-     25 Nov 2011
 - Written by KNG
 -    
 
မြန်မာပြည်မြောက်ပိုင်း  ကချင်ပြည်နယ် ဗန်းမော်-နမ့်ခမ်း-မူဆယ်လမ်းမ ၃ နေရာတွင် နိုဝင်ဘာလ ၂၄ ရက်  နံနက်ပိုင်း၌ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်တိုက်ပွဲဖြစ်ပွားရာ  မြန်မာအစိုးရစစ်သား ၃၀ ကျော် ကျဆုံးသည်ဟု ဒေသခံများပြောသည်။
နမ့်ခမ်းမှ မံဝင်းဘက်သို့ ချီတက်လာသည့် မြန်မာအစိုးရတပ်သားတင်  စစ်ကား ၅ စီးကို KIA တပ်ရင်း ၁ က မြေမြှုပ်မှိုင်းဖြင့်  ဖောက်ခွဲတိုက်ခိုက်ရာ မြန်မာအစိုးရစစ်သား အနည်းဆုံး ၁၀ ဦးသေဆုံးသည်ဟု  နမ့်ခမ်းဒေသခံများပြောသည်။
ထိုနေ့နံနက် ၁ နာရီခန့်တွင်လည်း  ကိုင်ထိပ်ရှိ မြန်မာအစိုးရတပ်စခန်းမှ လှည့်ကင်းစစ်ကြောင်းတစ်ခုအား KIA  တပ်ရင်း ၁ က ခြုံခိုတိုက်ခိုက်ရာ မြန်မာအစိုးရစစ်သား ၂၀ ကျော် သေဆုံးသည်ဟု  KIA တပ်ရင်း ၁ မှအရာရှိများပြောသည်။
ထို့အပြင် ရွှေလီမြစ်ကူးတံတား၊  နမ့်ခမ်းနှင့် မံဝင်းမြို့တွင်း၌လည်း နှစ်ဖက်တိုက်ပွဲငယ်များ အဆက်မပြတ်  ဆက်လက်ဖြစ်ပွားနေသည်ဟု ထိုမြို့များရှိ ဒေသခံများပြောသည်။
မြို့တွင်းတိုက်ပွဲများတွင်လည်း မြန်မာအစိုးရစစ်သားများ သေကြေဒဏ်ရာရမှုများရှိသော်လည်း စာရင်းအတိအကျ မသိရသေးဟု ဒေသခံများဆိုသည်။
ထိုတိုက်ပွဲများတွင်  ရာချီရှိသည့် မိတ္ထီလာအခြေစို်က် တပ်မ အမှတ် (၉၉) နှင့် ပဲခူးအခြေစိုက်  တပ်မ အမှတ် (၇၇)မှ မြန်မာအစိုးရစစ်သားများနှင့် ဒါဇင်နှင့်ချီသည့် တပ်ရင်း ၁  နှင့် ၂၇ မှ KIA တပ်များကြား ဖြစ်ပွားခြင်းဖြစ်သည်။
ဗန်းမော်-နမ့်ခမ်း-မူဆယ်လမ်းကို  ရှင်းလင်းရန်အတွက် နိုဝင်ဘာလအစောပိုင်းမှ သမ္မတဦးသိန်းစိန်အစိုးရက  အောက်မြန်မာပြည်မှ တပ်မ နှစ်ခုကို ကချင်ပြည်တောင်ပိုင်းသို့  ပို့ထားခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
ယခုချိန် ထိုလမ်း၏ အစိတ်အပိုင်းအများစုကို KIO/KIA ကထိန်းချုပ်ထားဆဲဖြစ်သည်ဟု ဆိုသည်။



0 comments:
Post a Comment