပိုက်ဆံတစ်ပြားမျှ မရှိကြောင်း ငြင်းဆိုခဲ့သည်။
ရုရှားနိုင်ငံကို လုံခြုံရေးအဖွဲ့အစည်းမှ လူနည်းစုဖြင့် အုပ်ချုပ်နေကြောင်း၊ မော်စကိုမြို့သည် မာဖီးယားဂိုဏ်း လွှမ်းမိုးမှုခံနေရသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း အမေရိကန် တာဝန်ရှိသူများက
ပြောကြားခဲ့သည် ဟု ယင်းလျှို့ဝှက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုနှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံရှိ ဂူးဂဲလ်ကုမ္ပဏီက လုပ်ငန်းရုပ်သိမ်းခဲ့ရခြင်းမှာ ဂူးဂဲလ်ဝက်ဘ်ဆိုက် လုပ်ဆောင်မှုစနစ်များကို နှောင့်ယှက်မှုတွင် ပေကျင်းအစိုးရ ပါဝင်နေခြင်းကြောင့်ဖြစ်ကြောင်း၊ တရုတ်
ကွန်မြူနစ်ပါတီ၏ အာဏာရ အဖွဲ့အစည်းတစ်ခုဖြစ်သော Politburo Standing
Committee အဆင့်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ၀ီကီလိခ်က
၎င်းတို့၏အဆက်အသွယ်နှင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကြားခဲ့သော
လျှို့ဝှက်မှတ်တမ်းတွင် ဖော်ပြထားသည်။ ယင်းဖော်ပြချက်ကို တရုတ်
နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူ က ဒီဇင်ဘာ ၂ ရက်ကပယ်ချခဲ့သည်။

ပေါက်ကြားခဲ့သော မှတ်တမ်းများအရ တရုတ်တို့က ၎င်းတို့၏ ဟက်ကာများကိုအသုံးပြု၍ အမေရိကန် ကွန်ပျူတာများအား ထိုးဖောက်ဝင်ရောက်မည်ကို အမေရိကန်သံတမန်များက သံသယ၀င်နေကြောင်း ဖော်ပြခဲ့သည်။

ဂျာမနီမြေပေါ်တွင် နျူလက်နက်များကို မည်သည့်အချိန်တွင် မည်သို့ဖျက်ဆီးပစ်မည် အကြောင်းအရာနှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်း အခြေအတင်ဆွေးနွေးမှုကိုလည်း ၀ီကီလိခ်ဝက်ဘ်ဆိုက်က လျှို့ဝှက်မှတ်
တမ်းဖွင့်ချမှုတွင် ဖော်ပြခဲ့သည်။

ဂျာမနီနိုင်ငံမှ နျူလက်နက်အားလုံးကို ဖျက်သိမ်းပစ်ရန် ညွန့်ပေါင်း အစိုးရ အဆိုပြုချက်နှင့်ပတ်သက်၍ သံသယရှိကြောင်း၊ မဟာဗျူဟာမြောက် နျူလက်နက်များကို မိမိတို့
သဘောထားတစ်ခုတည်းဖြင့် ဖျက်သိမ်းမည်ဆိုခြင်းမှာ အမြော်အမြင်
မရှိရာကျကြောင်း ဂျာမန်အမျိုးသား လုံခြုံရေးအကြံပေး ခရစ္စတိုဖာဟန်ဆင် က
အမေရိကန် သံအမတ်နှစ်ဦးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာမှတ်တမ်းအရ ဖော်ပြထားသည်။

http://www.news-eleven.com/

11ReadMore-2.jpg

ဖမ်းဆီးခံ ရသည့် ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၆ ဦး၏အလောင်း ပြန်တွေ့ ငြိမ်းချမ်းရေးကိုနအဖ ချိုးဖောက်ခြင်းဖြစ်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီပြော


11ReadMore-2.jpg

ကေအဲန်အယ်လ်အေ၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် နအဖ ၆ဦးကျဆုံးကာ ၄ဦး ထိခိုက်



ဒီဇင်ဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောနယ်မြေတ၀ိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)က နအဖ လှုပ်ရှားတပ်ဖွဲ့များအား နိုဝင်ဘာလ ၅ရက်နေ့မှ ယနေ့အထိ ၄ကြိမ် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ သတင်းအရ သိရသည်။


ထိုသုံးရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂၀၂)မှ ဒုရင်းမှူး ဗိုလ်မှူးစောတာမလာ ဦးဆောင်သည့် တပ်စုတစုနှင့် ကေအဲန်ယူ တပ်မဟာ(၅)အခြေစိုက် ကေအဲန်အယ်လ်အေ အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၈)၊ ခမရ(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပ လော(ယခင် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း) ဒေသတွင် ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

၎င်းက “၅ရက်နေ့ နေ့လယ် ၁၂း၀၀ နာရီအချိန်မှာ ဆင်ဖြူတောင်(ကဆောဝါးလေး)မှာ ခမရ(၃၃၈)ကို ကျနော်တို့တပ်တွေ သွားတိုက်တယ်။ အဲဒီမှာ နအဖဘက်က ၅ယောက် ကျတယ်။ MA-11 သေနတ်တလက် ကျနော်တို့ ရခဲ့တယ်။ အဲဒီနေ့မွန်းလွဲ ၃း၀၀လောက်မှာပဲ ခြောက်ဘီးကားနှစ်စီးနဲ့ တက်လာတဲ့ စစ်အင်ဂျင်နီယာတပ်ရင်း ခမရ(၉၁၅)ကို ကြယ်ပြောင်ကုန်းမှာ တိုက် ခိုက်တော့ ကားက မိုင်းထိသွားတဲ့အတွက် ကားတစီး လုံးဝ ပျက်စီးသွားပြီးတော့ ၃ယောက် ဒဏ်ရာရသွားတယ်။”ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးစောအဲဆဲဆဲက “၆ရက်နေ့ မနက် ၁၁နာရီကျတော့ ထီးသေ့ခီးမှာ နအဖ ခမရ(၂၈)တပ်ရင်းကို ကျနော် တို့လူတွေ သွားတိုက်တာ နအဖဘက်က တပ်ကြပ်ကြီး ၁ယောက် ဒဏ်ရာပြင်းထန်ပြီး ကျဆုံးပေမဲ့ ထိခိုက်မှုကိုတော့ ကျနော် တို့မသိရဘူး။ ဒီနေ့ နေ့လည် ၁၁း၂၀နာရီမှာက နအဖ ခလရ(၃၃၈)ကို ကြယ်ပြောင်ကုန်းမှာ တခါထပ်ပစ်တာ နအဖ ၁ယောက် ဒဏ်ရာရတယ်။”ဟု ကေအိုင်စီကို ယနေ့ ပြောဆိုသည်။

ယင်းသို့ မာနယ်ပလောနယ်မြေရှိ နအဖ စစ်တပ်ကို သွားရောက်ပစ်ခတ်ရာတွင် နအဖဘက်မှ တပ်ကြပ်တဦးနှင့် ဒုတပ်ကြပ် တစ်ဦး ထိခိုက်ကျဆုံးမှုတွင် ပါဝင်ခဲ့ပြီး ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအဲဆဲ ဆဲက ပြောသည်။

ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားရာ ၎င်းဒေသတွင် နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁)တပ်ရင်းနှင့် ဗိုလ် မှူးသန်းရွှေ ဦးစီးသည့် (၁၀၁၂)တပ်ရင်း၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားရာဒေသဖြစ်သော်လည်း ၎င်းက ပစ်ခတ်မှုတွင် ပါဝင်ပတ် သက်မှုမရှိကြောင်း ကေအဲန်အယ်လ်အေက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ကေအဲန်ယူအနေဖြင့် မာနယ်ပလောဒေသကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များထံ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေ ကြားခဲ့သည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွား နေသလို ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေဘက်တွင်လည်း နိုဝင်ဘာလ ၈ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲ အခြေအနေများမှာလည်း ယခုအချိန်ထိ ပြင်းထန်လျှက်ရှိသည်ဟု သိရသည်။

11ReadMore-2.jpg

နအဖ ရိက္ခာသယ်ယူနေသည့် သစ်တံတားငယ် ၇စင်းကို ကေအဲန်ယူ မီးရှို့ခဲ့

ဒီဇင်ဘာလ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းရွာအကြားရှိ နအဖတပ်များ ရိက္ခာသယ်ယူနေသည့် သစ်သားတံတားငယ် ၇စင်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်တပ်ဖွဲ့(KNLA)တပ်များက နိုဝင်ဘာလဆန်းပိုင်းက မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရ သည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်နေ့မှစ၍ အဆိုပါ တံတားငယ် ၇စင်းကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဟိနောလော်၊ နိုခဲလော်၊ ထွိသီးအုလော်၊ ခုလာ့လော်၊ ခွချိလော်၊ ခေါလော်ကလိုး၊ မောမောလော်တံတားတို့ ဖြစ်သည်ဟု ဖာပွန်ခရိုင် တပ်မဟာ(၅) KNLA ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီကို ယခုလို ပြောသည်။

သူက “ကျနော်တို့ဖျက်တဲ့ တံတားတွေက ဖာပွန်နှင့် ကမမောင်းရွာကြားမှာရှိတဲ့ ကတဲတိ(ကတိုင်တိ)ရွာအောက်က တံတား ၂စင်း၊ ကတိုင်တိရွာအထက်က ၄စင်း၊ မာ့ထောင်းနဲ့ ကူးဆိပ်ရွာကြားက ၁စင်းပေါ့နော်။ ကျနော်တို့ ဒီလိုဖျက်ရတာလည်း ဒီလို မျိုး ဆောင်းတွင်း စပါးရိတ်သိမ်းချိန်မှာ နအဖ တပ်တွေ တက်လာပြီး အဲဒီမှာရှိတဲ့ တောင်ယာနဲ့ လယ်ယာစပါးခင်းတွေကို မီးရှို့ ဖျက်ဆီးတာ ရှိတယ်။ နောက် သူတို့ လိုအပ်တဲ့ ရိက္ခာတွေ ဒီလမ်းကြောင်းကနေပဲ သုံးတယ်လေ။ ဒါကြောင့် ကျနော် ဖျက်ပစ်ရ တာပါ။”ဟု ပြောသည်။

အဆိုပါနယ်မြေရှိ ဒေသခံ ရွာသားတဦးကလည်း “ကော်သူးလေ(KNLA)တပ်တွေ ဒီလို တံတားတွေ ဖျက်ပစ်တာ ကျနော်တို့ တော့ ဘာမှကန့်ကွက်စရာ အကြောင်းမရှိဘူး။ အရင်နှစ်တွေတုန်းကဆိုရင် ကျနော်တို့ လယ်စပါးခင်း၊ တောင်ယာစပါးခင်းတွေ ကို သူတို့(နအဖစစ်တပ်)လာပြီး မီးရှို့တာ လုပ်နေကျပဲဟာ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် မီးရှို့ခံရသော တံတားအချို့ကို ပြန်လည်ပြုပြင်ရန်အတွက် အချို့ကျေးရွာများမှ ရွာသူရွာသားများကို နအဖ လှုပ်ရှားတပ်များက သစ်ခုတ်၊ သစ်ဖြတ် စသည့်လုပ်ငန်းများတွင် လုပ်အားပေးများ ခေါ်ယူခိုင်းစေလျှက်ရှိကြောင်း သိရသည်။

တံတားဖျက်ဆီးခံသော နယ်မြေတွင် ဝေါ့သမို၊ သာ့အော့ပလေ၊ ပဟိကလား၊ ၀ါ့သိုးခို့၊ မောလော်ကလိုး၊ ဘောကျို့ထာ့၊ ကတဲ တေ့(ကတိုင်တိ)၊ တောသူးကလား၊ ဖားလိုး၊ ထီးကချောမဲ၊ ထွိသီးအုထာ့၊ မာ့ထောင်း၊ ကူးဆိပ်၊ ဝေဆာ၊ ဝေမို၊ တံခွန်တိုင် စသည့်ရွာများရှိပြီး လက်ရှိ ထိုဒေသတွင် အင်အား တထောင်ကျော်ရှိ နအဖ စကခ(၄) လက်အောက်ခံ ဖြစ်သည့် ခမရ(၇၀၂)၊ (၇၀၃)၊ (၇၀၇)၊ ခလရ(၉၆)နှင့် KNLA (၁၀၂)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ် စက်တင်ဘာလကလည်း ကေအဲန်ယူက ကမမောင်းနှင့် ဖာပွန်မြို့ သွားလာသည့်လမ်းများကို ပိတ်ဆို့ ထားပြီး တံတားအချို့ကိုလည်း ဖျက်ဆီးကာ နအဖ စစ်တပ်များ၏ ရိက္ခာသယ်ယူရေးလမ်းကြောင်းကို ဟန့်တားခဲ့သေးသည်။

11ReadMore-2.jpg

ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် ၆ဦး၏ အလောင်း ပြန်လည်တွေ့ရှိ



ဒီဇင်ဘာလ ၇ရက်။ နန်းထူးစံ (ကေအိုင်စီ)

ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၆ဦး၏အ လောင်းကို ယနေ့မနက်တွင် ကရင်ပြည်နယ် မြ၀တီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။


လက်များကို ကြိုးချည်ထားပြီး မီးရှို့သတ်ထားသည့် အဆိုပါ အလောင်း ၆လောင်းကို ကရင်ပြည်နယ် ပလောတပို့ရွာ ကျေး ရွာနှင့်မနီးမဝေး ပြောင်းခင်းတခင်းတွင် ရွာသူရွာသားများက ယနေ့မနက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲကြောင့် ထိုင်း ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသည့် ပလောတပို့ရွာသူတဦးက ပြောသည်။

သူမက “ဒီမနက် စောစောမှာ တချို့ရွာသားတွေ ကိုယ့်မြေကိုယ့်ခြံတွေ ပြန်ကြည့်မယ်ပေါ့။ ပြန်သွားတာ ပလောတပို့ရွာနဲ့ မနီးမဝေး တဘလူ့ကို့ထဲဒေသမှာရှိတဲ့ ပြောင်းခြံမှာတွေ့တာ။ အကုန်လုံး ၆ယောက်။ ၃ယောက်တစ်တွဲကို လက်တွေ ကြိုး ချည်ထားပြီးတော့ မီးရှို့ထားတယ်။ တကိုယ်လုံး မည်းနေတော့ ဘယ်သူဘယ်ဝါဆိုတာ မသိတော့ပေမဲ့ သူတို့အင်္ကျီမှာ ငြိမ်း ချမ်းရေးတပ်ဖွဲ့ တံဆိပ်ပါတယ်။ ရွာသားတွေက သေသေချာချာကို သွားကြည့်တာ။ အနံ့တောင် ထွက်နေပြီး”ဟု ကေအိုင်စီ ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ရက်နေ့မနက် ၉နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကလေးဒေသအတွင်းရှိ ဗိုလ်မှူးတဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ ခမရ(၂၄၀)တပ်ဖွဲ့က ၀ိုင်းပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်သား ၁ဦးကျဆုံးကာ ၆ဦးမှာ အဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ စစ်ထောက်ချုပ် ဗိုလ်မှူးချုပ် စောရင်နုက “ရွာသားတွေ ကျနော်တို့ကို ပြောပါတယ်။ ကျနော်တို့လူတွေ နအဖက သတ်လိုက်ပြီးဆိုတာ ယခုလဆန်း ၂ရက်နေ့က ကျနော်တို့ သိရတယ်။ ဒါပေမဲ့ နအဖ တာဝန်ရှိသူတွေကိုမေးတော့ ပြန်လွှတ်လိုက်ပြီလို့ ပြောတယ်။ ကျနော်တို့လူတွေ သူတို့ကို ဘာမှသွားလုပ်တာမဟုတ်ဘူး။ သူတို့ ဒီလိုလုပ်တာ မကောင်းဘူး။ ဒါ ကျနော်တို့အပေါ် သက်သက် ညှင်းဆဲတာ ပဲ။”ဟု ကေအိုင်စီကို ပြောသည်။

နအဖ စစ်တပ်၏ ဖမ်းဆီးပစ်သတ်ခံရသည့် ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၆ဦးမှာ စောပီလင်း၊ စောနိုင်းနိုင်း၊ စောအ ၀င်း၊ စောထူးထူး၊ စောရန်ကုန်နှင့် စောသံခဲတို့ ဖြစ်သည်။

အဆိုပါ မြ၀တီခရိုင်ရှိ ဖလူးဂွင်အတွင်း လွန်ခဲ့သည့် နိုဝင်ဘာလ ၂၄ရက်နေ့ကစပြီး နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မ ဟာ(၅) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန် တွင် တချို့သော ရွာသူရွာသားများ ပြန်လည် နေထိုင်ပြီဖြစ်သော်လည်း တချို့မှာမူ မပြန်ရဲသေးဘဲ ထိုင်းဘက်ခြမ်းတွင် ခိုလှုံ နေဆဲဖြစ်သည်ဟု သိရသည်။

11ReadMore-2.jpg

Template by:

Free Blog Templates