Wednesday, December 15, 2010

နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီး စောဒိုစိုး(စောဃော်သကူး) အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးနဲ့အတူ ဒီကေဘီအေထံ လာရောက်ပူးပေါင်း

BGF ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီးစောဒိုစိုး (စောဃော်သကူး) အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးနဲ့အတူ ဒီကေဘီအေ ဗိုလ်ကျော်သက် ထံသို့ လက်နက်အပြည့်အစုံနဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က လာရောက်ပူးပေါင်းခဲ့ပါတယ်။
ဗိုလ်ကြီးစောဒိုစိုး(စောဃော်သကူး)

အရှေ့တောင်တိုင်းလက်အောက်ခံ မြဝတီအခြေစိုက် BGF ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မုတ်သုန် ဦးစီးတဲ့ တပ်ဖွဲ့က ဖားချောင်းစခန်းမှာ တာဝန်ယူထားတဲ့ ဗိုလ်ကြီး စောဒိုစိုး ဦးဆောင်ကာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဒီကေဘီအေနဲ့ ပူးပေါင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။

ဒီကေဘီအေအဖွဲ့ကို ကူးပြောင်းလာတဲ့ BGF မှ ရဲဘော်များကတော့
၁၊ စောဒိုးစိုး (စောဃော်သကူး) (ဗိုလ်ကြီး)
၂၊ စောကဒူး (တပ်ကြပ်)
၃၊ စောဒိုးခို့သ (ရဲဘော်)
၎၊ စောစိုးလေး(ရဲဘော်)
၅၊ စောယော့ကူး (ရဲဘော်)
၆၊ စောထူးလင်း (ရဲဘော်)
၇၊ စောဇော်ထိုက် (ရဲဘော်)
၈၊ စောနိုင်ဦး (ရဲဘော်)
၉၊ စောကြူ (ရဲဘော်)
၁၀၊ စောကြာကူး (ရဲဘော်) တို့ ဖြစ်ပါတယ်။

လာရောက်ဆုံဆည်းတဲ့ ဖလူးကြီး ဖလူးလေးရွာကြားက ဗိုလ်ကလန ဘုရားကုန်း

သူတို့နဲ့အတူ အာပီဂျီ၇ တလက်၊ အသီး ငါးလုံး၊ အမ် ၁၆ နှစ်လက်၊ အေကေ သုံးလက်၊ ကာဘိုင် သုံးလက် ၊ ၄၀ မမ တလက်၊ ခြောက်လုံးပြူး တလက်၊ စကားပြောစက်တလုံး၊ ရှေ့ထွက်မိုင်း ငါးလုံး၊ လက်ပစ်ဗုံး ဆယ်လုံး စတဲ့ လက်နက်ငယ် လက်နက်ကြီးများနဲ့ ဒီကေဘီအေထံ လာရောက်ပူပေါင်းကြခြင်း ဖြစ်ပါတယ်။

ဒီကေဘီအေထံ လာရောက်ပူးပေါင်းတဲ့ ဗိုလ်ကြီး စောဒိုစိုး ပြောပြတာက
“ကျနော်တို့ နယ်ခြားစောင့်တပ်က စထွက်ခွာတာ နိုဝင်ဘာ ၈ ရက်ကတည်းက ပါ။ ရန် သူ နအဖ တပ်တွေကို ရှောင်းကွင်းလာနေရတဲ့အတွက် ခုမှရောက်လာတာပါ။ ကျနော်တို့ BGF ဖွဲ့ကြတော့ ကျနော်တို့ ရဲဘော်ဟောင်းတွေ ခေါင်းဆောင်ဟောင်းတွေကို တပ် ထဲကအနားပေးပြီး ဖယ်ထုတ်နေတယ်။ ခုဆို ကျနော်တို့ တပ်တွေထဲမှာ သူတို့ လူတွေနဲ့ တကယ့်အရေးကြီးတဲ့ နေရာတွေကို ပေးထားတယ်။ ကျနော်တို့ ဒီကေဘီအေ အဟောင်းတွေက BGF တပ်ထဲမှာ အရာမရောက်ဖြစ် ကုန်ပြီလေ။ တဖြည်းဖြည်း ကျနော်တို့တွေဟာ ညှပ်တဲ့လက်မ မရှိတဲ့ ကဏန်းလိုလို၊ အဆိပ်မရှိတဲ့ မြွေလိုလိုဖြစ်ကုန်တယ်။ ကျနော်တို့ တော်လှန်ရေးစလုပ်တုန်း ကရော၊ ဒီကေဘီအေ စလုပ်တုန်းကရော ကျနော်တို့ ပြည်သူလူထုအတွက် အမျိုးသားထုအတွက် တခုခု အကျိုးရှိတာ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့တာ ခု ဘာတခုမှဖြစ်မလာဘဲ ကျနော်တို့ကိုပါ လည်ပင်းညှစ်ဖို့ လုပ်လာတယ်။ ဆက်ပြီး နအဖ အောက်မှာဆက်နေ နေရင် တဖြည်းဖြည်း ကျနော်တို့ ပြောက်သွားမှာပဲ”
လို့ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်က တငေါရွာအနီးမှာ နယ်ခြားစောင့်တပ်ရင်း (၁၀၁၅) တပ်ဖွဲ့ကို နအဖ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရတခ လက်အောက်ခံ ခမရ (၃၃၉) တပ်ရင်းက တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်တပ်မှ ၇ ဦး ကျ ဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။

http://www.naytthit.net မှ ...

11ReadMore-2.jpg

အလင်းဝင် သတင်း ဖော်ပြချက် ၀ါဒဖြန့်ခြင်းဖြစ်ဟု DKBA ပြော

သန်းထိုက်ဦး

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တချို့ စစ်အစိုးရဘက် ကူးပြောင်းသွားသည့် သတင်းအား သတင်းစာများ၌ ဖော်ပြချက်သည် ၀ါဒဖြန့်လုပ်ရပ်သာ ဖြစ်သည်ဟု DKBA တပ်မဟာ (၅)မှ ဗိုလ်မှူးကြီး စောကျော်သက်က ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က စစ်အစိုးရ သတင်းစာများတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) အကြမ်းဖက် သောင်းကျန်းသူ စောလားပွယ် အဖွဲ့မှ နိုင်လွင်၊ စောလှဒါး၊ စောအောင်ဆန်း၊ နော်တရာ၊ ချင်းလုံ၊ စောစိန်သန်း၊ စိုးမိုး ဦးစီးသော စုစုပေါင်း အင်အား ၅၁ ဦးတို့ သည် ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်နေ့ အထိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းသို့ လာရောက် ပူးပေါင်းခဲ့ကြ ကြောင်း ဖော်ပြထားသည်။

သတင်းစာတွင် ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) DKBA တပ်မဟာ (၅) အဖွဲ့ကို KNU အကြမ်းဖက် သောင်းကျန်း သူ ဟု ဖော်ပြထားခြင်းသည် နအဖ နှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုင်းရင်းသား အဖွဲများတွင် နအဖ ၏ အစီအစဉ်များကို မကြိုက် သဖြင့် ပြန်တိုက်သော အဖွဲ့မှာ DKBA ဖြစ်နေသည့်အတွက် ၎င်းတို့အား KNU ဟူ၍ သုံနှုန်း ခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း၊ စစ်အစိုးရ က နိုင်ငံရေး ထိုးနှက်ချက်အရ ယင်းသို့ တမင်သုံးနှုံးခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်သက်က ပြောဆိုသည်။

“နအဖ သတင်း စာထဲမှာ အခုပြန်တဲ့ လူတွေဟာ KNU အဖွဲ့ကလို့ ပြောတယ်။ ဒါက နိုင်ငံရေးအရ ထိုးနှက်တာ ဖြစ်တယ်။ နိုင်ငံတကာနဲ့ လူထုကို နအဖ လိမ်တာ အားလုံးသိတယ်။ DKBA တပ်မဟာ ၅ ဟာ သီးခြားရပ် တည်တဲ့ အဖွဲ့ ဖြစ်တယ်၊ KNU နဲ့ ပြန်လည် ပေါင်းစည်းမှု မရှိပေမယ့် သူတို့နဲ့ နားလည်မှု ယူထားတယ်”ဟု ၎င်းက ဆိုသည်။ 


သတင်းစာ၌ ယခု ပူးပေါင်းလာသည့် DKBA တပ်ဖွဲ့ဝင် ၅၁ ဦး ရှိကြောင်း ဖော်ထားသော်လည်း အမှန်တွင်၂၃ ဦးသာ ဖြစ်ပြီး လက်နက်များ ယူဆောင်သွားခြင်းလည်း မရှိကြောင်း ဗိုလ်မှူးကြီး စောကျော်သက်က ပြောသည်။ 

“သူတို့ အဓိက ပြန်ကြတာက တောထဲမှာ ပင်ပန်း ဆင်းရဲမှု မခံနိုင်ကြဘူး၊ နောက်ပြီးတော့ သူတို့မှာက တိုက်တွေ ကားတွေ၊ ပိုင်ဆိုင်မှုတွေက များတော့၊ အမျိုးသားရေး အတွက် ဘာမှ မစွန့်လွှတ်နိုင်ကြလို့ ပြန်သွားတာဖြစ်တယ်။ ဒီလိုလူတွေ မြန်မြန် ပြန်တာ ကောင်းတယ်၊ မဟုတ်ရင် တော်လှန်ရေး အတွက် အနှောင့် အယှက်ဖြစ်တယ်”ဟုလည်း ၎င်းက ဆိုသည်။

စစ်အစိုးရ ထံသို့ ပူးပေါင်းလာသူများကို တာဝန်ရှိသူများက လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက်ပေးကြောင်း၊ KNU အဖွဲ့ အတွင်းတွင်လည်း ဥပဒေ ဘောင်အတွင်းသို့ ၀င်ရောက်လာရန် ကျန်ရှိနေကြောင်းလည်း အစိုးရ သတင်းစာများတွင် ရေးသား ထားသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုတပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသူများ ရှိသကဲ့သို့ တချို့မှာ နီးစပ်ရာ အသိမိတ်ဆွေများထံနှင့် တော ထဲ တွင် ပုန်းအောင်း နေကြရကြောင်း သိရသည်။

စစ်ပြေး ဒုက္ခသည်များကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)နှင့် တချို့NGO အဖွဲ့ ၀င်များ ပူးပေါင်း၍ အကူအညီများ ထောက်ပံ့ပေးကြောင်း အကူအညီပေးသူများက ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်းဖြစ်သည်။

11ReadMore-2.jpg

Template by:

Free Blog Templates