Tuesday, November 2, 2010

ကြာအင်းဆိပ်ကြီး လုံခြုံရေး တင်းကျပ်

သန်းထိုက်ဦး
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူထုလှုပ်ရှားမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလာပါက အချိန်မီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယနေ့မှ စတင်၍ လုံခြုံရေးတင်းကျပ်ထားကြောင်း အစိုးရနှင့် နီးစပ်သည့် မျက်မြင်ဒေသခံ တဦးက ဧရာဝတီ သို့ ပြောသည်။

karen-DSCN2578
ရေးမြို့နယ်အတွင်း တနင်္ဂနွေနေ့က ပြုလုပ်သည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ - Kaw Wai)
“ရဲတပ်ဖွဲ့တို့ ဘာတို့ဆိုလို့ရှိရင် သေနတ်တွေနဲ့ ဘာနဲ့ မြို့ထဲ နေရာတော်တော် များများမှာ ကင်းလှည့်တဲ့ သဘောမျိုးနဲ့ လုံခြုံ ရေး ချထားတယ်”ဟု ၎င်းက ဆိုသည်။

နေခင်းပိုင်းတွင် ရဲက လုံခြုံရေး တာဝန်ကျပြီး ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၈ မှ တပ်သားများနှင့် ခြေမြန်တပ်ရင်း (ခမရ) ၃၂ တို့က လုံခြုံရေး တာဝန်ယူထားကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် အတွက် စစ်အစိုးရ အနေဖြင့် ဗုံးထောင်၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများနှင့် ဆန္ဒပြမှုများ ဖြစ်ပွားမည်ကို  စိုးရိမ်သောကြောင့် လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်နိုင်ကြောင်း ၎င်း မျက်မြင် သက်သေ ဒေသခံက ဆက် လက် ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်ခန့် ကလည်း ကြာအင်းဆိပ်ကြီးတွင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ပုံနှင့် မဲမပေးရေး စာရွက်စာတမ်းများကို အမည်မသိ လူငယ်တချို့က မြို့ထဲတွင် လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း ယင်း မြို့ရှိ ဒေသခံ များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆို အမိန့်တွေ၊ ဒီရွေးကောက်ပွဲဟာ လုံးဝ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူး ဆိုတဲ့အကြောင်း ပြည်သူတွေ မဲမပေးဘဲ နေနိုင်တဲ့ အကြောင်း ဒါတွေပါတယ်”ဟု ဆန့်ကျင်ရေး စာရွက်များကို ဖတ်ရသူ တဦးက ပြောသည်။

ယင်းစာရွက်များ၌ ယခုရွေးကောက်ပွဲသည် ပြည်သူကိုလည်း မည်သို့မျှ အကြိုးမပြုကြောင်း၊ ပြည်သူလူထု ဘ၀မြှင့်တင်ရေး အတွက်လည်း မည် သို့ မျှ ဖြစ်လာမည် မဟုတ်ကြောင်း စသည့် အချက် အလက်များကို ရေးသားထားကြောင်း သိရသည်။

တချိန်တည်းတွင်ပင် မွန်ပြည်နယ် ရေးမြို့ လမိုင်းမြို့နယ်ခွဲ ကတို့တုတ် ရွာတွင် ဒေသခံရွာသား ၅၀၀ ခန့်ကလည်း ၂၀၁၀ ရွေး ကောက်ပွဲကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ ၆ မှ ပြန် ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေ က ဧရာဝတီသို့ ပြောသည်။

စစ်အာဏာရှင် ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး လူထုလုပ်ရှားမှု ခေါင်းစဉ်တပ်၍ ကျင်းပပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် အလိုမရှိ၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်စ ဟူသော ကြွေးကြော်သံ ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိ၊ ထောက်လည်း မထောက်ခံဘူး၊ မဲလည်း လုံးဝ မပေးဘူးဆိုတာ ကျနော်တို့ရဲ့သဘော ဆန္ဒကို ပြည်တွင်းမှာ ရှိတဲ့ ညီအစ်ကိုတွေ တိုင်းရင်းသားတွေ အားလုံးသိရှိအောင် ကျနော်တို့ ဆန္ဒပြရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲ စီစဉ်သူ တဦးက ပြောကြားခဲ့သည်။

ဆန္ဒပြပွဲကို စစ်အစိုးရတပ်နှင့် ၄ မိုင်ခန့် အကွာအဝေးရှိသော တနေရာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း စောထဲနေက ဆိုသည်။

ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်မြို့နှင့် တခြားသော မြို့ပေါင်း ၁၀ မြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် မဲမပေးရေး စာ တန်းပါ ပိုစတာများ ကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်- ရန်ကုန် ကားလမ်းတလျှောက်ရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ လက်ပံ တန်း၊ သာယာဝတီ၊ သုံးဆယ်၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့များနှင့် မကွေးတိုင်း အတွင်းရှိ အောင်လံ၊ ကမ္မ မြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။  

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန်အတွက် ရွေးကောက်ပွဲ ဆန့်ကျင် သည့် ပိုစတာများကပ်၍ လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်တဦးက ဧရာဝတီသို့ မကြာခင် ရက်ပိုင်းက ပြောကြားခဲ့သည်။

ယင်းလှုပ်ရှားမှုကို ကျောင်းသားများ ဦးဆောင်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး (Boycott-2010) အဖွဲ့က ပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး ပြည်မြို့တွင်ပင် စာရွက်ပေါင်း ၂၀၀၀ ကျော် ကပ်ခဲ့သည်ဟု ယင်း အဖွဲ့က ဆိုသည်။

11ReadMore-2.jpg

ထာဝရတည်စေ ကော်သူးလေး

11ReadMore-2.jpg

ဂီရိကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယူအန် အစီရင်ခံစာတွင် ဖေါ်ပြ

နိရဉ္စရာမှ.........


Damaged-Cyclone-Giri-Arakan state Burma နေစရာ အိမ်မကျန်လိုက်သောကျေးရွာများ မြင်ကွင်း
အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိကြောင့် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယမန်နေ့က ထုတ်ပြန်သော ယူအန် အစီရင်ခံစာတွင် ဖေါ်ပြသည်။

မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ခံလိုက်ရသည့် မြို့နယ်များမှာ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်တို့ ဖြစ်ကြောင်းနှင့် အဆိုပါ မြို့နယ် ၄ ခုထဲတွင် အပျက်အစီး အများဆုံးဒေသမှာ ကျွန်းသာယာ (မြေပုံ)နှင့် ဖရုံကာကျွန်း (ပေါက်တော) ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

စစ်အစိုးရဘက်မှ ထုတ်ပြန်ချက်ကို ကိုးကားပြီး သေဆုံးသူ ၄၅ ဦး၊ ပျောက်ဆုံး ၁၀ ဦးနှင့် ဒဏ်ရာရသူ ၄၉ ဦး ဖြစ်ကြောင်း ဖေါ်ပြရေးသားသည်။

၎င်းပြင် ခန့်မှန်းခြေအရ စိုက်ပျိုးနေသော လယ်မြေ ဧကပေါင်း ၁၇၅၀၀ မှာ လုံးဝပျက်စီးခဲ့ပြီး အခြေခံမူလတန်း ကျောင်းပေါင်း ၂၇၉ လုံးနှင့် အလယ်တန်းကျောင်းပေါင်း ၂၄ လုံး၊ အထက်တန်း ကျောင်း ပေါင်း ၁၅ လုံးမှာပျက်စီးသွားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယူအန်နှင့် အစိုးရ အဖွဲ့အစည်းတွေမှ လေဘေး အကူအညီများ ဖြန့်ဝေပေးနေသော်လည်း ထိုဒေသတွင် ဖြန့်ဝေနေသော ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သည့် အစားအစာ၊ ရေသန့်၊ ဆေးဝါး၊ ရေဘေး ဒုက္ခသည်များ ကျန်းမာရေးနှင့် အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြပ် ပေးရန် အကြီး အကျယ် လိုအပ်နေကြောင်းလည်းဖေါ်ပြထားသည်။

အောက်တိုဘာ ၂၉ ရက်နေ့က wfp အဖွဲ့မှ ဆန်အိပ်ပေါင်း ၅၄၀ လုံးကို မြို့နယ်လေးခုမှ အိမ်ခြေပေါင်း ၁၁၀၅၀ ကို တလအတွက် ဖြန့်ဝေ ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၈/၂၉ ရက်နေ့က စစ်တွေမြို့ရှိအစိုးရအရာရှိများနှင့် အင်ဂျီအိုအဖွဲ့များဖြစ်သည့် RC/HC, UNHCR, UNDP and OCHA မှကိုယ်စားလှယ်များနှင့် UN, INGO/NGO တွေ့ဆုံ ဆွေးနွေးချက် အရ ၂၉ ရက်နေ့ က ယူအန်မှတချို့ကိုယ်စားလှယ်များ ပေါက်တောမြို့နယ်သို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

မုန်တိုင်း ကျရောက်ခဲ့သည့် တချို့နေရာများသို့ အလှူပစ္စည်းများ သယ်ယူ ပို့ဆောင်ရန် လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးနေသဖြင့်အခက်အခဲများ ရှိနေကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

11ReadMore-2.jpg

ဘုရားသုံးဆူမြို့ရှိ မဲဆန္ဒရှင်အများစု ရွေးကောက်ပွဲကို သပိတ်မှောက်မည်

စောသိန်းမြင့် (ကေအိုင်စီ)

နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသောကြောင့် မွန်နှင့် ကရင်နယ်စပ် ဘုရားသုံးဆူမြို့ရှိ မဲဆန္ဒ ရှင်အများစုက ၎င်းတို့၏ ဆန္ဒမဲပြားများကို ပယ်မဲအဖြစ် ပြုလုပ်မည်ဖြစ်ကြသလို တချို့က မဲမထည့်ဘဲနေကာ သပိတ်မှောက်ကြမည်ဟု ပြော ဆိုနေကြသည်။“စစ်တပ်က အနားယူထားတဲ့လူတွေ၊ ၀န်ထမ်းက အနားယူထားတဲ့လူတွေ၊ အဲဒီလူတွေကိုပဲ မဲထည့်ရတာ။ အဲဒါကြောင့် ပြည်သူတွေက သဘောမကျဘူးပေါ့။ အများစုက ပယ်မဲဖြစ်အောင်လုပ်မှာပဲ ပြောနေကြတယ်။ တချို့ကျတော့ သွားမထည့်ဘူးတဲ့။ ကျနော်ကတော့ သွား ထည့်မယ်။ ဒါပေမယ့် ပယ်မဲဖြစ်အောင် လုပ်လိုက်မယ်။”ဟု ဘုရားသုံးမြို့မှ မဲဆန္ဒရှင်တဦးက ပြောသည်။

ထို့အတူ အခြားမဲဆန္ဒရှင်တဦးကလည်း “လွှတ်တော်သုံးရပ်အတွက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ဘယ်လိုမဲထည့်ရမယ်။ တိုင်း ရင်းသားလူမျိုးစု ကိုယ်စားလှယ်ဆိုရင် ဘယ်လိုမဲပေးရမလဲဆိုတာကတော့ သိထားပါတယ်။ ဒါပေမယ့် ကျနော်တို့ဒေသအတွက် ဘာတွေ လုပ်ပေးမယ်ဆိုတဲ့ သူတို့တွေရဲ့ မဲဆွယ်စည်းရုံးမှုတွေ ဘာမှမကြားရတဲ့အတွက် မဲမထည့်ဘူးလို့ပဲ ဆုံးဖြတ်လိုက်တယ်။”ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပရန် (၅)ရက်သာ ကျန်တော့သော်လည်း ဘုရားသုံးဆူမြို့နယ်တွင် ၀င်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် ယနေ့အချိန်ထိ လူကိုယ်တိုင် လာရောက်မဲဆွယ်စည်းရုံးမှုများ တစုံတရာ လုပ်ဆောင်မှုမရှိသဖြင့် ပြည်သူအများစုမှာ ရွေး ကောက်ပွဲကို လုံးဝ စိတ်မ၀င်စားကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကိုယ်ရွေးချယ်ရမယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဘယ်သူမှန်းမှ မသိတဲ့အတွက် စိတ်ကိုမ၀င်စားကြတာ။ အားလုံးဟာ ပုံမှန် နေ့တဓူဝ အလုပ်ကိုပဲ လုပ်နေကြတယ်။ နောက် ငါးရက် ဘာတွေဖြစ်လာမလဲဆိုတာ ထမင်းစားကြရင်း၊ လက်ဖက်ရည်သောက်ကြရင်း၊ စကားပြောကြရင်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်သူမှမဆွေးနွေးကြဘူး။ စိတ်လည်း မ၀င်စားကြဘူး။”ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် နေထိုင်ကြသော ပြည်သူအများစုက ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် အ ပြောင်းအလဲတစုံတရာ ပြောင်းလဲသွားမည်မဟုတ်သည့်အပြင် ၎င်းတို့ လက်ရှိ ရင်ဆိုင်နေရသော စားဝတ်နေရေးပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်သဖြင့် ရွေးကောက်ပွဲထက် ၎င်းတို့၏ စားဝတ်နေရေးက ပို၍ အရေးကြီးကြောင်း ပြောဆိုနေကြသည်။

ဘုရားသုံးမြို့ရှိ မဲဆန္ဒရှင် ကရင်အမျိုးသားတဦးက “ကျနော်တို့ ဘာမှနားမလည်ဘူး။ အဲဒီ မဲတပြားကို မထည့်လည်း ဘာတွေဖြစ်သွားမှာမို့ လို့လဲ။ တောင်ယာသွားရင်တောင်မှ အကျိုးရှိအုံးမယ်။”ဟု ပြောသည်။

ဘုရားသုံးမြို့အနောက်ဘက်ခြမ်း (၈)မိုင်ခန့် အကွာအဝေးရှိ ချောင်းဆုံမှ မဲရုံမှူးနှင့်နီးစပ်သူတဦးက “ချောင်းဆုံမဲရုံမှူးက ပြောပြတယ်။ သူ တို့(မဲဆန္ဒရှင်)ဆန္ဒအရဆိုရင် မဲလာထည့်ကြမှာ မဟုတ်ပါဘူးတဲ့။ စစ်တပ်က လိုက်ခေါ်လို့ရှိရင်တော့ လာထည့်မယ်ထင်ပါတယ်။”ဟု ပြော သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲဖြစ်သည့် ဘုရားသုံးဆူမြို့နယ်၌ ကြံ့ဖွံ့ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောထွဋ်ခေါင်လွင်၊ တစည ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကြည်အေးနှင့် ဖလုံ-စဝေါ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောထယ်ရီတို့က ၀င် ရောက်အရွေးခံမည်ဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

၎င်းဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းခန့်က မဲပုံးများ ရောက်ရှိနှင့်ပြီးဖြစ်သော်လည်း မဲရုံပြုလုပ်မည့်နေရာကို ယနေ့အချိန်ထိ မသတ်မှတ်ရသေးကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။

11ReadMore-2.jpg

Template by:

Free Blog Templates