ဆုံဆည်းရာ၊ ၂၆ ရက် ဖေဖော်ဝါရီလ ၂၀၁၁
သတင်း
နံနက် (၁၀ နာရီ ၄၀ မိနစ်) ကေအိုင်အို   ထိန်းချုပ်ရာနယ်မြေဒေသ၀န်းကျင်တွင် နအဖ ဘက်က စစ်အင်အား   တိုးမြှင့်ချလိုက်ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းက ကေအိုင်အေ   ထိန်းချုပ်နယ်မြေသို့ ကျူးကျော် ၀င်ရောက်ခဲ့သော နအဖ တပ်များနှင့်   တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ဒု ဗိုလ်မှူးကြီးတဦး ကျဆုံးသွားပြီးတဲ့   နောက်ပိုင်း စစ်ရေးအရ နှစ်ဘက် တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ဒါ့အပြင်   ကေအိုင်အေက ပြည်သူ့စစ်တပ် ဖွဲ့စည်းမယ်ဆိုပြီး ကြေညာပြီး  နောက်ပိုင်းနှင့်   ကေအိုင်အို ထိန်းချုပ်ရာဒေသ လိုင်ဇာဌာနချုပ်  နယ်မြေအတွင်းသို့   ပျံသန်းဝင်ရောက်သွားတဲ့ ထူးကုမ္ပဏီ၏ ရဟတ်ယာဉ် တစင်းကို ကေအိုင်အေ     တပ်ဖွဲ့ဝင်များက ပစ်ခတ်သတိပေးမှုတွေ ပြီးတဲ့နောက်ပိုင်း နအဖ စစ်တပ်ဘက်က    မကျေနပ်မှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ နအဖ စစ်တပ်နှင့် ကေအိုင်အေ   ထိန်းချုပ်ရာဒေသနှင့် ထိစပ်လျှက်ရှိတဲ့ စစ်မျက်နှာ သုံးနေရာမှာ နအဖ စစ်က   တပ်အင်အားတိုးမြှင့်ချထားပြီး ကေအိုင်အိုဘက်မှ ၄င်းတို့ထိန်းချုပ်ရာ   နယ်မြေဒေသအတွင်းသို့ နအဖ စစ်တပ်များ နယ်ကျွံဝင်ရောက်လာလျှင် ပစ်မိန့်   ပေးထားသောကြောင့် လက်နက်ကိုင် စစ်ရေးပဋိပက္ခ အချိန်မရွေး   ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံတဦးက သုံးသပ်ပြောဆိုပါတယ်။
နံနက် (၁၀ နာရီ ၂၇ မိနစ်) ဖေဖော်ဝါရီလ   ၂၁ ရက်နေ့က ဝေါလေဒေသ ကနဲလေးဂွင်အတွင်း လက်ရှိလှုပ်ရှားနေသည့် နအဖ စကခ(၈)   လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းနေရာ ကို စကခ(၅) လက်အောက်ခံ ခမရ (၃၄၆) တပ်ရင်းက   တပ်အပြောင်းအလဲ လုပ်နေကြောင်း သိရပါတယ်။
နံနက် (၁၀ နာရီ ၁၅ မိနစ်) ကရင်ပြည်နယ်၊   မြ၀တီမြို့နယ် ကနဲလေးဂွင်ရှိ ဖို့ခဲတဒို့နှင့် ခီးကုဒေါ့်ခီးဂွင်ဖောမု   ဘောထာ့နေရာတွင် DKBA-KNLA ပူးပေါင်းတပ်နှင့် နအဖ စကခ(၅) လက်အောက်ခံ   ခမရ(၅၆၃)၊ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းများအကြား ၂၃ ရက်နှင့် ၂၄ ရက်   နှစ်ရက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦး ကျဆုံးပြီး ၉ ဦး   ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ (ကိုးကား - ကေအိုင်စီ)
နံနက် (၁၀ နာရီ ၇ မိနစ်)   တာချီလိတ်မြို့နယ် လေယာဉ်ကွင်းအနီးတွင် မူးယစ်ဆေးဝါးဂိုဏ်း ရောင်းဝယ်မှုမှ   အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာ ရဲများ ရောက်ရှိပြီး ပစ်ခတ်မှု   ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ရဲနဲ့ မူးယစ်ဂိုဏ်းများ ပစ်ခတ်မှုဖြစ်နေစဉ် စစ်တပ်မှ   ရောက်ရှိပြီး ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုကြောင့်   လူနှစ်ဦးသေဆုံးကြောင်း သိရှိရပါတယ်။



0 comments:
Post a Comment