Tuesday, May 24, 2011

အစိုးရ သတင်းစာ ရေးသားဖော်ပြ ချက် KNU ငြင်းဆို

 


စောသိန်းမြင့်(ကေအိုင်စီ)

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များသည် ခရီးသည်တင်မှန်လုံယာဉ်များ ပစ်ခတ်၊ ဆက် ကြေးတောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အစိုးရပိုင် သ တင်းစာတွင် ယနေ့ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာ ဖြစ်သည်ဟု ကေအဲန်ယူက တုန့်ပြန်ပြောဆိုလိုက်သည်။



ကရင်အမျိုးသားအစည်းရုံး-KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒါဟာ သက်သက်စွပ်စွဲတာ ပဲ။ ကျနော်တို့ ကေအဲန်ယူက သူများပစ္စည်းတွေကို အတင်းအဓမ္မလိုက်တောင်းဖို့အတွက် ပေါ်လစီမရှိ ဘူး။”ဟု တန့်ပြန်ပြောဆိုသည်။

ယမန်နေ့ နံနံက် ၉နာရီခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာအကြား ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ ရေးဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၅စီးအား KNU တပ်ဖွဲ့ဝင်များ ပစ်ခတ်တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ယနေ့ဖော်ပြသည်။

ပြီးခဲ့သည့် မေလ ၂၃ရပ်နေ့ မနက် ၇နာရီခွဲခန့်တွင် ရေးမှ သံဖြူဇရပ်ဘက်သို့ မောင်းနှင်လာသော ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ ရွှေဝါဖူး၊ ကြယ်စင်ဟိန်း၊ ရာဇာမင်းယာဉ်လိုင်းများမှ ခရီးသည်တင်မှန်လုံ ယာဉ် ၅စီးအနက် ရှေ့ဆုံးမှ မောင်းနှင်လာသော ရွှေမြင်းပျံခရီးသည်တင်ယာဉ်၏ ဘီးအား အင်အား ၃၀ခန့်ရှိ KNU တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖော်ခွဲ၍ ယာဉ်တန်းကို ရပ်တန့်စေပြီး ဆက်ကြေး ကောက်ခံခဲ့ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် KNU တပ်ဖွဲ့ဝင်များက ထားဝယ်-ရန်ကုန် မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၁၀ သိန်းနှင့် ထားဝယ်-မော်လမြိုင်မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၃သိန်းဖြင့် ဆက်ကြေး အဖြစ်ကောက်ခံခဲ့ပြီး ၎င်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ နယ်မြေခံ အစိုးရစစ်ကြောင်း၏ လိုက်လံရှင်းလင်းမှု ကြောင့် ဖမ်းဆီးခံရသူများအနက် ၄ဦးသည် ထွက်ပြေးလွှတ် မြောက်လာခဲ့ပြီး ၂ဦးသာကျန်ရှိသည်ဟု ဖော်ပြသည်။

KNU တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ဆန်စပါးအပါအ၀င် ရိက္ခာ များအဓမ္မတောင်းခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်တို့ကိုသာ တစိုက်မတ်မတ် လုပ်ဆောင် လျှက်ရှိ သဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံ့ရှာလျှက် ရှိသည်ဟု ရေးသားဖော်ပြချက်သည် သတင်းဖြစ်စဉ်မဟုတ်ဘဲ အစိုးရ၏ အာဘော်သာဖြစ်သည်ဟု KNU က တုန့်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၄၉ခုနှစ်မှစ၍ ယနေ့အချိန်ထိ မြန်မာအစိုးရ အဆက် ဆက်ကို ခုခံတော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
 

11ReadMore-2.jpg

DVB သတင်းဌာနနှင့် နန့် ဇိုယာဖန်း တွေ့ ဆုံမေးမြန်းခန်း (ရုပ်သံ)

11ReadMore-2.jpg

Sunday, May 22, 2011

Poe Karen Music Video



11ReadMore-2.jpg

Friday, May 20, 2011

သစ္စာဖောက်ခံရသော သူပုန်အကျဉ်းထွက်များနှင့် တွေ့ဆုံခြင်း

မဇ္ဈိမ ၁၃ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၁ ဦးသည် ကြာသပတေး နေ့လည်ပိုင်းတွင် အိန္ဒိယနိုင်ငံ ကိုလ်ကာတာမြို့ရှိ Presidency အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။

တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မြန်မာစစ်အစိုးရကို တော်လှန်နေသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA မှ တပ်ဖွဲ့ဝင်များ ဖြစ်သည်။

အိန္ဒိယ စစ်ထောက်လှမ်းရေး အရာရှိတဦး အစီအစဉ်ဖြင့် ကပ္ပလီပင်လယ် အန္ဒမန်ကျွန်းစုရှိ လန်းဖောကျွန်း၌ စစ်မျက်နှာ ဖွင့်နိုင်ရေးအတွက် လာရောက်စဉ် ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ ခေါင်းဆောင် ၆ ဦးလည်း ထိုကျွန်း၌ပင် အိန္ဒိယအာဏာပိုင်များ၏ သတ်ဖြတ်ခံခဲ့ရသည်။

CBI အမည်ရှိ အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ၁၉၉၈ ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ပထမသတင်းပေး တိုင်တန်းချက် FIR အပေါ် အခြေခံ၍ သူတို့ကို အိန္ဒိယသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားမှုဖြင့် တရားစွဲခဲ့သည်။

အထိန်းသိမ်းခံကာလ ၁၂ နှစ်နှင့် ရုံးတင်ကာလ

ခင်ဗျားတို့ ကျနော်တို့က ညီအကိုပဲ၊ လက်မြှောက်ရမယ် ဆိုရင်လည်း ကျနော်တို့လူကြီးတွေ လာပါစေအုံး၊
စောင့်အုံးမယ်လို့ ပြန်ပြောတယ်။ ဘာတွေ ဆွေးနွေးထားတယ်ဆိုတာ မသိဘူးတဲ့၊ ဒါကြောင့် လက်သာမြှောက်ပါတဲ့။ ...
၎ နှစ်နီးပါးအကြာတွင် သူပုန်များဘက်က အိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၆၅ (ခ) အရ လျှောက်ထားနိုင်ခဲ့သည်။ အဆိုပါ လျှောက်ထားမှုကို သဘောတူကာ ထိန်းသိမ်းခံထားရသူ ၃၄ ဦးကို တဦးလျှင် ဒဏ်ငွေ ရူပီး ၆ဝဝဝ ဆောင်စေကာ ထောင်ဒဏ် ၃ နှစ်လည်း ချမှတ်ခဲ့သည်။ သို့သော် သူတို့အနေဖြင့် အဆိုပါပြစ်ဒဏ်ကို ကျခံပြီးဖြစ်သည့်အတွက် ပယ်ဖျက်ပေးခဲ့သည်။ စုစုပေါင်း အထိန်းသိမ်း ၃၄ ဦးအနက် ယနေ့ ၃၁ ဦးသာ ပြန်လွတ်လာခဲ့ပြီး ကျန် ၃ ဦးမှာ အခြားအမှုအခင်းများဖြင့် တရားရင်ဆိုင်ရန် ဆက်လက် ချုပ်နှောင်ခံရဆဲ ဖြစ်သည်။

မျိုးချစ်သူပုန် ၃၁ ဦးထဲမှ ၃ ဦးကို ၎င်းတို့ ခံစားချက်၊ လန်းဖောကျွန်းနှင့် ထောင်တွင်း အတွေ့အကြုံ၊ အနာဂတ် ရည်ရွယ်ချက်များကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကိုပေါက်က ဆက်သွယ်မေးမြန်းထားပါသည်။
freedomfigher1ssPresidency အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာသော ၁၃ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၁ ဦး (ဓါတ်ပုံ မဇ္ဈိမ)
Presidency အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာသော ၁၃ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၁ ဦး (ဓါတ်ပုံ မဇ္ဈိမ)



ဓညလင်း
(ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA)

မူလတန်းကျောင်းအုပ် ဦးထွန်းအောင်၏ မွေးချင်း ၄ ဦးအနက် တဦးတည်းသော သားဖြစ်သည်။ စစ်တွေကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ၁၉၈၈ သြဂုတ်လ စစ်ကိုင်းနှင့် မော်လမြိုင်မြို့ လူထုဆန္ဒပြပွဲကြီးများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် ရခိုင် ကျောင်းသားလူငယ်များ ကွန်ဂရက် ASYC ဖွဲ့စည်းတည်ထောင်ရာ၌ ဦးဆောင်ပါဝင်ခဲ့သည်။ ထို့ပြင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မဲဆွယ်ပွဲများအတွက်လည်း ပါဝင်ကူညီခဲ့သည်။ နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေးက လိုက်လံဖမ်းဆီးမှုများကြောင့် ၁၉၉ဝ မှာပင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာလာခဲ့သည်။ ၁၉၉၅ စက်တင်ဘာ ၂၇ ရက်နေ့တွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး AASYC ကို
ဖွဲ့စည်းရာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ရခိုင်လွတ်မြောက်ရေးပါတီ ALP ထဲ ဝင်ရောက်ခဲ့သည်။ ၁၉၉၇ မတ်လ ၄ ရက်တွင် ရခိုင်ပါတီ ၄ ခု ပေါင်းပြီး NUPA ခေါ် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီကို ဖွဲ့စည်းရာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်ခဲ့သည်။

အခုလို လွတ်လာတာ ဘယ်လိုခံစားရလဲဗျ။

ပျော်တာပေါ့ခင်ဗျာ။ ၁၃ နှစ် ၃ လနဲ့ ၆ ရက်ဆိုတော့ ကျနော်တို့ရဲ့ဘဝကတော့ တဆစ်ချိုး ပြောင်းလဲလာတော့တာပေါ့။ ဒီလောက်အချိန်တွေ ကြာပြီးမှ ပြန်လွတ်လာရတော့ အများကြီး ဝမ်းသာရပါတယ်။ ၃ ယောက် ကျန်ခဲ့တဲ့အတွက်တော့ စိတ်မကောင်းဘူးပေါ့ဗျာ။

ကျန်းမာရေးအခြေအနေကော ဘယ်လိုရှိပါသလဲခင်ဗျ။

ကောင်းကြပါတယ်။

ရခိုင်တော်လှန်ရေးထဲကို ဘယ်လို စပြီး ဝင်ရောက်လာခဲ့တာလဲခင်ဗျာ။

အဲဒီတုန်းက မဆလနဲ့ နဝတ အစိုးရတွေရဲ့ ပြည်သူလူထုအပေါ် မတရားရက်စက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို
ကျောင်းနေအရွယ်ကတည်းက စခံစားသိမြင်လာခဲ့ပါတယ်။ ဒီအစိုးရတွေ ပြောင်းမှဖြစ်မယ်ဆိုတာ သိခဲ့ပါတယ်။ အဲဒီအချိန်မှာ ၈၈၈၈ အရေးအခင်း ပေါ်ပေါက်လာတယ်ပေါ့။ အဲဒီအရေးအခင်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပါတီတွေထောင်တော့ ရခိုင်ကျောင်းသားပါတီမှာ ပါဝင်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာတော့ ဝင်မပြိုင်ခဲ့ပါဘူး။ ALD တို့၊ NLD တို့ ပါတီကြီးတွေ မဲနိုင်ဖို့ပဲ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတော့ အာဏာလွှဲမပေးတဲ့အပြင် ပါတီတွေကို မတရားအသင်း ကြေညာလိုက်တော့ ဒီတိုင်းဆို အဖမ်းခံရတော့မှာဆိုပြီး ထိုင်းနယ်စပ်ကို တိမ်းရှောင်လာရပါတယ်။ ထိုင်းနယ်စပ်က ကရင်တို့၊ ABSDF တို့၊ မွန်အဖွဲ့တို့က အများကြီး အကူအညီ ပေးကြပါတယ်။ ကျနော်တို့ကလည်း ရခိုင်ကျောင်းသားအဖွဲ့ AASYC ကို ၁၉၉၅ မှာ ထူထောင်ခဲ့ပါတယ်။ နောက်ပြီး ကျနော်ဟာ ရခိုင်လွတ်မြောက်ရေးပါတီဖြစ်တဲ့ ALP အဖွဲ့ဝင်တယောက်
ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ပင်လယ်ထဲမှာ တာဝန်ယူဖို့ တာဝန်ပေးပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းထဲကို ဘယ်တုန်းက စတင်ဝင်ရောက်ခဲ့ပါသလဲ။

AASYC ကလည်း အဲဒီတုန်းက လက်နက်ကိုင် အဖွဲ့အစည်းပါပဲခင်ဗျ။ အဲဒီတုန်းကလည်း NUPA ဟာ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေ စုစည်းထားတဲ့ အဖွဲ့ကြီးတခု ဖြစ်ပါတယ်။ အဲဒီထဲကို ဝင်ခဲ့ပါတယ်။

freedomfigher19ဘယ်လိုမျှော်လင့်ချက်တွေနဲ့ လန်းဖော (အန္ဒမန်ကျွန်းစု) ကို ပင်လယ်ခရီး ထွက်လာခဲ့ရတာလဲခင်ဗျ။

လန်းဖောကျွန်းကို ကျနော်တို့လာရတာက အိန္ဒိယအစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့လာတာ။ ကျနော်တို့ NUPA ဟာ အိန္ဒိယအစိုးရကို အကူအညီပေးခဲ့သလို အိန္ဒိယအစိုးရကလည်း ကျနော်တို့ကို တစုံတရာ အကူအညီပေးခဲ့ပါတယ်။ ၁၉၉၅ နဲ့ ၉၇ အတွင်းမှာ ကျနော်တို့နဲ့ အိန္ဒိယအစိုးရ ဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ်။ တော်တော်လေးကို
ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ဌာနချုပ်ကို အိန္ဒိယနိုင်ငံတွင်းက မီဇိုရမ်ပြည်နယ် ပရာဗာမှာ တည်ထောင်ခွင့် ပေးထားခဲ့ပါတယ်။ အဲဒီချိန်မှာ အန္ဒမန်နဲ့ နီကိုဘာကျွန်းစုထဲက ကျွန်းတကျွန်းကို နေထိုင်ခွင့်ပေးဖို့ သဘောတူညီခဲ့ပါတယ်။ အဲဒါကို အိန္ဒိယ စစ်ထောက်လှမ်းရေးက သဘောတူခဲ့ပါတယ်။ အဲဒီသဘောတူညီချက်ကြောင့် ကျနော်တို့ လန်းဖောကျွန်းကို လာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ အစိုးရက ကျနော်တို့ကို လက်နက်တွေ တပ်ဆင်ပေးမယ်၊ ကျနော်တို့ရဲဘော်တွေကို စစ်သင်တန်းတွေပေးမယ်၊ ပြီးတော့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဖြတ်သန်းတဲ့အခါ အချက်အခြာကျတဲ့ နေရာဖြစ်လို့ အဲဒီမှာ တထောက်နားခွင့် နေရာပေးမယ်။ ကျနော်တို့က ဒါကိုတောင်းဆိုခဲ့လို့ အိန္ဒိယအစိုးရက ကျနော်တို့ကို ကတိပေးပြီးတော့ အဲဒီကျွန်းကို ပေးမယ်ဆိုပြီး ခေါ်လို့ ကျနော်တို့ လာခဲ့တာ ဖြစ်ပါတယ်။

လာခဲ့တုန်းက စုစုပေါင်း ဘယ်နှယောက်လဲဗျ။

ငါးဖမ်းသမားတွေရောဆို စုစုပေါင်း ၇၂ ယောက်ပါ။

အန်ဒမန်ကျွန်းရောက်ပြီး အဖမ်းခံလိုက်ရတဲ့ နောက်မနက် အဖြစ်အပျက်လေးတွေကို ပြန်ပြောပြပေးပါအုံး ခင်ဗျ။

၈ ရက်နေ့ကနေ စထွက်လာပြီးတော့ ၁ဝ ရက်နေ့ ညနေ ၄ နာရီမှာ ကျနော်တို့ လန်းဖောကျွန်းကို ရောက်ပါတယ်။ အဲဒီ လန်းဖောကျွန်းမှာ ကျနော်တို့ရဲ့ အိန္ဒိယတာဝန်ခံဖြစ်တဲ့ ဗိုလ်မှူးစောထွန်းနဲ့ သူ့လက်ထောက် ကိုရန်နိုင်တို့ကို
တွေ့ပါတယ်။ သူတို့နဲ့အတူ အိန္ဒိယထောက်လှမ်းရေး ဂရေးဝေါ ရှိနေပါတယ်။ ကျနော်တို့ရောက်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာနဲ့ ကြိုဆိုကြပါတယ်။ အဲဒီညမှာ ဘာမှ ပြဿနာမရှိပါဘူး။ သူငယ်ချင်းလိုပဲ
ပျော်ပျော်ပါးပါး စားသောက်ပြီးတော့ အိပ်ကြပါတယ်။ နောက်နေ့မနက်ကျတော့ ဂရေးဝေါက ဘာပြောလဲဆိုရင် အိန္ဒိယအစိုးရ တာဝန်ရှိသူတွေ ရဟတ်ယာဉ်နဲ့ လာမယ်တဲ့။

မနက်မိုးလင်း ကျနော်တို့ကျွန်းနားမှာ အိန္ဒိယရေတပ်ကို တွေ့ရပါတယ်ခင်ဗျ။ သူတို့ရဲ့ လူကြီးတွေဟာ အဲဒီမှာ ရှိတယ်ပေါ့၊ ရဟတ်ယာဉ်နဲ့ လာမှာပေါ့၊ အဲဒါကြောင့် ကြိုဆိုဖို့ နေရာလုပ်ပါတဲ့။ အဲဒါနဲ့ ကျနော်တို့က ပင်လယ်ကမ်းစပ် သောင်ပြင်မှာ အကုန်လုံး တက်နေကြပါတယ်။ အဲဒါပြီးတော့ ကျနော်တို့ လူကြီး ၅ ယောက်ဖြစ်တဲ့ ဗိုလ်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လွန်းဇံခိုင်နဲ့ KNU က ပဒိုမူးလွေပါ။ သူတို့ ၅ ယောက်ကို ကျနော်တို့ ရပ်နေတဲ့ နေရာမှာ ရဟတ်ယာဉ်ဆင်းမယ့် နေရာ မရှိဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့နဲ့ ခပ်လှမ်းလှမ်း တောတန်းနောက်မှာ ကွင်းရှိတယ်ပေါ့။ အဲဒီကွင်းကို သွားရအောင်ဆိုပြီး အဲဒီ ၅ ယောက်ကို ခေါ်သွားပါတယ်ခင်ဗျ။ ခေါ်သွားတုန်းက ၅ ယောက်ပါ။

သူတို့ ထွက်သွားတော့ ခပ်လှမ်းလှမ်းအရောက် သူတို့ကို
ကျနော်တို့ ရခိုင်တော်လှန်ရေးကို အိန္ဒိယက ကူညီပေးမယ်ဆိုပြီး ယုံကြည်မှုကြောင့် ဒီလိုဖြစ်သွားရတာပေါ့။...
ကျနော်တို့က မမြင်ရတော့ပါဘူး။ တောတန်းနဲ့ ကွယ်သွားပါတယ်ခင်ဗျ။ ခဏနေမှ ခေါင်းပေါင်းနဲ့ ပန်ချာစစ်ဗိုလ်က ကျနော်တို့ရှေ့မှာ လာရပ်ပါတယ်။ သူက ဘာပြောလဲဆိုရင် ကျနော်တို့ ခင်ဗျားတို့ဟာ ညီအကိုတွေ၊ ဘာမှ မစိုးရိမ်ကြနဲ့ပေါ့၊ ခင်ဗျားတို့ ဘာအကူအညီလိုလဲ၊ လိုတဲ့ အကူအညီကို ကျနော်တို့ ကူညီသွားမယ်လို့ ပြောပါတယ်။ ခင်ဗျားတို့ လက်ကို မြှောက်ပါလို့ ပြောတယ်။ ကျနော်တို့က ဘာကြောင့် လက်မြှောက်ရလဲ၊ ခင်ဗျားတို့ ကျနော်တို့က ညီအကိုပဲ၊ လက်မြှောက်ရမယ် ဆိုရင်လည်း ကျနော်တို့လူကြီးတွေ လာပါစေအုံး၊ စောင့်အုံးမယ်လို့ ပြန်ပြောတယ်။ ဘာတွေ ဆွေးနွေးထားတယ်ဆိုတာ မသိဘူးတဲ့၊ ဒါကြောင့် လက်သာမြှောက်ပါတဲ့။ အဲလိုအချိန်မှာ စစ်သား ၃-၄-၅ဝ လောက်က ကျနော်တို့ ဘေးနားမှာနေပြီး ကျနော်တို့ကို သေနတ်တွေနဲ့ ချိန်ထားတာပေါ့။

အဲဒီအခါ ကျနော်တို့က သဘောပေါက်ပြီပေါ့။ ကျနော်တို့ကို သူတို့က အမိန့်ပေးနေပြီ၊ ကျနော်တို့ လက်ထဲမှာ ဘာမှ မရှိဘူးနေပါ့နော်၊ ခုခံစရာလည်း အကြောင်းမရှိဘူး။ သူတို့ခေါ်လို့ လာတာဆိုတော့ ကျနော်တို့ကလည်း လက်မြှောက်ရတာပေါ့။ နောက် ကျနော်တို့လက်တွေကို ကြိုးချည်တယ်၊ မျက်စိကို ပိတ်တယ်။ ကျနော်တို့ကိုယ်ပေါ်က အဝတ်အစားတွေ အကုန်လုံး ချွတ်လိုက်ပါတယ်။ နောက် ကျနော်တို့ကို သဲသောင်ပြင်မှာ လှဲခိုင်းလိုက်ပါတယ်။

အဲလိုလုပ်နေတဲ့ အချိန်အထိ KNU က ဗိုလ်မင်းဆွေဟာ ကျနော်တို့နောက်မှာ ရှိနေပါသေးတယ်။ ပို့ဘလဲကို ရောက်လို့ ပြန်စစ်ဆေးတဲ့အခါမှ သူလည်း ပျောက်တဲ့အထဲမှာ ပါသွားပါတယ်။ ကျနော်တို့ကို လက်မြှောက်ခိုင်းပြီးမှ သဲသောင်ပြင်မှာ မှောက်ခိုင်းပါတယ်။ မျက်စိပိတ်လိုက်လို့ ကျနော်တို့ ဘာမှ မမြင်ရတော့ပါဘူး။ ပထမတုန်းကတော့ ကျနော်တို့ ထင်တာက ကျနော်တို့နဲ့ အရပ်သားတွေ၊ လှေသားတွေ ပါလာတဲ့အတွက်တော့ မြန်မာအစိုးရ မသိရလေအောင် ဖုံးကွယ်ဖို့ လုပ်တာလို့ စဉ်းစားပါတယ်။

မျက်စိပိတ်နေရချိန်မှာ ကျနော်တို့လူကြီးတွေ သွားတဲ့ဘက်က သေနတ်သံ အချက် ၂ဝ ၊ ၃ဝ လောက် ကြားရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှ မတတ်နိုင်ပါဘူး။ ကျနော်တို့လက်ထဲမှာ တစုံတရာ ဘာမှ မရှိပါဘူး။ ဓားတောင် မပါတဲ့အတွက် ခုခံစရာလည်း အကြောင်းမရှိဘူး။ ကျနော်တို့လူကြီးတွေ ဒီလိုဖြစ်လို့ ဒေါသဖြစ်တာပေါ့၊ ဝမ်းနည်းပူဆွေးမိတာပေါ့။ အစားထိုးမရတဲ့ အရာတွေပါ။ ပိုက်ဆံတွေ၊ လက်နက်တွေ၊ ပစ္စည်းတွေကို ရှာလို့ ရပေမယ့် လူကြီးတွေကို ပြန်အစားမထိုးနိုင်ပါဘူး။


ဦးစိုးနိုင်
(ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA)

ဦးစိုးနိုင်ကို ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ၁၉၅၄ ခုနှစ်က မွေးဖွားခဲ့သည်။ ၁၉၇ဝ တွင် ဓာတုဗေဒ အဓိကဖြင့် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇ဝ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ပေးရန် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ပြီး မြကျွန်းသာ အမည်နှင့် ရခိုင်ဘာသာဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင် ထုတ်ဝေခဲ့သည်။ ယင်းစာစောင်မှာ ဗိုလ်ချုပ်နေဝင်း အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြသည့် စာစောင် ဖြစ်သည်။ စာတမ်းဝေမှုကြောင့် ဖခင်ဖြစ်သူကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

၁၉၇၄ တွင် သူတို့အဖွဲ့ ခေါင်းဆောင်အပါအဝင် အဖွဲ့သား ၂ဝ ကျော် ဖမ်းခံခဲ့ရပြီး ခေါင်းဆောင်ဖြစ်သူ မောင်သိန်းမြကို လူမြင်ကွင်းတွင် ခေါင်းဖြတ်သတ်ခဲ့သည်။ သူကိုယ်တိုင်လည်း တောထဲတွင် အသတ်ခံရမည့်ဆဲဆဲ စစ်ဌာနချုပ်က စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်မှုကြောင့် သေဘေးမှ လွတ်ခဲ့ရသည်။

စစ်တွေတွင် တနှစ်ခန့် ထိန်းသိမ်းခံခဲ့ရပြီး ရန်ကုန်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၇၆ ဇွန်တွင် ပြန်လွတ်လာသည်။ သို့သော် ရန်ကုန်တွင် နေထိုင်ခွင့်မပေးဘဲ နေရင်း စစ်တွေသို့ ပြန်ခိုင်းခဲ့သည်။

ရန်ကုန်တွင် ဆက်လက်နေထိုင်သောကြောင့် စစ်ထောက်လှမ်းရေးတွေက နောက်ယောင်ခံတာကြောင့် ထိုင်း-မြန်မာ နယ်စပ် ထွက်ပြေးခဲ့သည်။

၁၉၈၈ လူထုအုံကြွမှုတွင် ထိုင်းဘက်သို့ ထွက်ပြေးလာသည့် ကျောင်းသားနှင့် လှုပ်ရှားသူများကို စားစရာ၊
ဆေးဝါးနှင့် နေစရာများ ကူညီပေးခဲ့သည်။ ယင်းနောက် သူပါဝင်လှုပ်ရှားသော NUPA ပါတီကို အိန္ဒိယထောက်လှမ်းရေးတွေက ဆက်သွယ်လာပြီး မြန်မာရေပိုက်နက်အတွင်းမှ တရုတ်ငါးဖမ်းလှေ လှုပ်ရှားမှုအတွက် အိန္ဒိယအစိုးရကို သတင်းပေးလုပ်ခိုင်းခဲ့သည်။ ထို့အတွက် အိန္ဒိယအစိုးရက NUPA ကို အန္ဒမန်ကျွန်းစု၏
မြောက်ဘက်အကျဆုံး လန်းဖောကျွန်းကို အသုံးပြုခွင့်ပေးခဲ့သည်။

ဦးစိုးနိုင်မှာ ၁၉၉၈ ဖေဖော်ဝါရီ ၆ ရက်တွင် ၁ဝ ရက်နေ့တွင် လန်းဖောကျွန်း သွားနိုင်အောင် စီစဉ်ပေးမည်ဟု ခေါင်းဆောင် ခိုင်ရာဇာ အမိန့်အရသွားရာတွင် ဖမ်းဆီးခံခဲ့ရသည်။

freedomfigher2sအခုလို ပြန်လွတ်လာတာ ဘယ်လိုခံစားရလဲ။

နှစ်ကြာကြီး ထောင်ထဲမှာ နေလာရပြီး ဒီနေ့လွတ်တော့ ပျော်တော့ပျော်တာပေါ့။ ဒါပေမဲ့ နှစ်ကြာလာတော့ ဆုံးရှုံးမှုတွေ ရှိတာပေါ့။ ၁၃ နှစ်ဆိုတာ ကျနော်တို့လုပ်ငန်းတွေ၊ ကျနော်တို့ရဲ့ တော်လှန်ရေးခရီးအတွက် ဆုံးရှုံးတာပေါ့။

ဘာတွေဆက်လုပ်မယ်လို့ စိတ်ကူးရှိလဲဗျ။

အဆက်အသွယ်တွေက ပြတ်နေတော့ အပြင်ရောက်မှ စဉ်းစားပြီးတော့ လုပ်ကြရမှာပါ။ အခုအခြေအနေက ဘာမှ မသိသေးဘူး။

ဒီ ၁၃ နှစ်တာ ထောင်တွင်းဘဝကို ခြုံငုံပြီးတော့ ဘယ်လိုပြောနိုင်မလဲခင်ဗျ။

တော်လှန်ရေးလုပ်တာက ဗမာပြည် ဒီမိုကရေစီအရေးလုပ်တာ အိန္ဒိယထောင်မှာ အချိန်ကုန်သွားသလို ဖြစ်တာပေါ့။ ကျနော်တို့က အိန္ဒိယကို ကူညီပေးခဲ့ရပြီးမှ သူတို့က ကျနော်တို့ကို ဒီလိုလုပ်လိုက်တာ ကျနော်တို့ရင်ထဲမှာ ခံစားရတာပေါ့ဗျာ။ ကျနော်တို့ ရခိုင်တော်လှန်ရေးကို အိန္ဒိယက ကူညီပေးမယ်ဆိုပြီး ယုံကြည်မှုကြောင့် ဒီလိုဖြစ်သွားရတာပေါ့။

ဒီလို ၁၃ နှစ်တာအတွင်းမှာ ဘာအကျိုးအမြတ်တွေများ ရခဲ့ပါသလဲ။

ခံနိုင်ရည် ရှိသွားတာပေါ့ဗျာ။ ပိုလို့ ခိုင်မြဲသွားတယ်လို့ ခံစားရတယ်။

ဒီလိုလွတ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူတွေကို ဘာများပြောချင်ပါသလဲ။

ဝိုင်းဝန်းကြိုးစားပေးတဲ့ တော်လှန်ရေး အဖွဲ့အစည်းအားလုံး၊ မြန်မာပြည်သား အားလုံးကို အများကြီး
ကျေးဇူးတင်ပါတယ်။


စောချာတိုးတိုး
(ကရင်အမျိုးသား အစည်းအရုံး KNU)

အခုလို လွတ်မြောက်လာခဲ့တာ ဘယ်လိုခံစားရလဲ။

အာ… သိပ်ပျော်တာပေါ့ဗျာ။ ဒီမိုကရေစီအဖွဲ့အစည်းတွေကိုလည်း ဒီလိုလွတ်မြောက်အောင် ကြိုးစားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဘယ်လိုပြောရမှန်း မသိအောင် တအားဝမ်းသာသွားတယ်ကွာ။

ထောင်ထဲမှာ နေခဲ့ရတာ ဘယ်လိုခံစားရလဲ။

ထောင်ကတော့ ခံစားရတာပေါ့။ စိတ်ကတော့ အမြဲပင်ပန်းနေတာပေါ့။

ဘာတွေ ဆက်လုပ်သွားမလဲ။

ဒီမိုကရေစီ မရမချင်းကတော့ ဆက်ကြိုးစားသွားရမှာပေါ့။ အားလျှော့စရာလည်း မလိုပါဘူး။ အခုဟာက သင်ခန်းစာပေါ့ဗျာ။ အားဆေးတခွက်ပေါ့။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်တောင် နှစ်ပေါင်းမနည်း ခံခဲ့ရတာပဲ။ သူက အမျိုးသမီးတယောက်တောင် အားမလျှော့ဘဲ တွန်းလှန်နိုင်တယ်ဆိုရင် ကျနော်တို့က သူ့ကို အတုယူရမှာပေါ့ဗျာ။ ကျနော်တို့ ဒီမိုကရေစီရဖို့၊ အမျိုးသားလွတ်မြောက်ဖို့ အမြဲ တာဝန်ရှိတယ်လို့ ယူဆပါတယ်။

မိခင်အဖွဲ့အစည်း KNU ကိုရော ဘာများ နှုတ်ခွန်းဆက်စကား ပြောချင်ပါသေးလဲ။

ဘာမှ အထူးအထွေ မရှိပါဘူး။ တယောက်နဲ့တယောက် အားပေးရမှာပေါ့။

11ReadMore-2.jpg

Wednesday, May 18, 2011

ကရင်ပြည်နယ်၌ ၄ လအတွင်း တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွား


//ehkhaungthaunt.blogspot.com

အစိုးရ စစ်တပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့ အကြား ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အထိ တိုက်ပွဲပေါင်း ၃၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNLA ၏ သုံးလပတ် စစ်တမ်းများ အရ သိရသည်။


တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုနှင့် ၁၀၁တပ်ဖွဲ့ဝင်များ ဓာတ်ပုံ-ehka


တိုက်ပွဲများသည် ကရင်ပြည်နယ် အတွင်း၌ ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်မှ ၆၁၁ ဦး သေဆုံး၍ ၈၄၈ ဦးဒဏ်ရာရရှိခဲ့ ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဘက်မှ ၆ ဦး သေဆုံး၍ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တမ်း၌ ဖော်ပြထားသည်။

KNLA တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက “အခုအချိန် အထိ အပြောင်းအလဲတွေ မတွေ့ရသေးဘူး၊ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲဖို့ အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များကို အစိုးရအနေဖြင့် နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နယ်မြေခံ အစိုးရစစ်တပ်မှ အထက် တာဝန်ရှိသူများထံ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ပေးပို့သော အချက်အလက်များ၌ အစိုးရတပ်ဖွဲ့ဝင်များ သေဆုံးသူ စာရင်း ပါဝင်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်က စတင်၍ မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် အစိုးရတပ်နှင့် DKBA အကြား နေ့စဉ်နီးပါး တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွေး၏ တပ်ဖွဲ့ကမူ ယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ယင်းသို့ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း DKBA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရကို တိုက်ခိုက်ရာမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အကြား ပိုမိုအင်အား ကောင်းလာကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

စစ်အစိုးရက ဖွဲ့စည်းပေးထားသော ကရင် နယ်ခြားစောင့်တပ်ဖွဲ့ တချို့ကလည်း DKBA တပ်ဖွဲ့ဝင်များထံ လာရောက်ပူးပေါင်းခဲ့ ကြကြောင်း ၎င်းက ဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ ဖြစ်သည်။

KNLA တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုကမူ“ကျနော်တို့ အရင်ကထက် ပိုပြီး အင်အား ကောင်းလာတယ်၊ အရင် က ကျနော်တို့ စွန့်ခွာခဲ့တဲ့ နေရာတွေတောင်မှ ကျနော်တို့အဖွဲ့ဝင်တွေ ကင်းလှည့်နိုင်တဲ့ အခြေအနေတွေရှိပြီ”ဟု ပြောသည်။

၎င်းကဆက်လက်၍ “တကယ်လို့ အစိုးရအသစ်က ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမယ် ဆိုလို့ရှိရင် တိုက်ပွဲတွေ နည်းလာမယ်၊ ငြိမ်းချမ်းရေး အတွက် အစိုးရက မဆွေးနွေးဘူးဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲ၊ ဒါအခု တက်လာတဲ့ အစိုးရအသစ်အပေါ် မူတည်နေပါတယ်”ဟု ပြောဆိုသည်။

11ReadMore-2.jpg

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသော်မြို့နယ်အတွင်း ဒေသခံရွာသား (၉,၀၀၀) နီးပါး စားနပ်ရိက္ခာ အကျပ်အတည်း ကြုံတွေ (ရုပ်သံ)

11ReadMore-2.jpg

ပစ်ခတ်မှု အရပ်သား ၃ဦးသေဆုံး၊ ၈ဦး ထိခိုက်ဒဏ်ရာရရှိ

မေလ ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်တွင် ခိုလှုံနေရသည့်စစ်ပြေးရွာသား မိသားစုများ (Photo-KHRG)





ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အစိုးရစစ် တပ်နှင့် လက်နက် ကိုင်ကရင်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုများအတွင်း အရပ်သား ၃ဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRGက ယနေ့ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့မှ ၃၀ရက်နေ့အထိ အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထိုကဲ့သို့ ထိခိုက်သေဆုံးခဲ့ ရခြင်းသည်ဟု KHRG၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။



လက်နက်ကြီး ကျည်စထိမှန်သည့်ရွာသားတစ်ဦး (Photo-KHRG)

၎င်းပစ်ခတ်မှုများကြောင့် ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်း၊ ဘုရားငုတ်တို၊ တအေးရှေး၊ မိနန်းအပ် စသည့်ကျေးရွာ များမှ ရွာသား ၁၄၃ဦးသည် ထိုင်းနိုင်ငံနယ်စပ်တစ်နေရာသို့ ထွက်ပြေးခိုခဲ့ရသည့်အပြင် လူနေအိမ်တချို့ကို လည်း အစိုးရစစ်တပ်မှ မီးရှို့ဖျက် ဆီးခဲ့သည်ဟု KHRG က ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်(Albert)က “အဲဒီပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ လူတချို့ကို ကျနော်တို့လူတွေ ကိုယ်တိုင်ကိုယ်ကျ သွားပို့ခဲ့ရတယ်။ ကျိုက်ဒုံဆေးရုံမှာ တယောက်သေတယ်။ နောက် တစ် ယောက်ကတော့ မျက်လုံးထိမှန်သွားတော့ အခု ထိုင်းဘက်ခြမ်း၊ အုန်းဖန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။”ဟု ပြော သည်။

ထိုင်းနိုင်ငံနယ်စပ်တွင် ထွက်ပြေးခိုလှုံနေသည့် အဆိုပါရွာသားများသည် လက်ရှိအချိန်တွင် အလုပ်ခွင်အ တွင်းသို့ ပြန်လည် လုပ်ကိုင်ကြပြီဖြစ်သော်လည်း နယ်မြေမတည်ငြိမ်သည့် အခြေအနေကြောင့် စိုးရိမ်မှု များဖြင့် အလုပ်လုပ်ကိုင်နေရသည်ဟု စော အဲလ်ဘတ်က ပြောသည်။

“အခုချိန်မှာတော့ ရွာသားတွေ အလုပ်ပြန်ဆင်းကြပြီ။ ဒါပေမယ့် အခြေအနေက တည်ငြိမ်မှု အပြည့်အ၀ မရှိသေးတဲ့အချိန်ဆို တော့ သူတို့သားသမီးတွေကို နယ်စပ်မှာပဲ ထားခဲ့ရတယ်။ စိုးရိမ်စိတ်တွေ၊ ကြောက် စိတ်တွေရှိပေမယ့် အလုပ်ကိုတော့ သူတို့ ချန်ထားပစ်လို့မရဘူးလေ။”ဟု ပြောသည်။

၎င်းပစ်ခတ်မှုတွင် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့သည် နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိသလို ယင်းပစ် ခတ်မှုများကြောင့် ကျိုက်ဒုံမြို့နယ်မှ ဒေသခံပြည်သူ ၇၀၀ကျော် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေး ရွာနှင့် အနီးတ၀ိုက်တွင် ထွက်ပြေးခို လှုံခဲ့သည်ဟု ထိုင်းနယ်စပ်အခြေစိုက် သတင်းဌာနများ က ဖော်ပြခဲ့သည်။

ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ရက်သတ္တပတ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား ပစ် ခတ်မှုများ ဖြစ်ပွားလျှက်သော်လည်း နောက်ထပ် အရပ်သား ထိခိုက်သေဆုံးမှုများ မရှိတော့ကြောင်း KHRG က ပြောသည်။

11ReadMore-2.jpg

Tuesday, May 17, 2011

ကြံ့ခိုင်ရေးကိုသာ အာဏာလွှဲကြောင်း    ဦးမောင်ဦး   ပြော   (သောသီခိုမှ)

မောင်ဦးဆိုတဲ့ကောင် ချင်းလူမျိုးကို တိုက်ခိုက်ပြောဆိုလိုက်တဲ့စကားဟာ မဟာဝါဒီ တို့ ရဲ့ ဇာတိသွေးကို ထုတ်ပြလိုက်တာပါပဲ။

ကိုပေါက် | အင်္ဂါနေ့၊ မေလ ၁၇ ရက် ၂၀၁၁ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတော် အာဏာအား လွှတ်တော်သို့ လွှဲခြင်းမဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီသို့ လွှဲအပ်ခြင်းသာ ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီထိပ်တန်းခေါင်းဆောင် ဦးမောင်ဦးက ရခိုင်ပြည်နယ် ပေါက်တော မြို့မိမြို့ဖများနှင့် ဝန်ထမ်းများကို စနေနေ့တွင် တွေ့ဆုံပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပေါက်တောမြို့ ဘိုတဲနေရာ၌ မြို့မိမြို့ဖများနှင့် ဝန်ထမ်း ၅ဝ ခန့်ကို ခေါ်ယူတွေ့ဆုံကာ၊ မနက် ၁ဝ နာရီမှစ၍ ၁၁ နာရီခွဲခန့်အထိ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး တဦးတည်းသာ မိန့်ခွန်းပြောဆိုခဲ့သည်။

“ဘယ်လိုပြောလဲဆိုရင်… ကျနော်တို့ ကြံ့ခိုင်ရေးပါတီဟာ အစိုးရလည်းဖြစ်တယ်၊ ပါတီလည်းဖြစ်တယ်ဆိုတော့ တနည်းအားဖြင့် အာဏာလွှဲပေးတယ်ဆိုတာ လွှတ်တော်ကို လွှဲပေးတာ မဟုတ်ဘူး။ ကြံ့ခိုင်ရေးကို လွှဲပေးတာတဲ့။ ရခိုင်ပါတီကို မဲပေးလိုက်လို့ ဒီပြည်ထောင်စု အစိုးရထဲမှာ ဘယ်ဝန်ကြီးကို ခင်ဗျားတို့ တွေ့ရလို့လဲလို့ ပြောသေးတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က မဇ္ဈိမကို ပြောသည်။



“ ဖိတ်တာက လွှတ်တော်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ usda-usdpလာမယ်ဆိုပြီး ခေါင်းစဉ်နဲ့ ဖိတ်စာနဲ့ဖိတ်တာ။ အစည်းအဝေးမှာ ပြောတဲ့အခါကျတော့ သူကကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်ပါ၊ ကြံ့ခိုင်ရေးကို ကိုယ်စားပြုပြီး လာတာပါတဲ့” ဟု သူက ဆိုသည်။

ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးမှာ ယခင် နအဖ အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးပြီး၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကြံ့ဖွံ့ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပါတီစည်းကမ်းထိန်းသိမ်းရေးမှူး ဖြစ်သည်။

ပြည်ထဲရေးဌာနဝန်ထမ်းများ အသိုင်းအဝိုင်းအတွင်း ဦးမောင်ဦးမှာ ဒေါသကြီးသူ၊ အလုပ်ကိုဇွဲနှင့် လုပ်တတ်သူဖြစ်ကာ ဂေါက်သီးရိုက် ဝါသနာထုံသူ၊၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြည်ညိုသူဖြစ်ပြီး လက်အောက်ဝန်ထမ်းများ ကြောက်ရွံ့လေ့ရှိသူဟု ကျော်ကြားသည်။

မြို့မိမြို့ဖ တဦးဖြစ်သူ ဦးစောထွန်းစိန်၊ ပြည်နယ်အမတ် ဦးတက်ထွန်းအောင်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် အငြိမ်းစား ကျောင်းဆရာကြီး ဦးမောင်မြလှနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်လည်း စည်းဝေးတက်ခဲ့သည်။ ဦးမောင်ဦးနှင့်အတူ ပြည်နယ် ကျန်းမာ/ပညာဝန်ကြီး ဒေါက်တာအောင်ကျော်မင်းနှင့် ချင်းရေးရာဝန်ကြီး ဦးကိုနိုင်လည်း လိုက်ပါလာခဲ့သည်။

အစည်းအဝေးတွင် ဦးမောင်ဦးက ချင်းလူမျိုးများကိုပါ ပုတ်ခတ်ပြောဆိုခဲ့သေးသည်။

“ပြည်ထောင်စု ဝန်ကြီးအဖွဲ့မှာပါဖို့ ချင်းပြည်နယ်က ချင်းကိုယ်စားလှယ်တွေက တင်ပါတယ်တဲ့။ ချင်းတွေက စာတလုံးမှ မတတ်ဘဲ ဒီဝန်ကြီးအဖွဲ့ထဲ ထည့်သုံးလို့ ရမလားဆိုပြီး သူက ပြောပါတယ်။ သူကိုယ်တိုင်က ဒီစကား ပြောတာပါ” ဟု ကိုယ်တိုင်နားထောင်ခဲ့ရသူ ဦးတက်ထွန်းအောင်က ပြန်ပြောပြသည်။
ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကိုမူ ထည့်သွင်းပြောဆိုသွားခြင်း မရှိခဲ့ဟု ဆိုသည်။

သူက ဆက်ပြီး “အစည်းအဝေးထဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ခင်မောင်လွင်လည်း ရှိနေသေးတယ်။ သူက အရင် မယက။ သူတို့ ကြံ့ခိုင်ရေးပါတီ မဲရှုံးရတာဟာ မယကနဲ့ ဝန်ထမ်းတွေက ကူညီမပေးလို့ မဲရှုံးရတာဆိုပြီး မင်း … ထွက်သွား၊ မင်း … ဆင်းသွားဆိုပြီး မောင်းထုတ်တာလည်း ကျနော်ကိုယ်တိုင် မျက်စိနဲ့ မြင်လိုက်ရပါတယ်” ဟု ဆိုသည်။

ဤကဲ့သို့ ဦးမောင်ဦး၏ ပြောဆိုချက်များမှာ ဖွဲ့စည်းအုပ်ချုပ်ပုံပါ မူများနှင့် ဆန့်ကျင်နေသဖြင့် RNDP အနေဖြင့်
ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရထံ တိုင်ကြားသွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ် အစိုးရတွင် ကြံ့ဖွံ့ပါတီက ဝန်ကြီးချုပ်အပြင် ဝန်ကြီးအများစု ပါဝင်ကာ ဗဟိုအစိုးရတွင်လည်း အရပ်သား ဝန်ကြီးများမှာ ကြံ့ဖွံ့ပါတီမှချည်း ဖြစ်သည်။

ပေါက်တောမြို့မှနေ၍ RNDP က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၄ ဦး ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရာ အားလုံး အရွေးခံခဲ့ရသည်။
http://www.mizzimaburmese.com/news/inside-burma/7557-2011-05-17-05-13-35.html




 

11ReadMore-2.jpg

လောလောဆယ်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ညီအကို မောင်နှမများ စာရင်း

 

 

-WFWW-

photo by BBC
၁။ ညီညီအောင် (အင်းစိန်)
၂။ မီးမီး (အင်းစိန်)
၃။ ကိုသိန်းဆွေ (စစ်တွေ)
၎။ မသန္တာ (ပူတာအို)
၅။ ထက်ထက်အိုးဝေ (ပူတာအို)
၆။ မြမြသိမ့် (ပူတာအို)
၇။ နော်အုန်းလှ ( တောင်ငူ)
၈။ မြသန်းထိုက် ( တောင်ငူ)
၉။ ကိုငွေစိုး (ရမည်းသင်း)
၁၀။ ဇင်လင်းသော် ( ပေါင်းတည်)
၁၁။ ကိုကျော်ဆန်း (မိုင်းဆတ်)
၁၂။ ရဲမင်းဦး (မြင်းခြံ)
၁၃။ ကိုထွန်းထွန်းနိုင် (ဗန်းမော်)
၁၄။ ဦးကျော်ညွန့်  (ခန္တီး)
၁၅။ စိုင်းမင်းသိမ်း (ခန္တီး)
၁၆။ ဦးအေးမြင့် (သရက်)
၁၇။ ဇေယျာသော် (ကော့သောင်)

11ReadMore-2.jpg

Monday, May 16, 2011

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

By မအေးအေးမာ

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာအစိုးရ ထိန်းချုပ်ရာ နယ်မြေထဲအထိ ၀င်ရောက် တိုက်ခိုက်မှုတွေ လုပ်အပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့ထဲက အစိုးရ အဆောက်အဦးတခုကို ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ မနေ့က ၀င်တိုက်ခဲ့သလို ဒီကနေ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ နယ်စပ်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက နေပူခံစခန်း၊ အောက်ဗိုလ်တဲစခန်းနဲ့ မြန်မာစစ်တပ် ခမရ ၂၃၀၊ ခမရ ၁၃၁ တပ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ KNU ပူးပေါင်းတပ်တွေဟာ မေလ ၁၅ ရက်နေ့ မနက်မှာပဲ ကော့ကရိတ်မြို့နယ်ထဲက တမိုင်ကုန်းနဲ့ ချောင်းတောင်ဆိုတဲ့ နေရာတွေမှာရှိတဲ့ စစ်တပ်ရဲ့ စခန်းတွေကို ထပ်မံ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာက…
“ကျနော်တို့ ဒီနေ့ ကော့ကရိတ် တမိုင်ကုန်းမှာ စစ်တပ်တခုရှိတယ်၊ လွန်ခဲ့တဲ့နေ့မှာတော့ မနက် ၅ နာရီခွဲကစပြီး ကော့ကရိတ် နေပူခံစခန်း၊ တောင်ခြေက အောက်ဗိုလ်တဲ၊ ၂၃၀၊ ၁၃၁ တပ်တွေကို ကျနော်တို့ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်တယ်။”

မနေ့ကဖြစ်ခဲ့တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ကြေးနန်း ဆက်သွယ်ရေးရုံးကို ၀င်ရောက် တိုက်ခိုက်မှုဟာလည်း DKBA နဲ့ KNU မဟာမိတ် တပ်ဖွဲ့တွေရဲ့လက်ချက် ဖြစ်ကြောင်းတွေကိုလည်း ပြောသွားပါတယ်။
“မုဒုံမြို့ကို ၀င်ရောက်တိုက်ခိုက်တာ ကျနော်တို့ရဲ့ တပ်မဟာ ၆ ဗျူဟာမှူးနဲ့ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇ တို့ အသီးသီး အောင်နိုင်ကျော်ကြား စစ်ဆင်ရေး စီမံချက်ကို ကျနော်တို့ ရေးဆွဲထားတယ်။ လက်ရှိ အောင်နိုင်ကျော်ကြား စစ်ဆင်ရေးအရ ဆိုရင် ကျနော်တို့က ၀င်ရောက်တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ကျနော်တို့ ၀င်ရောက်တိုက်ခိုက်မယ်။ လက်ရှိလည်း မွန်ပြည်နယ် မုဒုံသော်လည်းကောင်း၊ မော်လမြိုင်သော်လည်းကောင်း၊ ဘိတ်၊ ထားဝယ်၊ တနင်္သာရီတိုင်း အသီးသီးပေါ့လေ။”
မနေ့က မုဒုံမြို့က ပစ်ခတ်မှုမှာတော့ ရဲတပ်သားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

DKBA ကတော့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မလုပ်သရွေ့ ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေဦးမှာဖြစ်ကြောင်း၊ တိုင်းရင်သားတွေရဲ့ ဒေသတွေမှာ မြန်မာအစိုးရ တပ်တွေက အကြမ်းဖက် တိုက်ခိုက်မှု၊ ဒေသခံ ကျေးရွာသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ပေါ်တာဆွဲမှု၊ တောင်ယာတွေကို ဖျက်ဆီးမှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲ ပြောဆိုနေပါတယ်။ မေလ ၁၁ ရက်နေ့ကတော့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြ၀တီကားလမ်းကို မနက်ပိုင်းကနေ နေ့လယ်အထိ အာဏာပိုင်တွေဘက်က ယာယီ ပိတ်လိုက်ရပြီး အခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီလထဲမှာ ဖြစ်နေတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ပစ်ခတ်မှုနဲ့ ကရင်ပြည်နယ်တွင်းက ပစ်ခတ်မှုတွေဟာ အစိုးရ ထိန်းချုပ်ရာနေရာ ဖြစ်တာကြောင့် ပြည်သူတွေကတော့ စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပါတယ်။
DKBA အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲကာလမှာ မဲမသမာမှုလုပ်တယ်၊ ပြည်သူတွေကို အတင်းအကျပ် မဲထည့်ခိုင်းတယ်ဆိုပြီး ရွေးကောက်ပွဲလုပ်တဲ့ နောက်တနေ့မှာပဲ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ တိုက်ပွဲတွေ ဖြစ်နေရတဲ့အထိ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

11ReadMore-2.jpg

လ်ုယင့်သာ လ်ုယ်ုဆ်ုအဲ

11ReadMore-2.jpg

Sunday, May 15, 2011

တောင်းတ တဲ့အာသာဝတီနတ်ပန်း




      ငြိမ်းချမ်းစွာကွဲလွဲခွင့်ရှိတဲ့
 လွတ်လပ်တဲ့ကမ္ဘာတစ်ဘက်ခြမ်းမှာ
အမျိုးမတူသူတွေနဲ့ 
အယူမတူသူတွေပေါင်းစု
အမိတိုင်းပြည်ကိုကောင်းအောင်ပြုကြတယ်။
        လွတ်လပ်စွာ ကွဲလွဲချင်နေကြတဲ့
ပျဉ်ဘိုးနားမလည်နိုင်သေးတဲ့
ဒို့ ကရင်တွေအဖို့ မှာတော့
လူမျိုးစွဲ၊ဘာသာစွဲ၊ပါတီအစွဲတွေနဲ့ 
ကိုယ့်ကျုံးထဲ   ကိုယ်ပြန်ဝင်ကာ
ဆင်ကန်းတွေလို    တောတိုးကြလေရဲ့။
            သက်ကျားအို အာခံတွင်းထဲက
သစ်သီးပေါများတဲ့ဥယာဉ်ကို
စိတ်ကူးယဉ် ယုံစားမိတဲ့
ဂျီသူငယ်အဖြစ်ဆိုးလို
တစ်ကောင်ပြီးတစ်ကောင်
ကျားစာဖြစ်သွားတာတောင်
သေဖေါ်ညှိဘို့ ဆွယ်နေကြသူလဲရှိပါရဲ့
ညီညွတ်မှုကိုလိုချင်ပါတယ်လို့ လည်း
သူတို့ ပါးစပ်တွေကနတ်စကားမြွက်ကြားတတ်သကွဲ့  ။
          အမှားသိမှအမှန်နားလည်
အမှန်သိမှအမှားနားလည်။
ဒွန်တွဲနေတဲ့နိယာမကိုဘေးဖယ်ပြီး
သင်တို့ တွေအားလုံးမှန်သူတွေလို့ 
ကိုယ့်ကိုယ်ကိုယူဆနေကြရင်
မြေစာအဖြစ်ခံနေရတဲ့ ဒို့ ပြည်သူမှာတော့
ဒုက္ခရောက်လို့ ဘိုက်မှောက်ကာ
ဘုံပျောက်လို့ အသက်ငင်နေကြပြီး
           အသွင်မတူသူတွေ  စုကာနေတဲ့
ကမ္ဘာအရပ်ရပ်နဲ့ ကော်သူးလေမှ
မျိုးချစ်ကရင်ဆိုသူတို့ ရေ
မသင့်မမြတ်တဲ့ အကွဲအရှပ်တွေကြားက
မွှေးရနံ့ သင်းပျံ့ တဲ့ ညီညွတ်ရေးပန်းမာလာ
အာသာဝတီ နတ်ပန်းလေးတစ်ပွင့်
မျှော်လင့်နေတဲ့ ဒို့ ပြည်သူအတွက်
အားနာစွာနဲ့ ပွင့်တန်ကောင်းပါရဲ့နော်။
                                                      စအိုင်ခန့် (နှင်းခဲမြေ)

                                                                  Friday, February 11, 2011

11ReadMore-2.jpg

Thursday, May 12, 2011

နယ်စပ်ဒုက္ခသည်စခန်း ၃ ခု ထိုင်း စစ်ဆေးမည်


ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာဒုက္ခသည်စခန်း ၃ ခုကို တာ့ခ်ခရိုင် အာဏာပိုင်များက ၀င်ရောက်စစ်ဆေးရန် စီစဉ်နေကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ကပြောကြားသည်။

karen-2011-01-12
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်က အစိုးရစစ်တပ်၏ တိုက်ခိုက်မှုကြောင့် တောထဲတွင် ရှောင်တိမ်းနေသည့် ဒေသခံ ကရင် ရွာသားတချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ - KHRG)
ယင်း ကျေးရွာများ၌ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းသည် လွန်ခဲ့သည့် နှစ်က မိုးခေါင်ခြင်း၊ အစိုးရစစ်တပ်များ စစ်အင်အားတိုးချဲ့လာသည့်အတွက် လယ်သမားများက စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်ကိုင်ရဲခြင်းတို့ကြောင့် ဖြစ်ကြောင်း KHRG မှ ကွင်းဆင်း တာဝန်ခံ စောအဲလ်ဘတ်က ဧရာဝတီသို့ ပြောသည်။

“အခု လောလောဆယ် တချို့ မိသားစုတွေဆိုရင် အစားအစာတွေ မရှိတော့ဘူး၊ တခြားရှိတဲ့ လူတွေဆီက ချေးငှားစား၊ ၀ယ်စားနေ ကြရတယ်၊ အရင်ကဆို ထမင်း သုံးနပ် စားတယ်၊ အခုဆိုရင် တစ်နပ်ပဲ စားတော့တယ်၊ တခြား ဟင်းသီး ဟင်းရွက် တွေနဲ့ရော ပြီးတော့ ချက်စားတာတို့ အဲဒီလိုမျိုးတွေ ဖြစ်နေကြတယ်”ဟု ၎င်းက ဆိုသည်။

မိသားစုဝင်တချို့မှာမူ ၎င်းတို့၏ ကလေးငယ်များကိုသာ အစားအသောက်များ ကျွေးရပြီး မိဘများက အငတ်ခံနေရကြောင်း သိရသည်။

စောအယ်လ်ဘတ်က“မိသားစု တွေက အစာရေစာတွေ ပြတ်တောက်နေတယ် ဆိုတာရယ် နောက်နှစ် ရိတ်သိမ်းချိန်အထိ ရိက္ခာ တွေထားလို့ မရတော့ ဘူးဆိုတာတွေကို ကျနော့်တို့ အဖွဲ့အစည်းကို လာပြောကြတယ်”ဟု ပြောသည်။

“အစာရေစာ ပြဿနာက ရှောင်ပုန်းနေရတဲ့ ရွာသားတွေ အတွက် စိန်ခေါ်မှု တခုပါ”ဟု ၎င်းက ဆက်ပြောသည်။

ကရင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(KORD) အတွင်းရေးမှူး ထူးခလိကမူ တချို့သော ရွာ များက အစာရေစာအတွက် တောထဲတွင် အမဲလိုက်ရကြောင်း၊ နေစဉ်ဘ၀ ရပ်တည်ရေးအတွက် အခြားသော ရွာများသို့ သွား ရောက်ကာ အလုပ်အကိုင်ရှာဖွေရကြောင်း ဆိုသည်။

စောအယ်လ်ဘတ်နှင့် အဖွဲ့သည် အချက်အလက် ရရှိရန် ၂၀၁၁ ဖေဖော်ဝါရီလမှ မတ်လ အထိ အစာရေစာရှားပါးနေသော ဒေ သ များ၌ အင်တာဗျူး အမြောက်အမြား ပြုလုပ်ခဲ့ပြီး မေလ ၁၁ ရက်က အစီရင်ခံစာ တစောင်လည်း ထုတ်ပြန်ထားသည်။

KHRG ကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဝေးလံခေါင်းပါးသော ဒေသများရှိ မြို့ရွာများနှင့် ပတ်သက်၍ ဓာတ်ပုံ သက်သေ အထောက် အထားများဖြင့် မှတ်တမ်းတင်နေသော လွတ်လပ်သည့် အဖွဲ့အစည်း တခုဖြစ်သည်။

လတ်တလော ဒေသခံများ ကြုံတွေ့နေရသော စားနပ်ရိက္ခာ အတွက် နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများ အနေဖြင့် အကူအညီများ ရရှိရန် တောင်းဆိုပေးခြင်း ဖြစ်ကြောင်း KHRG က စောအဲလ်ဘတ်က ပြောသည်။

“အစာရေစာ ပြတ်လတ်နေတဲ့ ရွာသားတွေကို အရေးပေါ် အကူအညီ ပေးဖို့က အရေးကြီးဆုံးပါပဲ၊ မွေးရပ်မြေမှာ ဆက်ပြီး လုပ် ကိုင် စားသောက်ချင်တဲ့ သူတွေရှိသလို အစာရေစာ ရှာဖွေမရဘဲ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ဖြစ်သွားနိုင်တဲ့ မိသားစုတွေ လည်း ရှိနေတယ်”ဟု ၎င်းက ဆိုသည်။

ကရင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ကော်မတီ (CIDKP)မှ စောစတိဗ်ကလည်း နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားနေ သည့် ယခုနှစ်အတွင်း အစာရေစာ ပြတ်လပ်မှုများသည် ပြီးခဲ့သော နှစ်များထက် ပိုမိုဆိုးဝါးလာသည်ဟု ပြောသည်။

11ReadMore-2.jpg

Wednesday, May 11, 2011

ကော့ကရိတ်တွင် တိုက်ပွဲထပ်ဖြစ်

ဧရာဝတီ  
ကော့ကရိတ်မြို့ပြင်ရှိ မြန်မာအစိုးရ စစ်တပ်နှင့် လုံခြုံရေးစခန်း ၈ ခုကို ယနေ့နံနက် ၅ နာရီခွဲက ကရင် လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များတို့ ၀င်ရောက်တိုက်ခိုက်ရာ အစိုးတပ် အရာရှိတဦးနှင့် စစ်သားတဦး သေဆုံးကြောင်း သိရသည်။

Battle-News-11-5-11
ကော့ကရိတ် တရက်ခြား ပြေးဆွဲသည့် ယာဉ်တန်း (ဓာတ်ပုံ - ဧရာဝတီ)
ကော့ကရိတ်မြို့ခံ တဦးက “ကရင်သူပုန်တွေ ကော့ကရိတ်မြို့ပြင်မှာ ရှိတဲ့ နေရာ ၈ နေရာ လောက်ကို ၀င်ပစ်တာ။ လျှပ်တပြက် တိုက်တာဆိုတော့ ဒီဘက်လူတွေ အထိအခိုက် များတယ်။ သူတို့တွေ
မနက် ၈ နာရီခွဲ လောက်မှာ ပြန်ဆုတ်သွားတယ်” ဟု ပြောသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး ကျော်သက် ဦးစီးသည့် အဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆  တပ်ရင်း ၁၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကလို့ထူး ဦးစီးသော ပူးပေါင်းတပ်ဖွဲ့တို့က ၀င်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပူးပေါင်းအဖွဲ့မှ တပ်မှူးတဦးက ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း (ခလရ ၂၃၀) တပ်ရင်း ၉၇ အပါအ၀င် မြန်မာအစိုးရ တပ်စခန်းနှင့် လုံခြုံရေးဂိတ် ၈ ခုထက် မနည်းကို ယနေ့နံနက်က ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု အတည်ပြုပြောဆိုသည်။

ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိသည်ဟု သိရသော်လည်း ကရင် ပူးပေါင်းတပ်ဖွဲ့မှ ယင်းကိစ္စကို တရားဝင်ပြောကြားခြင်းမရှိပေ။

အဆိုပါ တိုက်ပွဲကြောင့် ကော့ကရိတ်မှ မြ၀တီသို့ ထွက်ခွာမည့် မော်တော်ယာဉ်တန်းများ နာရီအတော်ကြာ ရပ်နားခဲ့ရသည်ဟု ကုန်သည်များက ပြောသည်။

“ဒီနေ့က ယာဉ်တန်း အတက်ရက်။ ကျမတို့ ကားက ကော့ကရိတ်ကနေ မနက် ၆ နာရီ ဆိုရင် မြ၀တီကို တက်လို့ရပြီ။ ဒီနေ့မနက်မှာ ကော့ကရိတ်မြို့ ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေတော့ မနက် ၉ နာရီကျော်မှ ကားထွက်ရတယ်။ ကရင်သူပုန်တွေကလည်း ခဏခဏတော့ လာတိုက်နေတာပဲ။ ဒီနေ့အထိတော့ ဘာမှ ဟုတ်တိပတိမရှိသေးဘူး။ ကြားထဲမှာ လုပ်စားကိုင်စားရတဲ့ လူတွေပဲ ဒုက္ခ ရောက်တယ်” ဟု ကုန်သည် တဦးက ပြောသည်။

11ReadMore-2.jpg

Tuesday, May 10, 2011

နော်ဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အကြောင်းဆွေးနွေး


  /www.rfa.org/burmese/new

နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မေလ ၉ ရက် ဒီကနေ့ စတင်ကျင်းပနေတဲ့ Freedom Forum နိုင်ငံတကာ လွတ်မြောက်ရေး ညီလာခံ မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း ဆွေးနွေးနေပါတယ်။
Photo Courtesy of Burma Campaign (UK)
ကရင်အမျိုးသမီး မဇိုယာဖန်းသည် ဗြိတိန်အခြေစိုက် Burma Campaign (UK) တွင် တက်ကြွစွာ လှုပ်ရှားနေပါသည်။ သူသည် လုပ်ကြံခံလိုက်ရသော ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုမန်းရှာ၏ သမီးလည်း ဖြစ်သည်။ Photo Courtesy of Burma Campaign (UK)
အဲဒီညီလာခံကို Burma Campaign UK အဖွဲ့က မဇိုရာဖန်းလည်း တက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

“ဟုတ်ကဲ့၊ အဓိကကတော့ ဒီ အော်စလို Freedom Forum က နိုင်ငံအသီးသီးမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့နော်၊ အဲဒါ ဒီ ဖိုရမ်ကနေတဆင့် ကမ္ဘာကို သူတို့ တင်ပြချင်တယ်။ အဲဒါကြောင့် မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အင်မတန်ကို ဆိုးဝါးနေတဲ့ အကြောင်းကို ဖော်ပြတဲ့အတွက်ပေါ့နော်၊ ဒီ Freedom Forum က မြန်မာပြည်အကြောင်းကို ထည့်ထားတာ ဖြစ်ပါတယ်။”

“အဓိက ကျွန်မပြောနေတာကတော့ပေါ့နော်၊ အခု လက်ရှိ မြန်မာပြည် အခြေအနေက လုံးဝ ဆိုးဝါးနေပါတယ်။ ပြောင်းလဲမှုတွေ မရှိသေးဘူးပေါ့နော်။ အဲဒါကြောင့် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလည်း ပိုပြီးတော့ လိုအပ်နေသေးတယ်လို့ ကျွန်မ အဓိက ပြောတာ ဖြစ်ပါတယ်။”
Burma Campaign UK အဖွဲ့က မဇိုရာဖန်း ပြောသွားတာ ဖြစ်ပါတယ်။
ဒီညီလာခံကို နိုဘယ်လ် ငြိမ်းချမ်းဆုရှင်တွေ နှစ်စဉ်တွေ့ဆုံတဲ့ သုံးနှစ်မြောက် အစည်းအဝေးနဲ့ တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်ကြောင်း သိရပါတယ်။


မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်တဲ့ အီရန် တရားသူကြီးဟောင်း ရှီရင် အီဘာဒီနဲ့ မြေမြှုပ်မိုင်း ပပျောက်ရေး ဦးဆောင်လှုပ်ရှားနေသူ ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ဂျိုဒီ ဝီလီယမ်စ်တို့လည်း ဦးဆောင် ဆွေးနွေးခဲ့ကြပါတယ်။ 

Freedom Forum လွတ်မြောက်ရေးညီလာခံကို နယူးယောက်အခြေစိုက် Human Rights Foundation က ဦးစီးပြီး နော်ဝေးနိုင်ငံက AI လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်း ပါဝင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates