Thursday, January 6, 2011

ကရင်ပျောက်ကြားတပ်များက ချောင်းပစ်သဖြင့် ၆ ဦးကျဆုံး


11ReadMore-2.jpg

Wednesday, January 5, 2011

စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း

ဗွီအိုအေ


ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ဟာ ကရင်ပြက္ခဒိန်အရ ကရင်တိုင်းရင်းသားတွေရဲ့ ၂၇၅၀ ပြည့် နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ ဒီလို နှစ်သစ်ကူး အခါသမယမှာ ကရင်လူမျိုးတွေဟာ လက်ရှိ စစ်အစိုးရအောက်မှာ ဖိနှိပ်မှု အမျိုးမျိုးကို ခံစားနေကြရပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာကြောင့် သူတို့ရဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ လွတ်လွတ်လပ်လပ် မဆင်နွှဲနိုင်ကြဘူးလို့ KNU ကရင်အမျိုးသား အစည်းအရုံးက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ဟာ ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ် ဖြစ်တာကြောင့် အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကူး ပွဲတော်ကို ဆင်နွှဲကြရမှာ ဖြစ်ပေမဲ့ လက်ရှိအခြေအနေမှာ ကရင်လူမျိုး အများစုဟာ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကို ခံစားနေကြရတာကြောင့် ဒီ နှစ်သစ်ကူးပွဲတော်ကို မဆင်နွှဲနိုင်ဘဲ ကိုယ့်အသက် လုံခြုံမှု ရရှိဖို့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။

“ကျမတို့ ဒီနေ့ ကရင်နှစ်သစ်ကူးနေ့၊ ကရင်တွေအတွက် နေ့ထူးနေ့မြတ်တရက် ဖြစ်တာပေါ့။ ဒါပေမဲ့ တကယ် လူမျိုးတွေအတွက် လွတ်လွတ်လပ်လပ် နှစ်သစ်ကူးနေ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အခွင့်အရေး မရဘူး။ သူတို့က ဒီနှစ်မှာ ရွာသူရွာသားတွေ နအဖ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်တွေ ပျက်စီးပြီး တိမ်းရှောင်နေတာ ဖြစ်တယ်။ ဒုက္ခသည်တွေလည်း ဖြစ်လာတယ်။ အခုဆို တော်တော် ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေခဲ့ရတဲ့ ဘ၀တွေ ရောက်နေတယ်။ အထူးသဖြင့် ဒီနှစ်မှာလည်း လူဦးရေ အများကြီး ဒီလို ခံစားနေရတယ်။ နယ်စပ်တလျှောက်လုံးမှာ ကြည့်မယ်ဆိုရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘာမှ အခွင့်အရေး မရခဲ့ပါဘူး။ ဒီနှစ်မှာ ပျော်ရွှင်ရမယ့်အစား သူတို့မှာ ဘ၀လုံခြုံမှု ရရှိဖို့အတွက် ကြိုးစားနေရတဲ့ အဖြစ်ပဲ ရှိတယ်။”

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေထဲမှာ ကရင်လူမျိုးတွေဟာလည်း လူမျိုးကြီးတမျိုးဖြစ်ပြီး တိုင်းသားလူမျိုး တမျိုးရဲ့ အင်္ဂါရပ်တွေ အားလုံး ရှိနေပါလျက်နဲ့ သူတို့ဟာ ရရှိသင့်တဲ့ အခွင့်အရေး မရဘဲ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံကို ခံစားနေကြရတယ်လို့ နော်စီဖိုးရာစိန်က ဆက်ပြောပါတယ်။

“ကျမတို့ ကရင်ဒေသဟာ မြန်မာနိုင်ငံမှာ လူမျိုးတမျိုး ဖြစ်နေတဲ့ အတွက်ကြောင့် ကျမတို့လည်း ဒီလူမျိုး ရရှိရမယ့် အခွင့်အရေးတွေလည်း ဘာမှမရဘဲနဲ့ လူထုတွေက အမျိုးမျိုး အဖိနှိပ်ခံရတယ်။ ရွာသူရွာသားတွေ ရှိနေတဲ့ တောရွာတွေမှာပဲ ဖြစ်ဖြစ်၊ ဒီမှာရှိနေတဲ့ ရွာသူရွာသားတွေရော အမြဲပဲ စစ်တပ်က မီးရှို့လိုက်၊ ရွာသူရွာသားတွေကို သတ်ဖြတ်လိုက်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်လိုက်၊ ဒါတွေကို ကျမတို့ ကရင်အမျိုးသားတွေက ခံစားနေရတာ ကြာလှပါပြီ။”

နှစ်သစ်ကူးကို ကြိုဆိုရင်း ဆုံးရှုံးနေတဲ့ ကရင်အမျိုးသားတွေရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက် အားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြဖို့ နော်စီဖိုးရာစိန်က တိုက်တွန်းပါတယ်။

“ဒီနှစ် ကျမတို့ ကရင်အမျိုးသားတွေ နှစ်သစ်ကူး ရောက်ရှိတဲ့ အတွက်ကြောင့် အားလုံးကို ၀မ်းသာပြီး ကြိုဆိုလိုက်တယ်။ ကရင်အမျိုးသားတွေ အားလုံးအတွက် နေ့ထူးနေ့မြတ်တရက် ဖြစ်နေတဲ့ အတွက်ကြောင့် ကျမတို့ ရှေ့ဆက်ပြီး နှစ်သစ်မှာ အမျိုးသား ညီညွတ်ရေးအတွက် ပိုမိုပြီး ထိရောက်စွာ သွားနိုင်ဖို့အတွက် ကျမတို့ ပြောချင်တယ်။”

KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ အတွင်းရေးမှူး နော်စီဖိုးရာစိန် ပြောပြခဲ့တာပါ။

KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ နှစ်သစ်ကူး သ၀ဏ်လွှာထဲမှာတော့ ကရင်လူမျိုးတွေ ဖိနှိပ်ခံနေရတဲ့ ဘ၀က လွတ်မြောက်ဖို့အတွက် KNU အနေနဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့ပေမဲ့ အချင်းချင်း သွေးစည်းညီညွတ်မှု မရှိတဲ့အတွက် ရည်မှန်းချက် ပန်းတိုင်ကို မရောက်နိုင်ဘဲ ဖြစ်နေရတယ်လို့ ဖော်ပြထားပါတယ်။

ကရင်လူမျိုးတွေ လွတ်မြောက်ဖို့အတွက် ကရင်တိုင်းရင်းသား တဦးချင်းစီမှာ တာဝန်ရှိတာကြောင့် အားလုံး စည်းလုံးညီညွတ်စွာနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့လည်း KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ သ၀ဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

KNU အနေနဲ့ ဒီနှစ်သစ်ကူး ပွဲတော်တွေကို လုံခြုံမှုရှိတဲ့ နေရာအသီးသီးမှာ ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့ ကရင်တိုင်းရင်းသားတွေလည်း နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ နှစ်သစ်ကူးပွဲကို အတားအဆီး အနှောင့်အယှက်မရှိ ဆင်နွှဲနိုင်ခဲ့ကြတယ် ဆိုပေမဲ့ ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ ပုံနဲ့ တခြား ကရင်ခေါင်းဆောင်တချို့ရဲ့ ပုံတွေကို အာဏာပိုင်တွေဘက်က အသုံးပြုခွင့် မပေးခဲ့ဘူးလို့ ရန်ကုန်မြို့က ကရင်အသိုင်းအ၀ိုင်းက ပြောပါတယ်။

ကရင်ပြည်နယ် ဖားအံမြို့ အနီးနားက တောင်ကလေးဒေသမှာတော့ နှစ်သစ်ကူးပွဲကို အားလုံး အေးအေးချမ်းချမ်း ဆင်နွှဲနိုင်ခဲ့ပေမဲ့ အခါတိုင်းနှစ်တွေလို မဟုတ်ဘဲ အာဏာပိုင်တွေဘက်က ဒီနှစ်မှာ သ၀ဏ်လွှာ ပေးပို့တာမျိုး မလုပ်ခဲ့ဘူးလို့ ဒေသခံတဦးက ပြောပြပါတယ်။

11ReadMore-2.jpg

ကာအင်းဆိပ်ကြီးမြို့ အိတ်ချိန်းရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ

သျှမ်းသံတော်ဆင့်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းရုံးဝင်း အတွင်းရှိ ဆက်သွယ်ရေး တာဝန်ခံ၏ နေအိမ်အနီး၌ ဂျန္န၀ါရီ ၃ ရက်နေ့ နံနက် ၂ နာရီခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ယမန်နေ့ထုတ် နအဖပိုင်သတင်းစာ တွင် ဖေါ်ပြထားသည်။

ဆက်သွယ်ရေးတာဝန်ခံ၏ နေအိမ်အနောက်ဘက် မီးဖိုချောင်အနီး၌ ၎င်းဗုံးပေါက်ကွဲမှုကြောင့် နေအိမ်အုပ်နံရံ ၊ ပြူတင်းပေါက် ၊ သွပ်အမိုးနှင့် တံခါးမကြီးတို့ ပျက်စီးသွားပြီး ၄င်းနေရာအနီးတွင် အမျိုးသားတစ်ဦး၏ ခန္တာကိုယ် အစိတ်အပိုင်းများ တွေ့ရသည်ဟု ဆိုသည်။

ဗုံးထောင်သူ၏ ခန္တာကိုယ်အစိတ်အပိုင်းများ ဖြစ်ဖွယ်ရှိသည်ဟု သတင်းစာက ဆိုထားသော်လည်း မည်သည့်အဖွဲ့အစည်း ၏ လက်ချက်ဖြစ်ကြောင်း ဖေါ်ပြထားခြင်းမရှိပေ။

လွန်ခဲ့သည့်နှစ် ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အောက်တို ဘာလ ဆန်းပိုင်းက မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွင့်တိုင် အနီးတွင်ဗုံးပေါက်ကွဲမှုခဲ့ သေးသည်။
အဆိုပါဗုံးပေါက်ကွဲမှုများကို နအဖက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတိုက်အခံ ဒီမိုကရေစီအင်အား စုများ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပုံချလေ့ရှိသည်။

ယခုအခါ ကရင်ပြည်နယ် မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသတွင် နယ်ခြားစောင့်တပ်လက်မခံသည့် တိုးတက် သော ကင် ဗုဒ္ဓဘာသာတပ်မတော် DKBA တပ်ဖွဲ့များနှင့် နအဖစစ်တပ်တို့ကြား တိုက်ပွဲများလွန်ခဲ့သည့်နှစ် ယနေ့ အထိ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

11ReadMore-2.jpg

Tuesday, January 4, 2011

နအဖ တပ်သားတဦး ဒီကေဘီအေ ထံ ထပ်မံ လက်နက်ချ

KIC သတင်းမှ.........

ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ၀င်ရောက်လှုပ်ရှားသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉) လက်အောက်ခံ တပ် ရင်းမှ တပ်သားတဦးသည် ယနေ့မွန်းလွဲ ၂း၃၀နာရီအချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ ထပ်မံ လာရောက်လက်နက် ချသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

အဆိုပါ လာရောက်လက်နက်ချသည့် စကခ (၁၉)လက်အောက်ခံ ခမရ(၅၈၆) တပ်ခွဲ(၁)မှ တပ်သား ၀င်းရန်နိုင် ၂၀နှစ် ကိုယ် ပိုင်နံပါတ် တ/၄၃၂၄၇၀သည် ၎င်းတို့တပ်ရင်းလှုပ်ရှားရာ ဝေါ်လေဒေသ အူကလေ့ထာ့ကျေးရွာ မောတုတောင်ဘက်ခြမ်းရှိ ဗိုလ်ချစ်သဲ ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့သို့ လက်နက်အပြည့်အစုံနှင့်အတူ လာရောက်လက်နက်ချခြင်းဖြစ်သည်ဟု ဒီကေ ဘီအေ တပ်မဟာ(၅)မှ ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

၎င်းက“ ဒီနေ့ မွန်းလွဲ ၂း၃၀အချိန်မှာ ကျနော်တို့ ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်ချစ်သဲဆီကို လာရောက်လက်နက်ချတယ်။ လက်နက်အပြည့်အစုံနဲ့ပဲ။ လောလောဆယ် ဗိုလ်ချစ်သဲဆီမှာပဲ ရှိသေးတယ်။ ကျနော်တို့ တပ်မဟာဌာနချုပ်ကို မရောက်သေး ဘူး။”ဟု ပြောသည်။

စစ်သက်တမ်း ၂နှစ်ရှိ ၎င်းတပ်သား ၀င်းရန်နိုင်သည် ၎င်းတို့တပ်ရင်း၌ ရိက္ခာပြတ်လပ်မှုနှင့် စစ်တိုက်လိုစိတ်မရှိသောကြောင့် MA-1 ၁လက်၊ ကျည် ၂၅၀တောင့်နှင့် မက္ကဇင်း ၆ချပ်နှင့်အတူ ယခုလို ဒီကေဘီအေထံသို့ လာရောက်လက်နက်ချခြင်းဖြစ်ပြီး ဒီကေဘီအေတပ်ဖွဲ့အနေဖြင့် ၎င်းဖြစ်ချင်သည့်ဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးစောဆန်း အောင်က ပြောသည်။

အလားတူ လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင်လည်း ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် ခလရ(၂၉၉) တပ်ရင်းမှ တပ်သားတဦး ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်လက်နက်ချခဲ့သည်။

11ReadMore-2.jpg

Monday, January 3, 2011

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ (UNHCR) ရှေ့တွင် ဒီကေဘီအေနယ်ခြားစောင့်အသွင်ပြောင်းတပ်မှ ရဲဘော်တဦးဖြစ်သူ စောသံမဏိမှ ဆန္ဒပြမှု ပြုလုပ်။

http://www.niknayman-niknayman.co.cc

ယနေ့ မနက် (၇) နာရီခွဲအချိန်ခန့်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဒီကေဘီအေနယ်ခြားစောင့်အသွင်ပြောင်းတပ်မှ ရဲဘော်တဦးဖြစ်သူ စောသံမဏိမှ ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့  UN ရုံးအရောက်မှာ ငှားရမ်းစီးလာတဲ့ ဆိုင်ကယ်တက္ကစီနောက်ကနေ ထိုင်လျက် ပါလာတဲ့ လက်ပစ်ဗုံးတွေရဲ့  စနက်တံတွေဖြုတ်ပြီး သူလိုလားတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ပါလာသော လက်ထိပ်တစုံကို ထိုင်းလူမျိုးဆိုင်ကယ်တက္ကစီသမားရဲ့ လက်နဲ့ သူ့ လက် အတူ တွဲခတ်ပြီး စနက်တန်ဖြုတ်ထားတဲ့ လက်ပစ်ဗုံး နှစ်လုံးကိုင်ဆောင်ကာ သူရဲ့ဆန္ဒကို ထုတ်ဖေါ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ကယ်တက္ကစီသမားနောက်တွင် ဖောက်ခွဲရန် အသင့်အနေအထားဖြင့် အဖမ်းမခံပဲ ရှိနေချိန်မှာ မဲဆောက် ထိုင်းအရာရှိများ လုံခြုံရေးများကနေ သူ့ ကို ၀န်းရံထားခဲ့ပြီး စနိုက်ပါနဲ့  ဖမ်းပစ်ဖို့ အထိ ဖြစ်ခဲ့တယ်လို့  သိရှိရပါတယ်။






























မြန်မာနိုင်ငံသား ကရင်လူမျိုးဖြစ်သူ စောသံမဏိဟာ ဒီကေဘီအေနယ်ခြားစောင့်အသွင်ပြောင်းတပ်မှ ရဲဘော်တဦးဖြစ်ပြီး မြန်မာနိုင်ငံရေးနှင့် ပတ်သက်သော တောင်းဆိုချက် အချက် (၄) ချက်အား ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။

နအဖတို့ ၏ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တရားမျှတမှု မရှိတာကြောင့် အသိအမှတ် မပြုရန်၊ နအဖမှ နယ်ခြားစောင့်တပ်များအဖြစ် အတင်းအကြပ် ဖိအားပေး လုပ်ခိုင်းမှုများအား တားမြစ်ပေးရန်၊ မြန်မာနိုင်ငံအရေးအား ကုလသမဂ္ဂမှ ထိထိရောက်ရောက် လုပ်ဆောင်ပေးရန်နှင့် ၄င်းအား ယခုဆန္ဒပြခြင်းနှင့် ပတ်သက်၍ အရေးယူပါက ကမ္ဘာ့တရားရုံးသို့  တင်ရန်တို့  တောင်းဆိုခဲ့ပါတယ်။






























နောက်ဆုံးမှာ မဲဆောက် UNHCR မှ တာဝန်ရှိသူများနဲ့  မဲဆောက်မြို့ပိုင် ကစ်တိဆတ်သိုးမွန်းဆတ်တို့  ရောက်ရှိလာပြီး မြန်မာပြည်အရေးဆန္ဒပြသူ စောသံမဏိနဲ့  ညှိနှိုင်းပြောဆိုကာ စောသံမဏိမှ သူကိုင်ဆောင်ထားသော လက်ပစ်ဗုံးကို ထိုင်းအထူးရဲတပ်ဖွဲ့အား ပေးအပ်ပြီး အေးဆေးစွာ အဖမ်းခံခဲ့ပါတယ်။






























ယခုလို သူ ဆန္ဒပြရခြင်းရဲ့  အဓိက ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားပြည်သူလူထုကို အနိုင်ကျင့် အုပ်ချူပ်နေတဲ့ နအဖအာဏာရူးတွေရဲ့  မတရားလုပ်ဆောင်မှုတွေကို ဖေါ်ထုတ်ပြသလိုက်ခြင်းသာ ဖြစ်ပါတယ်။

(ဆန္ဒပြမှုဖြစ်ပွားနေချိန်တွင် သတင်းပေးပို့ လာခဲ့ကြသော မိတ်ဆွေများနှင့် ဓါတ်ပုံမှတ်တမ်းပေးပို့ လာသော ကိုဗိုက်ပူအား ကျေးဇူးတင်ရှိပါသည်)။

11ReadMore-2.jpg

ဂီရိလေဘေးသင့် ဒေသမှ ကလေးများကို စစ်သားအဖြစ် စုဆောင်းနေ

နိရဉ္စရာ သတင်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဂီရိလဘေးသင့် ဒေသများမှ အသက်အရွယ် မပြည့်သူ ကလေးငယ်များကို စစ်သား အဖြစ် စုဆောင်းနေကြောင်း သတင်း ရရှိသည်။
လေဘေးသင့် ဒေသများတွင် စားဝတ်နေရေး အဆင်မပြေမူကြောင့် စစ်သားများ စုဆောင်းရ အထူး လွယ်ကူနေရာ ထိုအထဲတွင် အသက်မပြည့်သူ ကလေးငယ်များကိုလည်း စုဆောင်းနေကြောင်း ကျေးရွာသားများနှင့် လေဘေး ကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။

Burmese-soldier
“ အခု သူတို့ စုဆောင်းနေတာက မြေပုံမြို့ကနေ မိုင် ၅၀ အကွာမှာ ရှိတဲ့ ရက်ချောင်းအုပ်စု၊ ရေချိန် ကျေးရွာ အုပ်စု၊ မိုးသီးနတ်တောင် အုပ်စုတွေမှာ ကလေးငယ်တွေကို စစ်သား အဖြစ် စစ်တပ်က စုဆောင်းနေပါတယ်။ စကခ ၅ က ဗိုလ်သူကြီး အောင်သူငြိမ်းက စုဆောင်းနေတာ ဖြစ်ပါတယ်” ဟု လေဘေး ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။
“ အခု သူတို့ စုဆောင်းနေတာက မြေပုံမြို့ကနေ မိုင် ၅၀ အကွာမှာ ရှိတဲ့ ရက်ချောင်းအုပ်စု၊ ရေချိန် ကျေးရွာ အုပ်စု၊ မိုးသီးနတ်တောင် အုပ်စုတွေမှာ ကလေးငယ်တွေကို စစ်သား အဖြစ် စစ်တပ်က စုဆောင်းနေပါတယ်။ စကခ ၅ က ဗိုလ်သူကြီး အောင်သူငြိမ်းက စုဆောင်းနေတာ ဖြစ်ပါတယ်” ဟု လေဘေး ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။


ဒီဇင်္ဘာလ ၁၆ ရက်နေ့က မြေပုံမြို့နယ် ရက်ချောင်းရွာ၊ ကယုချောင်း ကျေးရွာ အုပ်စုမှ ဦးလှမောင်၏သား မောင်ခင်ဇော် (ခ) ဖိုးမောင်ချေ (၁၇ နှစ်) အား တိုင်းဗဟို လေ့ကျင့်ရေး ၉ သို့ ခေါ်ဆောင်သွားပြီး အ၀ါကျွန်းစု ကျေးရွာမှ ဦးဝေကျန်အောင်သား မင်းနိုင် (၁၆ နှစ်)ကိုလည်း စစ်တပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။


မြေပုံမြို့နယ် ၀ါးခုတ်ချောင်း ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ အသက် ၁၆ နှစ် အရွယ် ကလေးငယ် တစ်ဦးအား စစ်တပ်ထဲသို့ ဆွဲခေါ်သွားပြီး ပသုံကျေးရွာမှ အသက် ၁၆ နှစ်သာ ရှိသေးသော ဦးကျော်သိန်းချေ၏ သားလတ် မောင်စိုးစိုးကိုအား တပ်ကြပ် စိုးလှမှ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ အခု ကျနော်တို့ သိရသလောက် အဲဒီအုပ်စုတွေမှာ လူငယ် ၃၀ ခန့်ကို စစ်သား အဖြစ် စုဆောင်းလို့ ရသွားတယ်လို့ သိရပါတယ်။ သူတို့ကို ကားနဲ့ တိုင်းဗဟိုလေ့ကျင့်ရေး ၉ ကိုခေါ်သွားတယ်လို့ သိရတယ်။ အများစုက အသက် မပြည့်တဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ပြောကြပါတယ်။ မိသားစုတွေကလည်း သဘော မတူကြဘူးလို့ ဆိုပါတယ်။ နောက်ဆုံးသတင်းရတာက တိုင်းဗဟို ၉ မှာတောင် မထားဘဲ အခု ကလေးတွေကို အနောက်ပိုင်း စစ်ဌာနချုပ်ကို ယူသွားတယ်လို့ ကြားရပါတယ်” ဟု သူက ဆက်ပြောသည်။

အမည်မဖေါ်လိုသူ ဦးဇင်း တစ်ပါးကလည်း “ သူက ဗုဒ္ဓဘာသာဆိုပေမယ့် နေ့တိုင်း အရက်သောက်ကြတယ်။ အချင်းချင်း ရန်ဖြစ်ကြတယ်။ လာရင် ကျောင်းမှာ တည်းခိုတယ်။ ကျောင်းဝင်းထဲမှာ ခလေးတွေကို သေနတ်တွေ ပစ်ပြတယ်။ တချို့ဆိုရင် သေနတ်တွေ ပေးကိုင်ခိုင်းတယ်။ စစ်တပ်ထဲကို ၀င်ချင်လာအောင် စည်းရုံးတာပေါ့။ စစ်သားတွေနဲ့ နေရတော့ အစားအသောက်ကလည်း မငတ်၊ သုံးရ စားရတယ်ဆိုတော့ နောက်ဆုံးတော့ တပ်ထဲ ပါသွားတော့တာပါဘဲ တကာကြီး” ဟု ပြောသည်။

မိဖများမှာ သားသမီးများကို စစ်တပ်ထဲသို့ မ၀င်ရန် တားမြစ်ချင်ကြသော်လည်း မတားမြစ်ရဲကြကြောင်း၊ အများစုမှာ ကျေးလက်နေ တောသူ တောင်သားများ ဖြစ်ကြပြီး ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသဖြင့် စစ်သားများကို စကားပင် မပြောရဲကြကြောင်း၊ တချို့ ကလေးငယ်များမှာ ရှင်မပြုရဘဲ စစ်တပ်ထဲသို့ ၀င်ရောက်သွားကြကြောင်း အဆိုပါ ဦးဇင်းမှ ပြောသည်။

မုန်တိုင်းသင့် ဒေသများတွင် မုန်တိုင်းပြီးနောက် ပြည်သူများ စားဝတ်နေရေး အဆင်မပြေကြသဖြင့် ကလေးငယ်များကို စစ်သားစုဆောင်းရသည်မှာ အလွန်လွယ်ကူနေပြီး စစ်သားစုဆောင်းရေး တပ်မှ စစ်သားများမှာ တရွာဝင် တရွာထွက် လှည့်လည် သွားလာနေကြသည်ဟု သိရသည်။

မြေပုံမြို့နယ်မှ မုန်တိုင်းသင့် ဒေသများတွင် စစ်တပ်များကို ဖြန့်ကျက်ချထားပြီး အဆိုပါ စစ်သားများက ကျေးရွာများမှ လူငယ်များကို စည်းရုံးကာ စစ်တပ်ထဲ အတင်း ၀င်ခိုင်းနေခြင်း ဖြစ်သည်။

11ReadMore-2.jpg

Sunday, January 2, 2011

ထိုင်တောင်ပိုင်း ဗုံးပေါက်ကွဲ၊

ဗွီအိုအေ

Thai bomb squad members and soldiers inspect the site of a failed bomb attack blamed by police on separatist insurgents in the Sungaipadi distrist of Thailand's restive southern province of Narathiwat, 1 Jan 2011
ဓာတ်ပုံ AFP
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖောက်ခွဲဗုံးရှင်းလင်းရေး ရဲသား ၂ ယောက်ဟာ မသင်္ကာစရာ ဖောက်ခွဲရေးပစ္စည်း တခုကို စနက်တံဖြုတ်ဖို့ ကြိုးစားနေစဉ်မှာ အဝေးလက်ကိုင်ဖုန်းကနေ ထိန်းချုပ်ဖောက်ခွဲမှုကြောင့် သေဆုံးသွားပါတယ်။ အကြမ်းဖက်မှုတွေရှိနေတဲ့ နိုင်ငံတောင်ပိုင်း နာရာသီဝတ်ခရိုင်က ဈေးတခုမှာ စနေနေ့က ပေါက်ကွဲမှုကြောင့် နောက်ထပ်ရဲအရာရှိ ၄ ယောက်အပါအဝင် ၈ ယောက် ဒဏ်ရာရသွားတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

ဆယ်ကျော်သက် လူငယ် ၂ ယောက် သံသယဖြစ်စရာ မော်တော်ဆိုင်ကယ်တစင်း ရပ်ထားခဲ့တဲ့အကြောင်း ဟင်းသီးဟင်းရွက်ရောင်းသူက သက်ဆိုင်ရာကို အကြောင်းကြားတာလို့ ရဲကပြောပြပါတယ်။ အဲဒီနေရာတဝိုက်ကို ရဲက ရှင်းလင်းခဲ့ပေမဲ့ ဆိုင်ကယ်ထဲမှာ ဖွက်ထားတဲ့ ဗုံးကိုစနက်တံဖြုတ်ဖို့ ကြိုးစားနေစဉ်မှာ ပေါက်ကွဲသွားတာ ဖြစ်ပါတယ်။

ခုလို နှစ်သစ်ကူးနေ့မှာဖြစ်တဲ့ ပေါက်ကွဲမှုဟာ ထိုင်းအာဏာပိုင်တွေအပေါ် တနှစ်ပတ်လုံး ဆန့်ကျင်ပြုလုပ်မယ့် စီမံကိန်းရဲ့ တစိတ်တဒေသ ဖြစ်တဲ့အကြောင်း အစ္စလာမ်သောင်းကျန်းသူတွေက ခြိမ်းခြောက်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မူစလင် အများစုနေထိုင်ကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်ကစပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက မူစလင်ရော ဗုဒ္ဒဘာသာဝင်ပါ စုစုပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရပါတယ်။

11ReadMore-2.jpg

Saturday, January 1, 2011

ဒီကေဘီအေ ထံ ထွက်ပြေးရောက်ရှိလာတဲ့ နအဖ တပ်သား ဘာဘူ





http://komoethee.blogspot.com/

11ReadMore-2.jpg

Friday, December 31, 2010

မန္တလေးသမိုင်းဝင်စက်ရှင်တံတားကိုဖြိုဖျက်

ဧ၇ာဝတီသတင်း

မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့်
နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို
ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး

ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်အရ စတင်ဖြိုဖျက်နေပြီ ဖြစ်သည်။


oldmandalay
မန္တလေးကျုံးအတွင်းမှ တံတားတစင်း။
အဆိုပါ
စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက်တည့်တည့်တွင်
တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့်
မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု
ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ
ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက
ဆက်လက်ပြောသည်။

အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က


တံတားကြီး
အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ
ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊
တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက
ဆိုသည်။

၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့်
တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့်
စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။

စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ
မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင်
ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း
မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။

အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့်
တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။

မင်္ဂလာအခမ်းအနားများနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။

၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ
စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ်
အသုံးပြုခဲ့သည်။

လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို
ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင်
မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ
နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။

မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က
“ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့်
ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့်
မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက်
တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ
ဖော်ပြရေးသားခဲ့သေးသည်။

ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့်
မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ
ဝိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့်
အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။
ဧ၇ာဝတီသတင်းကိုပြန်လည်ဖော်ပြသည်

11ReadMore-2.jpg

နယ်စပ်ဒေသ ပညာရေး အလွန်အမင်း နိမ့်ကျနေဆဲ

http://www.maukkha.org/index.php


အနှစ် ၃၀ ပညာရေးစီမံကိန်းကာလတွင် ပထမ ဆယ်စုနှစ်နီးပါး ကုန်ဆုံးတော့မည်ဖြစ်သော်ငြားလည်း မြန်မာနိုင်ငံ နယ်စပ်ဒေသ ပညာရေးမှာ အလွန်အမင်း နိမ့်ကျနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်ကာလများအတွင်း မူလတန်းကျောင်း ၈၈၈ ကျောင်း၊ အလယ်တန်းကျောင်း ၉၂ ကျောင်းနှင့် အထက်တန်း ကျောင်း ၉၄ ကျောင်းတို့ကို နယ်စပ်ဒေသများအတွက် တည်ဆောက်ပေးခဲ့သည်ဟု နအဖ၏ နယ်စပ်ဒေသ ဖွံ့ဖြိုးမှု အစီရင်ခံစာက ဆိုသည်။
သို့သော် မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Burma Issues ပညာရေး သတင်းမှတ်တမ်း ဒီဗီဒီအရ တိုင်းရင်းသားဒေသများတွင် ကလေးများ ကျောင်းတက်နှုန်းမှာ ၁၀ ရာခိုင်နှုန်းအောက် ရှိသည်ဟု သိရပါသည်။
လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် ကျောင်းလုံးဝမရှိခြင်း၊ ကျောင်းဆရာ ဆရာမများ မရှိခြင်းတို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ခဲ့ရကြောင်း ကရင်ပြည်နယ်တွင်း ပညာရေး လုပ်ငန်းများကို လုပ်ဆောင်နေသူ ဆရာမနော်မူလေးက မောက္ခသို့ပြောပြခဲ့သည်။
“ကျမတို့ ဒေသမှာ ကိုယ်ထူကိုယ်ထ ကျောင်းနည်းနည်းပဲ ရှိတာပါ။ ဒါတောင်မှ ဆရာတွေမရှိတဲ့အခါမှာ၊ တိုက်ပွဲတွေ ဖြစ်တဲ့အခါမှာ ကျောင်းကို လပေါင်းများစွာ ပိတ်ထားကြရတယ်။ ရွာတော်တော်များများမှာ ကျောင်းမရှိတာနဲ့၊ ကျောင်းရှိပြန်ရင်လည်း ဆရာမရှိတာနဲ့ ပညာရေးဟာ အင်မတန် နိမ့်ကျနေတာ။”
မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်လုံးတွင် ဤပညာရေးပြဿနာမှာ ပိုမို ဆိုးရွားလာနေကြောင်းနှင့် အကူအညီများလည်း မရရှိကြောင်း၊ အထူးသဖြင့် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ပညာရေး အခွင့်အရေးပိုမို ဆုံးရှုံးနေရကြောင်း မောက္ခမှ သတင်းရရှိပါသည်။

11ReadMore-2.jpg

Thursday, December 30, 2010

ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သားတဦးကို ဖမ်းမိ

တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို မနေ့က ဖမ်းဆီးရရှိခဲ့ပါတယ်။
နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင်ကျောနေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ နအဖ တပ်သာရဲ့ ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင် မှ ခုလို ပြောပြပါ တယ်

မနေ့ ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ သူတို့ တပ်စခန်း တည်ဆောက်ရေးအေတွက် သစ်ဝါးခုတ်နေတုန်း ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီ လို့လဲပြောတယ်။ သူတို့တပ်မှာ စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်လာတော့ ခုဆိုရင် ရွာသားတွေရဲ့ တောင်ယာ တွေမှာ သိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာပြီး ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတဲ့ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်။ လို့ ပြောပြသွားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒီကေဘီအေတပ်ဖွဲ့မှ စစ်ပြေပြင်မှာ ဖမ်းဆီးရရှိခဲ့တဲ့ နအဖတပ်မှ G3 တာဝန်းကို ထမ်းဆောင် နေတဲ့ ဗိုလ်ကြီး သက်နိုင် ကိုလည်း ကောင်းမွန်စွာ စစ်ဆေးမေးမြန်းပြီး မြန်မာပြည် မြဝတီဘက်ကမ်းကို ချောမောစွာနဲ့ ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း သိရှိရပါတယ်။

11ReadMore-2.jpg

Tuesday, December 28, 2010

ကရင်ငြိမ်းချမ်းရေးကောင်စီ ၁၁ဦး လာရောက်လက်နက်ချဟု နအဖ သတင်းဖော်ပြ

စောသိန်းမြင့် (ကေအိုင်စီ)

ဗိုလ်မှူးချုပ် စောထင်မောင်ဦးစီးသည့် KNU/KNLA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၁ဦးသည် ပြီးခဲ့သည့် တနင်္ဂနေ့က နအဖ စစ်အုပ်စုထံ သို့ သွားရောက် လက်နက်အပ်နှံခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ၏ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ စောကျော်ကျော်ထက်ဦးစီးသည့် အင်အား ၁၁ဦးသည် ကာဘိုင် ၂လက်၊ ၉-မမ ပစ္စတို ၁ လက်၊ ကိုးလုံးကျည် သေနတ်ရှည် ၁လက်၊ ကိုးလုံးကျည် သေနတ်တို ၁လက်၊ လက်ပစ်ဗုံး ၁လုံး၊ ကျည်အိမ်မျိုးစုံ ၃ခု၊ ကျည် မျိုးစုံ ၂၉တောင့်၊ လမ်းလျှောက်စကားပြောစက် ၃လုံးနှင့်အတူ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းသို့ ဒီဇင်ဘာလ ၂၆ရက်နေ့တွင် လက်နက်အပ်နှံခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။

သို့သော် ထိုသတင်းဖော်ပြချက်မှာ နအဖ စစ်အစိုးရ၏ လိမ်လည်ဖော်ပြခြင်းသာဖြစ်ပြီး စောကျော်ကျော်ထက် ဆိုသူသည် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်တဦး မဟုတ်ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစောတီ မသေက ယခုလို ကေအိုင်စီကို တုန့်ပြန်ပြောကြားသည်။

၎င်းက“ကျနော်တို့လူတွေ တယောက်မှ လက်နက်သွားအပ်တာ မရှိပါဘူး။ စောကျော်ကျော်ထက် ဆိုတာကလည်း အရင်က ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးဖြစ်တယ်။ သူတို့(နအဖ)ဆီကို အရင်က လက်နက်တခါ သွားအပ်လိုက်ပြီးပြီ။ အရပ်သားတဦးအ နေနဲ့ပဲ ပြန်နေတဲ့လူတယောက်ဖြစ်တယ်။ ဒါဟာ နအဖ လုပ်ဇာတ်ထွင်လိုက်တာပဲ။”ဟု ပြောသည်။

နအဖစစ်အစိုးရက ယခုလို သတင်းထုတ်ပြန်ရေးသားခြင်းသည် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ နာမည်ကို ဖျက်ချင်သောကြောင့် တမက်သက်သက် လုပ်ဆောင်လုပ်ခြင်းဖြစ်သလို မမှန်ကန်သည့် စစ်အစိုးရ၏ ၀ါဒဖြန့်လုပ်ရပ်တခုသာ ဖြစ်ကြောင်း စောတီမသီက ဝေဖန်ထောက်ပြလိုက်သည်။

စောကျော်ကျော်ထက်ဦးစီးသည့် ၎င်းငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၁၁ဦးသည် မည်သည့်နေရာတွင် အခြေချလှုပ်ရှားပြီး မည် သည့်တပ်ရင်း၊ တပ်ခွဲမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း နအဖသတင်းစာက အသေးစိတ် ဖော်ပြခြင်း မရှိပေ။

ထို့အပြင် ဒီဇင်ဘာလ ၂၂ရက်နေ့ကလည်း ကရင်ပြည်နယ် သံတောင်မြို့နယ် ဘောဂလိကြီးမြို့နယ်ခွဲ မောင်းတိုင်ကြီးကျေးရွာ မှ ယာဉ်မောင်း ဦးအောင်အောင် မောင်းနှင်လာသော ယာဉ်တစီး မိုင်းတလုံးနင်းမိ၍ ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက် ၃ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အလားတူ ဒီဇင်ဘာ ၂၄ရက်နေ့တွင်လည်း ပဲခူးတိုင်း ရွှေကျင်မြို့ အရှေ့တောင်ဘက် ၁၀မိုင်ခန့် တွင် အရပ်သား ၂ဦး မိုင်းနင်းမိ၍ တဦးသေဆုံးခဲ့သည်မှာလည်း ကေအဲန်ယူမှ ထောင်ထားသည့် မိုင်းဗုံးများကြောင့်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့ကော်ကိုးကျေးရွာ အခြေစိုက် KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ယခင် ကေအဲန်ယူ တပ်မဟာ(၇)မှူးဟောင်း ဗိုလ်မှူး ချုပ်စောထင်မောင် ဦးစီးကာ ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလတွင် နအဖစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော်လည်း နယ်ခြားစောင့် တပ် အသွင်ပြောင်းဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အပစ်ရပ်တဖွဲ့ဖြစ်သည်။

၎င်းအပြင် စစ်အစိုးရနှင့် ၃နှစ်ကျော်ကြာ ငြိမ်းချမ်းရေးယူခဲ့သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ အဖွဲ့ဝင် ၇ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်နေ့က မြ၀တီခရိုင်၊ ဖလူးကျေးနယ်တွင် နအဖတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

11ReadMore-2.jpg

မိစ္ဆာခြေရာ

လေပြေမြောက်ပြန် လဟေမာန်မှာ
မြတ်ပြာသိုမင်း ခွါညိုသင်းလဲ
ငွေနှင်းနဲ့တူ ရောက်လာတတ်တဲ့
ရမ်းကားတစ်သိုက်မိစ္ဆာမိုက်ကြောင့်
ဖါးစည်သံဝေ ဒို့ဒေါနမြေ

သဇင်ရနံ့ပျက် ယမ်းနံ့သက်ခဲ့။
ရွှေရောင်ဝါ၀င်း ဒို့တောင်ယာခင်း
သတ်ကွင်းအသွင် ဗုံးကွင်းတွင်ဖြစ်
နားဝင်ချိုအေး ချိုးကူတေးပြေး
အမြောက်သံတွေနဲ့ မီးလျှံတွေပွက်
ပိုင်ရှင်တွေမဲ့ ရိပ်သူကင်းလျှက်။

စိမ့်စမ်းချောင်းဘေး ငြိမ်းချမ်းအေးတဲ့
ဘိုးဘွားချက်ကြွေ ဒို့နက်သန်မြေ
ဒုံးသံမြှူးကြွ ဒို့ရွာအလှ
ဖုန်းဆိုးဖြစ်လျှက် ရွာခြေပျက်။
         ငွေနှင်းမှုံလူး သဇင်ဖူးငုံတို့
တော်ဝင်ပန်းဂုဏ်လှမျိုးစုံလဲ
ဖက်ဆစ်ဝင်စား မုဒိန်းသားကြောင့်
“ဒင်း” ယုတ်ရိုင်းစက် ၀တ်မှုံပျက်လျှက်
စစ်ဖိနပ်ခွါအောက်သက်ကြွေပျောက်။

  ကျူးကျော်သူတို့ သရုပ်မှန်
စာနာမဲ့ ရိုင်းသည့်အဘိဓါန်
ရွှေချိုးဖြူလေးတွေလဲလှန့်ပျံ
ဥပက္ခာခံ နေခြည်ကိုးသွယ်အလံ
အမှန်တရားနဲ့ လွတ်လပ်မှုအတွက်
ခေတ်အဆက်ဆက် သစ်လွင်တောက်ပခဲ့။

  မဟာရူးသွပ် အာဏာမွတ်တဲ့
အတ္တတစ္ဆေ “လူ့ငတေ”တို့ရေ
သားအပြန်ကိုမျှော်ရှာတဲ့အမေတွေနဲ့
ဖအေမဲ့ ရင်သွေးငယ်တွေအတွက်
ရှေ့တန်းထွက် ချစ်လင်မောင်အပြန်ကို
မျှော်ရှာတဲ့ သိုက်မြုံပျက် ဇနီးသည်တွေအတွက်
ဘ၀ဆည်းလည်းသံတွေဆိတ်သုဉ်းခဲ့ရ။

အမြောက်ဆံမှန် ထီးတော်လှန် “ မြေခ ”
ယမ်းညှော်နံ့တွေမပြယ်သေးတဲ့
ပုထိုးပျက် ရင်ပြင်ထက်က
 
အမေအိုနဲ့မုဆိုးမ တွေရဲ့ ဆုတောင်းသံတွေထဲမှာ
“ဒင်း”တို့နှစ်ထောင့်တစ်ဆယ်ရဲ့ 
ရွေးကောက်ပွဲအတုအယောင်ကို
ခန္တီစိတ်မွေး ကမ္ဘာကျေအေး
မေတ္တာပို့ပေးနိုင်မယ်တဲ့လား။ ...?
                        

11ReadMore-2.jpg

ယူရိုပီယံ ကရင်နက်ဝပ် ညီလာခံ ကျင်းပ


11ReadMore-2.jpg

Sunday, December 26, 2010

သံလွင်ဆည် ဆောက်လုပ်ရေး အင်ဂျင်နီယာယာဉ်တန်း ကေအင်န်ပီပီတိုက်ခိုက်







11ReadMore-2.jpg

Template by:

Free Blog Templates