Wednesday, December 22, 2010

တပ်ချုပ်ကြီးရဲ့ မြဲ သုံး မြဲ ဆိုတာ ဘာပါလိမ့်

-ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က နေပြည်တော်မှာ တပ်မတော်နည်းပညာတက္ကသိုလ်လို့ ခေါ်တဲ့ အန်ချင်စရာ ... အဲ ... မှားတွားလို့ ... အင်ဂျင်နီယာ ဗိုလ်လောင်းသင်တန်း ဆင်းပွဲ ကျင်းပခဲ့ပါတယ် (အဆိုတော် ဗီဒီယို ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်လ်မန်း ကိုနေရဲမာန်ကြီးလည်း အဲသည်ကဆင်းသပေါ့၊ အန်ချင်စရာတပ်မှာ ခိုးလို့ရတာတွေနဲ့ အခု ဇီးသီးတွေထုတ်၊ ရုပ်ရှင်ကားတွေ ရိုက်နေဆိုပဲ - စကားချပ်)

အဲဒီ ဗိုလ်လောင်းသင်တန်း ဆင်းပွဲမှာ ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်အကြီးအကဲ ချိုကုပ်ဒူးကြီးဟာလည်း ထုံးစံမပြတ် မိန့်ခွန်းဖတ် ... ယောင်လို့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ ကိုတာတေ့အတွက် မှတ်သားစရာတွေ ပါလာတော့ကာ ဧရာဝတီ ဘလော့ပရိသတ်ကို မျှဝေချင်စိတ် ကလိကလိနဲ့ ပေါ်လာပါတော့တယ်။

ချိုကုပ်ဒူးကြီးက ပြောပါတယ် အန်ချင်စရာ ဗိုလ်လောင်းတွေ အနေနဲ့ မြဲသုံးမြဲနဲ့ ပြည့်စုံရမယ်တဲ့။ သူ့ရဲ့ မြဲသုံးမြဲကတော့ “အမြဲတမ်း လေ့ကျင့်နေရမယ်၊ အမြဲတမ်း စစ်ရေးသတိရှိရမယ်၊ အမြဲတမ်း တိုက်ပွဲဝင် အသင့် ဖြစ်နေရမယ်” ဆိုပဲ။ အဲဒီမြဲတွေနဲ့ အန်ချင်စရာတပ်နဲ့ ဘာများဆိုင်လို့တုန်းနော်။ မယုံကိုနေရဲမာန်ကြီးကို မေးကြည့် ... သူတို့ အန်ချင်စရာတပ်နဲ့ဆိုင်တဲ့ မြဲတွေကို ပြောပြလိမ့်မယ်။

ကိုတာတေကတော့ သိတယ်။ ကိုယ့်ဘာသာသိတာတော့ မဟုတ်ရပါဘူး။ ကိုတာတေတို့ ငယ်ငယ်က ဖတ်ခဲ့တဲ့ ကာတွန်းတပုဒ်က ပြောပြတာပါ။ နှယ်နှယ်ရရ ကာတွန်းလို့တော့ မထင်လိုက်လေနဲ့ ...။ အလင်္ကာကျော်စွာ ဘွဲ့ရတဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းပါ။

တကယ်ဆို တပ်ချုပ်ကြီးကလည်း ဦးဘဂျမ်းရဲ့ ကာတွန်းကို ကိုးကားပြီး မိန့်ခွန်းပြောသင့်တာပေါ့ ... အဲဒီထဲမှာ မြဲက ၃ မြဲတင်မကဘူး ... ၄၊ ၅၊ ၆ မြဲမကပါတယ်။

အာဇာနည်နေ့မှာ ဦးဘဂျမ်းရဲ့ ဇာတ်ကောင် ဦးဖျောက်ဆိပ်က ကာတွန်းရဲ့ ပထမ အကွက်မှာ “အားလုံးသတိ ... ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို တနှစ်တကြိမ်သတိရသော အားဖြင့် အလေးပြု” လို့ ဆိုပါတယ်။ သြော် ရှေးလူကြီးများ တယ်ပြီး အမျှော်အမြင်ရှိတာကိုး ... အခုတော့ တနှစ်တကြိမ်တောင် သတိရခွင့်မရှိတော့ဘူး။ စကားက နည်းနည်းချော်သွားပြန်ပြီ။

ကာတွန်း နောက်တကွက်မှာတော့ “နေမြဲ” တဲ့။ နေမြဲ ဆိုတာနဲ့ မပြီးသေးပါဘူး သူက နောက်ကိုလှည့်ပြီး “နေမြဲဆိုတာက နေမြဲ၊ စားမြဲ၊ ခိုးမြဲ၊ ရမ်းမြဲ၊ ဆော်မြဲ .... လို့ ပြောတာ” တဲ့ ... နောက်မှာ ပါသေးတယ်။ ကျန်တာတွေကတော့ အောက်က ကာတွန်းပုံမှာ ရှုတော်မူကြပါ။ ဒီလောက်ဆို အန်ချင်စရာတပ်အတွက် လုံလောက်ပြီ မဟုတ်လား။ တပ်ချုပ်ကြီးရဲ့ မြဲသုံးမြဲနဲ့ ခပ်ဆင်ဆင်ပါပဲ။ သြော် ရှေးလူကြီးတွေ အမျှော်အမြင် ရှိပုံများတော့ ...။ ကာတွန်းအော်ပီကျယ် စကားနဲ့ ပြောရရင် ... ဦးဘဂျမ်းကတော့ သူ့ကာတွန်း ခေတ်မီပါစေ ဆိုပြီး ဆွဲတာ မဖြစ်နိုင်ဘူး၊ ခေတ်ကိုက မပြောင်းတာ ... လို့ပဲ ဆိုရမယ် ထင်ပါရဲ့။

ရန်ကုန်သားတာတေ

0 comments:

Post a Comment

Template by:

Free Blog Templates