Thursday, March 3, 2011

နအဖတပ်မှ သံတောင်ကြီးမြို့နယ်ရှိ ရွာသားတဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့

မတ်လ ၃ရက်။ (ကေအိုင်စီ)
ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အခြေချလှုပ်ရှားလျှက်ရှိသည့် နအဖ စစ်တပ်မှ ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဒေသခံရွာသားတဦးကို အကြောင်းမဲ့ သတ်ပစ်ခဲ့ကြောင်း ထိုဒေသမှလာ သည့်အရ သိရသည်။

ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့က သံတောင်မြို့နယ်တွင် အခြေချလှုပ်ရှားနေသည့် နအဖ စကခ (၇) လက်အောက်ခံ ခြေမြန်တပ်ရင်း- ခမရ (၄၂၆)မှ သဘါဖဲ့ရွာသားတစ်ဦးဖြစ်သူ စောမောင်ရွဲ (၄၈)နှစ်ကို ၄င်းတို့ တပ်စခန်း တည်ရှိရာ သံတောင်ကြီးမြို့(ဘုရင့်နောင်တပ်မြို့)တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်သည် ဟု ဒေသခံတဦးက ကေအိုင်စီကို ယနေ့တွင် ပြောဆိုသည်
သူက “ဒီဒေသမှာ လှုပ်ရှားတဲ့ နအဖတပ်တွေက ရွာသားတွေကို မထင်ရင် မထင်သလို ဖမ်းဆီးလိုက်၊ သတ် လိုက်တာပဲ။ ဘာကြောင်းအရာမှ မရှိဘူး။ ရွာသားတွေရဲ ပိုက်ဆံတွေကိုလည်းယူတယ်။ အကုန်ပြောရရင်တော့ ဓါးပြလည်းတိုက်တယ်။ လူလည်းသတ်တယ်ဗျာ။ အရင်ကလည်း အဲလိုမျိုး လုပ်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
သဘါဖဲ့ကျေးရွာသည် သံတောင်ကြီးမြို့ (ဘုရင့်နောင်တပ်မြို့)၏ အရှေ့ဘက်တွင် တည်ရှိပြီး အကွာအဝေးအားဖြင့် ခြေလျှင်နဲ့ သွားလာလျှင် ၂နာရီကျော်သာ လျှောက်ရသည်ဟု သိရသည်။
လွန်ခဲ့သည့် ၂၀၁၀ခုနှစ်မှစ၍ ယခု ၂၀၁၁ခုနှစ်၊ မတ်လ ၃ရက်နေ့အထိ ကရင်ပြည်သူလူထုများ နေထိုင်သည့် သံတောင်၊ ထန်းတပင်မြို့နယ်နှင့် တောင်ငူဒေသများတွင် လှုပ်ရှားနေသည့် နအဖစစ်တပ်၏ ပစ်သတ်ခြင်း၊ သတ်ဖြတ်ခြင်းကြောင့် ဒေသခံရွာသား ၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တောင်ငူခရိုင်၏ မှတ်တမ်းအရသိရသည်။

အဆိုပါဒေသများတွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် – စကခ (၇)နှင့် (၉) လက်အောက်ခံတပ်ရင်းများအပြင် အခြားတိုင်းတပ်ရင်းများလည်း လှုပ်ရှားလျှက်ရှိပြီး လက်ရှိအချိန်တွင် ၄င်းတို့ တပ်စခန်းများသို့ ရိက္ခာများ ပို့ဆောင်နေဆဲဖြစ်ပြီး ထို့ရိက္ခာများသွယ်ရန်အတွက် ဒေသခံရွာသူရွာသားများကို နေ့စဉ်လိုလို ခေါ်ယူခိုင်းစေသည့် အပြင် စစ်ကြောင်းများ သွားရာလမ်းများတွင်လည်း မိုင်းရှင်းလင်းရန်အတွက် ရွာသူရွာသားများကို ခေါ်ယူအသုံးပြု လျှက်ရှိကြောင်း တောင်ငူဒေသံများ၏ ပြောပြချက်အရ သိရသည်။

11ReadMore-2.jpg

Template by:

Free Blog Templates