Wednesday, November 24, 2010

အခွင့်သာတုန်းမှ မလိုက်ချင်ရင် သူတို့အပြင် မိုက်သူရှိမလား

ရိုးမ(၃)မှကူယူဖေါ်ပြသည်

အခွင့်သာတုန်းမှ မလိုက်ချင်ရင် သူတို့အပြင် မိုက်သူရှိမလား
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးတွေ ပြောဆိုနေရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

အခုတလောတော့ အမျိုးသားဒီမိုရကရေစီအဖွဲ့ချုပ်၊ ၀ါရင့်နိုင်ငံရေးသမားကြီးများနဲ့ စီအာပီပီခေါင်းဆောင်များက ဒုတိယ ပင်လုံညီလာခံခေါ်ယူရေးကို အားထုတ်ကြိုးပမ်းလာကြတာ တွေ့ရပါတယ်။ ဒါဟာ အင်မတန် ကောင်းမွန်တဲ့ လက္ခဏာ၊ ကောင်းမွန်တဲ့ အစီအစဉ်လို့ ပြောရမှာပါ။ လွတ်လပ်ရေးရပြီးချိန်ကတည်းက တိုင်းပြည်တွင်းမှာ ပြည်တွင်းစစ်ဟာ အစဉ်သဖြင့် ရှိနေခဲ့တာပါ။ အချိန်ကာလအားဖြင့် အနှစ် (၆၀)ကျော်နေပါပြီ။

ဒီလို ပြည်တွင်းစစ်တွေ ဘာကြောင့် ဖြစ်နေခဲ့ရသလဲ။

ပထမ ပင်လုံညီလာခံကို ၁၉၄၇ ခု ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ ကျင်းပခဲ့တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းရင်းသားအများစု သဘောတူညီမှုနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးဆိုပြီး သဘောတူခဲ့ပေမဲ့ ဒီသဘောတူညီချက်ဟာ နောက်ပိုင်းမှာတော့ လျစ်လျူရှုခြင်း ခံခဲ့ရပြီး ပျက်ပြယ်ခဲ့ပါတယ်။ ဒီလိုပျက်ပြယ်ရတဲ့အကြောင်းရင်းကို အမှန်အတိုင်း ဝေဖန်ရရင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် နိုင်ငံရဲ့အာဏာကို ရယူခဲ့ကြသူ မြန်မာစစ်ခေါင်းဆောင်တွေ (အထူးသဖြင့် ဦးနေ၀င်းခေါင်းဆောင်) ဘက်က ကတိက၀တ်တွေ ပျက်ကွက်ခဲ့တာကြောင့်လို့ ပြောရမှာပါဘဲ။

တခါတုန်းက တိုင်းရင်းသားလူငယ်တဦးနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်မိခဲ့တာ မှားတယ်ဆိုတဲ့အထိ တိုင်းရင်းသားတွေမှာ အမြင်ရှိနေတာကို ကိုယ်တိုင် ကြားသိခဲ့ရဘူးပါတယ်။

ဒီလို အမြင်မျိုး တိုင်းရင်းသားတွေမှာရှိနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်းနဲ့အတူ ဗိုလ်ချုပ်ပေးတဲ့ ကတိတွေလဲ ပျောက်ကွယ်ခဲ့ရတယ်။ ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိက၀တ်ကို နောက်ပိုင်း မြန်မာဘက်က တာဝန်ရှိသူတွေ၊ ခေါင်းဆောင်တွေ မဆောင်ရွက်နိုင်တာကလဲ သေချာနေပါတယ်။

သေသေချာချာပြန်တွေးကြည့်ရင် မြန်မာဘက်က ကတိပျက်ယုံတောင် မကပါဘူး။

၁၉၆၂ ခု စစ်တပ်က အာဏာသိမ်းချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးဟာ ခွဲထွက်ရေးလို့ အနက်အဓိပ္ပါယ်ပြောင်းပြီး အာဏာသိမ်းရတဲ့ အကြောင်းအရင်းလိုတောင် ဖြစ်သွားခဲ့တယ်။ နောက်ပိုင်း တလျှောက်လုံးမှာတော့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ တကယ်ကို ကြောက်စရာစကားလုံး ဖြစ်သွားယုံသာမက စစ်တပ်ဟာ အာဏာထိန်းသိမ်းရေး လက်သုံးစကား ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ တိုင်းရင်းသားဒေသတွေမှာ မဆုံးနိုင်တဲ့ စစ်မီးတွေ နှစ်အကြာကြီး လောင်မြိုက်ခဲ့ရတယ်။

ပြန်တွေးကြည့်ရင် မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားစစ်မီးကြောင့် နှစ်ဦးနှစ်ဘက် အသက်အိုးအိမ်စီးစိမ် ဘယ်လောက်တောင် သေဆုံးပျက်စီးခဲ့ရပြီဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ မြန်မာတာဝန်ရှိသူဆိုတာလဲ တချိန်လုံးလိုလို စစ်တပ်သာဖြစ်ခဲ့တော့ စစ်လိုလားသူတွေမို့ အမှန်တကယ်ငြိမ်းချမ်းရေးကို မလုပ်နိုင်တာ သေချာပါတယ်။

တွေးကြည့်ရင် ၀မ်းနည်းစရာက မြန်မာ့သမိုင်းထဲက အထက်မြန်မာပြည် အင်းဝနဲ့ အောက်မြန်မာပြည် ပဲခူး စစ်ဖြစ်တာ အနှစ် (၄၀)ကြာခဲ့တယ်။ ဒါကို သိပ်ကိုကြာရှည်ကြာလှတဲ့ ပြည်တွင်းစစ်ရယ်လို့ သမိုင်းမှာ သင်ခဲ့ရပေမဲ့ အခု ဒီဘက်ခေတ် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားပြည်တွင်းစစ်လောက် ဆယ်စုနှစ် (၇) စုနီးပါး မရှည်ကြာခဲ့ပါဘူး။

အခု ပထမမြန်မာနိုင်ငံခေတ်၊ ဒုတိယမြန်မာနိုင်ငံခေတ်၊ တတိယမြန်မာနိုင်ငံခေတ်က မြန်မာပြည်မနဲ့ ပြည်နယ်တွေ ဘယ်လိုဆက်ခံရေး ဘယ်လိုပုံစံတည်ရှိခဲ့သလဲ။ ပြန်တွေးကြည့်ကြရအောင်။

အကြမ်းအားဖြင့်တော့—

ပြည်မကို လက်အောက်ခံပြည်နယ်တွေက

၁။ အခွန်အကောက် နှစ်စဉ်သတ်မှတ်ချက်တခုနဲ့ ပေးဆောင်ရတယ်။

၂။ သမီး-နှမကို မိဘုရားအဖြစ် လက်ထပ်ထိမ်းမြားခွင့်ပြုရတယ်။

၃။ စစ်ရေးအရ တပ်ကူဆင့်ခေါ်ရင် တပ်အင်အားနဲ့ စားနပ်ရိက္ခာထောက်ပံ့ရတယ်။

ကျန်တဲ့ အုပ်ချုပ်ရေးအပိုင်းမှာ မြန်မာဘုရင်တွေတောင် နယ်စားပယ်စားတွေရဲ့ အုပ်ချုပ်ရေးမှာ ၀င်စွက်လေ့ သိပ်မရှိပါဘူး။ သူ့နယ်မြေသူ သူ့ဥပဒေနဲ့ အုပ်ချုပ်နိုင်ကြတာပါဘဲ။ ဒါဟာ အဲဒီခေတ်ရဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံလို့ ပြောရင်ရနိုင်ပါတယ်။

ဒီနေ့ခေတ် စစ်အစိုးရလက်အောက်မှာ ပြည်နယ်ဒေသက တိုင်းရင်းသားတွေရဲ့အခြေအနေဟာ မြန်မာပဒေသရာဇ် စနစ်ခေတ်အောက်က အခွင့်အရေး အခြေအနေကိုတောင် မမီဘူးလို့ ပြောရမယ် ထင်ပါတယ်။ ပဒေသရာဇ်စနစ်ခေတ်က တိုင်းရင်းသားဒေသတွေမှာ သူ့နယ်မြေ သူ့စော်ဘွား၊ သူ့ဒူးဝါး သူ့အကြီးအကဲ၊ သူ့ဥပဒေနဲ့ လွတ်လွတ်လပ်လပ်နေထိုင်ခွင့် အုပ်ချုပ်ခွင့် ရှိခဲ့ပါတယ်။ မြန်မာဘုရင်တွေ လက်ထက်က သမီးကညာဆက်ရတယ်ဆိုတာ သူ့ခေတ်အခြေအနေအရ အကြီးအကဲမျိုးနွယ်ခြင်း အစီအစဉ်ရှိရှိ (Arranged marriage) ပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒီကနေ့ခေတ် န.အ.ဖ စစ်တပ်က တိုင်းရင်းသူတွေကို ကာမဓားပြတိုက် သတ်ဖြတ်နေတာနဲ့ နှိုင်းစာရင် တော်ဦးထင်ပါတယ်။ (တော်တယ်လို့ မဆိုလိုပါ။ လက်ရှိအနေအထားနဲ့ နိုင်းခိုင်းခြင်းမျှသာ)

တခေတ်တခါက ပြည်မက ဘုရင်ရဲ့ လက်အောက်ခံ – ကိုယ်ပိုင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး အခြေအနေကိုဘဲ ခေတ်ဟောင်းဖက်ဒရယ်စနစ်လို့ ပြောရမှာပါဘဲ။ ဒါကို အင်္ဂလိပ်လို ဖက်ဒရယ် (Federal) လို့ ဝေါဟာရပေး နာမည်တပ်တာကို စစ်အစိုးရအဆက်ဆက် ပညတ်စွဲပြီး တချိန်လုံး ဖက်ဒရယ်ဆန့်ကျင်ရေး လုပ်လိုက်တာ အခုထိလဲ တုံးတိုက်ကျားကိုက် ဖက်တွယ်နေဆဲဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားများ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ခွဲထွက်ခွင့်မရှိလို့ ပုဒ်မ (၁၀) မှာ ပြဌာန်းထားပါတယ်။ ခွဲထွက်ခွင့်မရှိဆိုတာ နယ်မြေ၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး အားလုံးလို့ဆိုလိုတာလို့ဘဲ ယူဆရပါတယ်။ ရုပ်မြင်သံကြား၊ ရေဒီယို ထုတ်လွှင့်မှုမျိုးကိုတောင် ကန့်သတ်ထားပါတယ်။ သူတို့ဘယ်လောက်ဘဲ ဖက်တွယ်ဖက်တွယ် ပြည်သူတွေနဲ့ အတိုက်အခံ အားလုံးကတော့ ဒါကို ခွင့်မပြုနိုင်တော့ပါဘူး။

ခေတ်ဟောင်းကို အတိတ်မှာ ထားခဲ့ပြီး ဒီနေ့ ကမ္ဘာကြီးရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြောရရင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့ အိန္ဒိယတို့မှာလဲ တိုင်းရင်းသားမျိုးစုံ ရှိကြပါတယ်။ အဲဒီတိုင်းပြည်တွေမှာ တိုင်းရင်းသားပဋိပက္ခ အနည်းအပါးရှိပေမဲ့ မြန်မာပြည်လောက်တော့ ပြဿနာမများဘူး ထင်တာဘဲ။ ထိုင်းနိုင်ငံဘက်မှာ မွန်လူမျိုးတွေ ရှိတယ်။ ကရင်လူမျိုးတွေ ရှိတယ်။ ရှမ်းလူမျိုးတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရခိုင်လူမျိုးတွေ ရှိတယ်။ ရှိတာမှ သန်းနဲ့ ချီရှိနေကြတာပါ။ ဒီတိုင်းရင်းသားတွေမှာ တန်းတူညီမျှမှု အထိုက်အလျောက်ရထားတော့ တိုင်းရင်းသားသူပုန်ဆိုတာ မကြားရဘူး။ တိုင်းရင်းသားအရေး-တိုင်းရင်းသားအရေးလို့လဲ ခွဲခြားပြောသံဆိုသံ မကြားရပါဘူး။ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ မဟာဝိဇ္ဇာဘွဲ့ရ ရခိုင်အမျိုးသမီး ဒေါ်ခင်သိန်းဆိုသူ လွတ်တော်အမတ်အဖြစ် ရွေးကောက်ခံရကြောင်း ကြားသိခဲ့ရတယ်။ မြန်မာစစ်အစိုးရမှာသာ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ပအို့၊ ပလောင်၊ ရခိုင်၊ လားဟူ၊ ၀၊ ကိုးကန့်၊ နာဂ စသဖြင့် တိုင်းရင်းသား လက်နက်ကိုင်ဆန့်ကျင်သူ အဖွဲ့အစည်း မျိုးစုံရှိတယ်။

တကယ်တော့ စစ်အစိုးရအနေနဲ့ ရောင်စုံသူပုန်တွေ၊ ရောင်စုံသောင်းကြမ်းသူတွေနဲ့၊ သတင်းစာထဲကနေ ဆောင်းပါးတွေ ရေး၊ သတင်းစာရှင်းလင်းပွဲတွေမှာ တကျော်ကျော် အော်၊ ကိုယ်အသုံးမကျလို့ စစ်မှန်တဲ့ သင့်မြတ်ရေးမလုပ်နိုင်တာ လူကြားမယ်။ ယဉ်ကျေးသူတွေ ကြားမယ်။ ကိုယ်အသုံးမကျလို့ ဟိုလူနဲ့ မတဲ့၊ ဒီလူနဲ့မတဲ့ ငပွကြီးဖြစ်နေတာ ကြွားစရာမဟုတ်။ ရှက်စရာဆိုတာ သိသင့်ပါတယ်။ အကို အကြီးဆုံးက မြင်မြင်သမျှ လက်ဝါးကြီးအုပ်ချင်လို့ အငယ်တွေကို လက်သီးနဲ့ထိုးကျိတ် အနိုင်ကျင့်နေသလို အဆင်ခြင်မဲ့ ဗိုလ်ကျစိုးမိုးနေတာ ရှက်စရာကောင်းလှပါတယ်။ ဒီကနေ့ ကမ္ဘာကြီးမှာ လူဖြူ၊ လူမဲ ခွဲခြားတာ မရှိတော့။ လူမျိုးကြီးနဲ့ လူမျိုးငယ် ခွဲခြားဆက်ဆံတာ မယဉ်ကျေးတဲ့ သဘောဆောင်နေပြီဆိုတာ မသိလေရော့ သလား။

အမေရိကားလိုနိုင်ငံကြီးမှာ လူမဲအမျိုးသမီး ကိုနိုလီဇာရိုက် နိုင်ငံခြားရေးဝန်ကြီးဖြစ်တာ အိုဘားမား သမ္မတ ဖြစ်တာတွေ မပြောချင်တော့ပါဘူး။ စင်္ကာပူလို နိုင်ငံငယ်ကလေးမှာတောင် တရုတ်နွယ်၊ အိန္ဒိယနွယ်၊ မလေးနွယ်ဆိုပြီး လူမျိုးနွယ်သုံးစုရှိတာ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ခွဲခြားတာ မရှိ။ တန်းတူညီမျှမှုကို အတတ်နိုင်ဆုံးပြောဆို ကြိုးစားလုပ်ဆောင်နေချိန်မှာ ကိုယ့်တိုင်းပြည်ထဲက လူမျိုးစုတွေကို ရောင်စုံသောင်းကြမ်းသူ၊ ရောင်စုံသူပုန်နဲ့ နာမည်တပ် ရန်ထောင်နေရတာ ကြွားစရာ မဟုတ်။ ရှက်စရာပါလို့ နေပြည်တော် ကြပ်ပြေးဘက်လှည့်ပြီး လော်စပီကာနဲ့ အော်ရမလိုဖြစ်နေပြီ။ တကယ်တော့ စစ်အစိုးရ ပြောပြောနေတဲ့ ရောင်စုံသူပုန်ပြဿနာဆိုတာ အခိုက်အတန့် အချိန်အကန့်အသတ်နဲ့ ဖြစ်တာ မဟုတ်ဘဲ ပြည်တွင်းစစ်မီး အရှည်ကြီး ဖြစ်နေတာကိုထောက်ရင် ပြဿနာအောက်က စနစ်မဟုတ်။ စနစ်အောက်က ပြဿနာလို့ ပြောရမှာဘဲ။ ဒီထက်ပိုပြီး ရှင်းလင်းအောင်ပြောရရင်တော့ စစ်တပ်က စစ်ဗိုလ်တွေ အာဏာယူကောင်းအောင် လုပ်စားကိုင်စား အကြောင်းပြချက် သက်သက်ပါဘဲ။

သူတို့ လုပ်စားကိုင်စားအာဏာယူ အာဏာပြနေတာက အများဒုက္ခရောက်ရတယ်။ ပြည်တွင်းစစ်မီးတောက်ခဲ့တဲ့ အနှစ် (၆၀) ကာလမှာ နှစ်ဘက် လူ့အသက်တွေ (တိုင်းသူပြည်သားတွေရဲ့ အသက်တွေ) ဘယ်လောက် သေကျေ ကျဆုံးခဲ့ပြီလဲ။ စည်းစိမ်ဥစ္စာတွေ ဘယ်မျှပျက်စီးဆုံးရှုံးခဲ့ပြီလဲ။ ပြောရတာအတော်လေး လက်ဝင်တယ်ပြောရမလား။ ပါးစပ်ဝင်တယ် ပြောရမလား။ မပြောချင်တော့ပါဘူး။

ငခွန်ဆာ၊ ငခွန်ဆာ ဆိုတော့ သေနတ်တွေနဲ့ တိုက်လိုက်ကြရ။ ဦးခွန်ဆာ၊ ဦးခွန်ဆာဆိုတော့ ဟော်တယ်ပေါ်တက် အရက်ခွက်ခြင်း တိုက်လိုက်ကြ။ နှစ်ဘက်လုံးက အောက်လက်ငယ်သား လူတွေသေ၊ အမေတွေက သားတွေဆုံး၊ ဇနီးမယားတွေက မုဆိုးမဖြစ်၊ သားသမီးတွေက မိဘမဲ့ကြရ။ အဓိပ္ပါယ်က ဘာလဲ။ တကယ်တော့ မဆုံးနိုင်တဲ့ စစ်ကြောင့် လူ့အသက်တွေ မသေသင့်ကြတော့ဘူး။ သေနတ်တွေနဲ့ တိုက်ရင်း အကျိုးမဲ့ အချည်းနှီး မသေသင့်ကြတော့ဘူး။ ပြဿနာရဲ့အဖြေကို သေနတ်နဲ့ရှာတာထက် ပါးစပ်တွေနဲ့ ဆွေးနွေးသင့်ကြပြီ။ စစ်စရိတ်ကုန်ကျငွေဟာ နိုင်ငံဝင်ငွေရဲ့ ၅၀% ကျော်ကို ယူထားကြတာ။ ဒီငွေတွေကို တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ သုံးရင် ဘယ်လောက်ကောင်းလိမ့်မလဲ။

တိုင်းရင်းသားဒေသတွေမှာ စစ်မီးပြဿနာ တခုထဲ မဟုတ်ပါ။ စစ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးတာနဲ့အမျှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန်နောက်ကျ ကျန်ရစ်တယ်။ လုပ်စရာတွေ အများကြီးရှိပါတယ်။ (တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးပြဿနာထဲက ငှက်ဖျားပြဿနာလိုမျိုး၊ တီဘီပြဿနာလိုမျိုးတွေ အများကြီးရှိတယ်။ အသိပညာပေး မရောက်တာ၊ ဆေးဝါးလက်လှမ်းမမှီဖြစ်နေတာတွေ အများကြီးဘဲ။) အရေမရ အဖတ်မရတွေနဲ့ စစ်အစိုးရအချိန်ဖြုန်းနေတာကို မြန်မာလူမျိုးတွေကရော တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်ကပါ စစ်တပ်ကလုပ်မဲ့ ငြိမ်းချမ်းရေးအစစ်ကို ဆက်စောင့်စရာ အကြောင်းမရှိတော့ပါဘူး။ (အတုကတော့ ခဏခဏ လုပ်နိုင်ပါတယ်။) သူတို့ကိုစောင့်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးလုပ်ချင်လို့ကတော့ ဘယ်တော့မှ မလုပ်တော့ဘူး။ တလမ်းသွားတွေ၊ နှစ်လမ်း၊ သုံးလမ်း၊ နည်းလမ်းအသွယ်သွယ်နဲ့ သွားတတ်အောင်သင်ဘို့ လေးသင်္ချေလောက်အချိန်ယူ၊ လေးဘက်ထောက်ကစပြီး သင်ပေးရမလား မသိဘူး။

ဒီတော့ လူထုလေးစားကြည်ညိုတဲ့ မြန်မာအတိုက်အခံခေါင်းဆောင်များနဲ့ တိုင်းရင်းသားခေါင်းဆောင်များ စတင်ပြောဆိုနေပြီဖြစ်တဲ့ ဒုတိယပင်လုံညီလာခံကိစ္စကို အားတက်သရော လုပ်သင့်ပါတယ်။ အခုဆိုရင် မြန်မာပြည်သူတွေကရော တိုင်းရင်းသား လက်နက်ကိုင်တွေကပါ လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည်လွတ်မြောက်လာပါပြီ။ သူမကိုယ်တိုင်ကလည်း ၂၁ ရာစု ပင်လုံညီလာခံခေါ်ယူရေးလို့ အဆိုတင်သွင်းနေပါပြီ။ အချိန်ကိုက်ပါဘဲ။ စစ်အစိုးရ ရွေးကောက်ပွဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မကျေနပ်လို့ လက်နက်ကိုင်ပြီး လက်နက်နဲ့ ဆန္ဒပြခဲ့တဲ့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးကတောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသွားမယ်လို့ ကြွေးကြော်နေပါပြီ။ အားလုံးပါဝင်နိုင်မဲ့ အလားအလာတွေ ကောင်းနေပါပြီ။ အချို့ အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများလည်း စစ်အစိုးရနဲ့ ပုလင်းတူ ဗူးဆို့လုပ်ပြီး စီးပွားရှာတာတွေ ရပ်။ တကယ်တန်းကိုယ်လူမျိုး ရပ်တည်မှုခိုင်မာမဲ့ ငြိမ်းချမ်းရေးနည်းလမ်းကို ရှာဖွေသင့်ပါပြီ။

ဒီနေရာမှာ (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) လို့ နာမည်တလုံးနဲ့ စည်းလုံးညီညွတ်ရေး ကြွေးကြော်ထားတဲ့ ပါတီမျိုးကို မေတ္တာရပ်ခံချင်တာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ စာရွက်ပေါ်က ပါတီနာမည်ခံသက်သက် မဟုတ်သင့်တော့ဘူး။ အမှန်တကယ်စည်းလုံးညီညွတ်ရေးဆိုတာ စကားလုံးတွေနဲ့ ဖေါ်ပြနေယုံနဲ့ မပြီးဘူး။ စစ်တိုက်ပြီး ဖိနှိပ်ထားယုံနဲ့လည်း မပြီးဘူး။ စစ်မှန်တဲ့ စေတနာ၊ စေတသိတ်ကလာတဲ့ စေတနာနဲ့ လုပ်ရမယ်။ မေတ္တာနဲ့ လုပ်ရမယ်။ စေတနာ မေတ္တာကို အခြေခံတဲ့ တဦးကို တဦး လေးလေးစားစား အသိအမှတ်ပြုတာတွေကသာ အမှန်တကယ်ခိုင်မာတဲ့ သစ္စာမှန်တဲ့ စည်းလုံးညီညွတ်မှုကို ရနိုင်မယ်ဆိုတာပါဘဲ။ စာရွက်ပေါ်မှာ လူကြားကောင်းအောင် ရေးထားယုံနဲ့တော့ ပါတီနာမည်ကတင် လိမ်စဉ်ဖြစ်ပြီး လူရီစရာဖြစ်သွားပါလိမ့်မယ်။ ပါတီနာမည်နဲ့လိုက်ဖက်မဲ့ အမှန်တရားကို ရှာသင့်ပြီလို့ ပြောချင်ပါတယ်။ (ပါတီခေါင်းဆောင် ဘဘကြီးတွေက မူဝါဒတွေမှားခဲ့ပေမဲ့ အခုထိ အဖွဲ့အစည်း တရပ်အနေနဲ့ ရပ်တည်နေနိုင်သေးလို့ စေတနာနဲ့ ပြောရခြင်း ဖြစ်ပါတယ်)။ ပြီးတော့ ခေတ်ရထားက ရှေ့ကိုသွားနေတုန်း ကိုယ်လည်း ဘယ်တွဲက လိုက်ရလိုက်ရ နောက်ကျမကျန်ရစ်ဘို့ စဉ်းစားသင့်ပြီဆိုတာပါဘဲ။

အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရင် ဒီမိုကရေစီလဲ ရ။ အမျိုးသားတန်းတူ အခွင့်အရေးလဲ ပြီးမြောက်ဆိုတာမျိုး တချက်ခုတ်နှစ်ချက် ပြတ်ဖြစ်နိုင်ပါတယ်။

ခွဲခြားဆက်ဆံခြင်းဆိုတာ ဒီတိုင်းပြည်ထဲမှာ ရှိမနေသင့်တော့ပါဘူး။ လူမျိုး၊ လူဦးရေ၊ ပထ၀ီ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ သွေးနှောမှု၊ အသားအရောင်၊ လိင်အရ ခွဲမကုန်နိုင်တဲ့ ခွဲခြားဆက်ဆံခြင်းကို လက်မခံသင့်တော့ပါ။ တိုင်းပြည်တွင်း နှစ်ကာလရှည်ကြာစွာ ဘိုးဘွားစဉ်ဆက်နေထိုင်လာသူ မည်သူ့ကိုမဆို အသိအမှတ်ပြုသင့်ပါတယ်။

တကယ်တော့ (တိုင်းရင်းသား၊ တိုင်းရင်းသားနဲ့ စကားလုံးအားဖြင့် ခွဲခြားပြောနေကြတာကိုတောင် လက်မခံသင့်တော့ပါ။ ဒီမြေမှာနေ၊ ဒီရေကိုသောက်၊ ဒီလေကို ရူနေသူ နိုင်ငံသားတိုင်း တူညီတဲ့ အခေါ်အဝေါ်တခုအောက်မှာ အရှိတရားအတိုင်း အခွင့်အရေးလဲ အတူတူ။ အသိအမှတ်ပြုခံရမှုလဲ အတူတူ။ စကားအသုံးအနှုံး အခေါ်အဝေါ်လဲ အတူတူဘဲ ဖြစ်စေချင်မိပါတယ်။)

သူများတိုင်းပြည်တွေကမှ လုပ်နိုင်ရင် မြန်မာနိုင်ငံသားတွေက ဘာကြောင့် မလုပ်နိုင်ရမှာလဲ။

နိုင်ငံခြားက အဆင်သင့်လူသုံးကုန် ပစ္စည်းအကောင်းစားတွေကို ကိုယ်တိုင် မတီထွင်ရဘဲ အဆင်သင့် (Import) လုပ်သုံးနိုင်ရင် အတွေးအမြင်အယူအဆတွေ ကောင်းရင်လဲ အဆင်သင့် ယူသုံး နိုင်ရပါလိမ့်မယ်။ နတ်ကိုးကွယ်တဲ့ မြန်မာတွေ၊ အရီးကြီးကိုးကွယ်တဲ့ မြန်မာတွေ အခုလက်ခံကိုးကွယ်နေတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာသည်ပင်လျှင် နိုင်ငံခြားကလာတဲ့ အယူဝါဒ (Import) ဆိုတာ မမေ့သင့်ပါ။ တူညီတဲ့ နိုင်ငံသားအသုံးအနှန်းစံတခုကနေ ပိုပြီး စည်းလုံးမှု တောင်ရစေမယ်လို့ ထင်မြင်မိပါတယ်။

နိုင်ငံသားအားလုံးအတွက် နိုင်ငံသစ်စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်ကြတော့မယ်လို့ ဦးဆောင်သူအားလုံး ဆုံးဖြတ်ပြီးရင်တော့ စစ်အစိုးရကိုလည်း သူတို့ဘက်က ဘာလုပ်မလဲ မေးရမှာပါ။ ကျုပ်တို့ အားလုံးကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် တညီတညွတ်ထဲဖြစ်နေပြီ။ ခင်ဗျားတို့ရော ဒီအရေးမှာ ပါမှာလား၊ မပါဘူးလား၊ ပြတ်ပြတ်သားသား မေးသင့်ပါတယ်။

ပြည်တင်းရင် မင်းမခံနိုင်တဲ့ မြန်မာဆိုးရိုးစကားရှိပါတယ်။ အားလုံးညီညီညွတ်လုပ်နိုင်ရင် စစ်အစိုးရက ဘာမို့ခံနိုင်ရမလဲ။ မင်းမှ မဟုတ်တာ။ သူတို့ဘာသာသူတို့ ဘုရင်ရူး၊ ရူးလို့ ကြပ်ပြေးမှာ အရေပြားရောဂါသည် ခရုသင်းဆင်တွေနဲ့ နှစ်ပါးသွားနေတာကတော့ ဘယ်သူမှ မတတ်နိုင်ဘူး။ သူတို့ကို ဒီလိုအခွင့်အရေးတော့ ပေးရပါလိမ့်မယ်။

စစ်အစိုးရအနေနဲ့လည်း အခုအချိန်မှာ ငါသိငါတတ် ငါတို့သာလျှင် ဗိုလ်တွေဆိုတဲ့ တကိုယ်တော် လူစွမ်းကောင်းဝါဒကို ပြုပြင်ပြီး ပြည်သူပြည်သားတွေကလည်း ဆိုက္ကားဆရာကအစ တက္ကသိုလ်ပါမောက္ခကြီးတွေ အဆုံး ဆရာ့ဆရာတွေ ချည်းဘဲလား။ သူတို့မှာလည်း သိထားတာတွေ တတ်ထားတာတွေရှိတယ်ဆိုတာ သတိပြုပြီး ပြည်သူဘက်က နားလည်တဲ့ ဆရာသမားတွေရဲ့အသံကို အလှည့်ပေးပြီး နားစွင့်သင့်ပါတယ်။ သူတို့တတွေ ပြောတာကများ ပိုပြီးကောင်းနိုင်သလား။ သူတို့ပြောပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖိနှိပ်ချုပ်ချယ်နေရတာ၊ တိုက်ခိုက်နေရတာထက် တကယ်ဘဲ ပိုအဆင်ပြေနိုင်သလားဆိုတာ သေသေချာချာ စဉ်းစားပြီး စမ်းကြည့်သင့်ပါပြီ။ စစ်ဗိုလ်ချုပ်ကြီးတွေကို အကြံပြုချင်တာက တွေ့ဆုံဆွေးနွေးရေးဆိုတာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ အဝေးကြီးမှာ ရှိနေတာ မဟုတ်ဘူး။

ခင်ဗျားတို့ ကျင့်သုံးနေတဲ့ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးရေးနဲ့ ကျောကပ်လျက်မှာဘဲ ရှိတယ်။ လက်ဖမိုးကို လှန်လိုက်တာနဲ့ လက်ဖ၀ါးဖြစ်သလို အနိုင်ယူ ဗိုလ်ကျစိုးမိုးလိုစိတ်ကို တချက်ပြန်လှန်လိုက်တာနဲ့ ညှိယူနိုင်မဲ့ နည်းလမ်းတွေကို တွေ့ရှိလာမယ်ဆိုတာပါဘဲ။

ပြီးတော့ စစ်အစိုးရကို ကမ္ဘာကြီးကလည်း ဘာတွေဆက်လုပ်မလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။ ဒီထက်ကြမ်း ဒီထက်ရမ်းဘို့ နည်းလမ်းမရှာချင်ပါနဲ့တော့။

အခုအချိန်ဟာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်လို့ အကောင်းဆုံးအချိန်ပါ။ ပြုပြင်ရေးလုပ်မယ်ဆိုရင် စစ်အစိုးရ မနာမသာဖြစ်နိုင်တဲ့ အခြေအနေကောင်း အခွင့်ကောင်းတွေရှိနေပါတယ်။ မောင်မောင်ခေါ်တုံး (ဗျာ) ထူးသင့်ပြီ။ အခွင့်သာတုန်းမှာ လိုက်သင့်ပါပြီ။

ဒီလို အခွင့်သာတုန်းမှ မလိုက်ချင်ရင်တော့ အင်း……..ဟင်း……။

မပြောချင်တော့ပါဘူး။ သူတို့အပြင် မိုက်သူ ရှိပါလေရော့မလား။

မင်္ဂလာနိုင်ငံသစ်ကို ကြိုဆိုမျှော်လင့်လျက်…… နိုင်ငံသားအားလုံးကို လေးစားသော……..

မမခင်
(၁၆.၁၁.၁၀)
ညနေ ၇:၀၅ နာရီ










11ReadMore-2.jpg

လက်နက်ချမလား၊ စစ်တိုက်မလား...

ဗိုလ်မှူးချူပ် စောလာဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA တပ်ကို စစ်အစိုးရစစ်တပ် အထူးစစ်ဆင်ရေး အဖွဲ့မှူးက လက်နက်ချဖို့ ဆက်သွယ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့လည် ၁၂ နာရီလောက်မှာ စစ်အစိုးရ အရှေ့တောင် တိုင်းမှူးဟောင်း ဗိုလ်မှူးချူပ် သက်နိုင်ဝင်းက DKBA တပ်မှူး ဗိုလ်မှူးချူပ် စောလာဘွယ်ကို တယ်လီဖုန်းနဲ့ တစ်နာရီလောက် ကြာအောင် ဆက်သွယ်စကား ပြောပြီး လက်နက်ချခိုင်းခဲ့ပါတယ်။

DKBA ရဲ့ ကလိုထူးဝေါ စစ်ဗျူဟာက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က လက်နက်ချ ရမယ်ဆိုတဲ့ အသုံးအနှုန်း ကိုဆိုရင် ဗိုလ်မှူးချူပ် နှုတ်ခမ်းမွှေး အပါအ၀င် တပ်ဗိုလ် တပ်မှူးအားလုံးက ဘယ်လိုမှ လက်ခံမှာ မဟုတ်တဲ့ အကြောင်း မိမိတို့ဟာ နိုင်ငံရေးအရ အဖြေတစ်ခု ရဖို့အတွက် စစ်တိုက် နေကြတာပဲ ဖြစ်ပြီး စစ်သွေးကြွပြီး စစ်တိုက်ချင်လို့ တိုက်နေကြရတာ မဟုတ်တဲ့ အကြောင့် ပြောပါတယ်။ အခုလို ရာဇသံ ပေးတာရှိသလို မြ၀တီမြို့မှာလည်း ဗိုလ်းမှူးချူပ် စောလာဘွယ်ကို ဘယ်လို သဘောထားကြမှာ လည်းဆိုတဲ့ အစည်းအဝေး တစ်ခုကို နအဖ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချူပ် ထွန်းနေလင်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။

ဒီအစည်းအဝေးနဲ့ ပက်သက်ပြီး DKBA ကလိုထူးဝေါ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျောက်သက်က အရှေ့တောင်တိုင်း တိုင်းမှူး ၊ မြ၀တီကဗျူဟာမှူး ၊ အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိစ္စ လက်ခံသွားတဲ့ DKBA တပ်မှူးဟောင်း ဗိုလ်မှူးချစ်သူ ၊ ကရင်ဆရာတော်တစ်ပါး နဲ့ သာထူးကျော်တို့ပါဝင် ဆွေးနွေးကြတဲ့အကြောင်း ပြောပါတယ်။ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ပဲ ပြီးဆုံးသွား ခဲ့ရတယ်လို့ဆိုပေမယ့် နအဖဖက်ကတော့ စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရားသုံးဆူကို ရောက်နေတဲ့ နအဖစစ်ကူ တွေကတော့ အင်အား ၄၀၀ ကျော်သာရှိနေပြီး ဝေါလေစခန်းဖက်က တပ်မ ၂၂ရဲ့ နည်းဗျူဟာ တပ်တွေကလည်း မိုင်းကွင်းထဲ ပိတ်မိနေတယ်လို့ သိရှိရပါတယ်။ (ကိုးကား - http://www.bbc.co.uk/burmese/burma/2010/11/101122_dkba_ultimatum.shtml)

11ReadMore-2.jpg

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သားငယ်ကိုထိန်လင်းတို့ ယနေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညို ဝတ်ပြု...


http://www.demowaiyan.co.cc
Photobucket
ဝမ်းသာပိတိဖြစ်မိပါတယ် အမေ..
Photobucket

11ReadMore-2.jpg

Template by:

Free Blog Templates