Thursday, September 15, 2011

" ဒီလိုပုံနဲ့ မိုးကြီးချုပ်လျှင် "

ဒီမိုဝေယံမှ ကူးယူသည်။
သခင်ကိုယ်တော်မှိုင်းဆိုတာ ကျွန်တော်တို့အားလုံး တညီတညွတ်ထဲ (ငယ်ငယ်တုံးက 
သင်ခဲ့ရဘူးတဲ့ ဆရာ တယောက်ရဲ့ လေသံအတိုင်းပြောရရင်) “ပါးစပ်နဲ့”
ကြည်ညိုမဆုံးဖြစ်နေကြပြီး “တနှစ်တခါ” အလွမ်းသယ် သယ် နေကြတ၊ဲ့ အမျိုး
သားခေါင်းဆောင်ကြီးလို့ ကန့်ကွက်သူမရှိ 
ကျွန်တော်တို့ ရည်ညွှန်းလေ့ရှိကြတဲ့ ဗိုလ်ချုပ် (အောင်ဆန်း) ကို “ဟေ့ကောင် အောင်ဆန်း၊ မင်းကဆရာလား.. ငါကဆရာလားကွ..ဟေ့” လို့ ငေါက်လို့ရတဲ့အထိ သြဇာကြီးမားသူတဦး 
ဆိုတာကို (အရပ်စကားဝိုင်းထဲ ဆွဲသွင်းမယ်ကြံတိုင်း) မမေ့သင့်ဘူးလို့တော့ ပြောချင်ပါတယ်။
(ဆောင်းပါးရှင်လောကပါလ တစ်ယေါက် သခင်ကိုယ်တော်မှိုင်းရဲ့သေတမ်းစာမှာတိုင်းရင်းသားတွေကိုဘယ်လိုနှိုပ်ကွပ်ဘို့
နဲ့ဗမာဝါဒီတွေဘယ်လိုလုပ်ရမလဲဆိုတာသင်ခဲ့ရရင်
လေါကပါလတစ်ယောက် တိုင်းရင်းသားဖြစ်ခဲ့ရင်းဒီလိုမျိုး ကိုယ်တော်မှိုင်းကိုကြည်ညိုပါ့မလားမသိဘူးနော် ဆောင်းပါးကိုအနှစ်ချုပ်လိုက်ရင်
ရင်ဒေါက်တာလှိုင်မြင့်ဘက်က ရှေ့နေလိုက်ယင်းအာကန့်လန့်ပါးကန့်လန့်ဆောင်းပါး
ဟင်းတခွက်နဲ့ ဒေါက်တာဇာနည်စကားနဲ့ပြောရရင်    မသာပေါင်ဒါဖို့တာပါဗျာ။
                                              
" ဒီလိုပုံနဲ့ မိုးကြီးချုပ်လျှင် " (ဆောင်းပါးရှင် လောကပါလ)

ဒေါက်တာလှိုင်မြင့်ရဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆောင်းပါးကိုဖတ်ပြီး ဒီဆရာတော့ လုပ်ချလိုက်ပြန်ပြီလို့ စိတ်ထဲက ပြောမိပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး ဖြစ်သလောက် ပြဿနာအများဆုံး အရှုပ်အထွေးဆုံးနဲ့ (အခန့်မသင့်ရင် မျိုးပါတုံးနိုင်တဲ့) အန္တရာယ် အကြီးမားဆုံး ကိစ္စတခုကိုမှ သွားထိလိုက်တာကိုပါ။ "အန္တရာယ် ဘယ်လောက်ကြီးတယ် ဆိုတာတော့ ပြောဘို့တောင်လိုမယ် မထင်ပါဘူး။ ဒီကိစ္စကို အကြောင်းပြုပြီး ကွဲလိုက်ရတဲ့ စိတ်ဝမ်းတွေ၊ ဖြစ်လိုက်ရတဲ့ရန်တွေ၊ တိုက်လိုက်ရတဲ့စစ်တွေ၊ ဆုံးရှုံးလိုက်ရတဲ့ အသက်အိုးအိမ် စည်းစိမ်တွေ။ ကျွန်တော်ထင်ပါတယ် တိုင်းပြည် လွပ်လပ်ရေးတိုက်ပွဲတွေမှာ ပေးဆပ်ခဲ့ရတဲ့ အသက်တွေထက် လွပ်လပ်ရေးရပြီး ဒီတိုင်းပြည်ကို ဘယ်သူဘယ်လို အုပ်ချုပ်ရေးအပေါ် တိုက်ရင်း ပေးဆပ်ခဲ့ရတဲ့ အသက်တွေက ပိုတောင်မှ များနေမလားလို့ပါ။ ခုချိန်ထိ ပေးဆပ်နေရဆဲ ပေးဆပ်ဘို့ တာစူနေကြဆဲ ဆိုတဲ့ အချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ထူးခြားချက်လို့ ဆိုရမလိုတောင် ဖြစ်နေပါပြီ။

ဒီလို အခင်းအကျင်းနဲ့ အနေအထားမျိုးမှာ ဒေါက်တာလှိုင်မြင့် ဒီအစ သွားဆွဲလိုက်တာ နဲနဲတော့ မိုက်မဲရာကျ တယ်လို့ ထင်စရာပါ။ ဒါပေမဲ့ အဆိုးထဲက အကောင်းပြောရမလို (blessing in disguise) ဖြစ်လာတာတခုက သူ့စာကြောင့် ကျွန်တော်တို့ ညီအကိုတွေမှာ အကင်းသေပုံ မရသေးတဲ့ ကိုယ်တွင်းနာလေးတွေ ကိုယ်စီကိုယ်စီ အလျှိုအလျှိုဆိုသလို ပေါ်လာကြတာကို မြင်ခွင့်ရလိုက်ခြင်းပါဘဲ။ မြင်ရသမှ ကြောက်ခမန်းလိလိ လို့သာ ပြောပါရစေတော့။ စံနစ်တခုရဲ့ ညံ့ဖျင်းမှုကို နှစ်ပေါင်းအတော်ကြာ ခံစားခဲ့ကြခြင်းရဲ့ ရလဒ်တခုအဖြစ် ဒေါသတွေ၊ အမုန်းတရားတွေ ရောင်ပြန်ဟပ်နေတာကို နားလည်နိုင်သည့်တိုင် အဲသည်အရာတွေရဲ့ လွှမ်းမိုးမှုကိုခံယူရင်း ဆင်ခြင်တုံတရား လွတ်သွားတာမျိုးကတော့ စိတ်မသက်သာစရာပါ။ အထူးသဖြင့် ခေတ်လေးခေတ်လောက်မှာ တစ်ယောက်ပေါ်ထွက်ဘို့ မလွယ်ကူသလို ယနေ့ထိလဲ အစားမရနိုင်သေးတဲ့ သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုး ကိုတောင် ချမ်းသာမပေးနိုင်တဲ့ လက်လွတ်စပယ် အတ္တမျိုးကျတော့ ကမ်းကုန်ပြီဆိုတာထက် “ကျွန်တော်တို့ အားလုံး လွတ်လပ်ရေးနဲ့မှ ထိုက်တန်သေးရဲ့လား” လို့ မေးရမလိုဖြစ်တော့တာပါဘဲ။ ခွင့်ပြုပါ။

သခင်ကိုယ်တော်မှိုင်းဆိုတာ ကျွန်တော်တို့အားလုံး တညီတညွတ်ထဲ (ငယ်ငယ်တုံးက သင်ခဲ့ရဘူးတဲ့ ဆရာ တယောက်ရဲ့ လေသံအတိုင်းပြောရရင်) “ပါးစပ်နဲ့” ကြည်ညိုမဆုံးဖြစ်နေကြပြီး “တနှစ်တခါ” အလွမ်းသယ် သယ် နေကြတ၊ဲ့ အမျိုးသားခေါင်းဆောင်ကြီးလို့ ကန့်ကွက်သူမရှိ ကျွန်တော်တို့ ရည်ညွှန်းလေ့ရှိကြတဲ့ ဗိုလ်ချုပ် (အောင်ဆန်း) ကို “ဟေ့ကောင် အောင်ဆန်း၊ မင်းကဆရာလား.. ငါကဆရာလားကွ..ဟေ့” လို့ ငေါက်လို့ရတဲ့အထိ သြဇာကြီးမားသူတဦး ဆိုတာကို (အရပ်စကားဝိုင်းထဲ ဆွဲသွင်းမယ်ကြံတိုင်း) မမေ့သင့်ဘူးလို့တော့ ပြောချင်ပါတယ်။ တခါတခါတော့ ကျွန်တော်တို့တိုင်းပြည်မှာ ခေါင်းဆောင်ကောင်းတွေ သမင်မွေးရင်းကျားစားရင်း ဖြစ်ဖြစ်နေရတာ မူကြောင့်လား လူကြောင့်လား စဉ်းစား စရာဖြစ်လာရပါတယ်။ ကျွန်တော့်စကား ဘေးရောက်သွား ရင်ခွင့်လွှတ်ပေးကြပါ။ ဒေါက်တာလှိုင်မြင့် ဆောင်းပါးကို ကွန်မာန့် ပေးဘို့ကြိုးစားရာက ဒီအထိရောက်လာတာဟာ ဒီလို ဘေးရောက်ရောက်သွားတဲ့ အတွေးတွေရဲ့ စေ့ဆော်မှုကြောင့် ဆိုတာကိုလဲ ဝန်ခံလိုပါတယ်။ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် သူ “လူမိုက်” လုပ်လိုက်လို့ ဒီလိုမြင်စရာ၊ တွေးစရာ၊ ရေးစရာ၊ ဆွေးနွေးစရာတွေ ကြုံကြ၊ ပြောကြဆိုကြ၊ (စောစောကပြောသလို ကိုယ့်မိ ကိုယ့်ဖ အမိအဖသဘွယ် ကြည်ညိုထိုက်သော ပုဂ္ဂိုလ်တွေကို အသားလွတ် မထိပါးဘဲ) ရှုံ့ချ ပစ်တင်ဝေဖန်ကြ တာဟာလဲ လူမသိသူမသိ ကြိတ်ပြီး “ဓါးသွေး” နေတာထက်စာရင် တော်သေးတာမို့ ကြံဖန် ကျေးဇူးတင်ရ မလိုပါဘဲ။ အများအကျိုးအလို့ငှါ သူများကိုဝေဖန်ရင်း သူများပြောတာနားထောင် ကိုယ့်ကိုကိုယ်လဲ သုံးသပ် နိုင်ကြရင် ပိုကောင်းမယ် ယူဆပြီး ဒီဆောင်းပါးကို အဲသည်ဘက်ရှေ့ရှုတဲ့ အချက်အလက်တွေ ပေးသွားဘို့ ရည်ရွယ်ပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတယ်လဲ ထင်လို့ပါ။

အထက်မှာပြောခဲ့သလို အင်မတန် အကဲဆတ်တဲ့ပြဿနာ တရပ် (Sensitive issue)ကို ဆရာ ဦးလှိုင်မြင့်က သူ့ဟန်အတိုင်း “ကိုင်” လိုက်လို့ ပွဲဆူသွားရပေမဲ့ သူ့ရဲ့စေတနာကိုတော့ မြင်သာတယ် ထင်ပါတယ်။ သူလဲ ဒီမြေဖွားတဦးဘဲလေ။ အပြောမနပ်လို့ ဆဲသလို ဖြစ်သွားတာကတော့ ဆရာကိုယ်တိုင် သတိထားရမယ့် သူ့အပိုင်းပေါ့။ အထူးသဖြင့် တိုင်းရင်းသားတွေ သနားမှ ချမ်းသာရမလိုဆိုတဲ့ စကားတခွန်းဘယ်လောက် တာသွားသလဲဆိုတာ ခုလောက်ဆို ဆရာလဲ သိလောက်ပြီ ထင်တာပါဘဲ။ ပြောသာပြောရတယ် သူပြောလိုတဲ့ လူမျိုး (races) ကို အခြေမခံဘဲ ဒေသကို အခြေခံတဲ့ ပြည်ထောင်စုစံနစ် ဆိုတာကတော့ ကျိုးကြောင်းသင့်တဲ့ အချက်တခုလို့ဘဲ မြင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက် အထိ ကမ္ဘာကြီး လုံးတယ်ဆိုတာကို ၈၀% လောက်က လက်သင့် မခံနိုင်ခဲ့တဲ့ (အစွဲကြီးတဲ့) တိုင်းပြည်တပြည် အနေနဲ့ လူမျိုးကို (နာမည်ကိုပဲဖြစ်ဖြစ်) ဖျောက်ထားတဲ့ ဖွဲ့စည်းပုံတရပ်ဟာလက်တွေ့မကျလှဘူးဆိုတာတော့ ပြောလိုဇော အားကြီးပြီး သူမေ့သွားပုံရပါတယ်။ ထားပါတော့။

ခုသူစလိုက်တဲ့ ဒို့ပြည်ထောင်စု ဒို့ပြည်နယ် ဆိုတာကို သူများပြည်ထောင်စု သူများပြည်နယ်တွေနဲ့ ယှဉ်ပြီး နည်းနည်း ကြည့်ကြည့်ရအောင်ပါ။ ယှဉ်တယ်ဆိုတာလဲ မြင်သာရုံလောက်ပါ။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ထူးခြားချက် နောက်တခုဖြစ်တဲ့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ အတွင်း အခြေခံဥပဒေ နှစ်ခု ဖျက်သိမ်းခံခဲ့ရပြီး သုံးခု မြောက်ကလည်း ချီကတည်းက ယဉ်သကို ဆိုသလိုမျိုး ဖြစ်နေတာကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်သလို ပြည်သူ တွေ မကြုံစဘူး ကြုံနေကြရတဲ့ ဒုက္ခသုက္ခ တွေကိုလည်း မြင်တဲ့အတိုင်း သိကြရမှာပါ။ တဆက်တည်း လက်ရှိ အယောင်ပြလေးဘဲဖြစ်ဖြစ် အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုလေးတွေကို သံသယဘေးချိတ်ပြီး ကြည့်နိုင်အောင် ကြိုးစားဘို့ လိုအပ်မယ်လည်း ထင်ပါတယ်။

မြန်မာနိုင်ငံနဲ့ မရှေးမနှောင်း (တဦးတည်းဆီက) လွတ်လပ်ရေးရခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ တမီလ်နာဒူး ဘင်္ဂလား၊ ပန်ဂျပ်၊ အာသံ စသည်ဖြင့် လူမျိုး (သို့မဟုတ်) ဘာသာစကားခြေပြု ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံကြီးပြီး လူမျိုးစုံတဲ့ သူတို့ဆီမှာ ခွဲထွက်ရေးပြဿနာတွေ ရှိခဲ့ ရှိနေဆဲပါ။ အများသိပြီးဖြစ်တဲ့အတိုင်း Jammu and Cashmir ကိစ္စဆိုရင် ကာလသမဂ္ဂလို အဖွဲ့အစည်းမျိုးတောင် မကယ်နိုင်ဘဲ ခုချိန်ထိ တင်းမာဆဲပါ။ သည်အထဲ ရာဇဝင်ချဉ်းနေတဲ့ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုက ဒီခေတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံတွေအတွက် ကြီးမားတဲ့စိမ်ခေါ်မှု တရပ်ဖြစ်ရှိ နေဆဲဖြစ်ပါတယ်။ ဒီကြားထဲကဘဲ အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် တောက်လျှောက် ရပ်တည်နေရုံမက ဒီနေ့ဆိုရင် စီးပွားရေးမှာပါ ထိပ်တန်းကျတဲ့နိုင်ငံ တခုအဖြစ်ကို ကူးပြောင်းလို့နေပါပြီ။ ရေးပြီးကတည်းက မဖျက်ခဲ့တဲ့ သူတို့ရဲ့ အခြေခံဥပဒေကို နှစ် ၆၀ အတွင်း အကြိမ် ၅၀ ပြင်ဆင်ပြီးသား ဆိုတာကတော့ မှတ်သားစရာလို့ ပြောရမှာပါ။

ဒါ့အပြင် မူလက အချုပ်အချာအာဏာပိုင် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုတဲ့စာသားကို ၁၉၇၆ ခုနှစ်ရောက်မှ ဘာသာပေါင်းစုံ စုစည်းညီညွတ်သော အချုပ်အချာ အာဏာပိုင် ဆိုရှယ်လစ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုတဲ့စာသားတွေနဲ့ အစားထိုးပြင်ဆင်ခဲ့တယ် ဆိုတာကလဲ စိတ်ဝင်စားစရာပါ။ အရေးမပါလှပေမဲ့ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကမ္ဘာပေါ်မှာ အခန်းအများဆုံးနဲ့ အရှည်လျားဆုံး ဆိုတဲ့အချက်ကလည်း “ကုလားကားပေရှည်တယ်” လို့ ပြောလေ့ရှိကြတဲ့ ကျွန်တော်တို့ မြန်မာတွေ ပြုံးမိတဲ့အထိ စိတ်ဝင်စားစရာဖြစ်နိုင်ပါသေးတယ်။ ရယ်စရာ ပြောတာပါ။

ဘယ်နိုင်ငံရဲ့ကိုလိုနီမှ မဖြစ်ခဲ့ဘူးပါလို့ ဂုဏ်ယူလေ့ရှိတဲ့ ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စံနစ် (Constitutional Monarchy) ကို ပြောင်းခဲ့တဲ့ ၁၉၃၂ ခုနှစ်ကစပြီးဒီနေ့ထိ ယာယီဖွဲ့စည်းပုံ အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၇ ကြိမ် ရေးဆွဲခဲ့ပြီး လက်ရှိတည်ဆဲ အခြေခံဥပဒေကို ၂၀၀၇ ခုနှစ်မှာရေးဆွဲခဲ့တာပါ။ စစ်ဘက်အာဏာ တခါသိမ်း တိုင်း ဥပဒေအသစ် တခါဆွဲတာမို့ ဥပဒေပြုချင်လို့ အာဏာသိမ်းတာလား၊ အာဏာမြဲချင်လို့ ဥပဒေပြုတာလား မေးရလောက်ပေမဲ့ ဘယ်ဥပဒေမှလဲ ၁၀ နှစ်သက်တမ်း မတိုင်ခဲ့ပါဘူး။ မှတ်သားသင့်တာကတော့ ၁၉၉၇ ခုနှစ် အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေအရ အပြည့်စုံဆုံး၊ အကောင်းဆုံးအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြု ခံခဲ့ရတာပါဘဲ။ အဲသည်ဥပဒေမှာ စစ်တပ်ကအာဏာ သိမ်းလာခဲ့ရင် ကန့်ကွက် ဆန္ဒပြခွင့် ဆိုတာမျိုးအထိ ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေလဲ နောင်တော့် နောင်တော်တွေရဲ့ သခါင်္ရသဘောကို မလွန်ဆန်နိုင်ဘဲ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုမှာ ပျက်ပြယ်ခဲ့ရပါတယ်။ ဒါကိုကြည့်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုကို မေးခွန်းထုတ်စရာအမှန်ဖြစ်ပေမဲ့ နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေရဲ့ဘဝ အဆင့်အတန်းကတော့ သိကြတဲ့အတိုင်းပါ။ အုပ်ချုပ်မှုနယ်ပယ်အဖြစ် ရှေးဟောင်းမြို့တော်တွေ၊ ကံကြွေးချ နယ်ပယ်တွေကို အခြေပြုတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဘာသာရေး အကြောင်းပြ ခွဲထွက်လိုတဲ့ တောင်ပိုင်းဒေသကလွဲရင် သာမန်အားဖြင့်ငြိမ်းချမ်းတယ်ပြောနိုင်ပေမဲ့ ပြည်သူတွေ အင်မတန်ကြည်ညို တဲ့ ကမ္ဘာ့နန်းသက်အရှည်ဆုံး ရာမ (၉) ဘုရင်ကြီး (သက်တော် ၈၄) ကံကုန်ပြီးကာလ နောက်ပိုင်းကိုတော့ ခန့်မှန်းရခက် လှပါသေးတယ်။

ပြောရရင် ဖွဲ့စည်းပုံ ဥပဒေရယ်လို့မရှိတဲ့ အင်္ဂလန်နိုင်ငံဟာလဲ ၁၇ ရာစုအလယ် ကာလလောက်မှာ ပါလီမန် ဂိုဏ်းသားတွေနဲ့ ရှင်ဘုရင် ရန်ဖြစ်ရာက ဘုရင်ရှုံးပြီး စည်းးမျဉ်းခံ ဘုရင်ဖြစ်စံနစ် ဖြစ်သွားခဲ့ပြီးနောက်ပါလီမန် ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ၃၅၀ ကျော်ပါပြီ။ ဂရိတ်ဗြိတိန်နိုင်ငံဟာ (လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ နဲ့ ၄၀၀ အကြား) လူမျိုးမတူတဲ့ နိုင်ငံငယ်လေးခုကို ပါလီမန်စံနစ်နဲ့ ပေါင်းပြီး ယူနိုက်တက်ကင်းဒမ်း အဖြစ်ရပ်တည်နေတာပါ။ သူလဲခွဲထွက်ရေး ပြဿနာနဲ့ မကင်းခဲ့ပါဘူး (အိုင်ယာလန်)။ ဖွဲ့စည်းပုံဥပဒေရယ်လို့တောင် မရှိဘဲ ကမ္ဘာ့နေမဝင် အင်ပါယာ တခုထူထောင်နိုင်ခဲ့တဲ့ သူတို့ရဲ့ အစွမ်းအစကတော့ စိတ်ဝင်တစား ရှိသင့်တာအမှန်ပါဘဲ။ အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေကို ရွှေးချယ်တင်မြှောက်နိုင်ကြတာရယ်၊ အရည်အချင်း ရှိတဲ့ပါလီမန်မှာ ဆွေးနွေးဆုံးဖြတ်ကြပြီးတဲ့နောက် ဥပဒေတွေ (Laws) ပြဌာန်းချက်တွေ (Statutories)၊ စာချုပ်စာတမ်းတွေ(Treaties) အဖြစ်မှတ်တမ်းတင်ပြီးရင် မမှိတ်မသုံ လေးစားလိုက်နာကြတဲ့ စည်းကမ်းရယ် ကြောင့်လို့ သုံးသပ်ရင် လက္ခံနိုင်ကြမယ် ထင်ပါတယ်။

အမှန်တော့ အမေရိကန်နိုင်ငံဟာလဲ လူမျိုးစု(tribes) နဲ့ကင်းတာမဟုတ်ပါဘူး။ တခုရှိတာက သူတို့ကိုယ်တိုင်က ကျူးကျော်သူတွေမို့ မူရင်းတိုင်းပြည် (အင်္ဂလန်) ဆီကနေခွဲထွက်ပြီး လွတ်လပ်ရေး ကြေငြာခဲ့ချိန်မှာ ဒေသခံ လူမျိုးရေးကိစ္စတွေ ရှင်းသလောက်ဖြစ်နေပြီလို့ ယူဆရင် ရမရဆိုတာပါ။ ဒါကို အစပြန်မဖေါ်မိအောင် သို့မဟုတ် အမည်တပ်စရာလူမျိုး မကျန်တော့လို့များ ဒေသအမည်နဲ့ ပြည်နယ် ခွဲခဲ့တာလားတောင် စဉ်းစားစရာပါ။ ရှိပြီးသားဒေသခံလူမျိုးစုတွေရဲ့ ဥပဒေတွေ၊ အုပ်ချုပ်ရေးပုံစံတွေဟာ အမေရိကန်ဖွဲ့စည်းပုံအပေါ် အတိုင်းအတာ တခုထိ သြဇာသက်ရောက်မှု ရှိခဲ့ကြောင်းကိုလည်း မှတ်သားဘူးပါတယ်။ ပြည်နယ်အားလုံး တန်းတူရည်တူ ဖွံ့ဖြိုးပြီးတဲ့ ယနေ့ကာလမှာတော့ ဒါတွေဟာ သမိုင်းထဲမှာ ကျန်ခဲ့တယ်လို့ဘဲပြောရတော့မှာပါ။ ဥပဒေအတည် ဖြစ်တာလည်း နှစ်ပေါင်း ၂၅၀ နီးပါးရှိခဲ့ပါပြီ။ တပါတည်း သတိမူသင့်တာတခုက ကျွန်တော်ကို့ တတွေ အတော်များများစံပြုနေကြတဲ့ အဲသည်အခြေခံဥပဒေ ဟာဒီနေ့အထိ ၂၇ ကြိမ် ပြင်ဆင်ခဲ့ရပြီးပြီ ဆိုတာရယ် အဲသည်ဥပဒေရဲ့အသားအဖြစ် ကိုးးကားလေ့ရှိတဲ့ လွပ်လပ်စွာပြောဆိုခွင့်၊ ကိုးကွယ်ခွင့်ဆိုတာတွေ မူလ ပြဌာန်းချက်မှာ မပါဘဲနောက်မှပြင်ဆင်ချက်နဲ့ ထည့်ခဲ့ရတယ်ဆိုတာရယ်၊ လူ့သမိုင်းမှာ အမဲစက်သဘွယ် တည်ရှိခဲ့တဲ့ ကျွန်စံနစ်ကို မူလဥပဒေက အကာအကွယ်ပေးရုံမက အချိန်အတန်ကြာမပြုပြင်နိုင်မဲ့ ပြဌာန်းချက် တွေပါရှိနေခဲ့တယ် ဆိုတာတွေပါ။

သုံးသပ်မိတာတခုက နိုင်ငံတခု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဖွဲ့စည်းပုံဥပဒေရယ်၊ အဲသည် ဥပဒေမှာ အခြေခံတဲ့ စည်းမျဉ်းဥပဒေ နည်းဥပဒေတွေရယ်၊ ဥပဒေကိုလိုက်နာကျင့်သုံးကြမယ့် ဥပဒေအောက်က (No one is above the Law) လူတွေ (အုပ်ချုပ်သူ၊ အုပ်ချုပ်ခံသူ) အားလုံးရဲ့ အရည်အသွေးနဲ့ အချိန်နဲ့ရင်းပြီး ယူတတ်မှရတဲ့ အတွေ့အကြုံတွေရယ် အညီအမျှ အရေးပါတယ်ဆိုတာပါ။ မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးရပြီးကစ ယနေ့ထိ ကြုံခဲ့ကြုံနေဆဲ ပြဿနာတွေဟာ ဒုတိယနဲ့ တတိယ အချက်တွေမှာ အများအပြား တည်နေတယ်ဆိုရင် လွန်မယ်မထင်ပါဘူး။ အထူးသဖြင့် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်စွမ်းမရှိပဲ (လက်နက်နဲ့) အာဏာကို ရယူခဲ့ပြီး တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေခဲ့တဲ့ အုပ်ချုပ်မှု အရည်အသွေးကတော့ “ပြရန်မလို၊ပြပြီး” ပါဘဲ။ ဒီအတွက်လည်း အရည်အချင်းပြည့်ဝသူတွေ ဦးဆာင်တဲ့အုပ်ချုပ်ရေးအဖွဲ့တခု ပေါ်ပေါက်ဘို့ ဘက်ပေါင်းစုံက ကြိုးစားနေကြတယ်လို့ မြင်ပါတယ်။ မျှမျှတတဖြစ်အောင် ကျွန်တော်တို့ အုပ်ချုပ်ခံဘက်က အရည်အသွေးကရော။ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်ခြင်း ဦးဆောင်တဲ့ ညီညွတ်မှုဆိုတာ အရည်အသွေးတရပ်လို့ မြင်ပါတယ်။ နိုင်ငံရေးလိုဘ မပြည့်မှုတခုကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်မျိုးကိုတောင် လူပုံအလယ်မှာ နင့်နင့်သီးသီး ပုတ်ခတ်ရဲတဲ့ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်မှုမျိုးကတော့ ဖြစ်ခြင်းဖြစ် သံပုရာတခြမ်းနဲ့ခြေမဲ့ အရည်အသွေးဘဲဖြစ်မှာပါ။ ဒီစကား ထပ်တလဲလဲပြောသလိုဖြစ်ရင် ခွင့်လွှတ်ပါလို့ ပြောရင်း စဉ်းစားကြပါလို့ လဲ “ထပ်” ပြောချင်ပါသေးတယ်။

ဒီနေရာမှာ ဆရာကြီးဦးထွန်းဖေရဲ့“ပါလီမန်ဒီမိုကရေစီစံနစ် ဘာကြောင့်ကျဆုံးရသလဲ” ဆိုတဲ့စာအုပ်လေး ကို အမှတ်ရမိပါတယ်။ ဆရာကြီးဟာ ၁၉၂၀ ပထမကျောင်းသားသပိတ်ခေါင်းဆောင်၊ ထွန်းနေ့စဉ် သတင်းစာ တည်ထောင်သူ သတင်းစာဆရာကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီး စသည်ဖြင့်ဂုဏ်ပုဒ် များစွာ နဲ့ ရပ်တည်ခဲ့ပြီး ပြောင်မြောက်တဲ့ သူ့စာ အရေးအသားကြောင့် ထင်ရှားသူလဲ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ အခြားဂုဏ်ပုဒ်တွေကတော့ မဟုတ်မခံစိတ်နဲ့ ဥပဒေကို ယုံကြည်လေးစား လိုက်နာမှုပါ။ ပြန်ကြားရေးဝန်ကြီး ဘဝမှာ ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်တွေ အခြေခံဥပဒေနဲ့မညီညွတ်ဘူးလို့ မြင်သမျှ မထောက်မညှာ ဝေဖန် ရုံမက ရာထူးကနုတ်ထွက်ပြီး အခြေခံဥပဒေအားကိုးနဲ့ တရားစွဲခဲ့တဲ့သူ၊ ဝန်ကြီးချုပ်ကို “ဘဝရှင် မင်းတြားကြီး” လို့ လူသိရှင်ကြား အမည်ပေးခဲ့ပြီး လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ ပြည်သူတွေကိုလည်း ဥပဒေကို ရဲရဲ လိုက်နာသုံးစွဲ ဘို့ အမြဲဆော်သြခဲ့သူပါ။

တော်လှန်ရေးကောင်စီတက်လာပြီးနောက် ရေးသားထုတ်ဝေခဲ့တဲ့ အထက်ကစာအုပ်မှာ အင်္ဂလန်ပြည်မှာ ကျင့်သုံးခဲ့တာ နှစ် ၃၀၀ ကျော်(အသားကျနေ)ပြီဖြစ်တဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ဟာ သက်ဦးဆံပိုင် ပဒေသရာဇ် စံနစ်အသွေးအသားထဲအထိ စိမ့်ဝင်နေတဲ့ မြန်မာပြည်မှာတော့ ၁၄ နှစ်နဲ့ဇီဝိန်ချုပ်ခဲ့ရတယ် လို့ ရေးသားထားပြီး တော်လှန်ရေးကောင်စီဟာ သမိုင်းပေးတာဝန်အရ ပေါ်ပေါက်လာခဲ့တယ်လို့လဲ တဆက်တည်းပြောခဲ့ပါတယ်။ မဆလ ခေါင်းပေါင်းစွတ် အစိုးရ ပေါ်ပေါက်ပြီး မရှေးမနှောင်း ဆိုသလို ကွယ်လွန်ခဲ့တဲ့ အတွက် တရိပ်ရိပ် ထိုးတက်လာတဲ့ အနိဌာရုံတွေ ကို ဆရာကြီးမြင်မသွားရှာပေမဲ့ သူ့အတွေ့ အကြုံအရ သူယုံကြည်သလို ရေးခဲ့တဲ့ သူ့သုံးသပ်ချက်ဟာ ဒီနေ့ကာလဖြစ်ပေါ်တိုးတက်မှုတွေ အတွက်သင်္ခမ်းစာ ယူတတ်ရင်ရနိုင်မယ် ထင်ပါတယ်။ သေချာတာတခုကတော့ ကျွန်တော်တို့နိုင်ငံဟာ ထိုင်းနိုင်ငံလို ၁၇ ခုမြောက် အခြေခံဥပဒေရေးဆွဲတဲ့ ဒဏ်ခံနိုင် လောက်အောင် အင်အားမရှိတော့ပါဘူး ဆိုတာပါဘဲ။

မြန်မာ့သမိုင်းတလျှောက် နှစ်ပေါင်း ၆၀ အတွင်း စူ့ထက်စူ လူစွမ်းကောင်းတွေ ဦးဆောင်ရေးဆွဲခဲ့တဲ့ တတိယမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေရယ်၊ အဲသည် မဟောင်းမသစ် ခပ်ညစ်ညစ်နဲ့ အတည်ဖြစ်ခဲ့ရတဲ့ ဥပဒေအပေါ် ဗိုက်မှောက်ပြီး တယောက်တပေါက် အော်နေကြတဲ့ အဖြစ်သနစ်တွေရယ် မသက်မသာကြည့်ရင်း (မိမိမျိုးဆက်သစ်တွေ အတွက်) ရတက်မအေးသူတဦးရဲ့ ပုဂ္ဂလိကအမြင်လို့ ဆိုနိုင်ပါတယ်။ အားလုံးကို ချင့်ချိန်ပြီး တိုင်းပြည်အတွက် အကောင်းဆုံးစဉ်းစား အရင့်ကျက်ဆုံး (တဦးချင်း) တွေးခေါ် လုပ်ကိုင် နိုင်ကြရင် ပိုကောင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးသမျှ ကျွန်တော်တို့ဘဲ ရိတ်သိမ်းကြရမယ် (as we sow; so shall we reap) မဟုတ်ပါလား။ တခုပြောသင့်တယ်ထင်တာက နှစ်ပရိစ္ဆေဒ ရှည်ကြာစွာ ဒုက္ခပေါင်းစုံ ခါးစည်းခံပြီး (ကျွန်တော်ဉာဏ်မီ သရွေ့ ပြန်ပြောင်းကြည့်သမျှတော့ သုခပေါင်းစုံရယ်လို့ မရှိသလောက်ပါဘဲ) နေထိုင်လာကြသည် နှင့်အမျှ ကျွန်တော်တို့ ပြည်ထောင်စုသားတွေအချင်းချင်း မမေ့နိုင်တဲ့ဖြစ်ရပ်တွေ နာကျင်မှုတွေ ရှိကြမှာ မလွဲသလို ဒီနာကျင်မှုတွေကို နာကျည်းမှု အဖြစ်သမိုင်းထဲကို သယ်ဆောင်ဘို့သင့်မသင့် ရာမရာချင့်ချိန်ဘို့တော့လိုကြမယ် ဆိုတာပါ။

အင်္ဂလိပ်လူမျိုး စာရေးဆရာကြီး H. Fielding Hall ရေးသားပြီး ဆရာပါရဂူ ဘာသာပြန်ခဲ့တဲ့ သီပေါ၏မဟေသီ (Thibaw’s Queen) စာအုပ်ထဲက မှတ်မိသမျှလေး ဖေါက်သယ်ချပါရစေဦး (နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပြီမို့ အရင်းအတိုင်းတော့ မဟုတ်ပါ)။ “ငယ်တုံးရွယ်တုံးသာ မေ့မရနိုင်ဘူး မေ့ဘို့မလွယ်ဘူး ပြောနေကြတာပါ။ ကြီးပြင်းလာတဲ့ အခါကျတော့လဲ တကယ်တမ်း မလွယ်တဲ့အရာ ဟာ မေ့ဘို့ မဟုတ်ဘဲ အမှတ်ရဘို့ ဆိုတာ သိလာပါလိမ့်မယ်”။ လူ့သက်တမ်းတခု အတွက်တော့ ဒီစကား ဘယ်လောက်မှန်တယ်ဆိုတာ ရှင်းပြဘို့လိုမယ်မထင်ပါ။ နဲနဲဆန့်ပြီး ကျွန်တော်တွေးမိသလို ပြောလိုတာက နိုင်ငံတခုရဲ့သက်တမ်းနဲ့ပတ်သက်ရင် ပိုလို့တောင်မှမှန်မလားလို့ပါ။ ရှေးအထက်ကျော် ကာရီက သရေခေတ္တရာ၊ တကောင်း၊ ပုဂံ၊ အင်းဝ၊ ဟံသာဝတီ ဆိုတဲ့ ခေတ်တွေကို ကျွန်တော်တို့ ဘယ်လောက်များ မှတ်မိနိုင်ကြပါပြီလဲ။ ဒီလိုဘဲ နောင်လာမယ့်နှစ်ပေါင်း ၃၀၀ (နိုင်ငံတခုရဲ့သက်တမ်း အတွက် နှစ်သုံးရာဆိုတာ မျက်တောင်မွှေးတဆုံး သာသာမျှ ရှိမှာပါ) ကျရင် ဒီနေ့ကျွန်တော်တို့ မမေ့နိုင် ကြတဲ့ အရာတွေကို ဘယ်လို အမှတ်ရချင်ကြသလဲ၊ အမှတ်ရဘို့ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့ နိုင်ငံဆိုတာရော ကမ္ဘာ့မြေပုံပေါ်မှာ ရှိပါဦးတော့မလား ဆိုတာဟာ ဒီနေ့ အနေအထားအရ နက်နက်နဲနဲ စဉ်းစားရမဲ့ အချက်တွေပါ။ ကျွန်တော့်အမြင် ပြောရရင် ဒုတိယအချက်ကို ဘယ်လိုဖြေဆိုပြီး လက်တွေ့ ကျကျ ဘာတွေလုပ်တယ် ဆိုတာဟာ ကျွန်တော်တို့သမိုင်းဖြစ်လာပါလိမ့်မယ်။

ဒီဆောင်းပါး ခေါင်းစဉ်ကို ငယ်ငယ်ကကျောင်းမှာ ရွတ်ခဲ့ဘူးတဲ့ “ဒီလိုပုံနဲ့မိုးကြီးချုပ်လျှင်၊ ကျွန်ုပ် အိမ်ပြန် ရောက်ပါ့မလား” ဆိုတဲ့ ကဗျာကလေးက ယူပါတယ်။ ကျွန်တော်တို့မျိုးဆက်အတွက်တော့ တကယ်ဘဲ မိုးချုပ်နေပါပြီ။ အာရုဏ်တက်စ၊ နံက်ခင်း၊ နေမွန်းတည့် နဲ့ မွန်းတိမ်းစ အချိန်အသီးသီး၊ ခွန်အား အရပ်ရပ်ကို ပိုင်ဆိုင်ထားကြတဲ့ မျိုးဆက်တွေ ကျွန်တော်တို့လို မရေမရာ မိုးမချုပ်စေလိုတဲ့ စေတနာနဲ့ (ဦးလှိုင်မြင့်ကို အကြောင်းပြုပြီး) ဒီဆောင်းပါး ကိုရေးပါတယ်။ “မြစ်ဆုံ” အတွက် အရေးကြီးချိန်မှာ ဆေးရိုးသည်က ကန်လန့် ဖြစ်သွားခဲ့ရင် အားလုံးကိုတောင်းပန်ပါတယ်။

လောကပါလ

0 comments:

Post a Comment

Template by:

Free Blog Templates