Saturday, May 7, 2011

ရှမ်းမြောက်ပိုင်း အစိုးရ ၀န်ထမ်းများ အသတ်ခံရ

သန်းထိုက်ဦး

စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့များ စစ်ဖြစ်ပွားရာဒေသများတွင် အစိုးရပညာရေး ၀န်ထမ်းများ အသတ်ခံရမှု ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။


ssa-n-troops
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း စစ်ရေးပြအခမ်းအနား တခု (Picasa/Myanmar Election)
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကွန်ခိုက်ကျေးရွာမှ ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ၄ ဦး ပြီးခဲ့သည့် ဧပြီလ အတွင်း၌ သေဆုံးခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“ကွန်ခိုက်ကျေးရွာမှာ ကျောင်းဆရာမနဲ့ သူ့အမျိုးသားရယ်၊ ကျောင်းစောင့် ကချင်အဘိုးကြီး တယောက်နဲ့ သူ့အမျိုးသမီးရယ် အဲဒီ ၄ ယောက် အသတ်ခံရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ အသတ်ခံရပြီးနောက် ယခုအခါ ဒေသခံများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ဆေးရုံဝန်ထမ်းများမှာ ညဘက် အပြင် မထွက်ရဲကြကြောင်း သီပေါမြို့နယ် ဒေသခံက ဆက်ပြောသည်။

အလားတူပင် တန့်ယန်းမြို့နယ်ရှိ ကျေးရွာတချို့တို့တွင်လည်း ကျောင်းဆရာ၊ ဆရာမနှင့် ဒေသခံရွာသားတချို့ အသတ်ခံရကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

SSA-N က ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုသည် ၎င်းတပ်ဖွဲ့ဝင်များ၏ လက်ချက် မဟုတ်ကြောင်း လွန်ခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ငြင်းဆိုထားသည်။ အဖြစ်မှန်ကို သိရှိနိုင်ရန်အတွက်လည်း SSA-N က စုံစမ်းရေး ကော်မတီဖွဲ့၍ အချက်အလက်များ စတင် စုဆောင်းနေကြောင်းလည်း သိရသည်။

ဦးစိန်ကြည်၏ အဆိုအရ သီပေါမြို့နှင့် တန့်ယန်းမြို့နယ်တို့တွင် ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ဒေသခံ ၉ ဦးခန့် အသတ် ခံရကြောင်းလည်း သိရှိရသည်။

ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည်ကိုမှု မသိရှိရသေးပေ။ သို့သော် SSA-N တပ်ဖွဲ့ လက်ချက်ရော အစိုးတပ်များ၏ လက်ချက်ပါ ဖြစ်နိုင်ကြောင်း ဒေသခံများ၏ ထင်မြင်ယူဆချက်များလည်း ပေါ်ပေါက်နေသည်။

သီပေါမြို့နယ် ဒေသခံတဦးက “ဒါမျိုးဆိုတာက တကယ်လို့များ ပုဂ္ဂိုလ်ရေး ရန်ငြိုးရှိရင်လည်း အဲဒီလူက သတင်းပေးပဲ ဘာညာ ဆိုပြီးတော့ အဲဒီလိုမျိုး ပြောလိုက်လို့ရှိရင်လည်း ခံရတတ်တယ်။ ပြောရမယ် ဆိုရင်တော့ စစ်ဖြစ်ရင်တော့ ပြည်သူလူထုက မြေစာပင်ပါပဲဗျာ” ဟု ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်များတွင် SSA-N တပ်ဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုးမြို့နယ်အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များအထိ တိုက်ပွဲများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ယခင် မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ရာ SSA-N က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

11ReadMore-2.jpg

ကော့သောင်းတွင် အစိုးရ ရေတပ်က မွတ်စလင် (၃၀)ဦး ဖမ်းဆီးရမိ

 

မေလ ၇ရက်။ (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တွင် မွတ်ဆလင်လူမျိုး ၃၀ဦး စီးနင်းလိုက်ပါလာသော စက်လှေတစ်စင်းကို အစိုးရ စစ်ရေ ယာဉ်အမှတ်(၅၀၃)မှ ဗိုလ်ကြီးဝင်းသိန်းဇော် ဦးစီးသည့် ရေတပ်ဖွဲ့က မေလ (၂)ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

အစိုးရ ရေတပ်အခြေစိုက်ရာ သံကျွန်းစခန်းနှင့် ၁၀ကီလိုမီတာ အကွာအဝေးတွင် အဆိုပါ မွတ်ဆလင်(၃၀)ဦးအား မသင်္ကာသ ဖြင့် ၀င်ရောက်စစ်ဆေးရာမှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် စစ်တွေမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ဖာ့တိုက်ဘက်သို့ တရား မ၀င် သွားရောက်မည့်သူများဖြစ်သောကြောင့် မြိတ်မြို့ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ယခု ပို့ဆောင်လိုက်ပြီဟု စစ်တပ်သတင်း ရပ်ကွက်က ဆိုသည်။

တနင်္သာရီတိုင်းရှိ စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ရခိုင်ပြည်နယ် စစ်တွေ-မော်လမြိုင်လမ်းကြောင်းကနေ လာတယ်။ ည ၂နာရီ အချိန်မှာ ဖမ်းဆီးရမိတာဖြစ်တယ်။ သူတို့တွေဟာ မြန်မာနိုင်ငံသားကဒ် ကိုင်ဆောင်ပေမယ့် ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ် မယ့် စာရွက်စာတမ်းမပါတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်။ အကုန်လုံးက အမျိုးသားချည်းပဲ။ အခု ကရခကို ပို့လိုက်ပြီ။” ဟု ပြောသည်။

ကော့သောင်းခရိုင်တွင် ယခင်ကလည်း ထိုင်းနိုင်ငံသို့ အလုပ်ထွက်လုပ်ရန်အတွက် တရားမ၀င်သည့် ရေကြောင်းခရီးဖြင့် လာ ခဲ့ကြသည့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များမှာ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးမှုကို မကြာခဏ ခံရကာ ပြန်ပို့ခြင်းခံခဲ့ကြရ သည်ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ပြောသည်။

11ReadMore-2.jpg

Template by:

Free Blog Templates