Friday, October 14, 2011

ဟောဒီက ဖက်ဒရယ်အတု (မန်းကိုကို)



ဒေါက်တာ (ဦး)လှိုင်မြင့်လည်း ဖက်ဒရယ်အကြောင်း ရေးရင်းရေးရင်းနဲ့ ဝင်လာသမျှကို ဆန်စင်ရာ
ကျဉ်ပွေ့လိုက်သလို တုန့်ပြန်ရေးနေရတော့ အတော်လည်း မောနေရော့တော့မယ်လို့ ထင်မိတယ် ။

ဦးလှိုင်မြင့်ရဲ့ စာတွေကရှည် ၊ ကွန်မန့်တွေကများ ၊ တုံ့ပြန်ရေးသူတွေလည်း ပေါ်လာတာကြောင့် ၊
ဖတ်ရင်းနဲ့ အာရုံသိပ်မစိုက်နိုင်တော့လို့ အများကြီးဆက်မရေးခင် အရေးအကြီးဆုံး အခြေခံတစ်ချက်
ကိုပဲ အရင်ဆုံးပြောချင်ပါတယ် ။ ဒီအချက်ဟာ တိုင်းရင်းသားအရေး ၊ ဖက်ဒရယ်အရေး စတာတွေရဲ့
အနှစ်ချုပ်လို့နားလည်မိပြီး ဦးလှိုင်မြင့် ကြိုးစားပမ်းစား ရေးခဲ့သမျှတွေအားလုံးကိုလည်း ခြုံငုံဖြေပြီး
သား ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ် ။

ရှင်းရှင်းလေးပါ ၊
“တိုင်းရင်းသားတွေအတွက် လူသားတစ်ယောက်မှာရှိသင့်တဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိရှိ
ရပ်တည်သွားနိုင်ကြဖို့ ခိုင်မာတဲ့အာမခံချက်” လိုအပ်နေတာပါပဲ ။

ဒါပေမယ့် လက်ရှိမှာ လက်ဆုပ်လက်ကိုင်ထားစရာဆိုလို့ ဖက်ဒရယ်ပဲရှိတော့ ၊ ဖက်ဒရယ်စကားပဲ
ပြောကြရတာပါ ။ ဦးလှိုင်မြင့်ဖြစ်စေ ၊ တစ်စုံတစ်ယောက်က ဒိထက်သာလွန်တဲ့ ပုံစံတစ်ခုခုကို လက်ခံ
နိုင်လောက်တဲ့ အနေအထားရှိကြောင်း အချက်အလက်စုံစုံလင်လင်နဲ့ ချပြနိုင်ရင် ပွဲသိမ်းပါပြီ ။

သို့ပေမဲ့ မရှိလေဘူး မဟုတ်လား ။ ဒီတော့ ရှိထားတဲ့ ဖက်ဒရယ်ကိစ္စကိုပဲ ကောက်သင်းကောက်
သလို ထင်တာမြင်တာတွေကို အပျက်ဖက်ကကြည့်ပြီး ဝေဖန်လာတဲ့အခါ ပြန်မပြောလည်းခက် ပြော
ရလည်းခက်ခက် ဖြစ်နေပါတယ် ။ ဦးလှိုင်မြင့်ရဲ့ လေနှင်ရာအတိုင်းလားပြီး အကုန်ပြန်ပြောဖို့ စဉ်းစား
ရေးထားတာတွေရှိပေမဲ့ အချိန်ကုန်သက်သာအောင် အချို့အချက်ကလေးတွေပဲ ပြောကြည့်ပါရစေ ။

ကျွဲကူးရေပါ

ကနေ့ လူငယ်ပိုင်း အတော်များများ ပြောကြတဲ့စကားပါ ။
ဒီမိုကရေစီရရင် ကျွဲကူးရေပါဆိုသလို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးလည်း အလိုအလျှောက်
ရလာမှာပါလို့ ဆိုကြတယ် ။

သူတို့လေးတွေကို မှားတယ်လို့ပြောရင် ရက်စက်ရာကျမှာစိုးလို့ “ပဒေသရာဇ်တွေရဲ့ ခေတ်ကနေ
စပြီး မျက်မှောက်ကာလအထိ တိုင်းရင်းသားတွေ ဘယ်လိုအခွင့်အရေးတွေများ အလိုအလျောက် ရ
လာခဲ့ဖူးသလဲ” လို့ ချိုချိုသာသာ မေးရမလို ဖြစ်နေတယ် ။ ဒါပေမယ့် တိုင်းရင်းသားတွေကို လိုအပ်
တဲ့အချိန်မှာ သကြားလုံးနဲ့ ချော့တာတွေကိုတော့ အကြောင်းမပြပါနဲ့လို့ ပြောချင်ပါတယ် ။ အဲဒီလို
ပြောရင် သကြားလုံးနောက်က တွဲလျက်ပါလာတဲ့ နားရင်းတီးတာတွေကိုပါ ထည့်ပြောလာတဲ့အခါ
မျက်စိမှိတ်ငြင်းခုံတာတွေနဲ့ပဲ အဆုံးသတ်ကြရမှာမို့ပါ ။

ဗမာတွေရဲ့ အတွေး

“တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ်”
“အကြပ်ကိုင်သမျှ လည်စင်းခံနေရတော့မှာ”

ဦးလှိုင်မြင့်ဟာ ဗမာစစ်စစ်ဟုတ်မဟုတ် ကျနော်မသိပါဘူး ။ ဒါပေမယ့် ဗမာတွေရဲ့အတွေးကို သူ့
အရေးမှာ ထင်ဟပ်ပြထားတယ်ဆိုတာ မြင်ရပါတယ် ။ စွပ်စွဲတယ်လို့ မယူဆစေလိုပါ ။ ကျနော်ဟာ
ဗမာလို့ ခံယူထားကြသူတွေကြားမှာ ကြီးပြင်းလာသူ ၊ ဗမာအကြောင်း နောမကြေပေမယ့် အခြေခံ
သဘောလောက်ကိုတော့ သိမြင်ဖူးသူတစ်ယောက်အနေနဲ့ အမှန်အတိုင်းပြောတာပါ ။ ရှုတ်ချနေ
တာလည်း မဟုတ်ပါဘူး ။ အရှိကို အရှိအတိုင်း ပြောတာပါ ။

ခက်တာက တိုင်းရင်းသားတွေ ဘယ်လိုပြန်မြင်ကြမလဲဆိုတာကို ပြန်ပြီးစာနာပေးနိုင်ကြဖို့ စိတ်မ
မွေးနိုင်ကြတဲ့ ကိစ္စပါ ။ ကျနော်အပါအဝင် ပျော့ပျော့ပျောင်းပျောင်း ပြောသူတွေရဲ့ စာနဲ့ လေတွေဟာ
လည်း အလဟဿဖြစ်လာနေခဲ့တာ ကြာပဲကြာလှပါပြီ ။ ဦးလှိုင်မြင့်ရဲ့ တတိယဆောင်းပါးအောက်က
ကွန်မန့်လေးတစ်ခုကို နမူနာလေး ထည့်ပေးလိုက်ပါရစေ ။ ရေးတဲ့သူ မြင်သလို ဗမာအများစု သိမြင်
နားလည်လာတဲ့တနေ့ ၊ စာနာမှုတွေနဲ့ နီးစပ်လာနိုင်ကြပြီး အခက်ခဲ ပြဿနာတွေ ပြေလည်ဖို့ နီးစပ်
လာပြီလို့ ယူဆပါတယ် ။

ရွှေမြိုင်ဘချစ်(တိုကျို) said...
“လွတ်လပ်တဲ့ဒီမိုကရေစီ. နိုင်ငံမှာနေတဲ့သူတွေ. ကိုယ်တိုင်က. စည်း
လုံးညီညွတ်မှုမရှိဘဲ. ပြည်တွင်းကိုတော့စည်းလုံးညီညွတ်ကြနော်. လို့
တိုက်တွန်းနေတာ. တွေ့ရတော့. အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး
ဆိုတာကို. တော်တော်အချိန်ယူပြီး လုပ်ယူရမယ်လို့ထင်ပါတယ်၊. နှစ်ပေါင်း
၆၀. ကျော်အစိုးရအဆက်ဆက်ဟာ. မီးခဲပေါ်မှာ. ပြာ. လေးဘဲဖြူးဖြူးပြီး
အပေါ်ယံ စည်းရုံးညီညွတ်နေသယောင်ယောင်. လုပ်ခဲ့ပေမဲ့. တိုင်းရင်းသား
လူမျိုးစုတိုင်းရဲ့ရင်ထဲမှာ. ဒါဏ်ရာကိုယ်စီရှိနေခဲ့ကြတယ်၊. ကျွန်တော်ဟာ
မော်လမြိုင်မှာစက်မှုလက်မှုအထက်တန်းကျောင်း. တက်ခဲ့စဉ်တုံးက. ရေး၊
ထားဝယ်၊ မြိတ်၊ ကော့သောင်၊ ဖားအံ၊ ရခိုင်နဲ့ ဧရာဝတီတိုင်း. ကသူတွေနဲ့.
သူငယ်ချင်းဖြစ်ခဲ့ပါတယ်၊. အဲဒီကနေဖြစ်ချင်တော့. သိပ္ပံကို. မန္တလေးမှာ
သွားတက်ရတယ်၊. အဲဒီမှာ. ကချင်၊ ချင်း၊ ရှမ်း၊ ကယား၊ ရခိုင်၊ မြန်မာပြည်
အထက်ပိုင်းနဲ့. အလယ်ပိုင်း. မြို့တော်တော်များများ. ကသူငယ်ချင်းတွေ
ဖြစ်ခဲ့ပါတယ်၊. အဲဒီမှာ. တိုင်းရင်းသားတွေလူမျိုးတွေအားလုံးနီးပါးရဲ့. ဗမာ
လူမျိုးတွေအပေါ် ထားတဲ့သဘောထားနဲ့. အမြင်တွေဟာ. အံ့သြစရာကောင်း
လောက်အောင်. နီးနီးစပ်စပ်တူညီနေတာ တွေ့ရတယ်။”

တိုင်းရင်းသားတွေရဲ့ အမြင်

ကျနော့်အမြင်တွေကို အမြဲတမ်း အပြုသဘောဆောင်တဲ့ဖက်ကပဲ ရေးလေ့ရှိပါတယ် ။
ဒီပို့စ်မှာတော့ ဗမာတွေ ကိုယ့်ကိုယ်ကို ဓမ္မဓိဌာန်ကျကျ သုံးသပ်နိုင်မိကောင်း သုံးသပ်ဖို့အခွင့်အလမ်း
ရရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချို့လူတွေရဲ့ ထင်မြင်ချက်တွေကို တင်ပြတာပါ ။ အပြစ်တင်
ရှုတ်ချဖို့ မဟုတ်ဖူးဆိုတာလည်း ထပ်လောင်းပြောထားပါရစေ ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မလေးရှားမှာ ကြုံဆုံခဲ့ရတဲ့ ၊ လူတိုင်းနဲ့ အလွမ်းသင့်ပြီး ခုတော့ မရှိရှာ
တော့တဲ့ တိုင်းရင်းသား ဘာသာရေးဆရာဟောင်း တစ်ဦးရဲ့အမြင်ပါ ။ သူ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောခဲ့တာ
ကတော့ -
“အင်္ဂလိပ်တွေရဲ့ ဗိုက်ထဲမှာ ငါးမျှားချိတ် ၇ ချောင်းလောက် ရှိသလို ၊
သူတို့ဆီမှာ တပည့်ခံခဲ့တဲ့ ဗမာတွေရဲ့ ဗိုက်ထဲမှာလည်း အနည်းဆုံး
ငါးမျှားချိတ် ၃ ချောင်းလောက်တော့ ရှိတယ်ကွ” တဲ့ ။

လူရည်လည်တယ် ၊ ထက်တယ် ၊ ပရိယာယ်ကြွယ်တယ်လို့ ကိုယ့်ဘာသာ ဂုဏ်ယူတာတွေဟာ သူ
တစ်ပါးအတွက်တော့ လူလည်ကျတယ် ၊ လိမ်တယ် ၊ ကောက်ကျစ်တယ် စသည်ဖြင့် ဖြစ်သွားတတ်
တဲ့ လောကသဘာဝအတိုင်းလို့ ပြောလို့ရကောင်းပါမယ် ။ အချို့လုပ်ဆောင်ချက်တွေဟာ လူမျိုးတစ်
မျိုးရဲ့ ရေရှည်ရပ်တည်နိုင်မှုမှာ အထောက်ကူပေးတာမို့ အဆိုးအကောင်းတွေဟာ ကြည့်တဲ့ဖက်နဲ့ ကြည့်
တဲ့လူအပေါ်မှာလည်း မူတည်မှာပါပဲ ။ ရောင့်ရဲ့တတ်တဲ့ ၊ လောဘနည်းတဲ့ တိုင်းရင်းသားတွေအတွက်
တော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမိကြတာပဲလို့ သဘောထားလို့လည်း ရကောင်းရပါမယ် ။ ဗမာအချင်း
ချင်း ဒဏ်တွေခံလာခဲ့ဖူးတဲ့ ဦးလှိုင်မြင့်လည်း အတိုင်းအတာတစ်ခုအထိတော့ လက်ခံလိမ့်မယ်လို့ မျှော်
လင့်ပါတယ် ။ အသေးစိတ်တော့ မဆွပေးပါရစေနဲ့ ။

ဦးလှိုင်မြင့်လို ခပ်ပြင်းပြင်း ပြောရရင် ..

လက်တွေ့ဘဝကိုမှီပြီး ပြောရရင် - သင့်တင့်မယ့် ကျိုးကြောင်းထောက်ပင့်မယ့် စကားတွေသုံးပြီး
တိုင်းရင်းသားတွေဖက်က ပြောတဲ့အခါမှာ “ငါလိုးမသား ကရင် ၊ လူပါးဝလို့ကွာ” ဆိုတဲ့စကားတွေနဲ့
“တက်” တခေါက်ခေါက် လုပ်နေကြမယ့်သူတွေ ရှိသလို ၊ ဒိထက်မက ကြမ်းတမ်းတဲ့ စကားတွေနဲ့
မမှန်ပေမယ့် မာန်ဝင့်နေမယ့် ဗမာအချို့ကိုလည်း မြင်ယောင်မိပါတယ် ။ ဒါပေမယ့် သူ့တို့ကိုယ်တိုင်
တော့ “ငါတို့က မရဘူးကွ ၊ အကဲဆတ်တယ် ၊ မဟုတ်မခံကွ” ဆိုတာတွေနဲ့ မလုံမလဲကာကွယ်ကြ
မယ့် သူတွေပါ ။

ကိုယ့်ကရင်တွေထဲမှာလည်း ဂျပန်တို့ ၊ ကိုရီးယားတို့လို ၊ ဇွဲရှိရှိနဲ့ ပြာပုံထဲက ကြိုးစားလူးလဲထရမဲ့
အစား ကိုယ်က စေတနာနဲ့ ပြောတာတွေကိုတောင် “ဒီကောင်က ဘာကောင်လဲကွ ၊ အစိုးရလူလား ၊
သူလျိုလား ၊ တော်လှန်ရေးကို စော်ကားတာလား” ဆိုတာမျိုးတွေနဲ့ တစ်ထွာတစ်မိုက် အကျယ်အဝန်း
လောက်ပဲ မြင်နိုင်ကြတော့သူတွေလည်း မနည်းလှတာ သိသမှ သိပ်သိပါတယ်ဗျာ ။ ဒီလိုအပိုင်းတွေ
ကို တွေးမိရင် လေ့ကျက်ခဲ့သမျှ အသိနဲ့ သမာဓိတွေလည်း ပျောက်သွားတတ်တာမို့ မတွေး မပြောပဲကို
နေချင်ပါတယ် ။ ခုတော့လည်း ဦးလှိုင်မြင့်ကို အားကျမိပြီး တစ်ခါတစ်ရံ ထုတ်ရေးတာလို့သာ သဘော
ထားစေ လိုပါတယ် ။


ဦးလှိုင်မြင့် အားလုံး မှားသလား ..

ဘယ်သူမဆို အားလုံးမှားတယ်ဆိုတာတော့ မရှိနိုင်ပါ ။ ဦးလှိုင်မြင့် ရေးခဲ့တာတွေထဲက အချို့ကို
အတိုချုပ် ထုတ်နှုတ်ကြည့်ရင် -

(၁) အထက်လွှတ်တော် သို့မဟုတ် လူမျိုးစုလွှတ်တော်ဟာ ဥပဒေပြုအာဏာ မရှိဖူးလို့ပဲ နားလည်ပါ
တယ် ။ သူတို့ဟာ စက်ရုံတွေမှာ အရည်အသွေး ထိန်းသိမ်းတဲ့ဌာနလို အလုပ်လုပ်တယ်လို့ ယေဘုယျ
ပြောလို့ရတာမို့ ဦးလှိုင်မြင့် အမွန်းတင်လွန်ပြီး ကိုယ့်ဖက်ကိုယ်တွက်တာ နည်းနည်းများသွားတယ်လို့
ပြောချင်ပါတယ် ။ အောက်လွှတ်တော်အတွက်က အရှည်ကြီးပြောရပါမယ် ။ အတိုချုပ်ကတော့ တိုင်း
ရင်းသားတွေအတွက် ကိုယ်စားပြုမှု ရာခိုင်နှုန်းနည်းတယ်လို့ ဆိုချင်ပါတယ် ။

(၂) ပြည်နယ်အလိုက် ငွေကြေးနဲ့ အခြားအရာတွေ စီမံခန့်ခွဲတာတွေဟာ အစိုးရနဲ့ဆိုင်ပေမယ့် အုပ်
ချုပ်မှုယန္တယားနဲ့လည်း ဆိုင်ပါတယ် ။ လူတစ်ယောက် ၁ ကျပ် ၊ ဆယ်ယောက် ၁၀ နှုန်းလို့ တွက်လို့
မရပါ ။ လူ ၁၀၀ ဆံ့ ဆေးရုံဆောက်ရင် သိန်း ၁၀၀ ကုန်လို့ ၊ လူ ၁၀ ယောက်ဆံ့ ဆေးရုံသေးသေး
လေးဟာ ၁၀ သိန်းပဲ ကုန်ရမယ်လို့ ပုံသေတွက်လို့ မရသလိုပါ ။ စီမံခန့်ခွဲရေးကို နိုင်ငံရေးနဲ့ရောပြီး
ပုံသေကားကျ တွက်ကိန်းထုတ်မပြဖို့ မေတ္တာရပ်ခံချင်ပါတယ် ။

(၃) တိုင်းရင်းသားတွေရဲ့ “တန်းတူရေး” ဆိုတာနဲ့ အများဆန္ဒဆိုတာတွေကို လှေနံဒါးထစ်သလို ပြော
သွားတာတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ တစ်ဦးနဲ့တစ်ဦး လေးစားမှု ၊ လူနည်းစုရဲ့ ရပိုင်
ခွင့်တွေကို အာမခံပေးမှု ဆိုတာတွေကို မျက်ကွယ်ပြုသလို ဖြစ်နေပါတယ် ။ ပြန်ဆန်းစစ်ကြည့်စေချင်
ပါတယ် ။

(၄) လွှတ်တော်အမတ်တွေ နိုင်ငံသားနှစ်ခု ခံထားလို့ရတယ်ဆိုတဲ့ကိစ္စကတော့ ဆက်ဆွေးနွေးဖို့ လို
ကောင်းလိုပါမယ် ။ ကျနော်တစ်ယောက်ထဲသဘောကတော့ - နိုင်ငံသားနှစ်ခုဖြစ်နေရင် တစ်ခုကိုစွန့်
လွှတ်ပြီးမှ ရွေးကောက်ပွဲဝင်ပါမယ် ။ လူ့ကျင့်ဝတ်အရ တွေးတာပါ ။

(၅) ဦးလှိုင်မြင့်က နိုင်ငံသားနှစ်ခု ခံယူထားသူကို အိမ်ထောင်နှစ်ဆက်ပြုသူတစ်ယောက်နဲ့ စံနမူနာ
ပေးပြခဲ့ပါတယ် ။ ကောင်းပါတယ် ၊ ကျနော်လည်း တစ်မျိုးတွေးမိပါတယ် ။ အိမ်ထောင်တစ်ခုမှာ “မိန်း
မ”က ဒါးနဲ့လိုက်ခုတ်လို့ တပြည်တရွာမှာ ရပ်တည်နိုင်ဖို့အတွက် နောက်အိမ်ထောင်ပြုလိုက်ရသူကို အ
ပြစ်တင်ရင်း အိမ်ကနေ ကြိတ်မနိုင်ခဲမရဖြစ်ပြီး ဒါးရမ်းစောင့်နေတဲ့ ပထမအိမ်ထောင်က မိန်းမရဲ့ အဖြစ်
မျိုး မြန်မာပြည်မှာ ဖြစ်နေသလားလို့ပါ :-)

(၆) “မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍက ရှိနေပါဦးမယ်” ဆိုတာကိုတော့ ငြင်းစရာ မရှိပါ ။

ဒီလောက်အထိ ရေးလာတာ ၊ ဦးလှိုင်မြင့်ပြောနေတဲ့ ရှစ်ပြည်နယ်မူအကြောင်း တစ်လုံးမှ မဟလို့
ထူးဆန်းကောင်းထူးဆန်းပါမယ် ။ ကျနော် လက်လှမ်းသိပ်မမီတဲ့ကိစ္စကို မကိုင်ချင်တာပါ ။ ခုလည်း
ဖက်ဒရယ်အကြောင်း ဆွေးနွေးထားချက်တွေ လက်နှိပ်စက်ရိုက်ဖို့ တစ်ထပ်ကြီးလာပေးထားတာ ရှိပါ
တယ် ။ မအားလို့ မလုပ်ဖြစ်သေးတာကြောင့် ဖတ်လည်း မဖတ်ဖြစ်သေးပါဘူး ။ ရိုက်ပြီးတဲ့အခါ ၊ အ
ခြားစာတွေလည်း ဖတ်ပြီးတဲ့အခါ အမြင်တစ်မျိုးထွက်လာပြီး ထပ်ဆွေးနွေးမိကောင်း ဆွေးနွေးမိနိုင်
ပါတယ် ။ လတ်တလောမှာတော့ လူ့ကျင့်ဝတ် ၊ သာမန်အတွေးအမြင်တွေအပေါ်ပဲ အခြေခံပြီး ရေး
လိုက်တာပါ ။

အမှန်က ခုနေခါမှာတောင် critical thinking ထဲက fallacies ဆိုတာတွေနဲ့ တိုက်ဆိုင်ပြီး ဦးလှိုင်မြင့်
ရေးတာတွေကို တစ်ခုချင်း ဆန်းစစ်ကြည့်ရင် အောင်မှတ်ရမယ့် အဆိုပြုချက်တွေ နည်းမယ်လို့ မြင်မိ
တယ် ။ ကျနော်ပြောတာတွေလည်း အချို့နေရာတွေမှာ ညိနေ ချော်နေတာတွေ ရှိမှာပါပဲ ။

ထားတော့ ၊ စာရင်းချုပ်ရရင် မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ် ဆိုတာတွေဟာ အရေးပါတာ
မှန်ပါတယ် ။ ဒါပေမယ့် ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို အဖြေမရှာရင် ၊ အဖြေသိလျက်နဲ့ မပြင်
ကြရင်တော့ ဘယ်လိုမှ အကောင်းဆုံးနဲ့ ဖြစ်သင့်တဲ့ အနေအထားတစ်ရပ်ကို ရမလာနိုင်ပါဘူး ။

အဆုံးသတ်အနေနဲ့လည်း ဟိုးအပေါ်က ပြောခဲ့တာကိုပဲ ထပ်ပြီး လေးလေးနက်နက် ထပ်ပြောချင်
ပါတယ် ။

“တိုင်းရင်းသားတွေအတွက် လူသားတစ်ယောက်မှာရှိသင့်တဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိရှိ
ရပ်တည်သွားနိုင်ကြဖို့ ခိုင်မာတဲ့အာမခံချက်တွေ” လိုအပ်နေပါတယ် ။

အခြားတစ်ဖက်မှာလည်း လူများစု ဗမာတွေကို ဥပေက္ခာ ပြုလို့မရနိုင်တာ အမှန်တရားပါ ။

အားလုံးအတွက် မနစ်နာပဲ အကျိုးများမယ့် နည်းလမ်းတွေကို ဝိုင်းစဉ်းစားကြရအောင် ။



မန်းကိုကို
၁၅ ၊ ၁၀ ၊ ၂၀၁၁

11ReadMore-2.jpg

Sunday, October 9, 2011

သင်ဘာဆက်လုပ်မလဲ ?


တကယ်မပေးချင်သူတွေရဲ့ လက်ထဲကငြိမ်းချမ်းရေးဆိုတဲ့အရာကို
ဟိုလူကိုတစ်မျိုး ဒီလူကိုတစ်မျိုးလုပ်နေတဲ့ မဟာစစ်ဝါဒီတွေရဲ့နှုတ်ဖျားမှာ
သကာဆိုတဲ့အရာကိုနားယောင်ပြီး အချိန်ကုန်ခံကာမျှော်လင့်နေကြတဲ့
တော်လှန်ရေးအင်အားစုတွေကိုသတိချပ်စေချင်တယ်။
ကျနော်ငယ်ငယ်ကတည်းကဖတ်ခဲ့ဘူးတဲ့ သနူးထူးဂျာနယ်ထဲကစာသားတစ်ချို့ ပြောပြချင်တယ်
အဲတာကဘာလဲဆိုတော့...
တော်လှန်ရေးဆိုတာ မကောင်းတဲ့စနှစ်ကိုတွန်းလှန်ဖြိုဖျက်ပြီးကောင်းတဲ့စနှစ်နဲ့အစားထိုးဘို့ဘဲတဲ့
အဲလိုတော်လှန်တိုက်ပွဲဝင်တဲ့နေရာမှာ မကောင်းတဲ့စနှစ်တစ်ခုလုံးဖြိုချနိုင်ပြီးကောင်းတဲ့စနှစ်သစ်တစ်ခုနဲ့အစားထိုးနိုင်မှ
တော်လှန်ရေးပြီးဆုံးမှာဖြစ်တယ်။
ကရင်ပြည်ကိုရယူနိုင်ဘို့နည်းလမ်းသုံးခုရှိတယ်တဲ့
(၁) ရန်သူကသနားလို့ ကရင်ပြည်ကိုပေးလို့ ကရင်ပြည်ကိုရတာ
(၂) ရန်သူက ဘက်ပေါင်းစုံအခက်အခဲဖိအားကိုရင်ဆိုင်ရလို့ မလွဲသာမရှောင်သာ ကရင်ပြည်ကိုပေးလိုက်ရတာ။
(၃) ရန်သူကစစ်ရေးအရ အရေးမလှလို့ရှုံးနိမ့်ကာကရင်ပြည်ကိုပေးလိုက်ရတာ။
ကဲ..သင့်တိုင်းပြည်နဲ့လူမျိုးလွတ်လပ်မှုရရှိဘို့သင်ဘယ်လမ်းကိုရွေးမလဲ?သင်ဘာဆက်လုပ်မလဲ?

သင်ဘာဆက်လုပ်မလဲ?
        

         ကရင်ဆိုတာ ကမ္ဘာတစ်ခွင်မှာထင်းရှားတဲ့အမှတ်သညှာမရှိပေမဲ့
ကမ္ဘာ့ရာဇ၀င်မှာစံတင်လောက်တဲ့မှတ်တမ်းတွေရှိခဲ့တယ်
မြန်မာမှာထင်ရှားတဲ့ခေါင်းဆောင်တွေရှိခဲ့ညားလည်း
ရိုးသားလို့မတိုးပွါးတာလား
မကြိုးစားလို့အောင်ပွဲမဆင်နိုင်တာလား
အမြင်မကျယ်လို့အယုံလွယ်တာလား
ဒါပေမဲ့..... ဒါပေမဲ့.......ဒါပေမယ့်.....

ရက်စက်သူမဟာဝါဒီတွေနဲ့
ကောက်ကျစ်သူ မဟာဝါဒတွေကြောင့်
ဝမ်းလျားမှောက်ပြီး အငတ်ရောက်နေသူတွေလဲရှိသလို
လွတ်လပ်မှုအတွက်ရှာဖွေရင်းထောင်နန်းစံသူတွေလည်းရှိခဲ့။
ငြိမ်းချမ်းခြင်းကိုမြတ်နိုးရဲ့နဲ့ စစ်တိုက်နေရသူတွေလဲရှိသလို
အမှန်တရားကိုဆုတ်ကိုင်ထားပါရဲ့နဲ့
ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေလဲမရေတွက်နိုင်ခဲ့
အိမ်ယာပျောက်ပြီး ခိုကိုးရာမဲ့နေသူတွေလဲရှိသလို
အိမ်ကောင်းဆောက်ပြီး အိတ်ဖေါင်းတဲ့ကရင်တွေလဲရှိပါရဲ့။
ဒါပေမဲ့.... ဒါပေမဲ့....ဒါပေမယ့်....

မဟာဗမာအာဏာရှင်အောက်
ကျွန်သားပေါက်မဖြစ်ဘို့အရေး
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာလား
အိုးမဲသုတ်ပြီးပေးခွပ်တာလား
ဒါတွေဟာစစ်ရေးမှာ တွေငေးရမယ့်အရာမဟုတ်။

အမျိုးမတူရင် ရန်သူဆိုတဲ့ခေတ်မဟုတ်တော့သလို
အမျိုးတူလဲ မူမတူရင် ရန်သူဘဲဆိုတာမေ့မထားသင့်
ဆွမ်းဆန်ထဲကကြွက်ချေးတွေအတွက် ငဲ့ရမယ့်အချိန်မဟုတ်။
တွေဝေမနေနဲ့ ငေးမောမနေနဲ့
မဟာဝါဒီတွေကသင့်အတွက်ရွေးချယ်မှုပေးပြီးသားပဲ
မမှတ်မိရင်ထပ်ပြောပေးမယ်
ကရင်ပြည်ကိုလိုချင်ရင် တိုက်ယူတဲ့
ကဲ ...သင်ဘာဆက်လုပ်မလဲ?

                စ ,အိုင်ခန့်(နှင်းခဲမြေ)

11ReadMore-2.jpg

တာတေစနေသား ဥိးနု ဘာလဲ ဘယ်လား?

ဗမာနိုင်ငံရေးသမားတော်တော်များများက ဝန်ကြီးချုပ် ဥိးနုခေတ်ကို ဒီမိုကရေစီခေတ်
လို့တင်စားပြောဆိုသံစကားကို ခဏခဏကြားရလေ့ရှိပါတယ် ဟုတ်မဟုတ်
ကိုတော့သမိုင်းကိုပြန်လည်ဆန်းစစ်ဘို့လိုအပ်ပါလိမ့်မယ်
စစ်နိုင်သူကသာ သမိုင်းကိုရေးတာလို့အဆိုရှိခဲ့ပေမယ့် စစ်နိုင်သူလို့ပြောလို့မရသေးတဲ့ မဆလ တဖြစ်အသွင်
အမျိုးမျိုးပြောင်းကြံ့ဖွံ့  ပုတ်သင်ညိုအစိုးရအဖွဲ့ ကြီးရဲ့ခေါင်းဆောင်အဆင့်ဆင့်မှာ သမိုင်းမှန်ကိုကွယ် သမိုင်းမှား
ကိုအရောင်ချယ်ကာ လူမျိုးရေးအစွဲနဲ့ တင်စားခဲ့တဲ့သမိုင်းဆရာနဲ့ နိုင်ငံရေးသမားများကိုတော့ မန်းကိုကိုဆီကနေ
တစ်ဆင့် ကုးလာတဲ့ ရွှေတစ်ခေတ် မပြေပြစ်ခဲ့တဲ့ ပုံရိပ်လွှာကိုလေ့လာစေချင်ပါတယ်။ တာတေစနေသား ဥိးနု
ဘာလဲ ဘယ်လား?        ဆန်းစစ်ကြရအောင်။

သူရေ၀့်ဖါန်
=======================================================================
ရွှေတစ်ခေတ် မပြေပြစ်ခဲ့တဲ့ ပုံရိပ်လွှာ ဖေ့ဘွတ်ပေါ်မှာ တွေ့ရတာ လပိုင်းလောက် ရှိလာပြီဖြစ်ပေမယ့်
ကန့်သတ်လို့မရတဲ့ အချိန်အတိုင်းတာ တစ်ခုအထိ ဆက်မှန်သွားဦးမှာဖြစ်တဲ့ စာတစ်စုကို တင်လိုက်ပါတယ် ။
မမီလိုက်တဲ့ သူများအတွက် ဗဟုသုတ တိုးစရာဖြစ်သလို မကြာခင်က ဒေါက်တာလှိုင်မြင့်ရေးခဲ့တဲ့
ဖက်ဒရယ်ပြည်ထောင်စုအကြောင်းနဲ့ပတ်သက်လို့ ပို့စ်တစ်ပုဒ်ရေးဖို့ရာ အကြိုပြင်ဆင်မှု
တစ်ခုလည်းဖြစ်ပါတယ် ။

မန်းကိုကို
========================================
ရွှေတစ်ခေတ် မပြေပြစ်ခဲ့တဲ့ ပုံရိပ်လွှာ
(ကွယ်လွန်သူ ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဦးဇန်ထာဆင်၏ ဒီမိုကရေစီ ပြောင်းပြန် စာအုပ်မှ
ကူးယူ ဖော်ပြခြင်းဖြစ်ပါတယ်။ ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီးအပြီး ပေါ်ပေါက်လာ
သည့် မြန်မာပြည်လွှတ်တော် နိုင်ငံရေးအခင်းအကျင်းအပေါ် တိုင်းရင်းသား ခေါင်းဆောင်တစ်
ဦး၏ ခံစားချက် တစ်စိတ်တစ်ဒေသကို လေ့လာနိုင်စေလိုသောကြောင့် ပြန်လည် မျှဝေခြင်း ဖြစ်ပါ
သည်။)
by Thant Ko Ko Maung on Monday, August 1, 2011 at 5:20pm (မူရင်း facebook လင့်)



လွတ်လပ်ရေးရပြီး တောင်ပေါ်သားများ ရရှိသော ဒီမိုကရေစီ

၁၉၅၁-၅၂ တွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်၌ ယှဉ်ပြိုင်အရွေး
ခံသော အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ရှိရာ ကချင်အမျိုးသားကွန်ဂရက်အဖွဲ့သည် အားလုံးသောအဖွဲ့များ
ထက် အများဆုံးရရှိကြ၏။ ထို့ကြောင့် အမျိုးသားကွန်ဂရက် အဖွဲ့ဝင်များနှင့် အမတ်များ၏ ယုံကြည်
ချက်မှာ ပြည်နယ်၏ အုပ်ချုပ်မှုအာဏာကို မိမိတို့က ရရှိလိမ့်မည်ဟု ယုံကြည်ခဲ့ကြ၏။

ယုံကြည်ခဲ့သည့်အလျောက် ဖဆပလ အဖွဲ့မှ အရွေးခံသော ဖဆပလ အမတ်ငါးယောက်အား တွေ့
ဆုံ၍ မိမိတို့နှင့်ပူးပေါင်း၍ အစိုးရဖွဲ့ရန် စေ့စပ်တော့၏။ ပြည်နယ်တွင် ဖဆပလ အဖွဲ့ဝင်များသည်
လည်း ကေအင်စီ အဖွဲ့နှင့်သာ ပူးပေါင်းလိုကြောင်း၊ ကေအင်စီအဖွဲ့၏ ဝါဒလမ်းစဉ်သည် ဖဆပလ
အဖွဲ့ချုပ်ကြီးကချမှတ်သော လမ်းစဉ်နှင့် ဝါဒအတိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် အစိုးရ
ဖွဲ့ရေးတွင် ကေအင်စီနှင့် ပေါင်းမည်ဖြစ်ကြောင်း ပြောပြကြ၏။

၁၉၅၂ ခုနှစ် မတ်လတွင် လွှတ်တော်နှစ်ရပ်လုံးခေါ်၍ ပြည်နယ်အမတ်များအားလုံး ရန်ကုန်သို့
ရောက်လာကြ၏။ ကေအင်စီအမတ်များသည် ၁၉၅၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ် သ
ခင်နုနှင့်တွေ့ဆုံ၍ ကချင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ မိမိတို့အဖွဲ့သည် ကချင်ပြည်
နယ်လူထု အများဆုံးထောက်ခံ၍ အမတ်အများဆုံးရသော အဖွဲ့ဖြစ်သဖြင့် ကချင်ပြည်နယ်၏ အုပ်
ချုပ်ရေးအာဏာကို ရသင့်ကြောင်း တင်ပြကြသည်။ သခင်နုကပြောသည်မှာ ခင်ဗျားတို့အဖွဲ့ကို မ
ယုံကြည်၍တော့ မဟုတ်ပါ။ သို့သော်လည်း ကျုပ်အနေနှင့် ဆမားဒူဝါကိုပဲ ကချင်ပြည်နယ် ဥက္ကဋ္ဌ
အဖြစ် ဆက်လက်ခန့်ချင်တယ်။ ခင်ဗျားတို့လည်း ပြည်မမှာ ဝန်ကြီးချုပ်၏ ပါလီမန်အတွင်းဝန် တစ်
နေရာကိုယူပါ။ ကချင်ပြည်နယ်မှာ ဆမားကို အတိုက်အခံမလုပ်ကြပါနဲ့။ ခင်ဗျားတို့အချင်းချင်း ညီ
ညွတ်ကြပါလို့ ပြောပါသည်။

ကေအင်စီ အမတ်များက ပြန်ပြောသည်မှာ “ဝန်ကြီးချုပ်။ ဒီမိုကရေစီတိုင်းပြည် ဖြစ်တဲ့အတိုင်း
အမတ်များရာက အုပ်ချုပ်ရေးအာဏာကို ရရမယ်မဟုတ်လား အခုတော့ အမတ်လေးယောက်ပဲရ
တဲ့ ဆမားကို ပြည်နယ်ဥက္ကဋ္ဌပြန်တင်တော့ ဒီမိုကရေစီကျပါ့မလား။ ကျွန်တော်တို့အနေနှင့်က အ
မတ်အများဆုံး ရထားတာက တစ်ကြောင်း၊ ပြီးတော့ ကချင်ပြည်နယ်က အရွေးခံရတဲ့ ဖဆပလ
အမတ်ငါးယောက်ကလည်း ကျွန်တော်တို့နှင့် ပူးပေါင်းရန် ပြောထားပြီးဖြစ်တဲ့အတွက် ကျွန်တော်
တို့အဖွဲ့က ကချင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးအာဏာပဲ ရရမယ်” လို့ ပြန်ပြောပါသည်။

ဒီတော့ ဝန်ကြီးချုပ်သခင်နုဟာ “ခင်ဗျားတို့အဖွဲ့က အမတ်အများဆုံးရတာတော့ ဟုတ်ပါပြီ။ ကျုပ်
လည်း မငြင်းဘူး။ ဒါပေမဲ့ ပြည်နယ်က ဖဆပလအမတ်များဟာ သူတို့သဘောနှင့် လုပ်လို့မရဘူး။
ဖဆပလ ဌာနချုပ်က ညွှန်ကြားသည့်အတိုင်း လိုက်ရမယ်။ ဖဆပလ ဌာနချုပ်ကလည်း တစ်ခြား
ပြောမှာမဟုတ်ဘူး။ ယခု ငါပြောတဲ့အတိုင်း ဆမားကိုပဲထောက်ခံဖို့ ပြောမှာပဲ” ဟု ပြန်ပြောလိုက်
သည်။

ဒီနောက်မှာ ကေအင်စီ အမတ်များသည် ပြည်နယ်မှ ဖဆပလ အမတ် ငါးယောက်ဆီသွားပြီး
“ဘယ့်နဲ့လဲ။ ခင်ဗျားတို့ ဟိုပြည်နယ်မှာတုန်းကတော့ ကျွန်တော်တို့နဲ့ ပေါင်းမယ်ဆိုတယ် မဟုတ်
လား။ ယခု ဝန်ကြီးချုပ်ကတော့ ခင်ဗျားတို့ကို ဆမားဒူဝါကိုပဲ ထောက်ခံခိုင်းမယ်ဆိုပါလား” ဟု
သွားပြောကြသည်။ ပြည်နယ်က ဖဆပလ အမတ်ငါးယောက်သည် “ကျွန်တော်တို့ အနေနှင့် ခင်
ဗျားတို့ ကေအင်စီအဖွဲ့ကို ထောက်ခံချင်တယ်။ ခင်ဗျားတို့နှင့် ပူးပေါင်းချင်တယ်။ ဒါပေမဲ့ ဖဆပလ
ဌာနချုပ် ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ သခင်နုရဲ့အမိန့်ကိုတော့ ဘယ်လွန်
ဆန်နိုင်မလဲ” ဟု ပြန်ပြောပါသည်။

ဒါကြောင့် နောက်ဆုံးတွင် “ကချင်ပြည်နယ်မှ ရွေးကောက်လိုက်တဲ့ လူထုကိုယ်စားလှယ်များ၏
ဆန္ဒအရ မဟုတ်ပါလား။ ဝန်ကြီးချုပ် လုပ်တဲ့သူရဲ့ ဆန္ဒအတိုင်းပါလား”လို့ ဝမ်းနည်းစွာနှင့် ကေ
အင်စီအမတ်များသည် ကချင်ပြည်နယ်တွင် အတိုက်အခံအဖွဲ့ ဖြစ်လာရပေသည်။ မရှေးမနှောင်း
သော အချိန်အတွင်း ကချင်ပြည်နယ် အစိုးရအဖြစ် ဆမားဒူဝါ ဆင်ဝါးနောင်သည် အစိုးရဖွဲ့စည်း
နိုင်တော့၏။ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုက ကေအင်စီ ခေါင်းဆောင်များအား သူ၏ ပါလီမန်
အတွင်းဝန်ရာထူး တစ်နေရာယူ၍ ကချင်ပြည်နယ် ကောင်စီတွင်လည်း ကောင်စီ သဘာပတိယူရန်
တိုက်တွန်းခဲ့သည်။ ဆမားဒူဝါကို ဝိုင်းဝန်းထောက်ခံရန် နားချခဲ့သည်။

ကေအင်စီ အမတ်များအနေနှင့်က ကချင်ပြည်နယ်သည် ဗိုလ်ချုပ်အောင်ဆန်း အမိန့်ရှိခဲ့သလို
ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေး၊ ကျန်းမာရေး အစစအရာရာ၌ အင်မတန် အောက်ကျနောက်ကျ
ဖြစ်ခဲ့သဖြင့် ရရှိသမျှသော ဘဏ္ဍာတော်ငွေများဖြင့်၎င်း လူထုအကျိုးပြု လုပ်ငန်းများကို အမြန်
ဆောင်ရွက်ချင်ကြ၏။ ဆမားဒူဝါအနေနှင့် ၄င်း ပထမလုပ်ရမည့် အရေးကြီးသောလုပ်ငန်းများကို
လျစ်လျူရှုခဲ့၍ သူ၏ ယာယီအစိုးရအချိန်တွင် မော်တော်ကား တည်ဆောက်ရန်စီမံကိန်း၊ ဂျက်လေ
ယာဉ်ပျံ တည်ဆောက်ရန် စီမံကိန်း၊ မီးသင်္ဘော မီးရထားခေါင်းတွဲ လုပ်ရန် စီမံကိန်း၊ ရွှေတူးရန်
ငွေတူးရန် စီမံကိန်းများကိုသာ ပထမချခဲ့၏။

ဤကိစ္စများကြောင့် ကေအင်စီအဖွဲ့သည် ဆမားဒူဝါအား မထောက်ခံနိုင်ကြောင်း ဝန်ကြီးချုပ်
သခင်နုအားပြောပြခဲ့ရာ ဝန်ကြီးချုပ်က “အေးကွာ ဒါတွေက သူမှားတာပဲ။ သူရဲ့ ဒီစီမံကိန်းတွေကို
ငါရပ်ခိုင်းပါ့မယ်။ ယခုကစပြီး ခင်ဗျားတို့ လိုလားတဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို ပထမလုပ်ဖို့
ငါပြောပါ့မယ်”ဟု ပြော၏။ တစ်ဖန် ကေအင်စီအမတ်များက “ကောင်းပြီ ဝန်ကြီးချုပ်၊ သူ ဒီစီမံကိန်း
တွေကိုရပ်ပြီး တကယ် ပြည်နယ်လူထုအတွက် လောလောဆယ် အရေးကြီးတဲ့လုပ်ငန်းများကို
စတင်လုပ်မယ်ဆိုရင် လုပ်တာနှင့် တစ်ပြိုင်နက် ကျွန်တော်တို့က ထောက်ခံပါမယ်” ဟု ကတိပေး
ထားခဲ့၏။

သို့ရာတွင် ဝန်ကြီးချုပ် သခင်နုသည် ဆမားဒူဝါ၏ စီမံကိန်းများကို မရပ်စေနိုင်သည် သာမက
ဆမားဒူဝါ၏ ၈ မိုင် မရမ်းကုန်းစက်ရုံဖွင့်ပွဲတွင် သခင်နုသည် ဆမားဒူဝါကြီးအား ဟိမဝန္တာ ချီးမွမ်း
ခန်းဖွင့်တော့သည်။ ကေအင်စီ အမတ်များအနေနှင့်ကား ဝန်ကြီးချုပ် သခင်နုသည် အပြောတစ်မျိုး
အလုပ်တစ်မျိုးဟူ၍ ဤအခါက စသိခဲ့သည်။

ကချင်ပြည်နယ်ထက် ပိုမိုဆိုးသော ကိစ္စ ရှိပါသေးသည်။ ၄င်းမှာ အခြားမဟုတ်။ ချင်းများ အရေး
ပင်ဖြစ်သည်။ ချင်းတောင်သည် ပြည်နယ်မဟုတ်ဘဲ ပြည်မတွင်ပါဝင်သော ဝိသေသတိုင်းတစ်ခု
ဖြစ်သည်။ ထို ၁၉၅၁-၅၂ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ချင်းတောင်၌ ယှဉ်ပြိုင်အရွေးခံသော
နိုင်ငံရေးအဖွဲ့ ၂ ခု ရှိခဲ့သည်။ ဦးဇာရဲလျံ ခေါင်းဆောင်သော ချင်းအမျိုးသားကွန်ဂရက်အဖွဲ့သည်
အမတ် ၁၀ ယောက်ရ၍ စစ်ဗိုလ်ထွက် ကပ္ပတိန် မန်တုံ့နုံးက သူနှင့်ပေါင်း အမတ် ၂ ယောက်သာ
ရရှိခဲ့သည်။

ချင်းအမျိုးသားကွန်ဂရက် အနေနှင့် သူတို့သည် အမတ်အများဆုံးဖြစ်၍ ချင်းရေးရာဝန်ကြီးကို
သူတို့ ရနိုင်မည်ဟု ယုံကြည်ချက်ကြီးကြီးဖြင့် ရန်ကုန်ဆင်းလာကြ၏။ ဝန်ကြီးချုပ် သခင်နုနှင့်တွေ့
သောအခါ ချင်းကွန်ဂရက် အဖွဲ့ဝင်များသည် သူတို့က အမတ်အများဆုံးရ၍ လူထုဆန္ဒ အများဆုံး
ထောက်ခံမှု ရရှိသောကြောင့် မိမိတို့ အဖွဲ့သာလျှင် ချင်းရေးရာဝန်ကြီးကိုရ၍ ချင်းဝိသေသတိုင်း၏
အုပ်ချုပ်ရေးကို ကိုင်ရမည်ဖြစ်ကြောင်း တင်ပြကြ၏။

ဝန်ကြီးချုပ် သခင်နုက ချင်းကွန်ဂရက်၏ အဖွဲ့ခေါင်းဆောင် ဇာရဲလျံသည် အသက်ငယ်သေးသည်။
အိမ်ထောင် မရှိသေးဘူး၊ နိုင်ငံရေး ဗဟုသုတ မရှိသေးဘူး၊ ဒါကြောင့် ဝန်ကြီးအဖြစ် လက်မခံနိုင်ပါ။
ကပ္ပတိန် မန်တုံ့နုံးကိုသာ ဝန်ကြီးပေးမည်ဖြစ်ကြောင်း ပြန်ပြောလိုက်၏။

ချင်းကွန်ဂရက် အမတ်များကလည်း ထိုသို့လုပ်ခြင်းမှာ ဒီမိုကရေစီ မကျကြောင်း၊ အမတ်များရာ
အဖွဲ့သာလျင် ဝန်ကြီး ဖြစ်သင့်ကြောင်း၊ ဝန်ကြီးချုပ် ဆန္ဒအရ မဟုတ်ဘဲ လူထု၏ ဆန္ဒအရသာ ဖြစ်
ရမည်ဖြစ်ကြောင်း ပြောသောအခါ သခင်နုက “မင်းတို့ ဘာနားလည်သလဲ၊ တိတ်ပါ” ဟု ငေါက်ငမ်း
ခဲ့၏။

ဝန်ကြီးချုပ် သခင်နုအနေနှင့် အမတ်နှစ်ယောက်သာရှိသော ကပ္ပတိန်မန်တုံ့နုံးကို ဝန်ကြီးခန့်လျင်
အရုပ်ဆိုးမည်ဟု မြင်လာသော အခါ ညီညွတ်ပြီးသားဖြစ်သော ချင်းကွန်ဂရက်အဖွဲ့မှ ဦးရှိန်ထန်းကို
တိတ်တဆိတ်ခေါ်ယူ၍၊ ဝန်ကြီးနေရာနှင့်တော့ ခင်ဗျားပဲသင့်တော်တယ်၊ ခင်ဗျားက အသက်လည်း
ကြီးပြီး ဗဟုသုတလည်း ရှိတယ်ဟု၊ အကြောင်းအမျိုးမျိုးပြ၍ ခွဲထုတ်ခဲ့၏။ ထိုအခါ ညီညွတ်ပြီးသား
ချင်းအမျိုးသား ကွန်ဂရက်အဖွဲ့သည် ၂ ခြမ်း ကွဲသွားခဲ့၏။ ကွဲလာသောအခါ ဦးရှိန်ထန်းကို ချင်းရေး
ရာဝန်ကြီး ခန့်ခဲ့၏။ ဝန်ကြီးချုပ် သခင်နု၏ အခွဲအုပ်ချုပ်ရေးစနစ်သည် ဤတွင် အောင်မြင်သွား၏။

သို့ရာတွင် ဝန်ကြီးဦးရှိန်ထန်းဘက်မှ အမတ်ဦးရေနည်း၍ ဦးဇာရဲလျံဘက်မှ အမတ်ဦးရေ များသဖြင့်
ကောင်စီတွင် အလုပ်လုပ်လို့ မဖြစ်သောအခါ၊ အချိန် မကြာမီအတွင်း ဦးရှိန်ထန်းကို ပြည်မ အခြားဌာန
တစ်ခုပေး၍ ချင်းကွန်ဂရက် အဖွဲ့၏ ခေါင်းဆောင် ဇာရဲလျံကိုပင် ချင်းရေးရာဝန်ကြီး ခန့်ပေးရ၏။
ချင်းနှင့် ကချင်ကိုသာ ဤသို့လုပ်သည် မဟုတ်ပါ။ 

     
ကရင်ကိုလည်း ထိုထက် ပိုဆိုးရွားအောင် လုပ်
ခဲ့၏။ ကရင်ပြည်နယ်သည် ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက် နေ့မှာ ပြည်နယ်ဖြစ်ပေါ်လာ၏။ ကရင်ပြည်
နယ် ဖြစ်ပေါ်လာသည်နှင့် ကရင်ပြည်နယ်တွင် ကရင်ပြည်နယ်ဝန်ကြီးခေါ် ကရင်ပြည်နယ် ဥက္ကဋ္ဌ
ခန့်ရပေမည်။ ကရင်ပြည်နယ် ဥက္ကဋ္ဌခန့်ရာ၌ ကရင်ပြည်နယ်မှ ရွေးကောက်တင်မြှောက်သော ကိုယ်
စားလှယ်များထဲက ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ရွေးချယ်ခန့်ထား ရပေမည်။ အခြေခံဥပဒေက
လည်း ထိုသို့ခွင့်ပြုထား၍ ထိုသို့ ဖြစ်မှသာလျှင် သဘာဝကျပေမည်။

သို့ရာတွင် ထိုသို့မဟုတ်ဘဲ ကရင်ပြည်နယ် ဥက္ကဋ္ဌနေရာတွင် မြစ်ဝကျွန်းပေါ်ဒေသမှ အရွေးခံ
သော ဦးအောင်ပကို ကရင်ပြည်နယ်ဝန်ကြီးနှင့် ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။ ဤသို့ လုပ်ခဲ့
ရာတွင် ကရင်ပြည်နယ် လူထုသည်လည်းကောင်း၊ ပြည်နယ်ကိုယ်စားလှယ်များသည်လည်းကောင်း
မကျေနပ်၍ ကန့်ကွက်ခဲ့သည်။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့သည်။

နောက်ဆုံး၌ ကောင်စီတွင် အလုပ်လုပ်၍ မဖြစ်တော့မှ ဦးအောင်ပကိုခေါ်ယူပြီး ပြည်မတွင် ကျန်းမာ
ရေး ဝန်ကြီးဌာနပေး၍ ကရင်ပြည်နယ်မှ ရွေးကောက်တင်မြှောက်ခဲ့သော ဒေါက်တာစောလှထွန်းကို
ကရင်ပြည်နယ်ဥက္ကဋ္ဌ ခန့်ခဲ့သည်။

ဝန်ကြီးချုပ်သခင်နုသည် ပြည်နယ်ကိုယ်စားလှယ်များ၊ လူမျိုးစုကိုယ်စားလှယ်များနှင့် တွေ့တဲ့
အခါတိုင်း၊ မင်းတို့အားလုံးကို ငါချစ်ပါတယ်၊ သနားပါတယ်၊ မင်းတို့ အပေါ်မှာ သွေးခွဲစနစ် (Divide
And Rule) ကို သုံးပြီး အုပ်ချုပ်နေတာ မဟုတ်ပါဘူးဟု မကြာခဏ ပြောလေ့ရှိသော်လည်း တကယ့်
လက်တွေ့ကျသောအခါ ညီညွတ်ပြီးသား ပြည်နယ်သားများ၊ ညီညွတ်ပြီးသား လူနည်းစုများကို ကွဲ
ပြားအောင် ဖန်တီးပေးခဲ့သည်။ ဒီမိုကရေစီ အစစ်ကိုမပေးဘဲ ဝါမိုကရေစီ ကိုသာပေးခဲ့၏။

Thant Ko Ko Maung
=========================================

အပေါ်က အဖြစ်အပျက်တွေဟာ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့စဉ်က အဖြစ်အပျက်
တွေပါ ။

ဒါကို ပို့စ်အဖြစ်တင်တာဟာ ရှုတ်ချဖို့မဟုတ်ပါဘူး ။ သင်္ခန်းစာယူနိုင်ဖို့ အဓိကပါ ။ တချိန်တည်းမှာ
လည်း တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဗမာလူမျိုးနဲ့ အခြားတိုင်းရင်းသားတွေအကြား ဘာကြောင့်
ယုံကြည်မှုတည် ဆောက်ဖို့ ခက်ခဲနေသလဲဆိုတာကို ၊ အထူးသဖြင့် ဗမာလူမျိုးတွေ ယထာဘူတကျ
ကျ ပြန်သုံးသပ်နိုင်စေဖို့ အရှိကိုအရှိအတိုင်း ရှင်းရှင်းလင်းလင်း တင်ပြချင်တဲ့ ဆန္ဒလည်း ပါပါတယ် ။

ကရင်တွေအနေနဲ့ မြင်ကြည့်ပါ ။ ၁၉၄၉ လောက်ကတည်းက လက်နက်ကိုင်ပဋိပက္ခတွေ စနေခဲ့
ပေမယ့် နိုင်ငံရေးအရ ဖြေရှင်းချင်သူတွေ အများကြီးရှိခဲ့တာကြောင့် ပါလီမန်စနစ်ထဲမှာ ရပ်တည်
လှုပ်ရှားနေသူတွေ ရှိနေခဲ့ပါသေးတယ် ။ ဒါပေမယ့် အပေါ်က အဖြစ်အပျက်တွေက ယုံကြည်မှုကို
အနည်းနဲ့အများ ထိခိုက်စေတာတော့ အမှန်ပါ ။ ရှိပြီးသား သံသယတွေကို တစ်စိတ်တစ်ပိုင်း အ
တည်ပြုပေးသလိုလည်း ဖြစ်ခဲ့ရပါတယ် ။

ဒီတော့ မြန်မာပြည်မှာ တိုင်းရင်းသားတွေနဲ့ အခြေခံအကျဆုံး ယုံကြည်မှုကိုတောင် မတည်
ဆောက်နိုင်သေးတာဟာ ဘာကြောင့်လဲလို့ မေးစရာဖြစ်လာပါတယ် ။ အဖြေကလည်း အများကြီး
ရှိပါတယ် ။ ဒေါက်တာလှိုင်မြင့်ကို ဦးတည်ရေးတဲ့ပို့စ်ထဲမှာတော့ နည်းနည်းပါးပါး ပွင့်ပွင့်လင်းလင်း
ရေးမယ်လို့ စိတ်ကူးပါတယ် ။ ဒေါက်တာဇာနည်ရေးတဲ့ဆောင်းပါးမှာ လူတစ်ယောက်မှတ်ချက်ပေး
ထားတာကို အတုယူပြောရရင်တော့ - စိတ်ကိုအရှင်ဖွင့်ထားကြဖို့တော့ လိုပါမယ် ၊ မဟုတ်ရင်တော့
ကျနော်ရေးတဲ့ အချို့စာတွေဟာ ဆားလိုဖြစ်တတ်ပါတယ် ၊ အနာရှိရင် စပ်တတ်ပါတယ် ။ ဗမာ
တစ်မျိုးထဲကို ပြောတာမဟုတ်ပါ ၊ တိုင်းရင်းသားတွေလည်း ပါပါတယ် ။



မန်ုးကိုကို
၀၇ ၊ ၁၀ ၊ ၂၀၁၁

11ReadMore-2.jpg

Thursday, October 6, 2011

ကြံ့ဖွံ့ တပ်ပြောင်းလဲချိန်ချုံခိုတိုက်ခိုက်ခံရ

Submitted by admin on Thursday, 6 October 2011--
အောက်တိုဘာလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသ၌ ယနေ့နံနက်တွင် တပ်အပြောင်းအလဲ ပြုလုပ်နေသော အစိုးရ စစ်တပ်အား ကရင်ပူးပေါင်းတပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၂ဦးသေဆုံးကာ ၂ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၉နာရီ ၁၀မိနစ်ခန့်တွင် ဘုရားသုံးဆူရှိ အမြောက်တပ်ဖွဲ့ကို ပြန်ပို့ဆောင်နေသည့် စစ်ကွပ်ကဲရေးဌာနချုပ် စကခ (၅) လက်အောက်ခံ ခမရ(၅၄၃)တပ်ရင်း စစ်ကြောင်း(၂)အား တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ဒီကေ ဘီအေ (၉၀၂)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ရင်း (၁၆)တို့က တာဒေ့နှင့် ကျောက်ဂူကျေးရွာကြားတွင် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီကေဘီအေ ၉၀၂တပ်ရင်း တပ်ခွဲ(၃) တပ်ခွဲမှူး ဗိုလ်ကြီးစောအေ၀မ်းက “နို့ချိုးနဲ့ဗျူဟာကို ပြန်မယ့် အမြောက်တပ်ကို ပြန်ပို့တဲ့ ဗိုလ်မှူးဖြိုးသန့်ဇော် ဦးစီးတဲ့ စစ်ကြောင်း(၂)ကို ဒီနေ့မနက် ကျနော်တို့လူတွေ ချုံခိုတိုက်ခိုက်ခဲ့တယ်။ ပစ်ခတ်မှုဖြစ်တာ ၆မိနစ် လောက်ပဲကြာမယ်။ အစိုးရတပ်ဘက်က ၂ယောက်သေ၊ ၂ယောက်ဒဏ်ရာရတယ်။ ပြောက်ကျားဆိုတော့ ကျနော်ဘက်က ထိ တာ မရှိဘူး။”ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုအတွင်း အစိုးရစစ်တပ်ဘက်မှ ရှေ့သွားလမ်းပြအဖြစ် ခေါ်ဆောင်ခဲ့သည့် တာဒေ့ရွာသား ဦးမြသိန်းမှာ ဘယ် ခြေထောက် ပြတ်ထွက်သွားပြီး ၎င်းအား ဘုရားသုံးဆူမှတဆင့် ထိုင်းနိုင်ငံ စံခလဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယနေ့ နေ့လည် ၁၁နာရီအချိန်တွင်လည်း ကော့ကရိတ်မြို့နယ်ရှိ နန်းရွှေမိတ်နှင့် မာဖာလယ့်ကျေးရွာကြားတွင် အစိုးရစစ်တပ် ခမရ(၅၄၆)၊ ခမရ(၅၄၇)တပ်ရင်းနှင့် ဒီကေဘီအေ ကလို့ထူးဝါးဗျူဟာ၊ ကေအဲန်အယ်လ်အေ(၁၀၁)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့ များ တနာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရှိရသေးကြောင်း ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ကရင်ပြည်နယ် အစိုးရ ဖွဲ့စည်းလိုက်သော ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ ငြိမ်း ချမ်းရေးစကားပြောဆိုရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အား လာရောက်ကမ်းလှမ်းခဲ့သော်လည်း ကရင်ပြည်နယ် အတွင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများမှာ ယခုအချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

11ReadMore-2.jpg

ကရင်ပြည်နယ် ဘုရားသုံးဆူနဲ့ ကော့ကရိတ် အနီးဝန်းကျင်းက တိုက်ပွဲ ၂ ပွဲ

နေ့သစ်
Posted by admin on October 6, 2011 0 Comment

ဘုရားသုံးဆူဒေသ တာ့ဒိန်ရွာနဲ့ သံဖြူဇရပ်အကြားရှိ တဒိန်းရွာချောင်းနေရာမှာ ကြံ့ဖွတ်အစိုးရစစ်တပ် စကခ ၅ လက် အောက်ခံ ခမရ ၅၄၃ တပ်ရင်းကို ဒီကေဘီအေ ၉၀၂ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးအေဝမ်း ဦးစီးတဲ့ တပ်ဖွဲ့တွေက ဒီက နေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ လောက်ကြာခဲ့ပြီး ကြံ့ဖွတ်အစိုးရ စစ်တပ်ဘက်မှ ၂ ယောက် ဒဏ်ရာရပြီး ၂ ယောက် သေးဆုံးတယ်လို့ သိရှိရတယ်။

အလားတူ ဒီကနေ့ နေ့လည် ၁၁ နာရီဝန်ကျင်လောက်က ကော့ကရိတ်မြို့အနီး နန်ရွှေမိတ်ရွာနဲ့ မဲဖာလဲ့ရွာကြားမှာ ကြံ့ ဖွတ်အစိုးရစစ်တပ်နဲ့ ဒီကေဘီအေ ကလိုထူးဝါးဗျူဟာမှ ဗိုလ်ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေ အချိန်တနာရီလောက်ကြာ တဲ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲရဲ့ ထိခိုက်သေဆုံးတာတွေကိုတော့ မသိရှိရသေးပါ။

11ReadMore-2.jpg

Wednesday, October 5, 2011

ကချင်ပြည်နယ် အလယ်ပိုင်း စစ်ပွဲတွင် မြန်မာစစ်သား ၄၀ ကျဆုံး

Published on Wednesday, 05 October 2011 08:34
Written by KNG


dsc00539မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား ကချင်ပြည်နယ် အလယ်ပိုင်း၌ အောက်တိုဘာ ၄၊ အဂါင်္နေ့ တစ်ရက်တည်းဖြစ်ပွားသော တိုက်ပွဲများတွင် အစိုးရစစ်သား (၄၀) ကျဆုံးကြောင်း ဒေသခံများ ပြောသည်။


ဂျာအိန်ယန်ရွာအနီး KIA အရပ်သားတပ်ဖွဲ့နှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် ယင်းစစ်သားများ သေဆုံးခဲ့ပြီး ၎င်းတို့၏ မိခင်တပ်ရင်းများ မသိရဟု ရွာသားများပြောသည်။

KIA အရပ်သားတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း အထက် KIA စစ်အရာရှိများပြောသည်။

KIA ထိန်းချုပ်သည့် ဂျာအိန်ယန်ရွာ ပတ်ဝန်းကျင်နှင့် ၎င်းနှင့်ဆက်စပ်နေသော ရှဒန်ပါ ဒေသတွင် အစိုးရတပ်နှင့် KIA တပ်ကြား နေ့စဉ်လိုလို စစ်ပွဲများဖြစ်နေသည်မှာ ရက် တစ်ပတ် ကျော်လာသည်ဟု ဒေသခံများပြောသည်။

လိုင်ဇာ ဗဟိုဌာနချုပ်မှ KIA အရာရှိများပြောဆိုချက်အရ ယခုတိုက်ပွဲဖြစ်ရာ ဒေသများသို့ ဧရာဝတီမြစ် (ကချင်လို မလိခနူ) ရေလမ်းကြောင်းအတိုင်း အမြန်စက်လှေများဖြင့် စစ်အင်အား ရာပေါင်းများစွာ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
jaingyang-myanစစ်ဖြစ်ရာဒေသမှ အရှေ့ဘက် မိုင် ၂၀ကျော် တရုတ်နယ်စပ်အနီးတွင် KIA ဗဟိုဌာနချုပ်နှင့် အမာခံစခန်းများဖြစ်ကြသည့် လိုင်ဇာ၊ အလဲန်ဘွမ်၊ ဖလပ်ဘွမ်၊ လိုင်စင်ဘွမ်နှင့် မိုင်ဂျာယန် များကို အခြေစိုက်ထားသည်။

ထို့ကြောင့် ယင်း KIA အမာခံစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ စစ်အင်အား ရာပေါင်းများစွာ အား ထိုဒေသသို့ ပို့ထားသည်ဟု လိုင်ဇာမှ KIA စစ်အရာရှိများပြောသည်။

ပြီးခဲ့သည့် ဇွန်လ ပြည်တွင်းစစ်ဖြစ်လာပြီးနောက် ကချင်ပြည်နယ်ရှိ အဓိကလမ်းမကြီး (၆) ခုကို KIA က ထိန်းချုပ်ထားဆဲဖြစ်သည်။ ယင်းလမ်းမများမှာ မြစ်ကြီးနား-ကန်ပိုင်တီလမ်း၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဗန်းမော်-လွယ်ဂျေလမ်း၊ ဗန်းမော်-ကိုင်ထိပ်-နမ့်ခမ်းလမ်း၊ မြစ်ကြီးနား-တနိုင်းလမ်းနှင့် မြစ်ကြီးနား-ဖားကန့် လမ်းများဖြစ်ကြသည်။

ယခုလို အဓိကလမ်းမများကို KIA တပ်များ ထိန်းချုပ်လိုက်ခြင်းကြောင့် အစိုးရစစ်အင်အား အလုံးအရင်းဖြင့် KIA ဗဟိုဌာနချုပ်နှင့် အမာခံစခန်းများအား တိုက်ခိုက်သိမ်းပိုက်ရန် ခက်ခဲစေသည်။

11ReadMore-2.jpg

Tuesday, October 4, 2011

ကချင်ပြည်နယ်က ကြံ့ဖွံ့  စစ်သားကျဆုံး အရှင်ဖမ်းမိ တိုက်ပွဲ



11ReadMore-2.jpg

သျှမ်းပြည်နယ်မှာ ကြံ့ဖွံ့ စစ်သားတိုက်ပွဲမှာကျဆုံး



11ReadMore-2.jpg

ကရင်ပြည်နယ်မှာKNLA-DKBAလက်ချက်ကြောင့် ခမရ(၂၀၂) တပ်ဖွဲ့ဝင်( ၁၀)ဥိးနီးပါး ကျဆုံး


အောက်တိုဘာလ ၄ရက်။ စောဖိုးမူး (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) တပ်ဖွဲ့ ၀င်များ၏ အဆက်မပြတ်သည့် ပြောက်ကျားတိုက်ခိုက်မှုများကြောင့် မြန်မာစစ်တပ် ခမရ(၂၀၂)တပ်ရင်းမှ တပ်သား ၄ဦး ကျဆုံးကာ ၃ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့နံနက် ၄နာရီအချိန် ကော့ကရိတ်မြို့အကျော် တောင်ပေါ်လမ်းတွင် တာဝန်ကျနေသော ခမရ(၂၀၂)တပ်ရင်းအား ဒီကေ ဘီအေမှ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက်က တပ်သား ၁ဦးပွဲချင်းသေဆုံးပြီး ဒဏ်ရာပြင်းထန်သည့် တပ်သား ၃ ဦးကို ဘားအံမြို့ရှိ တောင်ကလေး ကုတင်တစ်ရာဆံ့ စစ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်ဟု တပ်တွင်းမိသားစုများက ပြော သည်။

ဒဏ်ရာရ တပ်သားတစ်ဦး၏ ဇနီးက “အဒေါ်တို့ စစ်တပ်မှာ ကိုယ့်မိသားစု စားဖို့ မလောက်ဘူး။ ဒါကြောင့် အဒေါ်တို့ အပြင် ထွက်ပြီး ဈေးလိုက်ရောင်းနေရတယ်။ ဒါတောင် အနိုင်နိုင်ပဲ။ အခုလိုမျိုးဖြစ်တော့ ဘာလုပ်ရ ဘာကိုင်ရမှန်းတောင် မသိတော့ ဘူး။”ဟု ပြောသည်။

တောင်ကလေး စစ်ဆေးရုံသို့ ရောက်ရှိလာသည့် ဒဏ်ရာရ တပ်သား ၃ဦးအနက် တစ်ဦးမှာ ရင်ဘတ်တွင် ကျည် ၅ချက်ထိ မှန်ကာ ဒဏ်ရာပြင်းထန်သည့်အတွက် အသက်ရှင်ရန် အခွင့်အလမ်းနည်းပါးကြောင်း ဆေးရုံဝန်ထမ်းများက ပြောဆိုနေကြ သည်။

သို့သော်လည်း ၎င်းတို့တပ်ဖွဲ့ကို လာရောက်ပစ်ခတ်ခဲ့သည့် ဒီကေဘီအေ တပ်ရင်းနံပါတ်ကိုမူ အတိအကျ မသိရှိရသေးပေ။

အလားတူ ယမန်နေ့ကလည်း ကေအဲန်အယ်လ်အေ (၁၀၁)တပ်ရင်းနှင့် ဒီကေဘီအေ ကလို့ထူးဝါဗျူဟာတို့ ပူးပေါင်း၍ အဆိုပါ ခမရ(၂၀၂)အား အောက်ဘိုတဲနေရာတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၆ဦးကျဆုံးပြီး ၁ဦးဒဏ်ရာ ရရှိကာ ကရင်တပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်း ဗိုလ်မှူးစောဆန်းအောင် ပြောသည်။

“မနေ့ နေ့လည်လောက်ကဖြစ်တဲ့ တိုက်ပွဲက တစ်နာရီခွဲလောက်တော့ ကြာတယ်။ အစိုးရတပ်က ၆ယောက်သေတယ်။ ၁ယောက်က ဒဏ်ရာရပေမဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု တစုံတရာ မရှိပါဘူး။”ဟု ဗိုလ်မှူးစောဆန်းအောင်က ဆိုသည်။

ယခုလို ထိခိုက်ကျဆုံးမှု များပြားသည့် ခမရ(၂၀၂)တပ်ရင်းမှာ ဘားအံမြို့ အခြေစိုက် တပ်မ(၂၂)၏ လက်အောက်ခံ တပ်ရင်း တစ်ရင်းဖြစ်သည်။

11ReadMore-2.jpg

Sunday, October 2, 2011

Dateline Irrawaddy



11ReadMore-2.jpg

KNU ပြည်ထောင်စုအစိုးရနဲ့သာ ဆွေးနွေးလို

VOAတနင်္ဂနွေ, 02 အောက်တိုဘာ 2011

By သိင်္ဂီထိုက်

ကရင်အမျိုးသားအစည်းအရုံး KNU က ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအစိုးရနဲ့သာ တိုက်ရိုက် ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။ ဒီလို ဆွေးနွေးမယ်ဆိုရင်တောင် တစ်ဖွဲ့တည်း ဆွေးနွေးတာမျိုး လက်မခံဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့သာ ဆွေးနွေးမယ်လို့ ဆိုလိုက်ပါတယ်။ မကြာခင်ကပဲ KNU ကို ငြိမ်းချမ်းရေးစကားပြောဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့တဲ့အပေါ် KNU က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ အပြည့်စုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

မကြာခင်ရက်ပိုင်းက မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သွားရောက်တွေ့ဆုံ ကမ်းလှမ်းခဲ့တာပါ။ KNU အနေနဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုရင် ကရင်ပြည်နယ်အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့လည်း ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ KNU ဘက်ကတော့ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအစိုးရနဲ့ပဲ တိုက်ရိုက် ဆွေးနွေးနိုင်မယ့် အကြောင်းနဲ့ KNU တဖွဲ့တည်းမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သာ တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC အနေနဲ့ပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင်နိုင်မယ့်အကြောင်း အကြောင်းပြန်လိုက်တယ်လို့ KNU ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ ဒီဘက်မှာ အတူရပ်တည်နေကြတဲ့ UNFC နဲ့ ပြောကြဆိုကြတဲ့အတိုင်း ကျနော်တို့က နိုင်ငံရေးအရပဲ ဆွေးနွေးချင်တယ်။ ဗဟိုအစိုးရနဲ့ပဲ ကျနော်တို့ ဆွေးနွေးမယ်။ ဒီလိုမျိုး အဆင့်နဲ့ မလုပ်ဘူးဆိုတာကိုတော့ ကျနော်တို့ ပါးစပ်နဲ့ပဲ ပြောလိုက်တယ်။”

မြန်မာအစိုးရနဲ့ လွန်ခဲ့တဲ့နှစ်ကာလတွေအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကနေ တိုင်းရင်းသားတွေ အမှန်တကယ် တောင်းဆိုတာတွေ မရခဲ့ဘူးလို့လည်း KNU က ပြောဆိုပါတယ်။ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေကို တန်းတူညီမျှရေး အနေအထားမျိုးနဲ့မဟုတ်ဘဲ လက်နက်စွန့်စေလိုတဲ့ သဘောထားမျိုး အစဉ်အဆက် လုပ်ဆောင်ခဲ့တယ်လို့လည်း ဗိုလ်မှူး စောလှငွေက ပြောဆိုပါတယ်။

“ကျနော်တို့ရဲ့ ဖြတ်သန်းချက်တွေအရ လေးငါးကြိမ်လောက်၊ ကျနော်တို့ သမိုင်းတလျှောက်လုံးမှာ ဆွေးနွေးခဲ့တဲ့ ကျနော်တို့ရဲ့ အတွေ့အကြုံတွေအရဆိုရင်တော့ ကျနော်တို့ ရည်မှန်းချက်မပေါက်ဘဲနဲ့ ကျနော်တို့လိုချင်တဲ့ အပြန်အလှန် လေးစားရေးအပေါ်မှာ နိုင်ငံရေးပြဿနာကို ဆွေးနွေးတာမျိုးထက် အင်အားကြီးတဲ့ လက်ရှိအာဏာရထားတဲ့ အစိုးရတွေကနေပြီးတော့ သူတို့ကိုင်ထားတဲ့ ဥပဒေဘောင် အတွင်းကနေပြီးတော့ သူတို့အကြိုက်လိုက်ပြီးတော့၊ နောက်ဆုံး ပြောရမယ်ဆိုရင် လက်နက်ချရေးကိုပဲ ဦးတည်သွားတာတွေက များတဲ့အခါကျတော့ နိုင်ငံဆွေးနွေးတဲ့ဆီကို ကျနော်တို့ တခါမှ မရောက်ခဲ့ဘူး။”

ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KNU ကို ငြိမ်းချမ်းရေးစကားပြောဖို့ ကမ်းလှမ်းနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်တွေရဲ့ စစ်ရေးပြင်ဆင်မှုတွေ၊ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ဆိုသလို ရှိနေတယ်လို့လည်း KNU က ပြောဆိုလိုက်ပါတယ်။

လအတော်ကြာ မြန်မာအစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့လည်း ရှေ့တန်းစစ်မျက်နှာမှာ နေ့စဉ်ဆိုသလို ကြိုကြားတိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် KIO ဌာနချုပ် လိုင်ဇာ ဘက်ကိုလည်း မြန်မာစစ်တပ်က စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ KIO က ကိုဟင်နရီ က အခုလို ပြောပါတယ်။

“မနေ့ကအထိတော့ အင်အား ၃ ထောင်ကျော်ပြီ။ ဒီ လိုင်ဇာ ဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းတွေပေါ့။ သူတို့ မြစ်ကို ကျော်နေပြီ။ လိုင်ဇာကိုတော့ မရောက်သေးဘူး။ ထိန်ညောင်ပင် တ၀ိုက်နဲ့ တောထဲမှာ သူတို့ တပ်အင်အား ဖြန့်ထားတယ်လို့ပြောတယ်။ လိုင်ဇာနဲ့ ဘယ်လောက်ဝေးလဲဆိုတော့ မြစ်ကြီးနားနဲ့ လိုင်ဇာနဲ့ အလယ်ခေါင်လောက်မှာ ကျတယ်။”

တိုင်းရင်းသား အပစ်ရပ်အဖွဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA နဲ့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ မြန်မာအစိုးရဟာ နိုင်ငံရေးအရ ငြိမ်းချမ်းရေးစကား ပြောဆိုဖို့ ကမ်းလှမ်းနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးအရလည်း အရှိန်မြင့် ဆောင်ရွက်နေတာတွေကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အမှန်တကယ် ဖော်ဆောင်နိုင်ပါ့မလား ဆိုတာကို သတိထား စောင့်ကြည့် နေကြရတယ်လို့ ပြောဆိုကြပါတယ်။

11ReadMore-2.jpg

ဖယ်ဒရယ်ပြည်ထောင်စုကို ကြောက်တဲ့ ပြဿနာ

Free Finger For Freedom

Saturday, October 1, 2011
ဖယ်ဒရယ် အရေးနဲ့ ပတ်သက်ပြီး ပြောချင်တာတွေ ရှိပါတယ်။ ဒေါက်တာလှိုင်မြင့် ရေးထားတာတွေကို ဖတ်ပြီး ပါပြီ။ သူက ဗမာကိုယ်စားပြုပြီး ဗမာဖက်က ဖြစ်ချင်တာတွေကို ပြောသွားတာလို့ နားလည်ပါတယ်။ သူပြောခဲ့တာတွေ နဲ့ ပတ်သက်ပြီး တစ်ချက်ချင်း ညှိနှိုင်းဆွေးနွေးကြရင်း အဖြေပေါ်လာအောင် လုပ်ကြပါမယ်။

အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။

တခါ သြစတြေးလျမှာလဲ ၂၀၀၈- ဖေဖေါ်ဝါရီလ မှာ အဲဒီတုန်းက အခု Burma Campaign Australia က ဘဏ္ဍာငွေက တောင့်တင်းနေတုန်းဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံလုပ်ပါတယ်။ တနေကုန် ဆွေးနွေးပွဲကြီးကို နှစ်ရက်လုပ်ပါတယ်။ အဲဒီိမှာ တိုင်းရင်းသားအများစုက ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး (ဖက်ဒရယ်ကိစ္စ) တပြိုင်ထဲလုပ်ရမယ် တောင်းဆိုလာပါတယ်။ အဲဒီလို တောင်းဆိုလာတော့ မြန်မာတွေက လက်ရှောင် ထွက်သွားကြပါတယ်။ အားလုံးကဗျောင်ဘဲ။ ကျနော်မပါဘူးဆိုပြီး ထွက်သွားကြပါတယ်။ အခု တီဗွီတွေ ရေဒီယိုတွေအပေါ်မှာ အင်တာဗျူးနေတဲ့ ဆရာကြီးများ အကုန်လက်ရှောင် ကြပါတော့တယ်။ နောက်ဆုံးတော့ တိုင်းရင်းသားတွေ အများနဲ့ ကျနော်တဦးတည်း ဆွေးနွေးကြရပါတော့တယ်။ ဘိုမတွေ၊ ဘိုတွေ ထိုင်နားထောင်ပေးပြီး ကြပ်မတ်ပေးထားကြပါတယ်။


ဒီဆွေးနွေးပွဲမှာ မြန်မာတွေ လက်ရှောင်ထွက်သွားကြပါတယ်လို့ ပြောပါတယ်။ ဆွေးနွေးပွဲမှာ ပြောဆိုတိုင်ပင် ညှိနှိုင်းစရာတွေ ညှိနှိုင်းရမှာပါ ရှောင်ထွက်သွားရမှာ မဟုတ်ပါဘူး။ ပြည်ထောင်စုအရေးဟာ မြန်မာ သို့မဟုတ် ဗမာ နဲ့လည်း ဆိုင်ပါတယ် ရှောင်ထွက်သွားလို့ မရပါဘူး။ တိုင်းရင်းသားဆိုတဲ့ စကားကို ဘယ်သူက စထွင်တယ်တော့ မသိပါဘူး။ အမြင်မှောက်မှားစေတဲ့ အသုံးအနှုန်းပါ။ ဘာ့ကြောင့်လဲဆိုတော့ တိုင်းရင်းသား ဆိုတဲ့ စကားလုံးမှာ ရှင်းလင်းတိကျတဲ့ အဓိပ္ပာယ်မရှိလို့ပါပဲ။ တိုင်းရင်းသားလို့ သုံးစွဲလိုက်ခြင်းဟာ အမြင်မှားမှုကို စတင်စေပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း နဲ့ တကွ ကျန် လူမျိုးတွေကို တစ်ပေါင်းတည်း တိုင်းရင်းသားလို့ ပေါင်းပြီးကြည့်လိုက်တဲ့ အခါမှာ မဲအသားစီး ဆိုတဲ့ အမြင်ပေါ်လာမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် တိုင်းရင်းသားဆိုတဲ့ ဝေါဟာရဟာ အမြင်မှောက်မှားစေတဲ့ ဝေါဟာရ တစ်လုံးဖြစ်ပါတယ်။ ဗမာဟာလည်း တိုင်းရင်းသား တစ်မျိုးပဲလို့ ပြောရင် ဗမာတွေ လက်မခံချင်းကြပြန်ပါဘူး။ စိတ်ထဲက ကျိတ်ရယ် ကြပါတယ်။ ဒါဆို ဗမာ နဲ့ တိုင်းရင်းသားနဲ့ ဘာကွာတာလဲ ဆိုတာ မေးမြန်းစရာ ဖြစ်လာပြန်ပါတယ်။

အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။

နောက်ဆုံးတော့ တိုင်းရင်းသားတွေ အများနဲ့ ကျနော်တဦးတည်း ဆွေးနွေးကြရပါတော့တယ်။ ဘိုမတွေ၊ ဘိုတွေ ထိုင်နားထောင်ပေးပြီး ကြပ်မတ်ပေးထားကြပါတယ်။



အထက်က ဒေါက်တာလှိုင်မြင့်ရဲ့ အမြင်မှားမှု စတင်ပါတော့တယ်။ "တိုင်းရင်းသားတွေ အများနဲ့ ကျနော် တစ်ဦးတည်း꨸ ဆိုတာ အမြင်မှားမှုပါ။ အမှန်က ကချင်လူမျိုး၊ ကယားလူမျိုး၊ ကရင်လူမျိုး၊ ချင်းလူမျိုး၊ မွန်လူမျို၊ ရခိုင်လူမျိုး၊ ရှမ်းလူမျိုး နဲ့ ဒေါက်တာလှိုင်မြင့် ဗမာလူမျိုးပါ။ ဒေါက်တာလှိုင်မြင့် အတွေးမှာ ကျန်တဲ့လူမျိုးတွေကို တစ်ပေါင်းတည်းတွေးလိုက်တာမှားပါ
တယ်။ အဲလိုတွေးလိုက်တဲ့ အချိန်မှာ ကျန်တဲ့လူမျိုးက တစ်ပေါင်းတည်း ၇ ယောက် အင်အားကြီးပြီး၊ ဗမာက ၁ ယောက် အင်အားနည်းတယ် ဆိုတဲ့ အမြင်မှားမှု ဖြစ်သွားပါတယ်။

အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။

အဓီက ပြောလိုတာကတော့ စစ်တပ်ကရေးထားတဲ့ အခုနာဂစ်အခြေခံဥပဒေနဲ့ နယ်စပ်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေ ဦးဆောင်ရေးထားတဲ့မူ (ပြည်ထောင်စုစစ်စစ်မူ @ ရှစ်ပြည်နယ်မူ/ NCUBမူ) ဆိုတာနှစ်ခုကတော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ဖြစ်နေပါတယ်။ ဘယ်လိုမှ မနီးစပ်နိုင်ပါဘူး ။ တိုင်းရင်းသားတွေက ၂၀၀၈- မှာတော့ ရှစ်ပြည်နယ်မူကနေ ၁၀-ပြည်နယ်မူ ဆိုပြီး ပြည်နယ်နှစ်ခုတိုး သတ်မှတ်လာပါတယ်။ နောက်ထပ်ထပ်တိုး ပြည်နယ်တွေအတွက်ပါ ကွက်လပ်လေးနှစ်ခု ပြထားပါသေးတယ်။ အမှတ်စဉ်လေး - ၁၂ အထိ ထိုးထားလိုက်ပါသေးတယ်။


ဒါနဲ့ ပါတ်သက်လို့လည်း အမြင်းမှားမှုနဲ့ အမြင်ကျဉ်းမြောင်းမှုတွေ ရှိနေပါသေးတယ်။ မြန်မာပြည်မှာ လူမျိုး ၁၃၅ မျိုး ရှိတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ပြည်နယ်တွေခွဲပေးရရင် တိုင်းပြည်ကြီး အစိတ်စိတ် အမွှာမွှာပြိုကွဲ သွားမှာပေါ့ ဆိုတဲ့ အမြင်ပါ။ ပြိုကွဲခြင်း၊ ညီညွတ်မှု ပျက်စီးခြင်းဆိုတာ တန်းတူမရှိမှုမှာ အခြေခံပါတယ်။ တန်းတူမရှိရင် တန်းတူဖြစ်ချင်တဲ့ စိတ်ပေါ်ကြတာ သဘာဝ တရားပါ။ သူတစ်ပါးကို သာချင် ကျောချင် တာကလည်း သဘာဝ တရားတွေပါ။ ဒါကို သတိနဲ့ ထိန်းချုပ်ပြီး၊ ကြပ်မတ်ပေးကြရမှာ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးစီမှာ သူ့လူမျိုးမပျောက်ပျက်ရေးအတွက် တောင်းဆိုခွင့် ထူထောင်ခွင့် ရှိရပါမယ်။ "ကမ္ဘာမှာ မျိုးတုန်းပျောက်ကွယ်မယ့် တိရိစ္ဆာန်တွေ အရေး တွေတောပူပင်နေကြပေမယ့်၊ လူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ် သွားအောင် အစီအစဉ်တကျ ဆောက်ရွက်နေကြတာတွေ ရှိပါတယ်၊ ꨸ ဒါတွေဟာ ကိုယ့်လူမျိုးချစ်စိတ် အရင်းခံတွေ နဲ့ပါ။ ဒါပေမယ့် လူယဉ်ကျေးတွေ လက်မခံတော့ပါဘူး။ လူမျိုးစု တိုင်းဟာ အခွင့်အရေး တန်းတူ ရသင့်ပါတယ်။ ပြည်နယ်တောင်းတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းတယ် ဆိုလည်း ပေးရမှာပါ။ ဒါမှ အဲဒီ လူမျိုး အဓွန့်ရှည်တည်တံ့မှာပါ။

အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။

တခါစစ်တပ်ကဆွဲတဲ့ နာဂစ်-၂၀၀၈-ဥပဒေကတော့ ဒီမိုကရေစီဆိုတာ အနံ့လေးလောက်ဘဲပါတာပါ။ ဆွေးနွေးစရာမလိုတော့လို့ ခေါက်ထားလိုက်ပါတယ်။ နောက်တခု အဓိကထားပြောလိုတာကတော့ ၁၉၆၂ -နှစ်ဖေါ်ဝါရီလမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မြန်မာ(ဗမာ)မပါဘဲ တိုင်းရင်းသားတွေက ပြည်ထောင်စု (စစ်စစ်)မူ / ရှစ်ပြည်နယ်မူကို တင်ဖို့လုပ်လာတော့ ဒီကိစ္စကို အခွင့်ကောင်းယူပြီး ဦးနေ၀င်းက အာဏာသိမ်းလိုက်တာပါဘဲ။ ဦးနေ၀င်း အာဏာသိမ်းတော့ တိုင်းပြည်ပြိုကွဲမယ့် အရေးကနေ ကာကွယ်ဖို့ပေါ့။ အဲဒီအချိန်က မြန်မာနိုင်ငံရေးသမားတွေက ဦးနေ၀င်းရဲ့ အကြောင်းပြချက်ကို သိပ်အကြောက်အကန် မငြင်းနိုင်ခဲ့ကြပါဘူး။ မြန်မာ(ဗမာ) လူမျိုးဘက်ကနေ ကြည့်တော့ ဗမာတွေအတွက် ကိုယ်ပြည်နယ်နဲ့ ဆိုင်တဲ့ကိစ္စ တခုခု ဆုံးဖြတ်ချင်ရင်တောင်မှ တိုင်းရင်းသားတွေ ခွင့်ပြုမှ တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ့် ဘ၀ကို လုံးလုံးရောက်သွားပါပြီ။ ဒီရှစ်ပြည်နယ်မူကို ဗမာကိုယ်စားလှယ်တွေက လက်မခံနိုင်ကြပါဘူး။ လက်ခံဖို့ သိပ်ခက်နေပါတယ်။ လက်မခံတော့ တိုင်းရင်းသားတွေဘက်က ဒါမဟာလူမျိုးဝါဒ ဆိုတာကို တွင်တွင် အော်တော့တာပါဘဲ။ ဒါပေမဲ့ လွတ်တော်မှာက အဖွဲ့တွေ အကွဲကွဲဖြစ်နေချိန်ကို တိုင်းရင်းသားတွေက အခွင့်ကောင်းယူလာတယ်လို့ တပ်မှုးတွေက လုံးဝယူဆထားကြပါတယ်။


အဲဒီ အချိန်က အမြင်မှန် မရှိခဲ့တဲ့ ဗမာမျိုးချစ်ခေါင်းဆောင်တွေ ကြောင့် လက်ရှိ ဆင်းရဲ မွဲတေမှုတွေ ရင်ဆိုင်နေရတာပါ။ ဒါက ငြင်းမရတဲ့ သက်သေပါပဲ။ မျှတတဲ့ အုပ်ချုပ်ခွင့် ပေးခဲ့ကြရင် စစ်ပွဲတွေ ဖြစ်နေမှာ မဟုတ်ပါဘူး။ KNU ပေါ်လာမှာ မဟုတ်ပါဘူး။ SSA ပေါ်လာမှာ မဟုတ်ပါဘူး။ KIA ဖြစ်လာမှာ မဟုတ်ပါဘူး။ ဗမာ့တပ်မတော်ကြီးလည်း ပြိုကွဲခဲ့မှာ မဟုတ်ပါဘူး။ ၁၉၄၈ လွတ်လပ်ရေး ရပြီးချိန်မှာ ဝန်ကြီးချုပ်ဦးနုက ဗမာမျိုးချစ် စိတ်နဲ့ဗုဒ္ဓဘာသာကြည်ညို စိတ်တွေကြောင့် အစွန်းရောက်ခဲ့ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ ကောင်းကောင်းမလုပ်ကြပဲ ကိုယ့်လက်ထဲ ရှိတဲ့ တပ်နဲ့ အနိုင်ယူ ချေးမှုန်းရေး လုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ သတ်မှတ် တာတွေ လုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံလိုက်တာနဲ့ ဗုဒ္ဓဘာသာ ဖြစ်သွားတာ မဟုတ်ပါဘူး။ သောတာပန်မဖြစ်သေးသမျှ ဗုဒ္ဓကို တကယ် ယုံကြည်သူ မဟုတ်သေးပါဘူး။ ရလာဒ်အဖြစ် ဗမာ့တပ်မတော်ကြီး ပြိုကွဲပါတယ်။ ကွန်မြူနစ်တွေ အဖြစ်တောခိုကြပါတယ်။ အင်္ဂလိပ် ပရောဂကြောင့်လို့ ပြောတာတွေ ဟာ အမှားတွေပါ။ ကိုယ့်အချင်းချင်း မညီညွတ်လို့ ကွဲပြဲကြတဲ့ ကိစ္စကို မဆိုင်သူကို ဆွဲထည့်စရာ မလိုပါဘူး။ ကိုယ့်ကြောင့် ကွဲတာကို သူ့ကြောင့်လို့ လက်ညှိုးထိုး ရှောင်လွှဲတာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဗမာတွေ အဲဒီအချိန်က ဘာလို့ ထောက်ခံခဲ့ကြသလဲ ဆိုရင် မရင့်ကျက်ကြသေးတာရယ်၊ အနာဂါတ်ကို မြော်မြင်နိုင်တဲ့ အားနည်းတာရယ်ကြောင့်ပါပဲ။ ရှစ်ပြည်နယ်မှုကို ဒေါက်တာလှိုင်မြင့် ကြည့်သလို ကြည့်ခဲ့ကြပါတယ်။ လွတ်တော်မှာ ဘာ့ကြောင့် အဖွဲ့တွေ အကွဲကွဲ ဖြစ်တာလဲ ဆိုတဲ့ အကြောင်းအရင်း ကို ရှာကြည့်ဖို့ လိုပါတယ်။ ညှိနိုင်းသင့်တာကို မညှိနှိုင်းပဲ အာဏာသိမ်းခွင့်ကို ပေးလိုက်ကြတဲ့အတွက် အာဏာရှင်စနစ် မြန်မာပြည်မှာ အမြစ်တွယ် ဖို့ ဖြစ်လာခဲ့ပါတယ်။

အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။

မြန်မာ(ဗမာ) လူမျိုးဘက်ကနေ ကြည့်တော့ ဗမာတွေအတွက် ကိုယ်ပြည်နယ်နဲ့ ဆိုင်တဲ့ကိစ္စ တခုခု ဆုံးဖြတ်ချင်ရင်တောင်မှ တိုင်းရင်းသားတွေ ခွင့်ပြုမှ တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ့် ဘ၀ကို လုံးလုံးရောက်သွားပါပြီ။


ဒါဟာလည်း မှားယွင်းတဲ့ အမြင်ပါပဲ။ လူမျိုးတိုင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိပါတယ်။ ကိုယ့်ပြည်နယ်အရေး ကိုယ်ပဲ ဆုံးဖြတ်လုပ်ကြမှာ ဖြစ်ပါတယ်။ ခုလက်ရှိမှာ ဗမာအခြေပြု စစ်အစိုးရက ရခိုင်တိုးတက်ရေး၊ ရှမ်းတိုးတက်ရေး ကြားကောင်းရုံပဲ ပြောမှာပါ။ ရှမ်းတိုးတက်ရေးကို ရှမ်းကပဲ လုပ်ပါလိမ့်မယ်။ ရခိုင်တိုးတက်ရေးကို ရခိုင်ကပဲ လုပ်ပါလိမ့်မယ်။ ဝင်ရောက် စွက်ဖက်လက်ဝါးကြီးအုပ်မှု မရှိအောင်၊ ကိုယ်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို တောင်းကြတာပါ။ ဒါက ပြည်နယ်တွေ အဆင့်မှာ တိုးတက်ရေးကြိုးစားကြတာကို ပြောတာပါ။ ပြည်ထာင်စု အဆင့်ကို စဉ်းစားတဲ့ အခါမှာတော့ ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲ တိုးတက်ရေးတွေ ပါလာပြီ ဖြစ်တဲ့အတွက်၊ ပြည်နယ်ချစ်တဲ့ ခေါင်းဆောင်တိုင်းဟာ ရေရှည်အကျိုးကြည့်ပြီး၊ သင့်တော်မျှတတဲ့ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စု လွတ်တော်မှာ တင်ပြတိုင်ပင်ပြီး မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ꨸ကိုယ့်ပြည်နယ်နဲ့ဆိုင်တဲ့ ကိစ္စ တခုခု ဆုံးဖြတ်ချင်ရင်တောင်မှ တိုင်းရင်းသားတွေ ခွင့်ပြုမှ တိုင်းရင်းသားတွေ သနားမှ" ဆိုတာ အရောင်ဆိုးထားတဲ့ စကားလုံးပါ။ အမြင်မှားမှုအပေါ် အခြေခံပါတယ်။ လူမျိုးတွေကို ပေါင်းပြီးကြည့်လိုက်တာ မှားယွင်းမှုပါပဲ။ ကျန်တဲ့ လူမျိုး ၇ မျိုးက ပေါင်းသွားတာဟာ၊ ဗမာလူမျိုးကို ခွဲထွက်ပြီး တွေးလိုက်လို့ပါ။ ဘာ့ကြောင့် ကျန်တဲ့ လူမျိုးတွေကို ပေါင်းပြီး တွေးလိုက်တာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ကျန်တဲ့ လူမျိုးတွေက တစ်သွေးတည်း တစ်သားတည်း ညီညွတ်နေကြလို့လား။ ကျန်တဲ့ လူမျိုး ၇ မျိုးက ညီညွတ်တယ်ဆို ဗမာဆိုတဲ့ လူမျိုးကရော အဲဒီ ၇ မျိုးသော လူမျိုးနဲ့ တစ်သွေးတည်း တစ်သားတည်း မညီညွတ်နိုင်ဘူးလား။ ကျန်တဲ့ လူမျိုး ၇ မျိုးက ဘာ့ကြောင့် ဗမာ ဆိုတဲ့ လူမျိုးကို နိမ်ရမှာလဲ။ ဗမာမျိုးချစ်တွေ ကြောက်ခဲ့တာက အမြင်မှားမှုကို အခြေခံတဲ့ "မိုးမပြို၊ ပြိုခဲ့သော်" အတွေးတွေပါပဲ။ မိုးပြိုပြီလို့ အော်ပြီး ပြေးတဲ့ ကြက်ကလေးကြောင့် တစ်တောလုံး တစ်တောင်လုံး တစ်ပြေးတည်း ပြေးနေကြရသလို တိုင်းရင်းသားတွေ (လူမျိုး ၇ မျိုး) က ဖိနှိပ်အနိုင်ကျင့် ခဲ့ရင် လို့ မှားယွင်းတဲ့ အတွေးကြောင့် ခုထိ မြန်မာနိုင်ငံသားတွေ မိုးပြိုမှာ ကြောက်တဲ့ အတွေးနဲ့ ဗမာတွေရော၊ ကျန်တဲ့ လူမျိုးတွေ ရော သဘာဝတရားတွေနဲ့ လှပနေတဲ့ ဒီတောင် ဒီတောမှာ တစ်ပြေးတည်း ပြေးပြီး။ ဖတ်ဖတ် မောနေခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပါပြီ။ ကျွန်တော်ပြောချင်ပါတယ်။ မိုးပြိုလာတာ ဟုတ်မဟုတ် ကျွန်တော်တို့ ရပ်ပြီး လေ့လာကြဖို့ ဖော်ထုတ်ကြဖို့ လိုပါတယ်။ ရှေးရှေးက ခေါင်းဆောင်တွေဟာ အရာရာမှာ အမြော်အမြင်ကြီးပြီး ပြီးပြည့်စုံခဲ့ကြတာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သိကြဖို့ သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့ အမြင်တွေကို တော်လှန်ပြောင်းလဲ ကြရပါမယ်။




ဆက်လက်ဖော်ပြပါမည် ....
Posted by တွတ်ပီ at 6:47 AM 0 comments

11ReadMore-2.jpg

Saturday, October 1, 2011

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အရေး


အောင်လင်းထွဋ် Friday, 30 September 2011 18:01 သူ့အတွေး သူ့အမြင်

လွန်ခဲ့သော နှစ်ပေါင်း ၂၀ နီးပါး စစ်ပွဲများကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လက်ရှိ အရပ်သား အစိုးရသစ်ဟုခေါ်သော အစိုးရလက်ထက်တွင် စစ်၏ အနိဋ္ဌာရုံ သတင်းများကို ကြားနေရပါသည်။
အထူးသဖြင့် ကချင်၊ ကရင်၊ ရှမ်း ပြည်နယ် ဒေသများတွင် စစ်ပွဲများဖြစ်နေကြပါသည်။ တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုထားသော ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့က နယ်ခြားစောင့်တပ်အစီအစဉ်ကိုလက်မခံသဖြင့် ၂၀၀၉ ခုနှစ်တွင် စစ်တပ်က တိုက်ခိုက်ခဲ့သော်လည်း တရုတ်အစိုးရ၏ ပြင်းထန်သော ဖိအားကြောင့် စစ်ပွဲကိုရပ်ဆိုင်းခဲ့ရသည်။ စစ်အစိုးရ ဒုတိယ နှင့် တတိယ ခေါင်းဆောင်များ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ ကိုယ်တိုင် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်၍ မှားပါကြောင်း ဝန်ချတောင်းပန်ခဲ့ရသည်။

လက်ရှိအချိန်တွင်မူ ကချင်၊ ကရင်၊ ရှမ်း ငြိမ်းချမ်းရေး အဖွဲ့များကို စစ်တပ်က ပြင်းပြင်းထန်ထန် စစ်ပွဲ ဆင်နွဲနေသော်လည်း တရုတ်နိုင်ငံ ထောက်ခံထားသော၊ မူးယစ်ဆေးဝါးနှင့် စစ်အင်အားကြီးထွားလာသော “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များကိုမူ စစ်ဆင်ရေး မလုပ်ရဲခဲ့ပါ။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းတပည့်များဖြစ်ပြီး လွှတ်တော်ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဝန်ကြီးဟောင်း ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့ ခေါင်းဆောင်သော သမ္မတ၏ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို “ဝ”နှင့်မိုင်းလားဒေသသို့ စေလွှတ် ဆွေးနွေးခဲ့ရပါသည်။

ထိုသို့ ဆွေးနွေးရာတွင် ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ရန် ဆက်လက်ထိန်းသိမ်းရေး၊ အပြန်အလှန်စကားပြောနိုင်ရန် ဆက်ဆံရေး ဌာန စခန်းများ ဖွင့်လှစ်ရေး၊ ယခင် နှစ်ဦးနှစ်ဘက် သဘောတူညီခဲ့ပြီးဖြစ်သော နယ်မြေမှကျော်လွန်ပြီး လက်နက်ကိုင် သွားလာသည့်အခါ ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရေး၊ နှစ်ဦးနှစ်ဘက် သဘောတူညီသည့် အချိန်နေရာတွင် ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားရေး စသည့် အချက် ၄ ချက် ကို “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များဖြင့် သဘောတူညီခဲ့ကြပါသည်။

အဆိုပါ သဘောတူညီချက်ကို အစိုးရဘက်မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ၊ တြိဂံတိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီးဇော်ထွန်းမြင့်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးမှူး ဦးအောင်ကျော်မြင့် တို့က လက်မှတ် ရေးထိုးခဲ့ပြီး “ဝ” ဘက်မှ ဦးကျောက်ကွမ်းအမ်း၊ ဦးပေါက်ယူလျန်၊ ဦးအောင်မြင့်၊ မိုင်းလားအဖွဲ့မှ ဦးစံပေ့၊ ဦးခန်းပောာင်၊ ဦးအိုက်ရှဲန်၊ ဦးဇင်ခမ်းနော် တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။

၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်ကို လက်မခံလျှင် “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များ စစ်ရေးအရ ဆောင်ရွက်လိမ့်မည် ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အခါတွင် ကချင်၊ ကရင်၊ ရှမ်း ငြိမ်းချမ်းရေးအဖွဲ့များကို စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူခဲ့ပြီး “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များကိုမူ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့သည်။

“ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အပြန်အလှန် အကူညီပေးရေး သဘော တူညီထားခဲ့သော်လည်း ကတိကဝတ်ကို ချိုးဖောက်ပြီး အစိုးရနှင့် ပူးပေါင်းခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဓိက လူမျိုးကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တို့၏ တည်ငြိမ် အေးချမ်းမှုကို လျစ်လျူရှုထားပြီး တရုတ်နိုင်ငံအတွင်း အများစုနေထိုင်သော “ဝ” နှင့် အခါ လူမျိုးများ ငြိမ်းချမ်းရေးဆောင်ရွက် နေသည်မှာ အစိုးရဋ္ဌ ရိုးသားမှု မရှိခြင်းက ထင်ရှားနေသည်။

ယနေ့မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးပေါ်လစီကို ကျင့်သုံးနေသည်ဟု ဆိုသော်လည်း တရုတ်နိုင်ငံ၏ ကိုလိုနီကျွန်နိုင်ငံ ဘဝသို့ ရောက်မှန်းမသိ ရောက်နေရပါပြီ။ အစိုးရသစ်က ပြည်တွင်းအရေး ကိစ္စများကိုပင် တရုတ်တို့၏ မျက်နှာ ကြည့်ပြီး အလုပ်လုပ်နေရသည်မှာ ရင်နာစရာကောင်းလှပေသည်။ ယခုအချိန်မှ တရုတ်တို့ကို ချိန်ခွင်လျှာညှိနိုင်အောင် အနောက်နိုင်ငံများနှင့် ပလူးပလဲ လိုက်လုပ်နေရသည်မှာလည်း ရှက်ဖို့ကောင်းပါသည်။

နိုင်ငံ၏အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူ၍ အကြိမ်ကြိမ်ကြွေးကြော်နေသော စစ်ဗိုလ်ကြီးများ ဘာကြောင့် ကိုယ့် သွေးရင်း သားချင်းတွေကို စစ်ပြန်တိုက်နေကြပါသလဲဟု မေးလိုပါသည်။

အနှစ်၂၀ နီးပါး ငြိမ်းချမ်းခဲ့ပြီးမှ ယခုကဲ့သို့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အများပြည်သူ ဘေးဒုက္ခရောက်အောင် လုပ်နေရပါသနည်း။ ကိုးကန့်၊ ဝ ၊ အခါ လူမျိုးများကိုပင် နားလည်မှုပေးနိုင်လျှင် မူရင်း လူမျိုးများဖြစ်သည့်၊ ပင်လုံစာချုပ်နှင့် လွတ်လပ်ရေးအတူ ရယူခဲ့ကြသည့် တိုင်းရင်းသားများကို အဘယ့်ကြောင့် “ဝ” နှင့် အခါ လူမျိုးများကဲ့သို့ သဘောတူညီချက်မျိုးများ မပေးနိုင်သနည်း ဆိုသည်ကိုလည်း မေးလိုပါသည်။

စာရေးသူသည် စစ်ဝတ်စုံဝတ်၍ နှစ်ပေါင်း၂၅ နှစ်ခန့် ၊ စစ်ဝတ်စုံချွတ်၍ နှစ်ပေါင်း ၅ နှစ်ကျော် မဆလ အစိုးရ နှင့် စစ်အာဏာရှင် အစိုးရ လက်ထက်တွင် အမှုထမ်းခဲ့ရသူ တဦးဖြစ်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအရေးကို နှစ်အတန်ကြာ ကိုင်တွယ်ခဲ့ရပါသည်။

စာရေးသူတို့နားလည်ခဲ့သည်မှာ တပ်မတော်သားတိုင်းသည် စစ်တပ်တွင် စတင် ဝင်ရောက် အမှုထမ်းစဉ် ကတည်းက အလံကိုင်ပြီး သစ္စာပြုခဲ့ကြသူများ ဖြစ်သည်။ အကျဉ်းချုပ်ပြောရလျှင် တပ်မတော်သည် တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပြီး ကိုယ့်တိုင်းရင်းသားချင်း နှိပ်စက်သတ်ဖြတ်ရန် မဟုတ်သကဲ့သို့ လူတစု တဖွဲ့ အတွက် အသုံးချရန် ဖွဲ့စည်းထားသော အာဏာရှင်၏ တပ်မတော်လည်း မဟုတ်ပါ။

စစ်ပွဲများဖြစ်ပါက နှစ်ဘက်လက်နက်ကိုင်အဖွဲ့ဝင်များ ကျဆုံးရသကဲ့သို့ အပြစ်မဲ့ပြည်သူများလည်း ဒုက္ခရောက် စစ်ဘေး စစ်ဒဏ် ခံရ စမြဲပင်။ စစ်ပွဲများတွင် ကျဆုံးရသည်မှာ တပ်မတော်ဘက်တွင်ဆိုပါက အရာရှိအငယ်များနှင့် အခြားအဆင့်ဟုခေါ်သော အရာခံ၊ အကြပ်၊ တပ်သား အများစု ဖြစ်သည်။ အရာရှိကြီးများ သေသည်မှာ အလွန်နည်းပါသည်။

ထို့အပြင် အာဏာရှင်ကြီးများ၏ ဆွေးမျိုးများ၊ တပည့်သားမြေးများသည်လည်း သေဘေးမှဝေးသည့်အပြင် နေရာကောင်းများ ရရှိပြီး မိသားစုများပါမကျန် တိုက်တာ အိမ်ကား များနှင့် ကြီးပွား ချမ်းသာနေကြသည်ကို တွေ့ရမည် ဖြစ်ပါသည်။ အသက်စွန့်ပြီး တိုက်ပွဲဝင် နေကြသည် ဆိုသည့် အရာရှိငယ်နှင့် စစ်သည်များ၏ မိသားစုများက နေ့စဉ် အသက်ဘေးအန္တရာယ် ကင်းဝေးစေကြောင်း ဆုတောင်းနေရမည် ဖြစ်သည်။

ယနေ့ တပ်မတော်အတွင်း စစ်ဘက်ရာထူး ယူထားသော ဗိုလ်ချုပ်ကြီးများကို လေ့လာကြည့်ပါ။ ကာကွယ်ရေးဦးစီးချုပ်က အစ လက်အောက်ဗိုလ်ချုပ်များ၏ စစ်ရေးစွမ်းရည်သည် သုည ဟု ပြောရပါမည်။ ဖြတ်သန်းလာခဲ့သော ငယ်စဉ် စစ်အရာရှိဘဝကို လေ့လာကြည့်မည်ဆိုလျှင် အားလုံးနီးပါးသည် ကိုယ်ရေးအရာရှိ၊ လုံခြုံရေးအရာရှိ၊ ဦးစီးအရာရှိ အစရှိသည့် လူကြီး အနီးကပ်ပြီး နေသူ များပါသည်။

ထူးထူးချွန်ချွန် တိုက်ပွဲဝင်ခဲ့သည့်ပုဂ္ဂိုလ်မျိုး တဦးတယောက်မှ တွေ့ရမည်မဟုတ်ပါ။ ထိုသို့သော စစ်ခေါင်းဆောင်များက အတွေး အခေါ်လည်း မရှိ၊ အမြော်အမြင်လည်း မရှိ အထက်ကခိုင်းတာပဲ ဆိုပြီး စစ်တပ်ကို အသုံးချနေမည်ဆိုလျှင် တပ်မတော်အတွင်း မုဆိုးမ နှင့် ဖခင်မဲ့ သားသမီးများ တနေ့တခြား များလာမည်သာဖြစ်သည်။ မစွမ်းမသန် ဒုက္ခိတများ တပ်မတော် အတွင်း ပိုများလာမည်သာဖြစ်သည်။ မစွမ်းမသန် ဒုက္ခိတ ဖြစ်ပြီးလျှင်လည်း မစို့မပို့ နစ်နာကြေးပေးပြီး တပ်က ထုတ်ခံရ၊ ကူညီမည့်သူ မရှိပါက လမ်းဘေးရောက်ပြီး တောင်းစားရသည့် ဘဝမျိုး ရောက်နေသည်။

ထိုသို့ထောက်ပြနေ၍ စာရေးသူကို တပ်ကိုဖြိုခွဲသူဟု စစ်ခေါင်းဆောင်ကြီးများက စွပ်စွဲပါလိမ့်မည်။ တကယ်တော့ အမှန်တရား ဆိုသည်မှာ ငြင်း၍မရပါ။ စစ်သားဆိုသည် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက် ဒုက္ခိတ ဖြစ်ပါစေ နောက်ဆုံး အသက်စွန့်ရန်အထိ သစ္စာဆိုထားသူများ ဖြစ်သည်။

ယခု တိုက်ခိုက်သတ်ဖြတ်နေရသည်က ကိုယ့်တိုင်းရင်းသားချင်းပါ။ လူမျိုးခြားများ မဟုတ်ပါ။ အဓိပ္ပာယ်မဲ့သည့် စစ်ပွဲများဖြစ်၍ ထောက်ပြနေရခြင်းပါ။ မတရားသည့် စစ်ပွဲများကို စစ်သည်တို့ လက်မခံရန် တိုက်တွန်းနေရခြင်းပါ။

ကချင်ပြည်နယ် ကျောက်စိမ်းတွင်း၊ သစ်တောများ၊ ကရင်ပြည်နယ် ရှမ်းပြည်နယ် သတ္တုမိုင်း သစ်တောများ စသည်တို့ကရသည့် ပြည်သူ့ဘဏ္ဍာငွေဖြင့် ဝယ်ခဲ့သည့် စစ်လက်နက်ကြီးများ၊ အမြောက်ကြီးများနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်နေခြင်းမှာ စစ်အာဏာရှင်များ၏ အပြောတမျိုး အလုပ်တမျိုးနှင့် စစ်တပ်ကို နာမည် ပျက်ရန် အသုံးချနေခြင်းကို တွေ့ရမည်ဖြစ်သည်။

စာရေးသူကိုယ်တိုင် ကရင် ခေါင်းဆောင် စောဘိုမြ ၊ ကချင် ခေါင်းဆောင် ဦးဇော်မိုင်၊ မွန် ခေါင်းဆောင် နိုင်ရွှေကျင် တို့နှင့် ရင်းရင်း နှီးနှီး စကားပြောဆိုခဲ့ဖူးပါသည်။ ပြည်တွင်းစစ်ကြောင့် အဓိပ္ပာယ်မဲ့ သေဆုံးခဲ့ကြရသူတို့၏ အလောင်းများကို ဆက်လိုက်မည် ဆိုပါက မြန်မာနိုင်ငံ တောင်ဘက်ခြမ်းက မြောက်ဘက်ခြမ်း အထိ ဆက်နေလောက်ပြီ၊ ဒီလိုအဓိပ္ပာယ်မဲ့သည့် ကိစ္စများကို ရပ်စဲပြီး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ရန်အတွက် စကားပြောရန် အချိန်ရောက်ပြီဟု သူတို့၏ ခံယူချက်ကို စာရေးသူအား ပြောပြခဲ့ဖူးပါသည်။

တိုင်းရင်းသား ခေါင်းဆောင်ကြီးများက ပင်လုံစာချုပ်မှသည် ခေတ်အဆက်ဆက် မြန်မာအစိုးရများသည် တိုင်းရင်းသားများအပေါ်တွင် လိမ်ညာခဲ့သည်ဟု ခံစားချက် အသီးသီးရှိကြပါသည်။ လက်ရှိအခြေအနေကို ကြည့်မည်ဆိုလျှင်လည်း ၎င်းတို့ပြောသည့်အတိုင်း ဖြစ်နေသည်ကို တွေ့နေရပါသည်။ အစိုးရအသစ်နှင့် နိုင်ငံရေး ကိစ္စ လက်နက်ကိုင်ဆောင်ရေးကိစ္စ ဆွေးနွေး သည်ဟုဆိုသော ကတိကို အစိုးရဘက်က ချိုးဖောက်ပြီး နယ်ခြားစောင့်တပ် လုပ်ရန် အဓမ္မ လုပ်ရာမှ တိုက်ပွဲများ ဖြစ်လာကြတာပါ။ ဒါကြောင့် တရားခံဟာ စစ်အာဏာရှင်များသာ ဖြစ်သည်။

တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များကို တင်ပြချင်တာက နှစ်ဘက် အဖွဲ့ဝင်များသည် တိုင်းတပါးသားများ မဟုတ်ကြပါ။ တမြေတည်းနေ တရေတည်း သောက်နေကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါ။ ဘယ်သူ သေသေ မကောင်းပါ။ စစ်အာဏာရှင်စနစ်၏ အမွေဆိုးကြောင့်သာ တဦး နှင့်တဦး သတ်ဖြတ်နေကြရတာပါ။

တဘက်နှင့်တဘက် နားလည်မှုပေးနိုင်ရန် အဓိက လိုပါသည်။ အောက်ခြေ စစ်သည်ချင်း တဦးနှင့်တဦး ရန်သူကဲ့သို့ မဆက်ဆံကြတော့ဘူးဆိုပါက စစ်ပွဲများ ရပ်စဲသွားပါလိမ့်မည်။

လွန်ခဲ့သောလပိုင်းလောက်က တပ်မတော် တပ်ရင်းတရင်းလုံး KIA နှင့် နားလည်မှု ရသွားသည့်အခါ စစ်ခေါင်းဆောင်ကြီးများက တပ်ရင်းမှူးများမှလွဲ၍ မည်သူကိုမျှ အရေးမယူဝံ့သည့် ဖြစ်စဉ် ရှိခဲ့ပါသည်။

ကချင်၊ ကရင်၊ ရှမ်း လက်နက်ကိုင်များကို မေတ္တာရပ်ခံချင်သည်မှာ - တပ်မတော်ထဲတွင်လည်း တိုင်းရင်းသား အများကြီးရှိပါသည်၊ လူမျိုးရေးကို ရှေ့တန်းမတင်ဘဲ စဉ်းစားဆုံးဖြတ်စေချင်ပါသည်၊ မလွှဲသာ၍ တဦးနှင့်တဦး ပစ်ကြခတ်ကြသည်မှလွဲပြီး နားလည် မှုပေးကြရန် လိုပါသည်။

ပြဿနာအားလုံး၏ အဓိကတရားခံ အာဏာရှင်ကြီးများကို မေတ္တာရပ်ခံချင်သည်မှာ - တိုင်းပြည်ကို ပြန်ကြည့်ပါ၊ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဘေးစစ်ဒဏ် သင့်ပြီး ပြည်သူပြည်သားများသည် ဆင်းရဲဒုက္ခ ဒဏ်ရာများနှင့် ပြည့်နေပါပြီ။ ရှိနေသည့် မာန် မာနများကို ခဝါချသင့်နေပါပြီ။

ရရှိခဲ့ပြီးသား တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိုလည်း “ ဝ” ၊ အခါ တို့ကဲ့သို့ ပြန်လည် သဘောတူသင့်ပါသည်။ မိမိစစ်သည်များ ကိုလည်း ပြန်ကြည့်ပါ၊ တော်တော်လေး ခါးချိနေကြပြီ။ ပြည်ပနိုင်ငံကို ထိုသို့သော စစ်ရေးစွမ်းရည်နှင့် ယှဉ်နိုင်ပါ့မလား၊ တရုတ်နိုင်ငံကို တကယ့် မိတ်အစစ်နိုင်ငံဟု ဗိုလ်ချုပ်ကြီးတို့ မသတ်မှတ်နိုင်ဘူး ဆိုသည်ကို နားလည်ပါသည်။

ယခု နိုင်ငံရေးကစားကွက်များ သစ်ဆန်းလာခြင်းမှာ ကောင်းပါသည်။ သို့သော် ကိုယ့်တိုင်းရင်းသားများကိုတော့ ထိုသို့မလုပ်ပါနှင့်၊ စကားပြောကြည့်ပါ။ တဖက်သတ်မဆက်ဆံပါနှင့်၊ ယုံကြည်မှုရရှိရန် လိုပါသည်။

သိက္ခာရှိသည့် အစိုးရဟု နိုင်ငံတကာတွင် လူရာဝင်ချင်ပါက ပြည်တွင်းပြည်ပ၏ ယုံကြည်မှု ရရန်လည်း လိုပါသည်။ အဘယ်ကြောင့် ဆိုပါက ယခင် စစ်အစိုးရခေတ်က လိမ်ညာမှု များခဲ့၍ ဖြစ်သည်။ ယခုလည်း လိမ်ညာနေတုန်း။ နိုင်ငံရေးအကျဉ်းသားမရှိ၊ ကလေး စစ်သားမရှိ ဟူ၍ ဖြစ်သည်။

သမ္မတကြီး ပြောသည့်အတိုင်း လုပ်နိုင်ပါစေဟု ဆန္ဒပြုပါသည်။
                                                                 မူရင်း -ဧရာဝတီသတင်း

11ReadMore-2.jpg

Friday, September 30, 2011

သပြေညိုလမ်းအခွဲမှာ ဝမ်းနည်းမှာလား

သပြေညိုလမ်းအခွဲမှာ ဝမ်းနည်းမှာလား


မကြာခင်အချိန်ကအထိ ဒေါ်စုကိုဝေဖန်တာဟာ လုပ်သင့်တာဖြစ်ပြီး တိုက်ခိုက်တာမျိုးသာ မဖြစ်သင့်
ဖူးလို့ ကွန်မန့်တွေမှာ ရေးခဲ့မိပါတယ် ။

ခုချိန်မှာ မြင်သိရသမျှတွေကို စုပေါင်းပြီး ညီမျှခြင်းတစ်ခုထုတ်ကြည့်တော့ ဒေါ်စုကို ဝေဖန်ရုံလုပ်နေ
ရမယ့်အဆင့်ကို လွန်လာခဲ့ပြီး ၊ လက်တွေ့လုပ်ရပ်တွေနဲ့ ပေါင်းစပ်ရမယ့်အချိန်ကို ရောက်နေပြီလို့ မြင်
တယ် ။

အတိုချုပ်အနေနဲ့ ဒေါ်စုလုပ်နေတာတွေကို ကြည့်တဲ့အခါ -

(၁) တစ်ကိုယ်တော်ဆန်ဆန် လုပ်နေတာကို တွေ့ရတယ် ၊
(၂) လေသံတွေက အရင်က ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့တာတွေနဲ့ မဆန့်ကျင်ရင်တောင်မှ သွေဖည်
လာနေတယ်လို့ ပြောလို့ရတယ် ၊
(၃) ပွင့်လင်းမြင်သာတဲ့ ထုတ်ဖေါ်ပြောဆိုမှုတွေ နည်းနေတယ် ၊
(၄) NLD အနေနဲ့လည်း ဒေါ်စုနောက်ကနေ လိုက်လျှောက်မှုအပိုင်းမှာ နှေးကွေးနေပေမယ့် ပါတီကို
မှတ်ပုံတင်ဖို့ မတင်မကျပြောလာတဲ့အထိ ဧရာမလမ်းကြောင်းပြောင်းလာနိုင်ချေတွေကို တွေ့လာရ
တယ် ။

ဘာတွေ ဖြစ်ကုန်ပြီလဲ ၊ ဘာတွေ ဖြစ်နေကြသလဲ ၊ ဘာကြောင့်လဲ ၊ ဘာဆက်လုပ်ကြရင် ကောင်း
မလဲ ။ မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားနေကြမယ်လို့ ယုံတယ် ။ ဟောဒီမှာက ကျနော့် တစ်ကိုယ်
စာ အမြင်အချို့ပါ ။

(က) လက်ရှိအစိုးရမှာ နှစ်ခြမ်းကွဲနေသလို ၊ အတိုက်အခံတွေမှာလည်း နှစ်ခြမ်း သို့မဟုတ် ဒီထက်
မကတဲ့ အခြမ်းတွေကွဲရမယ့်အချိန်ကို ရောက်လာပါတော့မယ် ။

ဒီလိုပြောတာဟာ လက်ရှိအစိုးရမှာ နှစ်ခြမ်းကွဲနေတယ်လို့ တပ်အပ်ပြောတာ မဟုတ်သလို အတိုက်
အခံလုပ်နေသူတွေလည်း စိတ်ဝမ်းကွဲရမယ်လို့ မဆိုလိုပါ ။ ဦးတည်ချက်တူပေမဲ့ လမ်းခွဲပြီး လုပ်ကိုင်
လျှောက်လှမ်းကြရတော့မဲ့ အချိန်တစ်ခုကို နီးလာပြီလို့ ဆိုလိုတာပါ ။ ဒါကို ရှေ့မှာ NDF က လုပ်ပြခဲ့
ပြီးပါပြီ ။ အခုလည်း ဒေါ်စုနောက်ကို ဦးလည်မသုန် ဆက်လိုက်မယ့်သူတွေနဲ့ ၊ အခြားနည်းလမ်းတွေနဲ့
သီးခြားရပ်တည်ကြရမယ့် အခြမ်းဆိုပြီး မကြာခင် ခွဲကြရတော့မယ်လို့ မြင်မိပါတယ် ။

(ခ) ဒေါ်စု အခုလုပ်နေတာဟာ နိုင်ငံရေးမှာ ကိုယ့်ကိုယ်ကို သတ်သေတာ (political suicide) နဲ့ ဆင်
တူနေပေမယ့် ၊ တကယ်တန်းမှာက သူဟာ နိုင်ငံရေးအလောင်းအစား (political gamble) ကို လုပ်
နေတာလို မြင်ပါတယ် ။ လက်ရှိအာဏာပိုင်တွေနဲ့ အခွင့်အရေး ရရင်ရသလို ဝင်ပူးသတ်တော့မယ် ။
ဒီလိုအပူးခံရဖို့ကိုလည်း စွန့်စားပြီး “ဟ” ပေးသူက ဟပေးဖို့ကြိုးစားအားထုတ်နေတာမို့ ၊ ဒေါ်စုအနေ
နဲ့ ဒီအခွင့်အရေးကို လက်လွတ်မခံပဲ ဘက်ညီအောင်စွန့်စားနေတာလို့ မြင်ပါတယ် ။

နိုင်ငံရေး တိုက်ကွက်ဖေါ်ချင်ပါတယ် ဆိုနေကြသူတွေ ဝိုင်းစဉ်းစားနားလည်ပေးပါ ။ စတေးခံဝံ့တယ်
ဆိုရင် တိုက်ကွက်ထဲကို ရဲရဲဝင်လိုက်ပါ ။ ဒေါ်စုကို ဝန်းရံချင်ရင်လည်း ဒီအချိန်ဟာ အခွင့်အခါပါပဲ ။
တစ်ဖက်မှာလည်း လက်မခံနိုင်သူတွေအနေနဲ့ စုဖွဲ့ပါ ၊ အင်အားစုတစ်ခုအနေနဲ့ ရပ်တည်နိုင်အောင်
ကြိုးစားကြပါ ။ ဒါမှ ဖြစ်ချင်တာတွေနဲ့ နီးစပ်မှာပါ ။

(ဂ) ဒေါ်စု မပွင့်လင်းတာဟာ အားတော့မရစရာပါ ။ တစ်ဖက်မှာက ကိုယ့်တိုက်ကွက်ကို ကြေငြာပြီး
တိုက်ဖို့ဆိုတာ ခက်ပါလိမ့်မယ် ။ အခြားတစ်ဖက်မှကလည်း NLD နဲ့ လူထုအမြီးတန်းရှည်ကြီးကလည်း
တန်းလန်းကြီး ဖြစ်နေပြန်ပါတယ် ။ ဒေါ်စုအနေနဲ့ ပဲ့ကိုင်တစ်ဦးဖြစ်ပေမယ့် သင်္ဘောကြီးတစ်စင်းလုံးကို
ရုတ်ချည်း လမ်းကြောင်းပြောင်းအောင် ကွေ့ချလိုက်ဖို့ မလွယ်လှပါဘူး ။ ဒီတော့ သူ့မှာက ပုဂ္ဂလိက
ဆန်ဆန် ရှေ့ကနေ လုပ်သွားပြတဲ့ အနေအထားမျိုးတွေ ရှိနိုင်တာလည်း နားလည်ပေးရဖို့ လှိုနိုင်ပါ
တယ် ။ အကယ်၍များ အသေးစိတ်မဟုတ်ရင်တောင် အဓိကကျတဲ့ ပေါ်လစီအပြောင်းအလဲတွေကို
ရသလောက် ပွင့်ပွင့်လင်းလင်း ချပြနိုင်ရင်တော့လည်း အတိုင်းထက်အလွန် ဖြစ်မှာပါပဲ ။ ဘယ်လိုဆို
ဆို ဒေါ်စုရဲ့ အခြေအနေအပေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချသွားတာကို ကျနော် တစ်ယောက်စာအ
နေနဲ့တော့ အလေးထားသွားမှာပါ ။

(ဃ) မကြာခင်မှာ မတူညီတဲ့အင်အားစုတွေ ပေါင်းစုဆုံလာဖို့ အခွင့်အလမ်းတွေ ဖြစ်လာပြီဆိုရင် ၊ အ
ထူးသဖြင့် အာဏာနဲ့ ကျင့်သားရနေသူတွေဆီကနေ တွန်းကန်မှုတွေ ၊ အဖျက်သဘောဆောင်တာတွေ
လုပ်လာမှာတော့ မလွဲပါဘူး ။ အပေါ်ကပြောတဲ့ ဒေါ်စုကို ဝင်ပူးနိုင်အောင် “ဟ” ပေးသူတွေကလည်း
တတ်နိုင်သလောက် ကာကွယ်ပေးဖို့ ကြိုးစားမှာဖြစ်ပေမယ့် ၊ ဒီမိုကရေစီ လိုလားသူတွေထဲက ဒုတိယ
တန်းခေါင်းဆောင်နဲ့ လှုပ်ရှားသူတွေအပေါ်လည်း သက်ရောက်ထိခိုက်မှုတွေ ရှိလာပါတော့မယ် ။ အချို့
လူတွေ ခေါ်ချင်ကြသလို “ကောင်းမှုနဲ့ မကောင်းမှု ၊ ဓမ္မနဲ့ အဓမ္မတို့အကြား အားပြိုင်မှု” လို့ ဆိုကြပါစို့ ။

မေးစရာကတော့ -

* ခင်ဗျားတို့ ကျနော်တို့ ဘယ်လောက်ပြင်ဆင်ထားခဲ့ပြီးပြီလဲ ၊
* ဘယ်အခန်းကဏ္ဍက ရပ်တည်လှုပ်ရှားမလဲ ၊
* ဘယ်လောက်အထိ ပေးဆပ်လုပ်ကိုင်ကြမလဲ - ဆိုတာပါ ။

ဒါတွေရေးတာဟာ လူတိုင်းအတွက်လို့တော့ ပြောရခက်ပါတယ် ။ ဒါပေမယ့် ဖတ်သူတိုင်းတော့
စဉ်းစားစရာ အစအနအချို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ် ။ ဝေဖန်ကြလို့ ရပါတယ် ။ ဆွေးနွေးကြ
လို့ ရပါတယ် ။ မှားသွားတာရှိရင်လည်း တာဝန်ယူလို့ရတဲ့နည်းနဲ့ တာဝန်ယူသွားပါမယ် ။


မန်းကိုကို
၃၀ ၊ ၀၉ ၊ ၂၀၁၁

11ReadMore-2.jpg

Thursday, September 29, 2011

ကြံ့ဖွံ့စစ်သားတွေရဲ့အယုတ်တမာလုပ်ရပ်



11ReadMore-2.jpg

Template by:

Free Blog Templates