Thursday, February 10, 2011

ကော့ကရိတ်တွင် တိုက်ပွဲဖြစ် BGF ထိခိုက်သေဆုံးမှုရှိ

ဖေဖော်ဝါရီလ ၁၀ရက်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှအထွက် နယ်ခြားစောင့်တပ် အပါအ၀င် စစ်တပ်၊ ရဲနေရာများတွင် ယနေ့နံနက်စောစော၌ အချိန်အတော်ကြာ တိုက်ပွဲဖြစ်ပွားရာ နယ်ခြားစောင့်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါတိုက်ပွဲမှာ မနက် ၄နာရီမှ ၉နာရီခန့်အထိ ကော့ကရိတ်မြို့ ချက်ပွိုင့်မှသွားလျှင် ကြောင်လျှာကုန်း၊ တောင်ပြတ်စခန်း စသည့်နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုလမ်းကြောင်းကို သွားလာနေသည့် ဆိုင်ကယ်သမားတစ်ဦးက ယခုလို ပြောသည်။

သူက “တိုက်ပွဲက မနက် ၄နာရီလောက်ကတည်းကဖြစ်တာ။ မနက် ၉နာရီနီးပါးအထိပဲလေ။ ဒီနေ့က ကားတန်းအတက်ဆို တော့ တိုက်ပွဲရပ်ပြီး ၁၀နာရီလောက်မှ ကားတန်းတွေကို လွှတ်ပေးလိုက်တာ။ ကားသမားတွေပြောတာက သူတို့ကားတန်း ထွက်လာပြီးနောက်မှာတောင်မှ လက်နက်ကြီးအသံတွေ ခပ်ဝေးဝေးမှာ လှမ်းကြားရသေးတယ်တဲ့။”ဟု ဆိုသည်။

ယခုတိုက်ပွဲမှာ ဒီကေဘီအေ တပ်မဟာ(၅) ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးစောကျော်သက် ဦးစီးသည့်အဖွဲ့နှင့် ကေအဲန်ယူတပ်ဖွဲ့ ၀င်များက ကော့ကရိတ်နှင့် အောက်ဘိုတဲစခန်းကြားရှိ BGF နေရာများကို တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းရသော်လည်း ထိုတိုက်ပွဲတွင် BGF ၁ဦးသေကာ ၂ဦး ထိခိုက်မှုရှိသည် ဒီကေဘီအေမှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

ဗိုလ်မှူးစောဆန်းအောင်က “အခုဖြစ်တာက ဗိုလ်ကျော်သက်တို့အဖွဲ့တွေလို့ပဲ ခန့်မှန်းရတယ်။ ကျနော်ကြားသလောက်က BGF တွေ ၁ယောက်သေတယ်။ ၂ယောက် ဒဏ်ရာရတယ်။ အတိအကျတော့ မသိရသေးဘူး။”ဟု ကေအိုင်စီကို ပြောသည်။

ကော့ကရိတ်၊ အောက်ဘိုတဲနှင့် ချက်ပွိုင့်ကြားတွင် နယ်ခြားစောင့်တပ်၊ စစ်တပ်နှင့် ရဲတို့ နေရာချထားသည့်အတွက် ယနေ့ တိုက်ပွဲတွင် BGF တပ်ဖွဲ့ဝင် ၂၀ဦးခန့် ကျဆုံးကြောင်း ကြားသိရသော်လည်း မည်သူမျှ အတည်ပြုပြောဆိုနိုင်ခြင်းမရှိပေ။

ဒီကေဘီအေမှ ဗိုလ်မှူးကြီးစောကျော်သက်သည် ကော့ကရိတ်မြို့သို့ ဆင်းသွားကြောင်း နအဖ စစ်တပ်အာဏာပိုင်များက သတင်းရရှိနေကြသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

11ReadMore-2.jpg

မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာ ၃ နေရာမှာ ဒီကေဘီအေ ဝင်တိုက်


http://www.naytthit.net/
 
ကော့ကရိတ်အနီး မြဝတီ ဘားအံကားလမ်းပေါ်က နေရာ ၃ နေရာမှာ ဒီကေဘီအေ ဘက်က  ဒီကနေ့မနက် ၄ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကတော့ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်ရှာကုန်း စတဲ့ ကော့ကရိတ်အနီး မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နအဖ ဘက်က ၂  ယောက်သေပြီး ၁ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ အရှင်ဖမ်းမိလာတဲ့ ရဲတွေကိုလည်း ပြန် လွှတ်ပေးလိုက်တယ်လို့လည်း သိရှိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင်း ဒီကနေ့ ကားတန်းအတက်ရက်ဖြစ်နေတဲ့အတွက် မြဝတီဘက်ကိုလာမယ့် ကုန်သည်ကားတွေဟာ ကော့ကရိတ်မှာပဲ သောင်တယ်နေတယ်လို့ ကုန်သည်တွေက ပြောနေကြပါတယ်။
အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ နယ်ခြားစောင့်တပ် ၉၀၈၊ ၉၀၁ တပ်ရင်းတွေရှိတဲ့ နေရာဖြစ်ပါတယ်။
၂၀၁၁ နှစ်ဆန်းပိုင်းမှာပဲ ဒီအေဘီအေဘက်က မြဝတီ ဘားအံကားလမ်းပေါ်မှာ တိုက်ခိုက်မှု ၅ ကြိမ် တိုက်ခိုက် ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဒီကနေ့ အပါအဝင် မြဝတီ ဘားအံ ကားလမ်းပေါ်တိုက်ပွဲပေါင်း ၅ ကြိမ်းထိ ဖြစ်ပွားခဲ့ပါတယ်။

မနေ့က ညနေ လေးနာရီခွဲလောက်မှာလည်း မြဝတီမြို့ ချစ်ကြည်ရေးတံတားညာဘက်ခြမ်း ရွှေတံတား တည်းခိုခန်းအနီး က လက်ဖက်ရည်ဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတ ယောက်နဲ့ အမျိုးသားတ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့အထဲမှာ နယ်ခြားစောင့် တပ်က ဗိုလ်မှူးကြည်လင်နဲ့ တပ်သား ၂ ယောက်၊ ရဲ ၁ ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်း လက်ချက်ဆိုတာ ခုထိ မသိရှိရသေးပါဘူး။

11ReadMore-2.jpg

Template by:

Free Blog Templates