Friday, October 14, 2011

ဟောဒီက ဖက်ဒရယ်အတု (မန်းကိုကို)



ဒေါက်တာ (ဦး)လှိုင်မြင့်လည်း ဖက်ဒရယ်အကြောင်း ရေးရင်းရေးရင်းနဲ့ ဝင်လာသမျှကို ဆန်စင်ရာ
ကျဉ်ပွေ့လိုက်သလို တုန့်ပြန်ရေးနေရတော့ အတော်လည်း မောနေရော့တော့မယ်လို့ ထင်မိတယ် ။

ဦးလှိုင်မြင့်ရဲ့ စာတွေကရှည် ၊ ကွန်မန့်တွေကများ ၊ တုံ့ပြန်ရေးသူတွေလည်း ပေါ်လာတာကြောင့် ၊
ဖတ်ရင်းနဲ့ အာရုံသိပ်မစိုက်နိုင်တော့လို့ အများကြီးဆက်မရေးခင် အရေးအကြီးဆုံး အခြေခံတစ်ချက်
ကိုပဲ အရင်ဆုံးပြောချင်ပါတယ် ။ ဒီအချက်ဟာ တိုင်းရင်းသားအရေး ၊ ဖက်ဒရယ်အရေး စတာတွေရဲ့
အနှစ်ချုပ်လို့နားလည်မိပြီး ဦးလှိုင်မြင့် ကြိုးစားပမ်းစား ရေးခဲ့သမျှတွေအားလုံးကိုလည်း ခြုံငုံဖြေပြီး
သား ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ် ။

ရှင်းရှင်းလေးပါ ၊
“တိုင်းရင်းသားတွေအတွက် လူသားတစ်ယောက်မှာရှိသင့်တဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိရှိ
ရပ်တည်သွားနိုင်ကြဖို့ ခိုင်မာတဲ့အာမခံချက်” လိုအပ်နေတာပါပဲ ။

ဒါပေမယ့် လက်ရှိမှာ လက်ဆုပ်လက်ကိုင်ထားစရာဆိုလို့ ဖက်ဒရယ်ပဲရှိတော့ ၊ ဖက်ဒရယ်စကားပဲ
ပြောကြရတာပါ ။ ဦးလှိုင်မြင့်ဖြစ်စေ ၊ တစ်စုံတစ်ယောက်က ဒိထက်သာလွန်တဲ့ ပုံစံတစ်ခုခုကို လက်ခံ
နိုင်လောက်တဲ့ အနေအထားရှိကြောင်း အချက်အလက်စုံစုံလင်လင်နဲ့ ချပြနိုင်ရင် ပွဲသိမ်းပါပြီ ။

သို့ပေမဲ့ မရှိလေဘူး မဟုတ်လား ။ ဒီတော့ ရှိထားတဲ့ ဖက်ဒရယ်ကိစ္စကိုပဲ ကောက်သင်းကောက်
သလို ထင်တာမြင်တာတွေကို အပျက်ဖက်ကကြည့်ပြီး ဝေဖန်လာတဲ့အခါ ပြန်မပြောလည်းခက် ပြော
ရလည်းခက်ခက် ဖြစ်နေပါတယ် ။ ဦးလှိုင်မြင့်ရဲ့ လေနှင်ရာအတိုင်းလားပြီး အကုန်ပြန်ပြောဖို့ စဉ်းစား
ရေးထားတာတွေရှိပေမဲ့ အချိန်ကုန်သက်သာအောင် အချို့အချက်ကလေးတွေပဲ ပြောကြည့်ပါရစေ ။

ကျွဲကူးရေပါ

ကနေ့ လူငယ်ပိုင်း အတော်များများ ပြောကြတဲ့စကားပါ ။
ဒီမိုကရေစီရရင် ကျွဲကူးရေပါဆိုသလို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးလည်း အလိုအလျှောက်
ရလာမှာပါလို့ ဆိုကြတယ် ။

သူတို့လေးတွေကို မှားတယ်လို့ပြောရင် ရက်စက်ရာကျမှာစိုးလို့ “ပဒေသရာဇ်တွေရဲ့ ခေတ်ကနေ
စပြီး မျက်မှောက်ကာလအထိ တိုင်းရင်းသားတွေ ဘယ်လိုအခွင့်အရေးတွေများ အလိုအလျောက် ရ
လာခဲ့ဖူးသလဲ” လို့ ချိုချိုသာသာ မေးရမလို ဖြစ်နေတယ် ။ ဒါပေမယ့် တိုင်းရင်းသားတွေကို လိုအပ်
တဲ့အချိန်မှာ သကြားလုံးနဲ့ ချော့တာတွေကိုတော့ အကြောင်းမပြပါနဲ့လို့ ပြောချင်ပါတယ် ။ အဲဒီလို
ပြောရင် သကြားလုံးနောက်က တွဲလျက်ပါလာတဲ့ နားရင်းတီးတာတွေကိုပါ ထည့်ပြောလာတဲ့အခါ
မျက်စိမှိတ်ငြင်းခုံတာတွေနဲ့ပဲ အဆုံးသတ်ကြရမှာမို့ပါ ။

ဗမာတွေရဲ့ အတွေး

“တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ်”
“အကြပ်ကိုင်သမျှ လည်စင်းခံနေရတော့မှာ”

ဦးလှိုင်မြင့်ဟာ ဗမာစစ်စစ်ဟုတ်မဟုတ် ကျနော်မသိပါဘူး ။ ဒါပေမယ့် ဗမာတွေရဲ့အတွေးကို သူ့
အရေးမှာ ထင်ဟပ်ပြထားတယ်ဆိုတာ မြင်ရပါတယ် ။ စွပ်စွဲတယ်လို့ မယူဆစေလိုပါ ။ ကျနော်ဟာ
ဗမာလို့ ခံယူထားကြသူတွေကြားမှာ ကြီးပြင်းလာသူ ၊ ဗမာအကြောင်း နောမကြေပေမယ့် အခြေခံ
သဘောလောက်ကိုတော့ သိမြင်ဖူးသူတစ်ယောက်အနေနဲ့ အမှန်အတိုင်းပြောတာပါ ။ ရှုတ်ချနေ
တာလည်း မဟုတ်ပါဘူး ။ အရှိကို အရှိအတိုင်း ပြောတာပါ ။

ခက်တာက တိုင်းရင်းသားတွေ ဘယ်လိုပြန်မြင်ကြမလဲဆိုတာကို ပြန်ပြီးစာနာပေးနိုင်ကြဖို့ စိတ်မ
မွေးနိုင်ကြတဲ့ ကိစ္စပါ ။ ကျနော်အပါအဝင် ပျော့ပျော့ပျောင်းပျောင်း ပြောသူတွေရဲ့ စာနဲ့ လေတွေဟာ
လည်း အလဟဿဖြစ်လာနေခဲ့တာ ကြာပဲကြာလှပါပြီ ။ ဦးလှိုင်မြင့်ရဲ့ တတိယဆောင်းပါးအောက်က
ကွန်မန့်လေးတစ်ခုကို နမူနာလေး ထည့်ပေးလိုက်ပါရစေ ။ ရေးတဲ့သူ မြင်သလို ဗမာအများစု သိမြင်
နားလည်လာတဲ့တနေ့ ၊ စာနာမှုတွေနဲ့ နီးစပ်လာနိုင်ကြပြီး အခက်ခဲ ပြဿနာတွေ ပြေလည်ဖို့ နီးစပ်
လာပြီလို့ ယူဆပါတယ် ။

ရွှေမြိုင်ဘချစ်(တိုကျို) said...
“လွတ်လပ်တဲ့ဒီမိုကရေစီ. နိုင်ငံမှာနေတဲ့သူတွေ. ကိုယ်တိုင်က. စည်း
လုံးညီညွတ်မှုမရှိဘဲ. ပြည်တွင်းကိုတော့စည်းလုံးညီညွတ်ကြနော်. လို့
တိုက်တွန်းနေတာ. တွေ့ရတော့. အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး
ဆိုတာကို. တော်တော်အချိန်ယူပြီး လုပ်ယူရမယ်လို့ထင်ပါတယ်၊. နှစ်ပေါင်း
၆၀. ကျော်အစိုးရအဆက်ဆက်ဟာ. မီးခဲပေါ်မှာ. ပြာ. လေးဘဲဖြူးဖြူးပြီး
အပေါ်ယံ စည်းရုံးညီညွတ်နေသယောင်ယောင်. လုပ်ခဲ့ပေမဲ့. တိုင်းရင်းသား
လူမျိုးစုတိုင်းရဲ့ရင်ထဲမှာ. ဒါဏ်ရာကိုယ်စီရှိနေခဲ့ကြတယ်၊. ကျွန်တော်ဟာ
မော်လမြိုင်မှာစက်မှုလက်မှုအထက်တန်းကျောင်း. တက်ခဲ့စဉ်တုံးက. ရေး၊
ထားဝယ်၊ မြိတ်၊ ကော့သောင်၊ ဖားအံ၊ ရခိုင်နဲ့ ဧရာဝတီတိုင်း. ကသူတွေနဲ့.
သူငယ်ချင်းဖြစ်ခဲ့ပါတယ်၊. အဲဒီကနေဖြစ်ချင်တော့. သိပ္ပံကို. မန္တလေးမှာ
သွားတက်ရတယ်၊. အဲဒီမှာ. ကချင်၊ ချင်း၊ ရှမ်း၊ ကယား၊ ရခိုင်၊ မြန်မာပြည်
အထက်ပိုင်းနဲ့. အလယ်ပိုင်း. မြို့တော်တော်များများ. ကသူငယ်ချင်းတွေ
ဖြစ်ခဲ့ပါတယ်၊. အဲဒီမှာ. တိုင်းရင်းသားတွေလူမျိုးတွေအားလုံးနီးပါးရဲ့. ဗမာ
လူမျိုးတွေအပေါ် ထားတဲ့သဘောထားနဲ့. အမြင်တွေဟာ. အံ့သြစရာကောင်း
လောက်အောင်. နီးနီးစပ်စပ်တူညီနေတာ တွေ့ရတယ်။”

တိုင်းရင်းသားတွေရဲ့ အမြင်

ကျနော့်အမြင်တွေကို အမြဲတမ်း အပြုသဘောဆောင်တဲ့ဖက်ကပဲ ရေးလေ့ရှိပါတယ် ။
ဒီပို့စ်မှာတော့ ဗမာတွေ ကိုယ့်ကိုယ်ကို ဓမ္မဓိဌာန်ကျကျ သုံးသပ်နိုင်မိကောင်း သုံးသပ်ဖို့အခွင့်အလမ်း
ရရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချို့လူတွေရဲ့ ထင်မြင်ချက်တွေကို တင်ပြတာပါ ။ အပြစ်တင်
ရှုတ်ချဖို့ မဟုတ်ဖူးဆိုတာလည်း ထပ်လောင်းပြောထားပါရစေ ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မလေးရှားမှာ ကြုံဆုံခဲ့ရတဲ့ ၊ လူတိုင်းနဲ့ အလွမ်းသင့်ပြီး ခုတော့ မရှိရှာ
တော့တဲ့ တိုင်းရင်းသား ဘာသာရေးဆရာဟောင်း တစ်ဦးရဲ့အမြင်ပါ ။ သူ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောခဲ့တာ
ကတော့ -
“အင်္ဂလိပ်တွေရဲ့ ဗိုက်ထဲမှာ ငါးမျှားချိတ် ၇ ချောင်းလောက် ရှိသလို ၊
သူတို့ဆီမှာ တပည့်ခံခဲ့တဲ့ ဗမာတွေရဲ့ ဗိုက်ထဲမှာလည်း အနည်းဆုံး
ငါးမျှားချိတ် ၃ ချောင်းလောက်တော့ ရှိတယ်ကွ” တဲ့ ။

လူရည်လည်တယ် ၊ ထက်တယ် ၊ ပရိယာယ်ကြွယ်တယ်လို့ ကိုယ့်ဘာသာ ဂုဏ်ယူတာတွေဟာ သူ
တစ်ပါးအတွက်တော့ လူလည်ကျတယ် ၊ လိမ်တယ် ၊ ကောက်ကျစ်တယ် စသည်ဖြင့် ဖြစ်သွားတတ်
တဲ့ လောကသဘာဝအတိုင်းလို့ ပြောလို့ရကောင်းပါမယ် ။ အချို့လုပ်ဆောင်ချက်တွေဟာ လူမျိုးတစ်
မျိုးရဲ့ ရေရှည်ရပ်တည်နိုင်မှုမှာ အထောက်ကူပေးတာမို့ အဆိုးအကောင်းတွေဟာ ကြည့်တဲ့ဖက်နဲ့ ကြည့်
တဲ့လူအပေါ်မှာလည်း မူတည်မှာပါပဲ ။ ရောင့်ရဲ့တတ်တဲ့ ၊ လောဘနည်းတဲ့ တိုင်းရင်းသားတွေအတွက်
တော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမိကြတာပဲလို့ သဘောထားလို့လည်း ရကောင်းရပါမယ် ။ ဗမာအချင်း
ချင်း ဒဏ်တွေခံလာခဲ့ဖူးတဲ့ ဦးလှိုင်မြင့်လည်း အတိုင်းအတာတစ်ခုအထိတော့ လက်ခံလိမ့်မယ်လို့ မျှော်
လင့်ပါတယ် ။ အသေးစိတ်တော့ မဆွပေးပါရစေနဲ့ ။

ဦးလှိုင်မြင့်လို ခပ်ပြင်းပြင်း ပြောရရင် ..

လက်တွေ့ဘဝကိုမှီပြီး ပြောရရင် - သင့်တင့်မယ့် ကျိုးကြောင်းထောက်ပင့်မယ့် စကားတွေသုံးပြီး
တိုင်းရင်းသားတွေဖက်က ပြောတဲ့အခါမှာ “ငါလိုးမသား ကရင် ၊ လူပါးဝလို့ကွာ” ဆိုတဲ့စကားတွေနဲ့
“တက်” တခေါက်ခေါက် လုပ်နေကြမယ့်သူတွေ ရှိသလို ၊ ဒိထက်မက ကြမ်းတမ်းတဲ့ စကားတွေနဲ့
မမှန်ပေမယ့် မာန်ဝင့်နေမယ့် ဗမာအချို့ကိုလည်း မြင်ယောင်မိပါတယ် ။ ဒါပေမယ့် သူ့တို့ကိုယ်တိုင်
တော့ “ငါတို့က မရဘူးကွ ၊ အကဲဆတ်တယ် ၊ မဟုတ်မခံကွ” ဆိုတာတွေနဲ့ မလုံမလဲကာကွယ်ကြ
မယ့် သူတွေပါ ။

ကိုယ့်ကရင်တွေထဲမှာလည်း ဂျပန်တို့ ၊ ကိုရီးယားတို့လို ၊ ဇွဲရှိရှိနဲ့ ပြာပုံထဲက ကြိုးစားလူးလဲထရမဲ့
အစား ကိုယ်က စေတနာနဲ့ ပြောတာတွေကိုတောင် “ဒီကောင်က ဘာကောင်လဲကွ ၊ အစိုးရလူလား ၊
သူလျိုလား ၊ တော်လှန်ရေးကို စော်ကားတာလား” ဆိုတာမျိုးတွေနဲ့ တစ်ထွာတစ်မိုက် အကျယ်အဝန်း
လောက်ပဲ မြင်နိုင်ကြတော့သူတွေလည်း မနည်းလှတာ သိသမှ သိပ်သိပါတယ်ဗျာ ။ ဒီလိုအပိုင်းတွေ
ကို တွေးမိရင် လေ့ကျက်ခဲ့သမျှ အသိနဲ့ သမာဓိတွေလည်း ပျောက်သွားတတ်တာမို့ မတွေး မပြောပဲကို
နေချင်ပါတယ် ။ ခုတော့လည်း ဦးလှိုင်မြင့်ကို အားကျမိပြီး တစ်ခါတစ်ရံ ထုတ်ရေးတာလို့သာ သဘော
ထားစေ လိုပါတယ် ။


ဦးလှိုင်မြင့် အားလုံး မှားသလား ..

ဘယ်သူမဆို အားလုံးမှားတယ်ဆိုတာတော့ မရှိနိုင်ပါ ။ ဦးလှိုင်မြင့် ရေးခဲ့တာတွေထဲက အချို့ကို
အတိုချုပ် ထုတ်နှုတ်ကြည့်ရင် -

(၁) အထက်လွှတ်တော် သို့မဟုတ် လူမျိုးစုလွှတ်တော်ဟာ ဥပဒေပြုအာဏာ မရှိဖူးလို့ပဲ နားလည်ပါ
တယ် ။ သူတို့ဟာ စက်ရုံတွေမှာ အရည်အသွေး ထိန်းသိမ်းတဲ့ဌာနလို အလုပ်လုပ်တယ်လို့ ယေဘုယျ
ပြောလို့ရတာမို့ ဦးလှိုင်မြင့် အမွန်းတင်လွန်ပြီး ကိုယ့်ဖက်ကိုယ်တွက်တာ နည်းနည်းများသွားတယ်လို့
ပြောချင်ပါတယ် ။ အောက်လွှတ်တော်အတွက်က အရှည်ကြီးပြောရပါမယ် ။ အတိုချုပ်ကတော့ တိုင်း
ရင်းသားတွေအတွက် ကိုယ်စားပြုမှု ရာခိုင်နှုန်းနည်းတယ်လို့ ဆိုချင်ပါတယ် ။

(၂) ပြည်နယ်အလိုက် ငွေကြေးနဲ့ အခြားအရာတွေ စီမံခန့်ခွဲတာတွေဟာ အစိုးရနဲ့ဆိုင်ပေမယ့် အုပ်
ချုပ်မှုယန္တယားနဲ့လည်း ဆိုင်ပါတယ် ။ လူတစ်ယောက် ၁ ကျပ် ၊ ဆယ်ယောက် ၁၀ နှုန်းလို့ တွက်လို့
မရပါ ။ လူ ၁၀၀ ဆံ့ ဆေးရုံဆောက်ရင် သိန်း ၁၀၀ ကုန်လို့ ၊ လူ ၁၀ ယောက်ဆံ့ ဆေးရုံသေးသေး
လေးဟာ ၁၀ သိန်းပဲ ကုန်ရမယ်လို့ ပုံသေတွက်လို့ မရသလိုပါ ။ စီမံခန့်ခွဲရေးကို နိုင်ငံရေးနဲ့ရောပြီး
ပုံသေကားကျ တွက်ကိန်းထုတ်မပြဖို့ မေတ္တာရပ်ခံချင်ပါတယ် ။

(၃) တိုင်းရင်းသားတွေရဲ့ “တန်းတူရေး” ဆိုတာနဲ့ အများဆန္ဒဆိုတာတွေကို လှေနံဒါးထစ်သလို ပြော
သွားတာတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ တစ်ဦးနဲ့တစ်ဦး လေးစားမှု ၊ လူနည်းစုရဲ့ ရပိုင်
ခွင့်တွေကို အာမခံပေးမှု ဆိုတာတွေကို မျက်ကွယ်ပြုသလို ဖြစ်နေပါတယ် ။ ပြန်ဆန်းစစ်ကြည့်စေချင်
ပါတယ် ။

(၄) လွှတ်တော်အမတ်တွေ နိုင်ငံသားနှစ်ခု ခံထားလို့ရတယ်ဆိုတဲ့ကိစ္စကတော့ ဆက်ဆွေးနွေးဖို့ လို
ကောင်းလိုပါမယ် ။ ကျနော်တစ်ယောက်ထဲသဘောကတော့ - နိုင်ငံသားနှစ်ခုဖြစ်နေရင် တစ်ခုကိုစွန့်
လွှတ်ပြီးမှ ရွေးကောက်ပွဲဝင်ပါမယ် ။ လူ့ကျင့်ဝတ်အရ တွေးတာပါ ။

(၅) ဦးလှိုင်မြင့်က နိုင်ငံသားနှစ်ခု ခံယူထားသူကို အိမ်ထောင်နှစ်ဆက်ပြုသူတစ်ယောက်နဲ့ စံနမူနာ
ပေးပြခဲ့ပါတယ် ။ ကောင်းပါတယ် ၊ ကျနော်လည်း တစ်မျိုးတွေးမိပါတယ် ။ အိမ်ထောင်တစ်ခုမှာ “မိန်း
မ”က ဒါးနဲ့လိုက်ခုတ်လို့ တပြည်တရွာမှာ ရပ်တည်နိုင်ဖို့အတွက် နောက်အိမ်ထောင်ပြုလိုက်ရသူကို အ
ပြစ်တင်ရင်း အိမ်ကနေ ကြိတ်မနိုင်ခဲမရဖြစ်ပြီး ဒါးရမ်းစောင့်နေတဲ့ ပထမအိမ်ထောင်က မိန်းမရဲ့ အဖြစ်
မျိုး မြန်မာပြည်မှာ ဖြစ်နေသလားလို့ပါ :-)

(၆) “မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍက ရှိနေပါဦးမယ်” ဆိုတာကိုတော့ ငြင်းစရာ မရှိပါ ။

ဒီလောက်အထိ ရေးလာတာ ၊ ဦးလှိုင်မြင့်ပြောနေတဲ့ ရှစ်ပြည်နယ်မူအကြောင်း တစ်လုံးမှ မဟလို့
ထူးဆန်းကောင်းထူးဆန်းပါမယ် ။ ကျနော် လက်လှမ်းသိပ်မမီတဲ့ကိစ္စကို မကိုင်ချင်တာပါ ။ ခုလည်း
ဖက်ဒရယ်အကြောင်း ဆွေးနွေးထားချက်တွေ လက်နှိပ်စက်ရိုက်ဖို့ တစ်ထပ်ကြီးလာပေးထားတာ ရှိပါ
တယ် ။ မအားလို့ မလုပ်ဖြစ်သေးတာကြောင့် ဖတ်လည်း မဖတ်ဖြစ်သေးပါဘူး ။ ရိုက်ပြီးတဲ့အခါ ၊ အ
ခြားစာတွေလည်း ဖတ်ပြီးတဲ့အခါ အမြင်တစ်မျိုးထွက်လာပြီး ထပ်ဆွေးနွေးမိကောင်း ဆွေးနွေးမိနိုင်
ပါတယ် ။ လတ်တလောမှာတော့ လူ့ကျင့်ဝတ် ၊ သာမန်အတွေးအမြင်တွေအပေါ်ပဲ အခြေခံပြီး ရေး
လိုက်တာပါ ။

အမှန်က ခုနေခါမှာတောင် critical thinking ထဲက fallacies ဆိုတာတွေနဲ့ တိုက်ဆိုင်ပြီး ဦးလှိုင်မြင့်
ရေးတာတွေကို တစ်ခုချင်း ဆန်းစစ်ကြည့်ရင် အောင်မှတ်ရမယ့် အဆိုပြုချက်တွေ နည်းမယ်လို့ မြင်မိ
တယ် ။ ကျနော်ပြောတာတွေလည်း အချို့နေရာတွေမှာ ညိနေ ချော်နေတာတွေ ရှိမှာပါပဲ ။

ထားတော့ ၊ စာရင်းချုပ်ရရင် မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ် ဆိုတာတွေဟာ အရေးပါတာ
မှန်ပါတယ် ။ ဒါပေမယ့် ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အဖြေမရှာရင် ၊ အဖြေသိလျက်နဲ့ မပြင်
ကြရင်တော့ ဘယ်လိုမှ အကောင်းဆုံးနဲ့ ဖြစ်သင့်တဲ့ အနေအထားတစ်ရပ်ကို ရမလာနိုင်ပါဘူး ။

အဆုံးသတ်အနေနဲ့လည်း ဟိုးအပေါ်က ပြောခဲ့တာကိုပဲ ထပ်ပြီး လေးလေးနက်နက် ထပ်ပြောချင်
ပါတယ် ။

“တိုင်းရင်းသားတွေအတွက် လူသားတစ်ယောက်မှာရှိသင့်တဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိရှိ
ရပ်တည်သွားနိုင်ကြဖို့ ခိုင်မာတဲ့အာမခံချက်တွေ” လိုအပ်နေပါတယ် ။

အခြားတစ်ဖက်မှာလည်း လူများစု ဗမာတွေကို ဥပေက္ခာ ပြုလို့မရနိုင်တာ အမှန်တရားပါ ။

အားလုံးအတွက် မနစ်နာပဲ အကျိုးများမယ့် နည်းလမ်းတွေကို ဝိုင်းစဉ်းစားကြရအောင် ။



မန်းကိုကို
၁၅ ၊ ၁၀ ၊ ၂၀၁၁

11ReadMore-2.jpg

Template by:

Free Blog Templates