Friday, March 23, 2012
Monday, March 19, 2012
ပဒိုမန်းငြိမ်းမောင် လွတ်မြောက်လာ
Sunday, March 18, 2012
KNU အရာရှိမန်းငြိမ်းမောင်အားပြန်လည်လွတ်ပေး
ဖဒို မန်းငြိမ်းမောင်ကို နှောင်ကြိုးမဲ့လွှတ်ပေး ကိုးဒီသွေးမှတစ်ဆင့်ကူးယူဖေါ်ပြသည်။
0 commentsမျိုးသန့် တနင်္လာနေ့၊ မတ်လ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၅၂ မိနစ်ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတ၏ ညွှန်ကြားမှုဖြင့် တနင်္ဂလာနေ့ နံနက်တွင်နှောင်ကြိုးမဲ့ လွှတ်ပေးလိုက်ပြီဟု KNU နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။“မနက် ၇း၃၀ မှာ အင်းစိန်တရားရုံးကနေပြီးတော့ တရားဝင် လွှတ်ဖို့အတွက် သမ္မတရဲ့ အမိန့်စာကို တရားသူကြီးက ဖတ်ပြပြီးတော့ သူ့ကို နှောင်ကြိုးမဲ့ လွှတ်ပေးခြင်းနဲ့ လွှတ်ပေးလိုက်ပါပြီ။” ဟု ဦးညိုအုန်းမြင့်က ပြောသည်။သမ္မတ၏ ညွှန်ကြားချက်ကို သမ္မတရုံး တာဝန်ခံ ဗိုလ်မှူးကြီး ချစ်ကိုကိုမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဖဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် အမိန့်စာကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ လက်မှတ်ထိုး ထုတ်ပြန်သည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။ယခုအချိန်တွင် ဖဒိုမန်းငြိမ်းမောင်သည် သမ္မတရုံးတာဝန် ဗိုလ်မှူးကြီး ချစ်ကိုကို၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ သွားရောက်နေသည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။ “အခု နေပြည်တော်ကို သွားနေပါတယ်။ သူ့ကို အထူး ဖိတ်ကြားချက်အရ အထူးဧည့်သည်တော် အဖြစ် KNU ငြိမ်းချမ်းရေး အတွက်ပါ။ သူနဲ့လည်း တိုင်ပင်ချင်တယ်ပေါ့နော်။ ဟိုဘက်က Idea လည်း သူတို့ သိချင်တယ်ပေါ့။” ဟု ဦညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။ဖဒိုမန်းငြိမ်းမောင်သည် နေပြည်တော်တွင် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု လည်း သိရသည်။အသက် ၇၀ ရှိ ဖဒိုမန်းငြိမ်းမောင်ကို သူ၏ မိခင်အဖွဲ့အစည်းဖြစ်သော KNU သို့ ယခုလ ၂၄ ရက်နေ့တွင် မြဝတီမြို့၌ ပြန်လည် အပ်နှံမည်ဖြစ်သည်ဟုလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောသည်။ဖဒိုမန်းငြိမ်းမောင်ကို အင်းစိန် မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးလှဝင်းက အင်းစိန်ထောင်တွင်း အထူး တရားရုံး ဖွဲ့၍ မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် အစိုးရအား လက်နက်စွဲကိုင် ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) အရ တသက်တကျွန်း ချမှတ်ပြီး စီရင်ချက် နှစ်ခုကို တပေါင်းတည်း ကျခံရမည်ဟု ယခုလ၁၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။သူသည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုကာ အစိုးရမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။၁၉၆၇ ခုတွင် ကရင် လူငယ်ခေါင်းဆောင်တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို မန်းငြိမ်းမောင် ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးသည်။ အခြားရဲဘော် နှစ်ဦးနှင့်အတူ လှေဖြင့် ထွက်ပြေးကာ မြန်မာပြည် ကမ်းခြေတခုတွင် အောင်မြင်စွာ ဆိုက်ကပ်နိုင်ပြီး ဒေသ အာဏာပိုင်များက ပြန်လည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။
Tuesday, March 13, 2012
မန်းငြိမ်းမောင်ကိုထောင်ဒဏ်တသက်ချမှတ်
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားပြီး ငြိမ်းချမ်းရေး ရဖို့ ကြိုးပမ်းနေတဲ့ KNU ကရင့်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမန်းငြိမ်းမောင်ကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် တသက်တကျွန်း ဒီကနေ့ ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လက တရုတ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးမန်းငြိမ်းမောင်ကို တရားမ၀င်အသင်းနဲ့ ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ နိုင်ငံတော် နဲ့ စစ်မက်ခင်းမှု စတဲ့ အချက်တွေနဲ့ အပြစ်ပေး အရေးယူခဲ့တာဖြစ်ပါတယ်။ ဒီအခြေနေ အပြည့်အစုံကိုတော့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေ နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ က ပြောပြပါမယ်။
ကေအန်ယူရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သူရဲ့ ရှေနေဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။
ဒီနေ့ နေ့လယ် ၁၂နာရီက အမိန့်ချပါတယ်။ ၁၇(၁) နဲ့က ၃နှစ်၊ ၁၂၂(၁) နဲ့က တသက် တကျွန်း၊ နှစ်မှုကို တပေါင်းတည်းကျခံစေဆိုပြီး မြောက်ပိုင်း ခရိုင် တရားရုံးကနေ တရားသူကြီး ဦးလှဝင်း ရုံးကနေ ထောင်တွင်းတရားရုံးပေါ့၊ အဲဒီကနေ အမိန့်ချမှတ် လိုက်ပါတယ်။
ဦးမန်းငြိမ်းမောင် နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်လိုက်ပေမဲ့လို့ အယူခံဆက်တက်ဖို့ အတွက် ဆက်လုပ်သွားဖို့ရှိပေမဲ့ ကာယကံရှင်ကို မေးမြန်းရဦးးမှာဖြစ်ကြောင်းတွေကို ပြောသွားပါတယ်အသံ။
“အင်း သူက မျက်နှာကလည်း မကောင်းဘူးဗျ။ သူ့ကြည့်ရတာ သူမျှော်လင့်သလို မဖြစ်ဘူးလား၊ အံအားသင့်သလို ဖြစ်သလားတော့ မသိဘူး။ စကားတောင် သိပ် မပြောဘူး ဗျ။ သိပ်မပြောတဲ့အတွက် အယူခံ ကိစ္စနဲ့ပတ်သက်ပြိး သူကလည်း မပြောဘူး။ ကျနော်တို့ကလည်း အခုချိန်မှာ အမိန့်အရ တရားဝင် မိတ္တူကူးရဦးမှာ ဆိုတော့ အဲဒီ အမိန့်ရပြီးတော့မှပဲ တပတ် ၁၀ရက်လောက်မှ သွားတွေ့ပြီး သဘောထား မေးရဦးမှာပဲ။ သူက ရက် ၆၀တော့ ရတယ်ပေါ့ဗျာ။ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်မှာ အယူခံရမယ်။ အယူခံမယ်ဆိုရင်ပေါ့ဗျာ။”
ဦးမန်းငြိမ်းမောင်လွတ်မြောက်ရေးအတွက် အမျိုးမျိုး ကြိုးစားပြီး လျှောက်လဲချက်တွေ ပေးခဲ့ပေမဲ့ ပယ်ချခံခဲ့ရတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။
“ကျနော့် လျှောက်လဲချက်ကတော့ သေသေချာလွှတ်ပေးသင့်တဲ့အကြောင်း သေသေချာချာ ပေးထားတာပါ။ တစ်က စွဲဆိုမှုမှားနေတယ်၊ ပြုလုပ်မူတခုတည်းကို ဒီလိုနှစ်မှုလုပ်လို့ မရဘူး။ တရားစွဲလို့မရဘူး။ စွဲဆိုမယ်ဆိုရင် ပထမမှုကို အပြစ်ပေးမယ် ဆိုရင် ဒုတိယ အမူုကို အပြစ်ပေးလို့ မရဘူး။ ဖြစ်ရပ်အမှုတခုတည်းကို နှစ်မှု အပြစ် ပေးလို့ မရဘူး။ ဒါတွေ ဥပဒေကြောင်းအရ ပြောတယ်ပေါ့ဗျာ။ ကေအန်ယူအဖွဲ့ကြီးက လူကြီးတယောက်ကိုကွက်ပြီး အပြစ်ပေးမယ်ဆိုရင် ငြိမ်းချမ်းရေးကိုထိခိုက်နိုင်တယ်လို့။ ဒါတွေကဖြင့် စဉ်းစားသင့်တယ်လို့ ကျနော်တို့ ကဒီလိုတော့ ပြောတာပေါ့ဗျာ။ အဲလိုပြောပေမဲ့လို့ ကျနော်တို့ လျှောက်လဲချက်တွေက အပယ်ခံရတယ်။”
ကေအန်ယူကရင်အမျိုးသားအစည်းအရုံးဘက်ကတော့မြန်မာအစိုးရဘက်က ပြောတာ တမျိုး လုပ်တာတမျိုး ဖြစ်နေတဲ့အတွက် ယုံကြည်မှု တည်ဆောက်တဲ့အခါ အခက်အခဲ ရှိကြောင်း၊ ဦးမန်းငြိမ်းမောင် ကိစ္စသာမက ရှေ့တန်းတွေမှာလည်း စစ်အင်အား တိုးချဲ့မူတွေ ရှိနေတာကြောင့် ငြိမ်းချမ်းရေးတည်ဆောက်တာတွေဟာ မေးခွန်းထုတ်စရာ ဖြစ်လာတယ် လို့ တွဲဘက်အတွင်းရေး မူ ဗိုလ်မူးစောလှငွေက ပြောပါတယ် ။
“အခုဟာက ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နေတာလေ ။ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မူ တည်ဆောက်နေတဲ့ကာလမှာ တကယ်တော့ သူတိုပြောခဲ့တာကလည်း မန်းငြိမ်းကို ငြိမ်းချမ်းရေးလက်ဆောင်တွေ ပေးမယ်လို့ ပြောတာ။ နောက်ဆုံးတော့ နိုင်ငံတော် ပုန်ကန်မူနဲ့ မတရားအသင်းဥပဒေတွေနဲ့ ခုဟာက တသက်တကျွန်း ချလိုက်တယ် ဆိုတော့ သူတို့ ပြောတာကတမျိုး လုပ်တာက တမျိုးပေါ့ဗျာ။ လုပ်တာတမျိုးဆိုတာက မန်းငြိမ်းကိစ္စတင် မကဘူး။ ရှေ့တန်းမှာဆိုရင် ပြောရမယ် ဆိုရင် တပ်အင်အားတွေ တိုးလာတာ သူတို့လှုပ်ရှားမှုက ရန်လိုတဲ့ အပြုအမူတွေ များလာတဲ့ အခါကျတော့ သူတို့ဆရာကြီးသမားကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တပည့် တွေ့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ သူတို့ ပြောသလိုဖြစ်သလား မဖြစ်ဘူးလား ဆိုတာ လူထုတွေရှေ့မှာ နိုင်ငံတကာရှေ့မှာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်"
ဦးမန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တရုပ်ပြည်ကူမင်းလေဆိပ်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားခဲ့ပြီး လူဝင်မှု ဥပဒေနဲ့ ဖမ်ဆီး ခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ရက်မှာပဲ ပုဒ်မ ၁၇ (၁) ပုဒ်မ ၁၂၂(၁)တိုနဲ့ ထပ်မံ တရားစွဲဆို ခံရပြိး အခုလို ထောင်ဒဏ်အပြစ်ပေးခံရတာလည်းဖြစ်ပါတယ်ရှင်။
Saturday, March 10, 2012
မန်းငြိမ်းမောင်စိတ်ဓါတ်အခြေအနေရှေ့နေ သံသယရှိ
VOA
By မအေးအေးမာ
ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ ပုဒ်မ ၁၇၁ တရားမ၀င် အသင်းဆက်သွယ်မှု၊ ပုဒ် ၁၂၂ က နိုင်ငံတော် ပုန်ကန်မှုနဲ့ အမိန့်ချဖို့ ရှိနေပါတယ်။ အမှုအမြန်ပြီးဖို့နဲ့ ၀န်ခံဖို့အတွက် မန်းငြိမ်းမောင်ကို ဖိအားပေးခံရမှုတွေလည်း ရှိနေတယ်လို့ ယူဆရကြောင်း ဒီအတွက် စိတ်ကျန်းမာရေးလည်း ထိခိုက်နေပုံရတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ပြီးခဲ့တဲ့နှစ် ဇူလို်င်လက တရုပ်ပြည်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရတဲ့ ဦးမန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။“အင်္ဂါနေ့မှာ အမိန့်ချမယ်။ ၁၇/၁ ကတော့ ၃ နှစ်ပေါ့။ ၁၂၂/၁ ကတော့ အမြင့်ဆုံးကတော့ အမြင့်ဆုံးက သေဒဏ်၊ အနိမ့်ဆုံးက တသက်တကျွန်းပဲ၊ အဲဒါကို ၂ မှုပေါင်းပြီးတော့လည်းပဲ တပေါင်းတည်းကျခံစေ-လို့လည်း အမိန့်ချနိုင်တယ်ပေါ့။နှစ်ဘက် လျှောက်လဲချက်ပေးတဲ့ အခါကျတော့ တို့ဘက်ကတော့ ဘာ့ကြောင့်လွှတ်ပေးသင့်တယ် ဆိုတဲ့ ဥပဒေကောက်ချက်ရယ်၊ နောက်တချက်ကတော့ ဒီအမှုမှာ ဒီအချိန်ကြီးမှာ ဒီလို ပြင်းထန်တဲ့ အမိန့်တွေ မပေးသင့်ဘူးဆိုတဲ့ အကြောင်းချင်းရာရယ်၊ အဲဒီ အကြောင်းအချက် ၂ ခုနဲ့ ဥပဒေ အကြောင်းအရာနဲ့ အကြောင်းချင်းရာ အဲလို ခွဲခြားပြီးတော့-တော့ လျှောက်လဲချက်တော့ ပေးလိုက်တာပဲလေ။”အယူခံခွင့်ရှိပေမယ့် အခုတရားစွဲဆိုမှုဟာထူးခြားမှုရှိနေပြီး ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ဥပဒေပြဌာန်းချက်တွေနဲ့ မညီတာကို တွေ့ရတယ်လို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။“ဒီတရားစွဲဆိုတဲ့အခါမှာလည်း နိုင်ငံတော်ပုန်ကန်မှုလို အမှုကြီးကို တရားစွဲဆိုမယ်ဆိုရင် သမ္မတရဲ့ ခွင့်ပြုချက်၊ တရားစွဲဆိုခွင့်အမိန့်ပါရတယ်။ အခု ပြည်ထဲရေးဝန်ကြီးက လက်မှတ်ထိုးထားတယ်။ အဲဒီမှာ သမ္မတကနေပြီး သူ့ကို အာဏာပေးထားတယ်ဆိုတဲ့ အမိန့်စာ ပေးမထားဘူး။ ဒါကတော့ ဥပဒေအရ တရားစွဲမရတဲ့အကြောင်းပေါ့လေ။ နောက်တကြောင်းကတော့ ဘာလဲ ဆိုလို့ရှိရင် ၂ မှုပေါင်းပြီးတော့ သက်သေပြချက်တွေကို တမှု တပြိုင်တည်းတွဲထားတယ်။ အဲလို ၂ မှု သက်သေခံချက်တွေကို တပြိုင်တည်းတွဲထားမယ် ဆိုလို့ရှိရင် ဒီလိုအမှုမျိုး စစ်မယ်ဆိုလို့ရှိရင် တရားဥပဒေအရ မူလအစကပင် ပျက်ပြယ်လျှက်ရှိတယ် ဆိုပြီးတော့ ဒီလို ဥပဒေကတော့ ပြောထားတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီအချက် ၂ ချက်ပေါ်မှာ မူတည်ပြီးတော့ လွှတ်ပေးဖို့ ဆိုပြီးတော့ ကျနော်တို့ဘက်ကတော့ လျှောက်လဲချက်တော့ ပေးထားတယ်။KNU အဖွဲ့ကြီးက ၆ ဖွဲ့လောက် ကွဲထွက်သွားတယ်။ ခွဲထွက်သွားပြီးတော့ တချို့အဖွဲ့တွေကဆိုရင် ဥပမာ သေနတ်တွေလည်းကိုင်ထားတယ်၊ ငြိမ်းချမ်းရေးလည်း လက်မှတ်ထိုးထားတယ်။ သို့သော် ၁၇/၁ ကို မဖျက်ပေးထားဘူး။ ၁၇/၁ မဖျက်ပေးဘဲနဲ့ ဒီလို ကိုယ့်သေနတ်တွေကိုယ်ကိုင်ပြီး ဒီလိုပဲ နေလို့တော့ မရဘူးလေ။ အဲဒီတော့ ဟိုအဖွဲ့ကိုတော့ ဥပဒေတမျိုး၊ ဒီအဖွဲ့ကို ဥပဒေတမျိုး ပြောလို့မရဘူး။ အခု KNU နဲ့လည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတာပဲ။ အဲလိုဆိုရင် သူ့ကိုလည်း အဲဒီအခွင့်အရေးပေးရမှာပေါ့။ သူ့ကျတော့ တရားစွဲတယ်၊ ကျန်တဲ့လူတွေကျ တရားမစွဲဘူးဆိုတော့ ဘယ်တရားမျှတမှု ရှိမလဲ။”အမှုကို အမြန်ပြီးဖို့အတွက် ၀န်ခံမှုလုပ်ဖို့ ဦးမန်းငြိမ်းမောင်က လိုလားနေပုံရပြီး စိတ်ပိုင်း ဆိုင်ရာအရ ဖိအားပေးခံနေသလို ပုံစံမျိုးတွေ တွေ့နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ပြောပြပါတယ်။“မြန်မြန်ပြီး ပြီးတာပေါ့-တဲ့။ ကျနော်တို့ကပဲ အမှုကို ကြာအောင်လုပ်နေသလိုလို အဲဒီပုံစံမျိုး သူ့ကို အဲဒီ အတွေးမျိုးတွေ ဝင်ပြီး အတွေးတွေ ဝေနေအောင် ဘယ်သူက ဖိအားပေးသလဲ၊ ဘယ်သူကပြောသလဲတော့ ကျနော်လည်း အတိအကျတော့ ပြောလို့ မရဘူး။ သူ့ခေါင်းထဲမှာပဲ အဲဒါတွေ ဝင်နေတယ်။ အဲဒါ မကောင်းဘူးပေါ့။အုန်းကျော်မြင့်တုန်းကတော့ အဲဒီအတွေ့အကြုံရှိထားတယ်။ အုန်းကျော်မြင့်က ဟိုဘက်က ထောက်လှမ်းရေးကလည်း သူ့ကို စည်းရုံးလိုက်ရော-ဘာပြောလဲဆိုတော့ တရားရုံးက ကျနော် ပထမ ထွက်ထားတဲ့ ထွက်ချက်တွေက-ရှေ့နေသင်ပေးလို့ ဖြစ်ရတာပါ-တဲ့။ ကျနော့်သဘောနဲ့ မဟုတ်ပါဘူး ဆိုတော့ ဦးကိုယုက ပါဝါအမြန်ရုပ်ပစ်ရတယ်။ ပြီးလည်းပြီးရော အုန်းကျော်မြင့်ကို တခါတည်း သေဒဏ်ချပစ်လိုက်တာပဲလေ။အဲဒီတော့ အခုလည်းပဲ သူ့ကို ပြောပြတယ်။ ကျနော်တို့က ခင်ဗျားကို စေတနာထားပြီး လိုက်ပေးနေ တာ။ ခင်ဗျား- အုန်းကျော်မြင့်လို ဖြစ်မယ်နော်လို့- ကျနော်က အဲဒါတော့ သူ စိတ်မကျန်းမာဘူး-လို့ အဲဒီလို ခံစားရတယ်။”ဦးမန်းငြိမ်းမောင်ဟာ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ မြန်မာအစိုးရဘက်က KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ဦုးမန်းငြိမ်းမောင်ကို အသုံးချမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တရားခံဘက်က ထောင်မှူးတွေကို သက်သေတွေအဖြစ် တောင်းဆိုတဲ့အခါမှာ သက်သေတွေက မဟုတ်မှန်ကြောင်း ငြင်းဆိုသွားပါတယ်။ဦးမန်းငြိမ်းမောင်ကို ဖမ်းဆီးထားစဉ်အတွင်းမှာ မြန်မာအစိုးရဘက်က KNU ရဲ့ အားနည်းချက် အားသာချက်တွေကို ဦးမန်းငြိမ်းမောင်ထံကနေ အချက်အလက်ရယူခဲ့ပြီး KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ကြိုးစားမှုတွေရှိခဲ့တယ်လို့လည်း ဦးမန်းငြိမ်းမောင်ရဲ့ထွက်ဆိုချက်တွေမှာ ပြောဆိုခဲ့ပါတယ် ရှင်။
Wednesday, March 7, 2012
KNU ခရိုင်(၅)ခုမှ အစိုးရတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို FBR ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ခရိုင်(၅)ခုတွင် ၂၀၁၂ခုနှစ်အတွင်း မြန်မာ အစိုးရမှ လူ့အခွင့်အရေး ချိုးဖောက်မှုလျှက်ရှိကြောင်း ပြည်တွင်းဒုက္ခသည်များအား အကူအညီပေးနေသည့် FBR က မတ်လ ၅ရက်နေ့၌ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။KNU နှင့် မြန်မာအစိုးရတို့အကြား ဇန်န၀ါရီ ၁၂ရက်နေ့က ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီ လက်မှတ်ထိုးပြီး နောက် KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် ဒူးပလာယာ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်နှင့် ဖားအံခရိုင်အတွင်း ရှိ ဒေသခံများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို FBR က ဖော်ပြထားခြင်းဖြစ်သည်။FBR ၏ ဒါရိုက်တာ တာအုဝါးပါက “မြန်မာအစိုးရနဲ့ KNU အပစ်ရပ်ရေး ပဏာမ သဘောတူညီမှုကာလဖြစ်ပေမယ့် အထူးသ ဖြင့် တောင်ငူဒေသဘက်မှာ အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ အရင်တုန်းကနဲ့ မခြားဘူးဆိုတာ ဒီ report (အစီရင်ခံစာ)က ပြနေပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ကရင်ဒေသအတွင်း မြန်မာအစိုးရတပ်၏ တပ်အင်အားတိုးချဲ့ခြင်း၊ ရိက္ခာပို့ခြင်းနှင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းများ ကို ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသေးသည်ဟု သူက ဆက်ပြောသည်။KNU နှင့် အစိုးရတို့ လက်မှတ်ထိုးပြီးနောက်ပိုင်း ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်၌ တပ်မ (၆၆) လက် အောက်ခံ တပ်ရင်းများက ဘူဆာခီးတပ်စခန်း၊ ဒူးပလာယာခရိုင်၌ အစိုးရတပ် ခမရ(၃၄၆)က မဲ့ကတီတပ်စခန်းနှင့် ညောင် လေးပင်ခရိုင်၌ ခမရ(၅၉၉)က မိုးပြနှင့် လေးဒေး စသည့် ၎င်းတို့အခြေစိုက်သည့် တပ်စခန်းများသို့ ရိက္ခာပို့ရန် ဒေသခံလူထု အား အဓမ္မ ခိုင်းစေခဲ့သည့် အချက်အလက်များကို FBR ၏ အစီရင်ခံစာတွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။တဆက်တည်းပင် KNU ၏ ဖားအံခရိုင်အတွင်း၌လည်း ဖေဖော်ဝါရီလအတွင်းတွင် ကရင်နယ်ခြားစောင့်တပ်-ဘီဂျီအက်ဖ်က တိုးတက်ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-ဒီကေဘီအေ၏ လက်နက်များကို သိမ်းဆည်းခဲ့ပြီးနောက် ၎င်းတို့နှစ်ဖွဲ့အ ကြား တိုက်ပွဲများဖြစ်ပွား၍ ဒီကေဘီအေ ၂ဦး၊ ဘီဂျီအက်ဖ် ၅ဦး အပါအ၀င် ဒေသခံ ၁ဦးသေဆုံးကာ ဒေသခံ ၁ဦးမှာ ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း FBR က ဆိုသည်။၎င်းအပြင် FBR ၏ အစီရင်ခံစာ၌ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်း ကရင်ပြည်နယ်နှင့် ကရင်ပြည်နယ်မြောက်ပိုင်းဒေသရှိ KNU ထိန်းချုပ်နယ်မြေအ တွင်း နေထိုင်သည့် ဒေသခံ ကရင်လူထုများသည် မြန်မာအစိုးရတပ်များ၏ ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ် မှု၊ အဓမ္မခိုင်းစေမှုနှင့် မြေယာအသိမ်းခံရမှုများကိုလည်း ထည့်သွင်းဖော်ပြထားသည်။“ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး ကာလဆိုပေမယ့် အစိုးရတပ်တွေ ဒီလို လူ့အခွင့်အရေး ဆက်လက် ကျူးလွန်တာကို အထက်နဲ့ အောက် နားလည်မှု လွဲမှားတာပဲပြောပြော၊ အမိန့်မနာခံတာလို့ပဲပြောပြော ကျနော်တို့ကတော့ တကယ့်အဖြစ် အပျက်တွေကို တင်ပြစရာရှိတာ ဆက် တင်ပြသွားမယ်။”ဟု FBR မှ တာဝန်ရှိတဦးဖြစ်သူ စောကပေါ်စေးက ပြောသည်။မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများဖြစ်သည့် ကရင်ပြည်နယ် အပါအ၀င် ကချင်နှင့် ကရင်နီ(ကယား)ပြည်နယ်များတွင် မြန်မာအစိုးရတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ၂၀၁၂ခုနှစ်အတွင်း အစီရင်ခံစာ ၁၁စောင်ကို FBR မှ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။FBR အဖွဲ့ကို ၁၉၉၇ခုနှစ်၌ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိ ကချင်၊ ကရင်၊ ကရင်နီ၊ ကယန်း၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်း၊ လားဟူ၊ နာဂနှင့် ပအိုဝ့် တိုင်းရင်းသားအဖွဲ့ (၁၁)ဖွဲ့ ရှိသည်။
ကျမ သိသော ဖဒိုမန်းငြိမ်းမောင်(နှင်းပန်းအိမ်)
ကျမ သိသော ဖဒိုမန်းငြိမ်းမောင်(နှင်းပန်းအိမ်)
ဘဝရက်စွဲတွေ နေ့စဉ်ပြောင်းလဲနေသလို သဘာဝ နေ့စွဲတွေလည်း နေ့စဉ် ပြောင်းလဲနေပါတယ်။ ကျမကတော့ သဘာဝရဲ့ လမင်းကို နှစ်သက်သူမို့ ကောင်းကင်က လမင်းကို ကြည့်ပြီး နေ့စွဲတွေကို မှတ်တတ်တယ်။
လဆန်း လဆုတ်ကို ကြည့်ပြီး ပင်လယ်ရေ အတက်အကျကို မှတ်သားလို့ ကိုကိုးကျွန်း အကျဉ်းထောင်ကနေ ပင်လယ်ကို လှေငယ်တစင်းနဲ့ ဖြတ်သန်းခဲ့သူ KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်လည်း ခုချိန်ဆို ရန်ကုန် အင်းစိန်ထောင် (၃) တိုက်ထဲကနေ အရုဏ်မတက်ခင် ရှိနေတဲ့ လရောင်နဲ့ အရုဏ်ရဲ့အားပြိုင်ပွဲကို ကြည့်နေပါ လိမ့်မယ်။
သဘာဝတရားနဲ့ ရင်းနှီးခဲ့သူ၊ သဘာဝတရားတွေနဲ့ ယှဉ်ပြီး အမှတ်တရစကားတွေ ပြောတတ်သူ ဖဒိုမန်းငြိမ်းမောင်ကို ဒီရက်အတွင်း သမ္မတဦးသိန်းစိန် အစိုးရသစ်က အမိန့်ချနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေထဲမှာ ကျမ ကြားနေရပါ တယ်။
ဒုက္ခသည် စခန်းတွင်းမှာ နေထိုင်ရင်း ကြားနေရတဲ့ သတင်းအတွက် ကျမရင်ထဲ ဖြစ်ပေါ်လာတဲ့ ကြောင့်ကြမှုဟာ ကျမစိတ်ကို ဂဏှာမငြိမ်အောင် ဖန်တီးနေတယ်။ ကရင်လူမျိုးတွေရဲ့ အတိတ်ပစ္စုပ္ပန်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ ရတာ ကျမ ဒုက္ခသည် အဖြစ်နဲ့ပါ။
ကရင်တော်လှန်ရေးရဲ့ အထင်ကရ ခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင်ကို ၂၀၀၈ နိုဝင်ဘာမှာ ကျမ စတင် ရင်းနှီးခဲ့ရ ပါတယ်။ နိုင်ငံရေးကို အသွေးအသားလို တန်ဖိုးထားသူ ကျမခင်ပွန်းသည်က အကျဉ်းထောင်က လွတ်မြောက်ပြီး ၂ နှစ်အကြာမှာ အိုးအိမ်ကို စွန့်ခွာခဲ့ရပြီး ဘဝလုံခြုံမှုအတွက် လွတ်မြောက်နယ်မြေကို ရောက်လာခဲ့တယ်။
“အမိမဲ့သား ရေနည်းငါး” လို ဖြစ်နေချိန်မှာ သူရောက်နေတဲ့နေရာက သူတွေကို “ဦးမန်းငြိမ်းမောင်ကို သိလား သိရင်
ပြောပေးပါ။ ကျနော် ဗိုလ်ဓမ္မ သမက်ပါ” ဆိုတဲ့ စကားတခွန်းနဲ့တင် ဖဒိုမန်းငြိမ်းမောင် ချက်ချင်း ရောက်လာပြီး နွေးနွေး
ထွေးထွေးနဲ့ အစစအရာရာ ကူညီပေးခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ရင်းနှီးကျွမ်းဝင်ခဲ့သူ ရဲဘော်ရဲ့ သားသမီးအပေါ် ဂရုတစိုက် စောင့်ရှောက်ကူညီပေးခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်ရဲ့ ရဲဘော်ရဲဘက်စိတ်က ကျမတို့ဘဝကို အများကြီး အထောက်အကူပြုခဲ့ပါတယ်။ ခုချိန်ထိလလည်း ဖဒိုမန်းငြိမ်းမောင်ရဲ့ မေတ္တာတရားနဲ့ ကျမတို့ နွေးထွေးနေ ရတုန်းပါ။
ဖဒိုမန်းငြိမ်းမောင်က တိုက်ချင်ခိုက်ချင်တဲ့ စိတ်ထားရှိသူ မဟုတ်ပါဘူး။ ချိုသာနူးညံ့တဲ့ စိတ်ထားရှိသူ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာ သူနဲ့အတူနေခဲ့ရတဲ့ ရဲဘော်တွေအကြောင်း ကျမတို့ သိသလောက် ပြန်ပြောပြရင် သူနားထောင်ပြီး မျက်ရည်ဝဲနေတတ်တယ်။ အဲဒီရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ တိုင်းပြည်အပေါ်ချစ်ခင်မှု၊ ယုံကြည်ချက်တွေကို သူ လေးစားတန်ဖိုးထားတယ်။
ဖဒိုမန်းငြိမ်းမောင်ဟာ မြစ်ဝကျွန်းပေါ် ပန်းတနော် ဇာတိသားတဦး ဖြစ်ပါတယ်။ သူ့ဇာတိမြေ အကြောင်းနဲ့ သူ့ငယ်ဘဝကို ပြောပြခဲ့တဲ့အခါ ကရင်တော်လှန်ရေးထဲ သူဝင်ရောက်ခဲ့ပုံကို တွဲပြီး မြင်ယောင်လာရတဲ့အထိပါ။
“ဦးတို့ဒေသက မြစ်ဝကျွန်းပေါ်ဆိုတော့ မြေပြန့်လယ်ကွင်းနဲ့ မြစ်ချောင်း အင်းအိုင်တွေ ပေါတယ်။ မျက်စိတဆုံး ဘယ်ကိုပဲကြည့်ကြည့် အကာအကွယ် အတားအဆီး မရှိဘူး။ တောင်ဆိုတာ တော်လှန်ရေးထဲ ရောက်မှ မြင်ဖူးတာ။
ကရင်ရွာက ကွင်းပြန့်တွေထဲမှာ။ ဗမာရွာတွေက ချောင်းနားမြစ်ကမ်းနားတွေမှာ။ တကယ်တော့ မြစ်ဝကျွန်းပေါ်
ဒေသကြီးက ကရင်နဲ့ဗမာ ရောနှောနေထိုင်ကြတဲ့ ဒေသကြီးပဲ။ ဒီလူနေမှုဘဝက ရှေးအစဉ်ထဲက တည်ရှိခဲ့တယ်။ ကရင်-ဗမာ ချစ်ချစ်ခင်ခင် ကူးလူးဆက်ဆံခဲ့ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာ။
ဦး ငါးနှစ်သားအရွယ်မှာ ကရင်က ဗမာကိုသတ်၊ ဗမာက ကရင်ကိုသတ်၊ ကရင်ရွာကို ဗမာက မီးရှို့၊ ဗမာရွာကို ကရင်က မီးရှို့နဲ့ ဖြစ်ကုန်ရော။ အရင်တုန်းက သာယာလှတဲ့ မြစ်ဝကျွန်းပေါ် ဒေသကြီးဟာ မီးခိုးတွေ တလူလူနဲ့ ဆူပူနေတဲ့ ဒေသကြီးတခု ဖြစ်လာတယ်။
ဦးတို့ ရေအမြဲကူးတဲ့ချောင်းတွေ မြစ်တွေထဲမှာ အစုန်အဆန် ဒီရေအတက်အကျနဲ့ အလောင်းတွေ မျောလာတာ
မြင်ရတယ်။ ကရင်အလောင်းလား၊ ဗမာအလောင်းလား ခွဲလို့တောင် မရတော့ပါဘူး။ ကရင်ရွာ၊ ဗမာရွာတွေ အဆက်အဆံတွေ မရှိကြတော့ဘူး။
ဦး ကလေးဘဝကနေ ဒီနေ့အထိ မေ့မရနိုင်တဲ့ မြင်ကွင်းနှစ်ခု ရှိခဲ့တယ်။ အဲဒါကတော့ ပန်းတနော်မြို့ကို KNDO တွေ တက်ပြီး သိမ်းလိုက်တဲ့အချိန်ပေါ့။ KNDO တွေ အောင်ပွဲခံပြီး ပြန်လာကြတာ။ ကရင်အမျိုးသားအလံကို ထီးရိုးဝါး အဖျားပိုင်းမှာ ချည်ပြီး လက်ရုံးကို အမြင့်ဆုံးကို လွှင့်ထူထားကြတယ်။ တချို့ကလည်း ဘောင်းဘီတိုတွေ၊ တချို့က လည်း ပုဆိုးကွင်းသိုင်းနဲ့ အောင်ပွဲခံ ပြန်လာကြတာ။ သူတို့ရဲ့ စစ်ချီဟန် ရဲစိတ်ရဲမာန်ကို ခုထိ မြင်ယောင်တုန်း။
ကရင်-ဗမာ အဓိကရုဏ်းဟာ သိပ်မကြာလိုက်ဘူး။ ဘယ်လိုနည်းနဲ့ အေးသွားတယ်ဆိုတာ ဦးတို့ မသိလိုက်ဘူး။ အင်းစိန်တိုက်ပွဲကြီးတွေဖြစ်တာ အတော့်ကို ပြင်းထန်တယ်လို့ လူကြီးတွေ ပြောသံတော့ ကြားရတယ်။
မိုးဦးကျ တနေ့မှာ KNDO စစ်သားတွေ ဦးတို့ရွာ အရှေ့ဘက်ကို ဆင်းလာကြတယ်။ အင်းစိန်စစ်မျက်နှာက ဆုတ်လာကြတဲ့ KNDO စစ်သားတွေလို့ လူကြီးတွေက ပြောတယ်။ အောင်ပွဲတွေခံပြီး ပြန်လာတဲ့ တက်ကြွတဲ့ ဟန်တွေမာန်တွေနဲ့ အင်းစိန်စစ်မျက်နှာမှာ စစ်ရှုံးပြီး ဆုတ်ခဲ့ရတဲ့ ဟန်ပန် အတော်ကို ကွာခြားတယ်။
ဦးရဲ့နှလုံးသားနဲ့ ဦးနှောက်ထဲမှာ စွဲပြီး ကျန်ခဲ့တဲ့ ပုံရိပ်တွေပေါ့။ အဲဒီတော်လှန်ရေးသမားကြီးတွေဟာ ကရင် တမျိုးသားလုံး အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ အသက် သွေးတွေကို ပေးလှူခဲ့ကြတယ်။ ဦးတော်လှန်ရေးထဲ ရောက်စတုန်းက ကွယ်လွန်သွားပြီးဖြစ်တဲ့ KNU ဥက္ကဋ္ဌကြီး မန်းဘဇံရဲ့ စကားတခွန်းကို သတိရမိတယ်။ “ကရင်တော်လှန်ရေးကတော့ကွာ မင်းတို့ လူငယ်တွေရဲ့ လက်ထဲမှာပဲ။ မင်းတို့လူငယ်တွေကိုပဲ အားကိုးရမှာပဲ”တဲ့။ အဲဒီတုန်းက ဦးအသက် ၁၆ နှစ် ပြည့်ပြီးခါစပဲ ရှိသေးတယ်။
ဦး နိုင်ငံရေးကို လေ့လာမိချိန်မှာ ခံစားချက်နဲ့ ခံယူချက်ဆိုတာ တူမယောင်နဲ့ ကွဲပြားတယ်ဆိုတာ သိလိုက်ရတယ်။ “ဗမာပြည်နဲ့ ကရင့်ဘဝဖြစ်တည်မှုဟာ အပြန်အလှန် ဆက်စပ် မှီခိုနေတယ်။ ဗမာပြည်မှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊
နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး အပြန်အလှန် ဖြစ်ပေါ်အကျိုးပြုနေတယ်။
“တော်လှန်ရေးမှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဟာ တော်လှန်ရေးကို အကျိုးမပြုတဲ့အပြင် တော်လှန်ရေးကို ပျက်စေတယ်။”
“ကရင့်တော်လှန်ရေးဟာ သီးခြားတော်လှန်ရေး မဟုတ်ဘူး ဗမာပြည်လူ့အဖွဲ့အစည်း အတွင်းမှာ ဖြစ်ပေါ်နေတဲ့
တော်လှန်ရေး ဖြစ်တယ်။”
“ကရင်-ဗမာ ပူးပေါင်းရာမှာ မျက်စိမှိတ် ပူးပေါင်းပြီးတော့ ကျွန်ပြုခံရတာမျိုးတော့ မလိုချင်ဘူး။ တန်းတူမှုနဲ့ ဆန္ဒအရ ပူးပေါင်းရေးကို လိုချင်တယ်” လို့ပြောတဲ့ ဥက္ကဋ္ဌကြီး မန်းဘဇံစကားက ကရင့် တော်လှန်ရေးကို ကိုယ်စားပြုခဲ့တယ်” တဲ့....။
ဖဒိုမန်းငြိမ်းမောင်ဟာ တော်လှန်ရေးအတွက် ခရီးထွက်ရတဲ့အခါ တောတောင်မြစ်ချောင်း တွေကို ဖြတ်သန်းခဲ့ရတယ်။ အဲဒီအတွေ့အကြုံတွေနဲ့ လူတွေရဲ့ အကြောင်းခုလို ဥပမာ ပေးတတ်တယ်။
“ချောင်းလေးမြောင်းလေးတွေက အော်မြည်တတ်တယ်။ ရေစီးသန်တယ် ထင်ရပေမယ့် ကူးလို့ရတယ်။ ဘာနဲ့တူလဲ ဆိုတော့ မရင့်ကျက်တဲ့သူနဲ့ တူတယ်။
ရေပြည့်ရင် သိပ်ငြိမ့်ငြောင်းတယ်။ ရေစီးလည်း သန်တယ် တည်ငြိမ်တယ်။ ဘာနဲ့တူလဲဆိုတော့ ရင့်ကျက်တဲ့သူတွေနဲ့ တူတယ်။ တော်လှန်ရေး၊ နိုင်ငံရေး၊ တိုက်ပွဲထဲမှာ တောက်လျှောက်ပါဝင်ခဲ့သူတွေက စီးနေတဲ့ရေ၊ တေနေတဲ့ဓား၊
သွေးထားတဲ့ကျောက်လိုပဲ” တဲ့။
ဖဒိုမန်းငြိမ်းမောင်က တော်လှန်ရေး၊ နိုင်ငံရေး ထဲကသူတွေကိုတင် ကူညီတတ်တာ မဟုတ်ဘဲ တပ်မတော်ကနေ ထွက်ပြေးလာတဲ့ စစ်ဗိုလ်စစ်သားတွေကိုလည်း ကူညီပေးပါတယ်။ “စစ်ဗိုလ် စစ်သားဆိုတာ တော်လှန်ရေး နိုင်ငံရေး သမားတွေ့နဲ့ ဆန့်ကျင်ဘက်အမြင် ရှိသူဆိုပြီး လွတ်မြောက် နယ်မြေမှာ တချို့လူတွေက မယုံကြည်ချင်ကြဘူး။ သူတို့တွေဟာ ငြင်းဆန်လို့မရတဲ့ စနစ်ရဲ့ သားကောင်တွေပါ။ ဒါကြောင့် သူတို့ကို ပိုပြီးဖေးမ,ရမယ်” လို့ပြောခဲ့သလို လက်တွေ့လည်း ကျင့်ကြံခဲ့တယ်။ ဒါကြောင့်လည်း ဒုက္ခသည်စခန်းက စစ်ဗိုလ် စစ်သားလေးတွေက “အတီး” “အတီး” နဲ့ ဖဒိုမန်းငြိမ်းမောင်ကို လေးစားချစ်ခင်ခဲ့ကြတယ်။
ဖဒိုမန်းငြိမ်းမောင် ကရင်နှစ်သစ်ကူးမှာ မိန့်ခွန်းပြောတဲ့အခါ သူအသံထဲက ပဲ့တင်ရိုက်နေတဲ့ သူ့မေတ္တာကို မျက်လုံးတွေထဲကလည်း တွေ့ရတယ်။
“လေးစားရတဲ့ တိုင်းရင်းသားညီအကိုများခင်ဗျာ… ကျနော်တို့ဟာ ပြောဆိုတဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံများ မတူညီကြသော်လည်း သဘာဝအရတူညီတဲ့ ညီအကိုတော်များ ဖြစ်ကြပါတယ်။
စစ်အာဏာရှင်စနစ်အောက်မှာ လူမျိုးရေးအရ နိုင်ငံရေးအရ၊ ယဉ်ကျေးအရ အဖိနှိပ်ခံနေရပါတယ်။ ကျနော်တို့ဟာ အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ဘဝဖြစ်ပေါ် တိုးတက်ရေးနဲ့ ငြိမ်းချမ်းသာယာ ဝပြောရေးအတွက် စစ်အာဏာရှင်တွေဆီမှာ တင်ပြတောင်းဆို တိုက်ပွဲဝင်ခဲ့ကြသူတွေပါ။
သူများနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ ကရင်နှစ်သစ်ကူးပွဲကို ကျင်းပနေချိန်မှာ ကျနော်တို့ ကရင်လူမျိုးတွေ တောတောင်
တွေထဲမှာ ဘဝလုံခြုံဖို့ အသက်ရှင်ရပ်တည်နိုင်ဖို့ တိရစ္ဆာန်တွေလို ပြေးလွှားပုန်းအောင်း နေကြရတယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည် ဖော်နိုင်ရင်တော့ ကျနော်တို့ တိုင်းရင်းသား ညီအကိုတွေရဲ့ဘဝ တည်ငြိမ်တိုးတက်ပြီး တန်းတူရေးနဲ့ လူ့အခွင့်အရေးကို သာတူညီမျှခံစားရမှာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိပါစေလို့ ဒီအခမ်းအနားကနေ ဆန္ဒပြုလိုက်ရပါတယ်”......။
၂၀၀၉ ဒီဇင်ဘာ ကရင့်နှစ်သစ်ကူးမှာ ပြောခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်ရဲ့ မိန့်ခွန်းက ခုချိန်ထိ ပဲ့တင်ထပ် နေတုန်းပါပဲ။
သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ ပထမဆုံး နိုင်ငံရေး အကျဉ်းသား ဖဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးမှ နောက်မှုတိုးပြီး ရုံးတင်စစ်ဆေးခဲ့တာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးကို အင်မတန်မှ အကျည်းတန်စေခဲ့ပါတယ်...။
ရပ်နားခြင်း မရှိသေးတဲ့ ဖဒိုမန်းငြိမ်းမောင်ရဲ့ဘဝကဗျာတွေအတွက် လိုက်ဖက်တဲ့ ကာရန်တွေ ထွက်ပေါ်လာမယ်လို့ ကျမတို့ ယုံကြည်လျက်ပါ.....။
နှင်းပန်းအိမ်
Tuesday, March 6, 2012
Monday, March 5, 2012
မင်းအောင်လှိုင်ရဲ့မုဒိန်းတပ်မတော်အရေးသုံးပါး
(၁) တိုင်းရင်းသားနယ်မြေများအားနယ်ချဲ့ စိုးမိုးခြင်း။
(၂)တိုင်းရင်းသူ/တိုင်းရင်းသားမျုားကိုအနုနည်းသော်၎င်းအကြမ်းနည်းသော်၎င်း
နည်းမျိုးစုံဖြင့်အမြစ်ပြတ်သုတ်သင်အစဖျောက်ခြင်း။
(၃)သွေးနှောစနှစ်ဖြင့်ညင်သာစွာထာဝရရာသက်ပန်မျိုးဖျောက်ခြင်း။
ဗမာစစ်သည်ဟုသံသယရှိသူ၂ဦးကရင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့
ဲ March 5 2012--မတ်လ ၅ရက်၊ ၂၀၁၂၊ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် မော်လီချိုင်း(သေ့ဘောဘိုး)ကျေးရွာတွင် အစိုးရစစ်သည်ဟု ထင်ရသူ အမျိုးသား ၂ဦးသည် ယမန် နေ့က ကရင်အမျိုးသမီးတစ်ဦးအား အတင်းအဓမ္မ ပြုကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။ယမန်နေ့ညနေ ၄နာရီအချိန်တွင် အစိုးရစစ်သည်ဟု ထင်ရသူ အမျိုးသား၂ဦးသည် သေ့ဘောဘိုးကျေးရွာအပြင် လမ်းခုလတ်တနေရာ တွင် အလုပ်လုပ်နေသူ အသက် ၂၂နှစ်အရွယ် ကရင်အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ရန် ကိုယ်ထိလက်ရောက် ကြိုးပမ်းခဲ့ကြသည်ဟု ၎င်းအဖြစ်အပျက်ကို ဆောင်ရွက်ပေးနေသူ ကရင်အမျိုးသမီးအစည်းအရုံးKWOမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။သူမက “သူ(အမျိုးသမီးငယ်) ပြောပြတာကတော့ အဲဒီစစ်သား ၂ယောက်က သေနတ်ရယ်၊ စစ်ယူနီဖောင်းရယ်ပါတယ်။ သူတို့ပြောတဲ့ စကားတွေ အားလုံးလည်း နားမလည်ဘူး။ သူ့ကို ဆေးတမျိုး အတင်းပေးနမ်းလို့ သူမူးဝေသွားတော့ တောတစ်နေရာကို ခေါ်သွားတယ်။ သူ့ကို အဓမ္မကျင့်ဖို့ လုပ်တော့မယ်အချိန်မှာ သေနတ်အသံတခုကြားလို့ အဲဒီလူနှစ်ယောက် ထွက်ပြေးသွားတယ်တဲ့။”ဟု ပြောသည်။၎င်းအမျိုးသမီးငယ်သည် အဆိုပါအမျိုးသား ၂နှစ်ဦး၏ အတင်းအဓမ္မ ဆွဲခေါ်မှုကို ကိုယ်လွှတ်ရုန်းရန် ကြိုးပမ်းရင်း သူမ၏ လက်နှစ်ဘက် မှာ ဒဏ်ရာအနည်းငယ်ရပြီး ယနေ့အထိ ၀မ်းဗိုက်အောင့်ကာ ခေါင်းမူးဝေလျှက်ရှိသည်။သူမအား ယနေ့ နေ့လည်တွင် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသို့ ပို့ဆောင်ခဲ့ပြီး သာမန် စမ်းသပ်မှုများ လုပ်ဆောင်ပေး ခဲ့သော်လည်း အဓမ္မပြုကျင့်မှု အထမြောက်မမြောက်ကိုမူ မသိရှိရသေးကြောင်း KWO က ပြောသည်။အဓမ္မပြုကျင့်ရန် ကြိုးပမ်းခံရသူ ကလေး ၂ဦး၏ မိခင် အမျိုးသမီးမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မော်လီ ချိုင်း (သေ့ဘောဘိုး)ကျေးရွာတွင် ခင်ပွန်းသည်နှင့်အတူ နေ့စားလုပ်ကိုင်နေသူ ဖြစ်သည်။ထိုနယ်မြေတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ရင်း ၂၀၁မှ ဒုရင်းမှူး ဗိုလ်မှူးကြည်အောင်က အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သူ အမျိုးသား ၂ဦးမှာ မြန်မာပြည်ဘက်ခြမ်း သေဘောဘိုးကျေးရွာ အခြေစိုက် အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် -စကခ(၁၂) လက် အောက်ခံ ခလရ(၂၉၉)မှ စစ်သည်များဖြစ်ကြသည်ဟု ပြောသည်။၎င်းက “မနေ့တုန်းက ဗမာစစ်သား ၂ယောက် လက်နက် ၂လက်နဲ့အတူ ထိုင်းဘက်ခြမ်းကို ကူးသွားတယ်လို့ အဲဒီဘက် (သေ့ဘောဘိုး ကျေးရွာ)မှာရှိတဲ့ ဒီကေဘီအေက ကျနော်တို့ကို သတင်းပေးတယ်။ ကျနော်တို့ စုံစမ်းချက်အရဆို အဲဒီဗမာစစ်သား ၂ယောက်ရဲ့ လက် ချက်ပဲ”ဟု ကေအိုင်စီသို့ ပြောသည်။ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀နီးပါးရှိ မော်လီချိုင်း(သေ့ဘောဘိုး)ကျေးရွာ၏ မျက်နှာချင်းဆိုင် မြန်မာနိုင်ငံဘက် ခြမ်း သေ့ဘောဘိုးမှ အူးကလေ့ထာ့ နေရာတ၀ိုက်တွင် ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်မိုး ဦးစီးသည့် ခလရ(၂၉၉) လှုပ်ရှားရာနယ်မြေ ဖြစ် သည်။ ပြီးခဲ့သည့် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ၂၄ရက်နေ့ကလည်း အစိုးရစစ်တပ်မှ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ)ကို အကြီးအကျယ် ထိုးစစ်ဆင်သည့်ကာလကလည်း ဝေါ်လေဒေသမှ အသက် ၁၅နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ တရားခံ မပေါ်ဘဲ အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။
Sunday, March 4, 2012
Saturday, March 3, 2012
Monday, February 27, 2012
DKBA နှင့် အစိုးရတို့၏ လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေး သဘော တူညီချက်
အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ ဒုတိယနေ့ အဖြစ် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) တပ်မဌာနချုပ်၌ ဆက်လက်ဆွေးနွေး ခဲ့ပါသည်။ ဤ ဆွေးနွေးပွဲမှ နှစ်ဖက်တပ်များ၊ နေရာ ချထားရေးနှင့် လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေးကို အောက်ပါ အတိုင်း သဘောတူညီ ခဲ့ပါ
သည်။
ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ကလို့ထူးဘောမှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြုံရေးကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါသည်။
(၁) မယ်တဝေါဒေသတွင် လှုပ်ရှားနေသော၊ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့အား၊ ဗိုလ်ချုပ်စောလားဘွယ်ဦး ဆောင်သော ကလို့ထူးဘော လက်အောက်ခံ တပ်ဖွဲ့ဖြစ်ြော့င်း သဘောတူသည်။ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတို့ တပ်ဖွဲ့ လက်နက် အပြည့်အစုံ ကိုင်ဆောင်၍ မြိုင်ကြီးငူသို့လည်းကောင်း၊ ပတ်ဝန်းကျင်ဒေသသို့ လည်းကောင်း၊ လုံး၀၀င် ထွက်သွား လာခွင့် မရှိကြောင်း သဘောတူသည်။
(၂) အခြားမည်သည့် ပုဂ္ဂိုလ်တဦးဦးမှ ခေါင်းဆောင်၍ လည်းကောင်း၊ လိုက်ပါ၍ လည်းကောင်း၊ မြိုင်ကြီးငူ ပတ်ဝန်းကျင်ဒေသသို့ လက်နက်ခဲယမ်း အပြည့်အစုံ ကိုင်ဆောင်၍ လိုက်ပါလာပြီး အခြေချခြင်း မပြုရန် သဘောတူသည်။
(၃) ကလို့ထူးဘော တပ်ဖွဲ့ဝင်များသည်၊ မြိုင်ကြီးငူဒေသ၀န်းကျင်တွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေးအတွက် အစိုးရ တပ်မတော်နှင့်လည်းကောင်း၊ တပ်မတော် ကွပ်ကဲမှုအောက် တပ်ဖွဲ့များနှင့် လည်းကောင်း၊ ရန်ဖက်အသွင် မဆောင်ဘဲ မိတ်ဖက်အဖြစ် ဆက်ဆံသွားရန် သဘောတူသည်။
(၄) သတ်မှတ်သည့်နေရာ၌ အခြေပြုရန် သဘောတူထားသည့် ကလို့ထူးဘော တပ်ဖွဲ့ဝင်များ၏ နေထိုင်ရေး၊ စားဝတ်နေ ရေး၊ များကို အစိုးရမှ ကူညီဆောင်ရွက်ပေးရန် သဘောတူသည်။
(၅) စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့ဝင်များ၊ နယ်မြေကျော်လွန်၍ သွားလာလှုပ်ရှားမှုများကို ဒေသခံ တပ်မှူးများ၊ နှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။
DKBA နှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးပုံ (ဓါတ်ပုံ - DKBA ပြန်ကြားရေး)
(၆) ဗိုလ်ချုပ်စောလားဘွယ် ဦးစီးသော ကလို့ထူးဘော တပ်ဖွဲ့ဝင်များ အားလုံး၏ ယူနီဖေါင်းတွင် ရင်ဘတ်၊ လက်မောင်းတံ ဆိပ်များကို ကလို့ထူးဘော တံဆိပ်တပ်ဆင်၍ သွားလာခြင်းမပြုဘဲ ကြိုတင်ညှိနှိုင်း၍ ပြည်နယ်တွင်း သွားလာရန် သဘော တူသည်။
(၇) တည်ဆောက်ထားသော ငြိမ်းချမ်းရေးကို ထာဝရခိုင်မြဲစေရန်အလို့ငှာ ပြသနာ တစုံတရာ ပေါ်ပေါက်ခဲ့သော် လက်နက် ဖြင့်မဖြေရှင်းဘဲ နယ်မြေဒေသရှိ စစ်ဖက်နယ်ဖက် အကြီးအကဲများနှင့် ညှိနှိုင်းပြီး ဖြေရှင်းသွားရန် သဘောတူသည်။
ထို့အပြင် ကလို့ထူးဘော တပ်ဖွဲ့အား၊ ဆန်အိတ်တထောင်၊ ဆားတထောင်ပိသာနှင့် ဆီ (၅) ပုံး ပေးအပ်ခဲ့ပါသည်။ ဤတွေ့ဆုံပွဲ၌ ဒီကေဘီအေဖက်မှ ဗိုလ်မှူးချုပ် စောမိုရှေး ဦးဆောင်ပြီး၊ စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ် ဘိုဘိ၊ ဗိုလ်မှူးကြီး စောမောင်လေး ( မြ၀တီရုံး ဆက်ဆံရေးတာဝန်ခံ)၊ ဗိုလ်မှူးစောလုံလုံ၊ ဗိုလ်ကြီးစောကိုမျိုးတို့ အပါဝင် အဖွဲ့ဝင် (၇)ဦး တက်ရောက်ခဲ့ပြီး၊ အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ၊ဖေါ်ဆောင်ရေးမှ ဦးအောင်သောင်း၊ ဦးဇော်ဝင်း (နယ်စပ်ရေး ရာဝန်ကြီး)၊ ဦးဇော်မင်း (ကရင်ပြည်နယ်ဝန်ကြီးချုပ်)၊ စောခင်စိုး (ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဖေါ်ဆောင်ရေးအဖွဲ့) နှင့်စစ် ဖက်ခေါင်းများက တက်ရောက်ဆွေးနွေးခဲ့ပါသည်။

