Tuesday, August 2, 2011

တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေး မျှော်လင့်ချက်နည်းဟု UNFC ပြော


သြဂုတ်လ ၂ရက်။ စောခါးစူး (ကေအိုင်စီ)
တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့-KIO ၏ တောင်းဆိုမှုကို အစိုးရဘက်မှ လိုက်လျောမည်မဟုတ်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံ သာက ပြောကြားလိုက်သည်။
“အစိုးရက ကချင်အဖွဲ့ကိုပဲ ဒီလိုတွေ့တာ နည်းပရိယာယ်တမျိုးပဲ။ တကယ်လို့ ကချင်နဲ့သာ အပစ်အခတ်ရပ်ရေး သဘောတူညီမှု ရရင် ကရင်၊ ကရင်နီ၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတိုက်မယ့် သဘောပဲ။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
သြဂုတ်လ ၁ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာ၌ KIO နှင့် မြန်မာအစိုးရ ကိုယ်စား လှယ် ပြည်နယ်အာဏာပိုင်များ ထပ်မံ တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် ပတ်သက်၍ ထူးခြားသည့် ရလာဒ် တစုံတရာ ပေါ်ထွက်မလာခဲ့ပေ။
လက်ရှိ မြန်မာအစိုးရ၏ အနေအထားမှာ ပြည်နယ်အစိုးရအဆင့်၌ လုပ်ပိုင်ခွင့်တမျိုးနှင့် ဗဟိုအစိုးရအဆင့်၌ လုပ်ပိုင်ခွင့်တမျိုး ဖြစ် နေသည့်အတွက် အစိုးရနှင့် ကေအိုင်အိုကြား ဆွေးနွေးမှုသည် ယခုကဲ့သို့ အကျိုးသက်ရောက်မှု နည်းသွားရခြင်း ဖြစ်သည်ဟု လည်း ၎င်းက ထောက်ပြသည်။
ဆွေးနွေးပွဲတွင် KIO ဘက်မှ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သည့်အဖွဲ့၊ မြန် မာအစိုးရဘက်မှ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်သည့်အဖွဲ့နှင့် ကချင်အ တိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးဆင်ဝါးနောင်တို့ ပါဝင်သည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO သည် ၁၉၉၄ခုနှစ်မှ စ၍ စစ်အစိုးရနှင့် ၁၇နှစ်ကြာ ငြိမ်းချမ်းရေးသဘောတူညီချက်ရပြီး နောက် ယခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြားကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးသူ ဒုက္ခသည်ပေါင်း နှစ်သောင်းခန့်ရှိကြောင်း ကချင်စစ်ပြေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
KIO သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလလယ်က ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၁၂) ဖွဲ့ပါဝင်သည့် UNFC တွင် ပါဝင်ပြီး အဆိုပါအဖွဲ့ကို မေလအတွင်း၌ အဖွဲ့(၆)ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာတွင်လည်း အမာခံအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
UNFC ၏ နိုင်ငံရေး ဦးတည်ချက်မှာ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပြီး ၎င်းတို့ အဖွဲ့ဝင် မည်သည့်အဖွဲ့ကို မဆို မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ကျန်အဖွဲ့များက ပူးပေါင်းလက်တွဲ ပါဝင် တိုက်ခိုက်သွားရန် မူဝါဒ ချမှတ်ထားသည်။
လက်ရှိ UNFC အဖွဲ့တွင် KIO၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ မွန်ပြည်သစ်ပါတီ- NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်း ပြည်တပ်မတော်-SSPP/SSA၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့ ပါဝင်သည်။
အဖွဲ့တွင် မပါဝင်တော့သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF ၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ-LDU ၊ ညီညွှတ် သော ရခိုင်အမျိုးသားပါတီ-NUPA ၊ “၀” အမျိုးသားအဖွဲ့ချုပ်-WNO ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့-PNLO ၊ ကချင်အ မျိုးသားအဖွဲ့-KNO အဖွဲ့(၆)ဖွဲ့တို့လည်း ဆက်စပ်အဖွဲ့များအဖြစ် ဆက်လက်တည်ရှိသည်။

11ReadMore-2.jpg

ရုပ်သံ - ပြန်ပေါင်းစည်းကြသည့် ကရင်တပ်များ

ဧရာဝတီ


11ReadMore-2.jpg

စာမတတ်တဲ့ လယ်သမားကို​ အာဏာပိုင်နဲ့ စီးပွားရေးသမား လိမ်လည်ပြီး လယ်သိမ်းယူ



ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် မြန်မာကရင်စုကျေးရွာမှာ အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေ ပူးပေါင်းပြီး စာမတတ်တဲ့ လယ်သမားတွေရဲ့ လယ်ကို လိမ်လည်သိမ်းယူမှု ဖြစ်ပွားခဲ့ပါတယ်။
ကျိုက်လတ်မြို့နယ် မြန်မာကရင်စုရွာမှာနေတဲ့ ကိုအောင်စိုးနဲ့ မောင်နှမသုံးဦးပိုင် လယ်မြေကို စီးပွားရေးသမားနဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းသိမ်းယူတာ ဖြစ်ပါတယ်။
ကိုအောင်စိုးနဲ့ မောင်နှမတွေဟာ မြန်မာကရင်စုရွာမှာရှိ သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေ ၆ ဧက လုပ်ခဲ့လာတာ နှစ်ပေါင်းများစွာ ရှိနေပေမယ့် အာဏာပိုင်က စာမမတ်တဲ့ ကိုအောင်စိုးကို လက်မှတ်အတုနဲ့ နိုင်ငံတော်က လယ်မြေ သိမ်းယူကြောင်း ပြောခဲ့ပါတယ်။
အဲဒီလယ်ထဲ ဆက်လုပ်နေတဲ့ ကိုအောင်စိုးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆို ထောင်ချခဲ့တဲ့ အပြင် ပြီးခဲ့တဲနှစ် ဆောင်းစပါး ရိတ်သိမ်းပြီးလို့ စပါးကို လယ်ထဲကနေ အိမ်ကိုသယ်ယူချိန် အာဏပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
မိမိလယ်မြေက စပါးကို သိမ်းဆည်း သယ်ယူနေတာကို အာဏာပိုင်တွေက ခိုးမှုနဲ့ဆိုပြီး ကိုအောင်စိုးကို ကျိုက်လတ်မြို့နယ် ရဲစခန်းမှာ ပြီးခဲ့တဲ့ မေလကစပြီး ချုပ်နှောင်ထားတယ်လို့ ကိုအောင်စိုးရဲ့ညီ ကိုကိုကြီးက ပြောပါတယ်။
“ကျနော်တို့ စပါးကို ကျနော်တို့ ပြန်ဖမ်းတာပေါ့နော်။ ရဲအုပ်သီဟကျော်ရယ်၊ မြန်မာကရင်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ရယ်၊ ဦးသောင်းစိန်နဲ့ အပေါင်းအပါတွေက ကျနော့်အကို ကိုအောင်စိုးကို လာခေါ်သွားတယ်။ ကျနော်က လိုက်ပြီး မေးတဲ့အခါကျတော့ ဒုရဲအုပ် သီဟကျော်က ကျနော့်ကို ပြောတယ်။ မင်းအကို အောင်စိုးကို ၃၇၉ နဲ့ အထက်က အမိန့်ကျလို့ သူတို့ ဖမ်းရတာတဲ့။ လုပ်ကြံပြီးတော့ လယ်ယာမြေကို လက်မှတ်အတုနဲ့ သိမ်းဆည်းလိုက်တယ် ဆိုပြီးတော့ ပိုင်နက် ကျူးလွန်မှုနဲ့ သူတို့က ကိုအောင်စိုးကို ထောင်ချထားပြီး ခိုးမှုနဲ့ အခု ထပ်ပြီးတော့ စွဲထားတယ်။ ကျနော့်အကို ကိုအောင်စိုးက စာမတတ်ဘူး။ လက်ဗွေပဲ နှိပ်တယ်။ အဲဒါကို မြန်မာကရင်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နဲ့ ဦးသောင်းစိန်နဲ့ ဒုရဲအုပ် သီဟကျော်က လက်မှတ်အတုလုပ်ပြီး မြို့နယ်က လူတွေ အကုန်လုံးကို လိမ်ပြီး လုပ်နေတော့။ ကျနော်တို့က အခု ခိုးမှုလည်း မြောက်နေတယ်၊ ကျနော့်အကိုက ထောင်လည်း ကျသွားလို့ နစ်နာနေပြီ။ ဒါကြောင့်မို့ ကျနော်က အခုလို တိုင်ရတာပါ။”
ကိုအောင်စိုးကို ချုပ်နှောင်ထားပြီး သူ့ဇနီး မကြည်ကြည်ခင်ကိုပါ အကျိုးဖျက်စီးမှုနဲ့ ခိုးမှုစတဲ့ အမှုနှစ်မှုနဲ့ ထမ်မံ တရားစွဲထားပါတယ်။
မကြည်ကြည်ခင်မှာ လူမယ် ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ရင့်နေပြီမို့ အာမခံနဲ့ ပြန်လွတ်ပေးထားတယ်လို့ မကြည်ကြည်ခင်က ပြောပါတယ်။
“ကျမတို့ ဥစ္စာကို သူတို့က သိမ်းဆည်းပြီးတော့ မတော်မတရား လုပ်ကြံပြီးတော့ လက်မှတ်အတုနဲ့ ကျမယောက်ျားက လယ်ယာမြေကို အပ်ပါတယ်ဆိုပြီး ရုံးတင်လိုက်တယ်။ အခုတခါ ကျမတို့က ကျူးကျော်ပါတယ် ဆိုပြီးတော့ ကျမတို့ကို ခိုးမှုနဲ့ရော ကျူးကျော်မှုနဲ့ပါ ပြန်လုပ်ထားတယ်။ ကျမတို့မှာ အချုပ်ထဲ ချုပ်ခံရတဲ့သူနဲ့ အပြင်မှာ အာမခံ ထားရတဲ့သူနဲ့။ ကျမမှာလည်း ကလေးနှစ်ယောက်ရှိတယ်။ နောက်ထပ်လည်း ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ စားဝတ်နေရေးကလည်း မပြေလည်ဘူးလေ။ ကျမယောက်ျားကလည်း မရှိဆိုတော့ ကျမဘ၀ အခက်အခဲကို မနည်းကို ကြိုးစားနေရပါတယ်။”
ဒီလို မတရား ပြုလုပ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ၊ မြို့နယ်တွေအထိ တက်ရောက် တိုင်ကြားပေမယ့်လည်း သူ့တို့အမှုကို အရေးယူ ဆောင်ရွက်ပေးမှု မရှိဘူးလို့ ကိုကိုကြီးက ပြောပါတယ်။
ဒီလို အရေးမယူပေးတာဟာ မြန်မာကရင်စုရွာ အာဏာပိုင်တွေက လိမ်လည်ပြီး လက်မှတ်အတုနဲ့ သိမ်းဆည်းထားတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ မိမိပိုင်လယ်မြေထဲ ၀င်ရောက်လုပ်ကိုင်လို့ မရတော့ဘဲ စီပွားရေးသမားနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ငှားရန်းထားတဲ့ သူတွေက ၀င်ရောက် လုပ်ကိုင်နေတဲ့အတွက် စားဝတ်နေရေး ကျပ်တည်း ကုန်တယ်လို့ မကြည်ကြည်ခင်က ပြောပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates