Friday, November 19, 2010

လျှပ်စစ်မီး ရရန် ကရင်နီတပ်မှ ကြိုးပန်းခဲ့သော စီမံကိန်း စစ်တပ်မှ ဆက်လက်ကူညီနေ

ကန္တာရ၀တီတိုင်း(မ်)


ကရင်နီပြည် ရှားတောမြို့နယ်အတွင်းမှ ဒေါဝယ်ရောကျေးရွာတွင် လျှပ်စစ်မီး အသုံးပြုနိုင်ရန်အတွက် ကရင်နီတပ်မတော်တို့မှ ကူညီထားခဲ့သော စီမံကိန်း တခုအား ဆက်လက်အောင်မြင်နိုင်ရန်အတွက် စစ်အစိုးရတပ်မှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ ဒေါဝယ်ရော ကျေးရွာနဘေး၌ စီးဆင်းလာသော စမ်းချောင်းမှတဆင့် ရေအားလျှပ်စစ်မီးအား ရွာထဲသို့ သွယ်ယူနိုင်ရန်အတွက် ကရင်နီတပ်မတော်မှ လိုအပ်သော ငွေကြေး အထောက်အကူများ ဆောင်ရွက်ပေးခဲ့သော်လည်း စီမံကိန်းမှာ မပြီးမြောက်သေးသည့်အတွက် စစ်တပ်မှ ဆက်လက်ကူညီပေးမည်ဟု ဒေသခံများက ပြောသည်။
ဒေါဝယ်ရောကျေးရွာ အနီးမှ လျှပ်စစ် ရရန် စီမံကိန်းအတွက် ရွာသားများ လုပ်အားပေးနေ (ဓါတ်ပုံ-ကယားလီဖု)
ဒေါဝယ်ရောကျေးရွာ အနီးမှ လျှပ်စစ် ရရန် စီမံကိန်းအတွက် ရွာသားများ လုပ်အားပေးနေ (ဓါတ်ပုံ-ကယားလီဖု)
“အဲဒီစီမံကိန်းကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်က စတင်ခဲ့တာ ဖြစ်တယ်။ ကရင်နီတပ်မတော်တို့ကနေ အကူအညီတစ်ချို့ ရရှိပြီး စတင်အကောင်အထည် ဖော်ခဲ့တယ်။ ငွေကြေး မလုံလောက်တဲ့အတွက် စီမံကိန်း မအောင်နိုင်သေးဘူး။ ဒီစီမံကိန်းကို ဒီနှစ်မကုန်မှီ အောင်မြင်နိုင်ပြီး မီးလင်းနိုင်ဖို့ တပ်ဘက်က ဦးဆောင်ပြီး အလှူငွေ ကျပ် ၅ သိန်းနဲ့ ဒကစမှူးကနေပြီး ၁၁ သိန်း ထပ်မံကူညီပေးမှာ ဖြစ်တယ်” ဟု ဒေါ်ဝယ်ရောရွာသား တဦးက ပြောသည်။

ရွားတောမြို့နယ်သည် သံလွင်မြစ်နှင့် ပွန်ချောင်းအကြားတွင် ရှိပြီး ဆက်သွယ်ရေး၊ သွားလာရေး ခက်ခဲသော မြို့နယ်တခု ဖြစ်သည့်အပြင် လျပ်စစ်မီး မရှိသည့် မြို့နယ်တခု ဖြစ်သည်။
ဒေါဝယ်ရောကျေးရွာမှ ယခုလို ရေအားလျှပ်စစ် ရရှိရန် ဆောင်ရွက်နေသော စီမံကိန်းသည် ရှားတောမြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် လျှပ်စစ်မီး ရရှိရန် ကြိုးပန်းနေသော စီမံကိန်း ဖြစ်သည်။

“ဒီလိုလူထုစည်းရုံးခြင်းဟာ အပြုသဘောဆောင်မည့် လက္ခဏာ ဖြစ်တယ်။ အဘက်ဘက်က နောက်ကျနေတဲ့ ရွာသားတွေအတွက် ဖွံ့ဖြိုးရေးတစ်ခု ဖြစ်တယ်။ အောင်မြင်သွားခဲ့ရင် သားသမီးကလေး ပညာရေးအတွက် အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆရပါတယ်။ လူနေမှု အဆင့်အတန်းလည်း ပြောင်းလဲတိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်” ဟု ရှားတောမြို့နယ် ကျေးရွာတရွာမှ ရွာသူကြီး တဦးက ပြောသည်။

11ReadMore-2.jpg

အင်အား အလုံးအရင်း တိုးချဲ့လာ သည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်


နိုဝင်ဘာလ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ကေအဲန်ယူနှင့် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အရေးကို ရွာသားများ အလွန်စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် မြိုင်ကလေး၊ သက်ကယ်၊ ကျောက်ခွဲ၊ ကျောက်ပူ၊ တာ့ဒေး၊ အပလုံ စသည့်ကျေးရွာ များမှ ရွာသားတချို့သည် ရွာထဲတွင် တိုက်ပွဲ တစုံတရာဖြစ်ပွားပါက နအဖစစ်တပ်၏ ပေါ်တာချောဆွဲခံရမည်ကို စိုးရိမ်ကြ သဖြင့် တမိချောင်းတဘက်ကမ်းသို့ ယနေ့အထိ ကူးလာနေကြောင်း နယ်မြေခံ ကရင်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တပါးက မိန့်ကြား သည်။

၎င်းက “အဲဒီရွာတွေဟာ ဗမာစစ်သားတွေ တက်လာတဲ့လမ်းအတိုင်း ဖြစ်နေတယ်လေ။ တိုက်ပွဲဖြစ်ရင် သူတို့တွေပဲ အထိနာမှာ ဆိုတော့ သူတို့အတွက် လုံခြုံတယ်လို့ ထင်တဲ့နေရာတွေမှာ တိမ်းရှောင်သွားတာ အယောက်(၂၀၀)လောက် ရှိတယ်လို့ ပြော ကြတယ်။”ဟု မိန့်ကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဒီကေဘီအေနှင့် နအဖစစ်တပ်တို့ ဘုရားသုံးဆူမြို့အတွင်း ဒီကေဘီအေနှင့် နအဖစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍ ယခုအချိန်အထိ နအဖ စကခ(၈)နှင့် စကခ(၁၂)လက်အောက်ခံ တပ်ရင်း ၅ရင်းမှ စစ်သည်အင် အား ၅၀၀ကျော်တိုးလာသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆)ကလည်း အတည်ပြု ပြောဆိုသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) တပ်ခွဲ(၂) ဒုခွဲမှူး စောဘူ့ဂေက “ဘုရားသုံးဆူ ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်ကစပြီး နအဖက တော့ တဖြည်းဖြည်းချင်း အင်အားတိုးချဲ့လာတာ ကနေ့အထိပဲ။ အခုဆိုရင် စကခ(၈)က ခမရ(၄၀၁)၊ (၄၀၂)၊ (၄၀၅)၊ (၄၀၆) နဲ့ စကခ(၁၂)က ခလရ(၂၈၃)။ အဲဒီတပ်ရင်း (၅)ရင်းဆိုရင် အင်အား ၅၀၀ရှိပြီ။ ဒီနေ့လည်း စကခ(၈)က နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးသိန်းဇော် ဘုရားသုံးဆူကို ရောက်လာပြီ။”ဟု ပြောသည်။

ယမန်နေ့က ဘုရားသုံးဆူဂွင်တနေရာတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က သက်ဆိုင်ရာ ရွာသူကြီးနှင့် သံဃာတော်များအား တွေ့ဆုံခဲ့ပြီး ထွက်ပြေးခဲ့ကြသည့် ရွာသားများအား ရွာအတွင်းသို့ ပြန်လည် နေထိုင်ခိုင်းရာတွင် ရွာသားအချို့မှာ ပြန်လည်နေထိုင်ခဲ့သော်လည်း အချို့မှာ တိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် နအဖစစ်တပ်များ တပ်အင်အား တိုးချဲ့လာသည့်တချိန်တည်းတွင် စစ်ပစ္စည်းနှင့် တပ်ရိက္ခာများကို သယ်ယူပို့ဆောင် ရန်အတွက် ရွာသားများ၏ နွားလှည်းများကို ခေါ်ယူအသုံးပြုသည့်အပြင် ရွာသားကိုယ်တိုင်လည်း ပေါ်တာထမ်းပေးရကြောင်း ရွာခံတဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၁၅ရက်နေ့က ဗမာစစ်သားတွေ ရွာထဲကိုဝင်လာတော့ ရွာမှာ ယောက်ျားတွေ အကုန် ထွက်ပြေးခဲ့ကြတယ်။ နအဖက ပြောတယ် ယောက်ျားတွေ ပြန်မလာလို့ရှိရင် အိမ်မှာကျန်တဲ့ မိန်းမတွေကိုပဲ ပေါ်တာခေါ်မယ်လို့ ပြောတော့ ယောက်ျားတွေ အကုန်ပြန်ပြီး ပေါ်တာထမ်းရတယ်။” ဟု ပြောသည်။

အဆိုပါ နအဖတပ်များသည် လက်ရှိအချိန်တွင် ဘုရာသုံးမြို့ပြင် ပတ်ပတ်လည်နှင့် ယခင် ဒီကေဘီအေတပ်ဖွဲ့များ၏ စခန်း၊ ဂိတ်များတွင် ၀င်ရောက်နေရာယူထားသော်လည်း ထူးခြားသည့် စစ်ရေးလှုပ်ရှားမှု တစုံတရာ လုပ်ဆောင်ခြင်းမရှိသေးပေ။


11ReadMore-2.jpg

ဝေါလေတွင် နအဖတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိ

ရိုးမ ၃သတင်း

ထိုင်း- မြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်၊ ဝေါလေဂွင်အတွင်း ဒီကေဘီအေတပ်များ ဝန်းရံထားသည့်အတွက် နအဖစစ်တပ်များ ရွာထဲမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိကာ ဒေသခံ ရွာသားများ ဆက်လက်တိမ်းရှောင်နေရသည်။
ဗိုလ်မှူးချုပ် စောလားပွယ်
ဗိုလ်မှူးချုပ် စောလားပွယ်
ယနေ့ မနက် (၃) နာရီခန့်တွင် စစ်အစိုးရတပ်များက ဝေါလေဂွင်၊ ထိပလယ်ရွာအခြေစိုက် စခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ (၅) တပ်ရင်းမှူး ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။
“ကျနော်တို့ ထွက်ခွင့်မပေးတဲ့အတွက် သူတို့ ကြောက်ကြောက်နဲ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ၊ ဝေါလေဂွင် ထိပလယ်ကနေ လှမ်းပစ်တာ၊ (၁၅) လုံးလောက်ရှိတယ်၊ ရွာသားတွေကတော့ ထွက်ပြေးနေတယ်” ဟု ပြောသည်။
ဝေါလေဂွင်အတွင်း စစ်အစိုးရတပ် အင်အား (၅၀၀)ခန့်ရှိပြီး စကခ(၈) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒီကေဘီအေအနေဖြင့် ပြန်လည်ပစ်ခတ်ခြင်း မရှိသေးသော်လည်း အဆင့်သင့် ပြင်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ ဘက်မှာတော့ ရွာထဲမှာတော့ ဘာမှမလုပ်သေးဘူး၊ ရွာပြင်ထွက်ရင်တော့ လုပ်ဖို့ကိုင်ဖို့ ပြင်ဆင်ထားတာရှိပါတယ်၊ သူတို့က ရွာထဲမှာဘဲ နေတယ်၊ စစ်တပ်က ကျတော်တို့နဲ့ တိုက်ပွဲမဖြစ်ဘဲ သူတို့ဘက်က လိုက်ပြီး ပစ်နေတာ၊ ဒီနှစ်ရက်အတွင်းမှာ တိုက်ပွဲမဖြစ်သေးဘူး” ဟု ပြောသည်။
ဝေါလေဂွင်အတွင်း ယခုလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံရွာသားများ ထိုင်းဘက်ကမ်းရှိ ဖုတ်ဖရမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“ဒေသခံရွာသား သုံးထောင်လောက်ရှိတယ်၊ အိမ်ထောင်စု (၅၀၀) ကျော်ပေါ့၊ အခုရွာသားတွေက နီးစပ်ရာ ဝေါလေ၊ ဖုတ်ဖရ ဘက်ကို တိမ်းရှောင်သွားတယ်၊ ဒီနေ့ရော မနေ့ကရောဘဲသွားတာ” ဟု ဆက်ပြောသည်။
နအဖနှင့် ဒီကေဘီအေတပ်များ နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဆက်တိုက်နီးပါး ဖြစ်ပွားနေလျှက်ရှိကာ ဒီကေဘီအေ တပ်ရင်းအချို့မှာ အင်အား ရာနှင့်ချီ၍ မကြာခင်ရက်ပိုင်းအတွင်းက ကရင့်အမျိုးသား အစည်းအရုံးလက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သို့ လာရောက်ပူးပေါင်းခဲ့သည်။

11ReadMore-2.jpg

မြ၀တီလူထုအခြေအနေ(မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီခွဲ)

(ကေအိုင်စီ)
နိုဝင်ဘာလ ၁၉ရက်။ မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီခွဲလောက်မှာ မြ၀တီမြို့ထဲက လူထုတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်။ သူတို့ကြားတာက မြို့ထဲမှာ အခြေအနေ မကောင်းဘူး။

ညနေ ၃နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်လိမ့်မယ်ဆိုပြီး ပြောနေကြတာ။ ကျောင်းတွေမှာဆိုလည်း ဆရာမတွေက ကျောင်းသားမိဘတွေကို ကလေးတွေ လာကြိုဖို့ပြောတော့ လူတွေက ရှုတ်ယှက်ခတ်သွားတာပေါ့။ ဒါပေမဲ့ စစ်တပ်ကတော့ လုံခြုံရေးချထားမြဲပဲ။ ၂နာရီခွဲလောက်မှာ အဲဒီရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူထုတွေလည်း ပြန်ငြိမ်သွားတယ်။

ကျောင်းဆရာမတွေလည်း အတန်းငယ်တွေကိုပဲ ပေးပြန်တာ။ အတန်းကြီးတွေကို မပေးပြန်ဘူးလို့ ဆရာမတစ်ယောက်က ပြောတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates