Saturday, July 21, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖယ်ဒရယ်ပြည်ထောင်စု

တိုင်းရင်းသားတွေ အထူးလေ့လာဖတ်သင့်တဲ့ ဆောင်းပါးကောင်းတပုဒ်ပါ။

ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေအမြစ်မှနေ၍ ပြင်သည့်နည်းဖြင့် တိုင်းရင်းသားရေးရာများကို ကိုင်တွယ်တော့မည်လား။

စစ်အစိုးရတည်ထောင်ထားသော လွှတ်တော်အတွင်းတွင် တိုင်းရင်းသားရေးရာများနှင့် စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစု ကြည် က မကြာခင်ဆွေးနွေးပြောကြားလိမ့်မည် ဟူသောသတင်းထွက်ပေါ်လာခဲ့သည်။ ဤတွင် ဒေါ်အောင်ဆန်းစု ကြည် သည် တိုင်းရင်းသားရေးရာများကို မည်သည့်အခြေခံမှနေ၍ စတင်ကိုင်တွယ်တော့မည်နည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ဆက်စပ်တော့မည်လား ဟူ၍ လူထုအနေဖြင့် သိခြင်ကြတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်သွားမည်ဟူ၍ လူထုအား မဲဆွယ်ကတိပြုခဲ့သော် လည်း ဖွဲ့စည်းပုံ၏ မည်သည့် အပိုင်းကဏ္ဍကို ပြင်ဆင်သွားမည်ဟူ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တိတိ ကျကျ ထုတ်ပြန်ကြေငြာသည်ကို မတွေ့ရသေးပါ။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရှမ်းတိုင်းရင်းသား ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကေ၇စီအဖွဲ့ချုပ်၊ မွန် ဒီမို ကေ၇စီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကေ၇စီအဖွဲ့ချုပ်၊ ကရင်အမျိုးသားဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမို ကရေစီ ကွန်ဂရက်၊ ချင်း တိုးတက်ရေးပါတီ အစရှိသော တိုင်းရင်းသားပါတီများ စည်းဝေးပြီးတိုင်းရင်းသား လူမျိုးများ အခွင့်အရေး အခြေခံ အရင်းအမြစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုံစံမကျမှု အပေါ်မှာ မူတည်ကြောင်း၊ သို့ ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြုပြင်လိုက်ခြင်းက သာလျှင် ပြသနာအရပ်ရပ်ကို ဖြေရှင်းရာရောက်မည်ဟု အားလုံးက သဘောတူ ဆုံးဖြတ်ကြောင်းဖြင့် ရေးသားကာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့သည် ဟု သိရသည်။

စင်စစ်အားဖြင့်မူ တိုင်းရင်းသားခေါင်းဆောင်များ၏ ဤသဘောထားထုတ်ဖေါ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ယခုမှ သာ ကြားသိရသည့် အသစ်အဆန်း မဟုတ်ပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကထဲက ရှင်းရှင်းလင်းလင်းကြားသိခဲ့ပြီး ဖြစ်သည်။

တောင်ကြီး ဦးထွန်းမြင့် ဆိုသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင်ကြီးမှာ ၁၉၆၁ ခုနှစ်တောင်ကြီးညီလာခံ၌ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးဆောင်တင် သွင်းခဲ့သူဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ ဖွဲ့စည်း ပုံအခြေခံ ဥပဒေအတော် များများကို လေ့လာပြီး ဖက်ဒရယ်အခြေခံမှ ရှင်းပြနိုင်သူဖြစ်သည်။ တောင်ကြီး ဦးထွန်းမြင့် မှာ ရှမ်း တိုင်းရင်းသား များ သာမက ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးအတွက် ဦးတည်လှုပ်ရှားနေကြသော အခြား တိုင်းရင်းသားခေါင်း ဆောင်များ၊ အဖွဲ့ အစည်းများ အားလုံးနီးပါးကပါ လေးစားရသူဖြစ်သည်။ ယခုတော့ ကွယ် လွန်သွားရှာ ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်စည်းရုံးရေးခရီးစဉ်အတွင်း တောင်ကြီးမြို့ ကိုရောက်ခဲ့ရာ ဦးထွန်းမြင့်က“ဒေါ်အောင် ဆန်းစုကြည်၊ ခင်ဗျား ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရှိတုံးကလိုဘဲ ရှမ်းပြည်ကို ခင်ဗျားလဲရောက်လာပြန်ပြီ။ ပြည်ထောင် စု တည်ဆောက်ရေး နဲ့ ပတ်သက်ပြီး နိုင်ငံရေးခေါင်းဆောင်တွေ ပါတီ အဖွဲ့ အစည်းတွေရဲ့ ကတိစကား တွေကိုတော့ တန်ဘိုး ထားပါရဲ့။ ဒါပေမယ့် သူတို့ တွေက တည်မြဲကြတာ မဟုတ်ဘူး။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး တွေကို ဖွဲ့ စည်းပုံအခြေခံဥပဒေ နဲ့အညီ ကာကွယ်စောင့်ရှောက်ပေးတာကို လိုခြင်တယ်။” ဟုပြောကြားခဲ့ကြောင်း လေ့လာရသည်။

တောင်ကြီး ဦးထွန်းမြင့်ပြောကြားခဲ့သည့် စကားမျိုးကိုပင် လက်ရှိတိုင်းရင်းသားခေါင်းဆောင်များက ပြောကြားလျှက် ရှိပြန်ပါပြီ။ တောင်ကြီး ဦးထွန်းမြင့် နှင့် ယခုလက်ရှိတိုင်းရင်းသားခေါင်းဆောင်များ၏ ပြောကြားချက် ကွာခြားမှုတော့ ရှိသည်။ ယင်းမှာ

တောင်ကြီး ဦးထွန်းမြင့် အသက်ထင်ရှားရှိစဉ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ မပေါ်သေးပါ။ ယခု ၂၀၀၈ ဖွဲ့  စည်းပုံအခြေခံဥပဒေပေါ်ပြီးဖြစ်သည့်အပြင် ၄င်းနှင့်အညီ တည်ဆောက်ထားသော လွှတ်တော်များ တိုင်းနှင့် ပြည်နယ် အသီးသီး၌ ပေါ်ပေါက်နေပြီး ဖြစ်သည်။ ဤသို့ သော ဖြစ်ထွန်းတိုးတက်မှုမှာ မြန်မာနိုင်ငံ၌ ယခင်တုံးက တကြိမ်မျှ မတည်ရှိခဲ့၊ ယခု ဖေါ်ဆောင်ဖန်တည်းပေးထားပြီး တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံချက်ပေးထား လိုက်ပြီ ဟူ၍ စစ်ခေါင်းဆောင်သစ် ဟောင်းများ၊ ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ စစ်အစိုးရတာဝန်ရှိသူများက ထပ် ခါ တလဲလဲ ထုတ်ဖေါ်လာကြ သည်။

သို့ ရာတွင် အထက်ပါ တိုင်းရင်းသားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက် တွင် တိုင်းရင်းသားအခွင့်အရေးများ မရရှိသေး၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရနိုင်သေး ဟု အတိအကျ ရည်ညွှန်းကာ ထုတ်ဖေါ်လိုက်ခြင်းဖြစ်သည်။ ဦးထွန်းမြင့်သာ အသက်ထင်ရှားရှိနေသေးလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် တိုင်းရင်းသားများတောင်းဆိုလျှက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြောင်းပြန်သွားနေသည် ဟု ထုတ်ဖေါ်မည်မှာ သေချာသလောက် ဖြစ်သည်။ ဤသည်နှင့် ဆက်စပ်၍ မဟောင်းသေးသော သမိုင်းတချို့ကို ပြန် ပြောင်းတင်ပြပါမည်။

၁၉၈၉ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပြည်ထောင် စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ နိုင်ငွေသိမ်း က (အခြား သမိုင်းကြောင်းနောက်ခံများ အပြင် ဟူသော ဖက်ဒရယ်မူနှင့် စပ်လျှဉ်း၍) ဒေါ်အောင် ဆန်းစုကြည်အား အောက်ပါ အတိုင်း ရှင်းပြခဲ့ကြောင်း

မှတ်တမ်းများတွင် လေ့လာရသည်။[1]

“ကျွန်တော်တို့ တန်းတူရေးကို တောင်းတိုင်း အခက်အခဲတွေ အများကြီး ရှိပါတယ်။ ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံ မှာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ကတောင်းဆိုတဲ့ တောင်းဆိုချက်ထဲမှာ ခွဲထွက် ဘို့ မပါပါဘူး။ Federal မူဆိုတာ က ရိုးရိုးကလေးပါ။ စာအုပ်စာတမ်းတွေမှာ ရှိပါတယ်။ ပြနေရင် ဗိုလ်ချုပ်ကြီး စော မောင် ဖြစ်သွားမှာ စိုးလို့ မပြတော့ ပါဘူး။ အဲဒီမှာ ကျွန်တော်တို့ က ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ က ချို့ ယွင်းနေတယ်။ သုံးစွဲဘို့ မသင့်တော်တော့လို့ ပြင်ဆင်ဘို့ လိုတယ် ဆိုပြီး အဆိုတင်ပါတယ်။ အဲဒီ အဆိုကို ထောက်ခံ တာ ကျွန်တော်ကိုယ် တိုင် ပါဘဲ။ ဒါပေမယ့် အာဏာကို လိုခြင်တဲ့လူတွေက ဒီဟာကို တောင်းတာခွဲထွက်ရေး ပါဘဲ လို့ ဆိုပြီး Federal ကို အင်္ဂလိပ်လို မခေါ်တတ်လို့ လား၊

ဘယ်လိုကြောင့်လဲ မသိဘူး။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးပါလို့ သူတို့က အော် ကြတယ်။ ကျွန်တော်က ပြောပါတယ်။ Federal ဆိုတာ ပေါင်းစည်းရေးဘဲ ခေါ်ပါတယ်လို့။”

ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းပြန်လည် ဆွေးနွေးခဲ့သည်။

“စောစောက သဘာပတိကြီး ရှင်းပြသွားတဲ့အတိုင်း Federal ဆိုတာကတော့ အင်္ဂလိပ်စကားလုံး တခုဘဲဖြစ်ပါတယ်။ Federal ဆိုတာခွဲရေး မဟုတ်ပါဘူး။ ကျမတို့ အားလုံးသိပြီးသားပါ။ ခွဲရေး မဟုတ်ဘူးဆိုတာ ကျမတို့ အားလုံးလက်ခံ ပါတယ်။

ဒါပေမယ့် Federal ဆိုတာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ဆိုတော့ Central Government နဲ့  Local Government တို့  အကြားမှာ ဘယ်လိုအာဏာခွဲရမယ်။ ဒါဟာ Federal ရဲ့ အဓိက ပြသနာဘဲ။ ဒါကို ဆုံးဖြတ်ရပါမယ်။ နောက်ပြီး ပြည်ထောင်စု အစိုးရက ဘယ်လောက် အာဏာယူထားမလဲ။ ဘယ်အာဏာတွေ ယူထားမလဲ။ ပြည်နယ် အစိုးရက ဘယ်လောက်အာဏာယူပြီး ဘယ်လိုအာဏာတွေကို အသုံးပြုထားမလဲ။ ဒီ ဟာကို ခွဲရမယ်။ နောက်ဆုံး Federal ရဲ့ပြသနာဟာ ဒါဘဲ။ အာဏာကို ဘယ်လိုခွဲမလဲ။

ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရကြားထဲမှာ ဘယ်လိုပြေ လည်အောင် လုပ်မလဲ ဆိုတာဟာ Federal ရဲ့ အဓိက ပြသနာဘဲ။ အဲဒီတော့ Federal လို့ ဘဲ ခေါ်ခေါ် ဘာလို့ဘဲ ခေါ်ခေါ် ပြည်ထောင်စုကြီးရဲ့ အဓိကပြသနာဟာ ဒါဘဲ။”

ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ဆွေးနွေးချက်အရ လူထုခေါင်းဆောင်သည် ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ပုံစနစ်ကို တစုံတရာလေ့လာထားပြီး ဖြစ်ကြောင်း ထင်ရှားသည်။ ပြည်ထောင်စု နှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေးကို အဓိကထား၍ ထောက်ပြသွားခဲ့သည်။ ယင်းထောက်ပြချက် မှန်ကန်လှပါသည်။ သို့ရာတွင် အရေးကြီးသော အဆင့် တဆင့်ကို ကျော်နေသည်။ ယင်းမှာ “တန်းတူရေး” ဖြစ်သည်။

ပြည်ထောင်စုနိုင်ငံတခုရဲ့ အဓိက အခြေခံကဘာလဲ မေးလျှင် “ပြည်ထောင်စု နှင့် ပြည်နယ်များအကြား အာဏာခွဲဝေ ရေး” ဟု ဖြေပါက မှန်ကန်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ ပြည်ထောင်စုကြီးရဲ့ အဓိက ပြသနာဟာ ဘာလဲ ဟု မေးလျှင် ယင်းသို့  ဖြေပါက မမှားသော်လည်း မပြည့်စုံပါ။ မိမိတို့ ပြည်ထောင်စုကြီး၏ အဓိကပြသနာကို တလုံးထဲ ဖြေရလျှင် “တန်းတူရေး” ဖြစ်သည်။ အနည်းငယ် ရှင်းလင်းလျှင် “တိုင်းရင်းသား လူမျိုးများအတွင်း တန်းတူရေး ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ

နိုင်ငံရေးအရ အာမခံချက် မပေးနိုင်သည့် ပြသနာ” ဟု ဖြေမှသာ နီးစပ်နိုင်ဘွယ် ရှိပါသည်။ တိုင်းရင်းသားလူမျိုးစု အသီးသီးအကြားတွင် ရရှိသင့်သော “တန်းတူရေး” အခွင့်အရေးဆုံးရှုံးနေသည်မှာ ပြည်ထောင်စုကြီး၏ အဓိက ပြသနာဖြစ်သည်။

ဤသည်ကို သာဓကတရပ်ဖြင့် ရှင်းပါမည်။

၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်ပါ။ တန်းတူရေးကို ငြင်းပယ်ထားသည်။ သို့ရာတွင် “ပြည်ထောင်စု နှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေး” ကို လက်တွေ့ကျင့်သုံး ထားသည်။ အာဏာခွဲဝေပုံကို သာဓက တခုပြပါမည်။ သဘာဝ သယံဇာတ ၏ အရေးပါသော အစိပ်အပိုင်းဖြစ်သည့် “သစ်တော” နှင့် ပတ်သက်သည့် ဥပဒေပြုခွင့်အာဏာကို ပြည်ထောင်စုက ယူ ထားပြီး ပြည်နယ်များကို မူ ကျေးရွာထင်းစိုက်ခင်းသာ ပေးထားပါသည်။ “ဒါမတရား ဘူးလို့ ထင်တယ်။” ဟုထောက်ပြ လာလျှင် ၂၀၀၈ ဖွဲ့စည်းပုံကို ဖန်တည်း သော စစ်ခေါင်းဆောင်သစ်၊ ဟောင်းများနှင့် ၂၀၀၈ ဖွဲ့စည်းပုံအား မျက်စိ မှိတ် ထောက်ခံနေသူများက တုန့် ပြန်ပါမည်။ “ပြည်ထောင်စုလွှတ်တော်မှာလဲ ခင်ဗျားတို့  ပြည်နယ်တွေက ကိုယ်စား လှယ် တွေ ပါတာဘဲ။

ကျေးရွာထင်းစိုက်ခင်း ပေးထားတာ နဲ သေးလို့ မြို့နယ်ထင်းစိုက်ခင်း အထိ ပြည်နယ်လွှတ်တော်တွေ က တိုးပြီး လိုခြင်တယ် ဆိုရင် ဖွဲ့စည်းပုံ ကို ပြင်ဘို့ ကြိုးစားကြပေါ့။” ဟူသည်မျိုး ဖြစ်သည်။ ဖွဲ့စည်းပုံကိုပြင်ရန် ကြိုးစား ပါက၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးလျှင် မြို့နယ် ထင်းစိုက်ခင်း အထိ၊ ၂၀၂၀ ရွေး ကောက်ပွဲ ပြီးလျှင်မူ ပြည်နယ် ထင်း စိုက်ခင်း အထိ တိုးပေးတာမျိုးမြှော်လင့်နိုင်သည်။ ဤနည်း အားဖြင့်သာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သက်ဆိုးရှည် အောင် ဆွဲဆန့် သွားပါမည်။

“ပြည်ထောင်စု နှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေး” ဟူသည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားတဖြေးဖြေး ပြင်သည့်နည်းဖြင့်သာ အဓိကထား ဖေါ်ဆောင်သွားလျှင် နောက်ထပ်ဆယ်စုနှစ်ပေါင်းများစွာကြာသွားနိုင်ပါသည်။တိုင်း ရင်းသားများ
မြှော်မှန်းသည့် တန်းတူရေး ကိုတော့ ရ နိုင် ဘွယ်မရှိပါ။ အဘယ်ကြောင့် ဆိုသော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်သောယူနစ်များ (Constituent Units) ၏ တန်းတူရေး အခြေခံမှ တည်ဆောက်မထားသောကြောင့်ဖြစ်သည်။ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်သောယူနစ်များ (Constituent Units) ၏ တန်းတူရေး အခြေခံကို ၁၉၄၇ ခုနှစ် ဖွဲ့  စည်းပုံအခြေခံဥပဒေတွင်လည်း ပီပြင်အောင် မဖေါ် ဆောင်နိုင်ခဲ့ပါ။ ပြည်မနှင့် ပြည်နယ်များ ဟူသော နားလည်မှု အခြေခံမျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်း ကြောင့် ဖြစ်သည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပို၍ဆိုးသည်။ မြန်မာလူမျိုးများ အများစု နေထိုင်သည့် ဒေသများအား တိုင်း ကြီး ခုနှစ်တိုင်း အဖြစ် ဗိုလ်ချုပ်နေ၀င်းက သတ်မှတ်ခွဲဝေပေးလိုက်သည်။ ထို့ ကြောင့် တန်းတူရေးမတည်ရှိနိုင်တော့ ဟု တိုင်းရင်းသား ခေါင်းဆောင် များက သုံးသပ် ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် ကရင်တကျပ် မြန်မာ တကျပ် ဟူသည့် မူမှာ ပျောက်ကွယ် သွားခဲ့ပြီ၊ ကရင် တကျပ်ရတိုင်း မြန်မာက ခုနှစ်ကျပ်ရနေပြီဟု ကွယ်လွန်သူ ကရင်အမျိုး သားခေါင်းဆောင် ဖဒိုမန်းရှာက ဝေဘန်ခဲ့သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် တိုင်းကြီး ခုနှစ်တိုင်း ခွဲဝေမှုကို ဆက်လက်ကျင့် သုံးထားသည်။

ထို့ အပြင် မြန်မာလူမျိုးအများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကြီး၏ အစိပ် အပိုင်းတရပ်သာ ဖြစ်သည့် ပျဉ်းမနားနယ်မြေတ၀ိုက် (ယခု နေပြည်တော်ဟု သတ်မှတ်ထားသည့် နယ်မြေ)ကိုပါ ပြည် ထောင်စုဖွဲ့စည်းရာမှာပါဝင်သည့် နောက်ထပ် ယူနစ်တခုအဖြစ် ထပ်တိုးသတ်မှတ်လိုက်ပြန်သည်။ ဖဒိုမန်းရှာ၏ စကား အရဆိုပါက တိုင်းရင်းသား
လူမျိုးတစုခြင်းစီက တကျပ်ရတိုင်း မြန်မာလူမျိုးက ရှစ်ကျပ်ရနေပြီဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု ဖွဲ့စည်းရာ၌ တန်းတူရေးမှာ အခြေခံကထဲကပင် ပျောက်ကွယ် နေပြီး ဖြစ် သဖြင့် ဤဖွဲ့စည်းမှုအပေါ်အခြေခံ၍ ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်များအကြား မည်မျှပင် အာဏာခွဲဝေ မှုများ တိုးချဲ့ကျင့်သုံးဦးတော့ တိုင်းရင်းသားများမြှော်မှန်းသည့် တန်းတူရေးကို ရနိုင်ဘွယ် မရှိပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာလူမျိုးက ရှစ်ကျပ်ရနေပြီဟု ဆိုသဖြင့် တကယ်တန်းရဦးတော့ မြန်မာ လူမျိုးများ ၀မ်းမသာ သင့် ပါ။ သင့်တင့်မျှတသည့်အခြေခံမှ တန်းတူရေးကို မဖေါ်ဆောင်နိုင်လျှင် ပြည်တွင်းငြိမ်းချမ်း ရေး ရနိုင်စရာအကြောင်း မရှိသဖြင့် တတိုင်းပြည်လုံး ဆင်းရဲတွင်း ဆက်နက်နေမည်သာဖြစ်သည်။ ကိုယ်ကျင့်တရား အရလည်း မသင့်တော်။ လူမျိုးကြီးဝါဒကို ကျင့်သုံးရာရောက်ပြီး မိမိအောက် လူဦးရေ လျော့နည်းသော အခြားတိုင်း ရင်းသားများ အပေါ် မတရားပြုကျင့်ရာကျပါသည်။ မြန်မာလူမျိုးများက ရှစ်ကျပ်ရသည် ဟူသည်မှာလည်း စင်စစ် အားဖြင့်မူ လူထုက ရခြင်းမဟုတ်ပါ။ စစ်အာဏာရှင်များနှင့် ၄င်းတို့၏ လက်ဝေခံများသာ ရရှိပြီး ကြိကြိတက် ချမ်းသာ နေကြသည်ကို တွေ့ နိုင်ပါသည်။

လွတ်လပ်ရေးရပြီးချိန်မှ စတွက်လျှင် မြန်မာလူမျိုးအခြေခံလူထုများမှာမူ အခြားမြန်မာ မဟုတ်သည့် တိုင်းရင်းသားများ နည်းတူပင် အဆင်းရဲတွင်း အနက်ဆုံးအခြေအနေသို့ ဆိုက်ရောက်နေပါသည်။

တချိန်တည်း၌ မြန်မာမဟုတ်သော အခြားတိုင်းရင်းသားများကလည်း အကြွင်းမဲ့တန်းတူရေး ကို တောင်းနေသည်ဟု မိမိ နားမလည်ပါ။ ဆိုလိုသည်မှာ လူဦးေ၇နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်သော ယူနစ်များအကြား နင်တကျပ်၊ ငါတကျပ် အကုန်လုံးတကျပ်စီဖြင့်သာ ခွဲဝေရမည်ဟု ဆိုလိုရင်းမဟုတ်ပါ။ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအကြား တန်းတူရေးအခြေခံပေါ်၌ ပြည်ထောင်စု ကို ဖွဲ့စည်းပြီး နိုင်ငံရေးအရ တန်းတူ ပါဝင် ပူးပေါင်းလုပ်ဆောင်ခွင့်ကိုသာ တောင်းဆိုနေကြသည်ဟု နားလည်ပါသည်။ လိုအပ်လျှင် အကျယ်ကို နောက်ထပ် ဆောင်းပါး တခု၌ ဆက်လက် ဆွေးနွေးပါမည်။

“ဒီိမိုကရေစီရေးတိုက်ပွဲမှာ တိုင်းရင်းသားလူမျိုးများရဲ့တန်းတူရေးဟာ အရှေ့က မသွားသင့်ဘူးဆိုတာ နားလည်ပါ တယ်။ တဆက်တည်းသွားရမယ်လို့ ပြောတာပါ။” ဟူ၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ နိုင်ငွေသိမ်း က တိုက်တွန်းသွားခဲ့သည်။ ယင်းမှာ သင့်မြတ်လျှော်ကန်လှပါသည်။ ဤတိုက်တွန်းချက် ကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယနေ့အချိန်တွင် အမြန်ဆုံးစတင်ဖေါ်ဆောင်လိမ့်မည်ဟု မြှော်လင့် ရသည်။

ယင်း သို့ဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် သွားနိုင်ရေး ပြည်ထောင်စုဖွဲ့စည်းရာမှာပါဝင်သော ယူနစ်များ၏ တန်းတူမှု အခြေခံမှစ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား ပြင်ဆင်ရန်ကြိုးပမ်းသွားလိမ့်မည်လား ဟူ၍ တိုင်းရင်း သား ခေါင်းဆောင်များက လေ့လာစောင့်ကြည့်နေကြမည်ဟု ယူဆပါသည်။

အောင်ထူး (ရှေ့နေ)
http://komoethee.blogspot.com.au/

11ReadMore-2.jpg

Template by:

Free Blog Templates