Friday, February 18, 2011
ဗိုလ်မှူး စောစန်းအောင်၏ တိုက်တွန်းပြောဆိုချက်
http://ehkhaungthaunt.blogspot.com/
နအဖ ဖက်စစ် အကြမ်းဖက် တပ်တွေကို သုတ်သင် နှိမ်နှင်းပြီး ကရင်ပြည်ကနေ မောင်းထုတ်နေသူ DKBA တပ်မဟာ ၅မှ ဗိုလ်မှူး စောစန်းအောင်ကို သူရဲ့ ခဏတာ မအားမလပ်တဲ့ ကြားထဲကနေ ယနေ့ (ဖေဖော်ဝါရီလ  ၁၈ရက်နေ့) ညနေ ၈နာရီခွဲ အချိန်မှာ ဖုန်းနဲ့ ဆက်သွယ်စကား ပြောဆို နိုင်ခဲ့ပါတယ်။
အဆိုပါ ခဏတာ စကားပြောဆို နေချိန်အတွင်း ကရင်လူထုများ၊ လွတ်မြောက်မှု လိုလားသူများနဲ့ တော်လှန်ရေး သမားများ အားလုံးကို ဗိုလ်မှူးစန်းအောင်ကနေ အောက်ပါအတိုင်း တိုက်တွန်း အမှာ စကားတချို့ ပြောဆိုသွားခဲ့ပါတယ်။
”လွတ်မြောက်မှုအတွက် တော်လှန်တိုက်ပွဲဝင် နေတဲ့ တော်လှန်ရေးသမားများ အားလုံး တော်လှန်ရေးကို ဆက်လုပ်ကြပါ၊ တော်လှန်ရေးကို မလုပ်စားကြပါနဲ့ လို့ပဲ တော်လှန်ရေး သမားတွေ အားလုံးကို မှာချင်တယ်။ ဒီစကားကို သတင်းတွေမှာ တင်ချင်တယ်ဆိုရင်လည်း အစ်ကို့နာမယ်နဲ့ တင်ပါ။ မှန်တာကို ပြောမှာပဲ။ မှန်ကန်ရင် ကွဲတယ်” ဟု တော်လှန်သူတွေ အားလုံးကို ဗိုလ်မှူး စောစန်းအောင်က တိုက်တွန်း ပြောဆိုသွား ပါတယ်။
”နိုင်ငံတကာရောက် သွားကြသော်လည်း ကိုယ့်လူမျိုး၊ ကိုယ့်တော်လှန်ရေးအတွက် မမေ့ကြပဲ ပြန်လည် လှည့်ကြည့် ကူညီနေကြတဲ့ လူတွေကို အထူးပင် လေးစားမိပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်နေ တာကလည်း အားလုံး မျက်နှာမငယ်ရအောင် အသက်ပေး တိုက်ပွဲ ၀င်နေတာ ဖြစ်တယ်။ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းနေပါစေ မမှုဘူး။ ကျနော်တို့ ဆက်ပြီး တိုက်ပွဲ ၀င်သွားမယ်”ဟု နိုင်ငံတကာရောက် ကရင်ပြည်သူတွေကို ဗိုလ်မှူးစန်းအောင်က ပြောဆိုသွားပါတယ်။
လက်ရှိ ဖြန့်ချိ ထုတ်ဝေနေတဲ့ ဒေါနမြေမှ ဟစ်ကြွေးသံ တိုက်ပွဲ ဗီဒီယိုခွေအပေါ် ရန်သူအတွက် စစ်ရေး ပစ်မှတ်တွေ ဖြစ်လာနိုင်မှာကို စိုးရိမ်နေသူများ အတွက်ကိုလည်း ဗိုလ်မှူး စောစန်းအောင်က အခုလို ပြန်လည် တုန့်ပြန် ပြောဆိုသွားပါသေးတယ်။
”အဲဒီခွေနဲ့ ပါတ်သက်ပြီး ဘာမှမပူပါနဲ့။ ဖြန့်သာ ဖြန့်ပါ၊ ရန်သူက သူတို့နည်း သူတို့ဟန်နဲ့ စစ်ရေး ရှိသလို ကျနော်တို့လည်း စစ်ရေးနည်းပရိယာယ်တွေ အများကြီး ရှိတယ်။ ဒီခွေကို ထုတ်ဝေဖြန့်ချိ နေရတာကလည်း ကျနော်တို့ တော်လှန်ရေး တိုက်ပွဲဝင်နေတာကို လူတွေကို အသိပေးချင်လို့ပါ။ ကျနော်တို့ ကရင်တွေ တော်လှန်ရေး လုပ်တာ နှစ် ၆၀တောင် ကျော်နေပြီး မှတ်တမ်းတွေ အရမ်းနည်းခဲ့တယ်။ တချို့လူတွေဆိုရင် ကရင်တော်လှန် ရေးကိုတောင် မသိကြဘူး။ နောက်ပြီး ရဲဘော်တွေ ဘယ်လောက် ဆင်းရဲ ပင်ပန်းလည်း ဆိုတာကိုလည်း ပြစေချင်တာပါ”ဟု တုန့်ပြန် ပြောဆိုသွားပါတယ်။
အထက်ပါ တိုက်တွန်းမှာကြားချက်တွေ အားလုံးဟာ မအားမလပ်တဲ့ ကြားကနေ အချိန်ပေးပြီး မှတ်တမ်းဗီဒီယိုတွေ ထဲကလိုပဲ အာပေါင်အားရင်း သန်သန်နဲ့ ဗိုလ်မှူး စောစန်းအောင် ဖုန်းထဲကနေ ပြောဆိုသွားတာ ဖြစ်ပါတယ်။
11ReadMore-2.jpg
နအဖ တပ်ဖွဲ့ဝင် ၇ဦး DKBA ရှေ့ထွက်မိုင်းကြောင့် ထိခိုက်ကျဆုံး
 ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၊
 ဓါတ်ပုံ  အဲခေါင်သောင့်
ဖေဖော်ဝါရီလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျောက်ခက်နှင့် ဘလယ့်ဒို့အကြားတွင် လှုပ်ရှားနေသော နအဖ စကခ(၁၂)လက်အောက်ခံ (၂၃၁) တပ်ရင်းကို DKBA က ယနေ့မနက် ၈နာရီအချိန်၌ ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် DKBA တပ်မဟာ(၅)၊ (၉၀၇) တပ်ရင်းက ပြုလုပ်ခဲ့ပြီး ယခုလို ရှေ့ထွက်မိုင်းတိုက်ခိုက်မှုအပေါ် နအဖဘက်က အထိနာစေသေည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီ ကို ပြောသည်။
“ဖူးခါ့ဆူ့(ဗိုလ်နှုတ်ခမ်းမွှေး)ကတော့ သူ့လူတွေကို လွှတ်ပြီး ဒီမှာလာလှုပ်ရှားတဲ့ နအဖတပ်မှန်သမျှ နည်းအမျိုးမျိုးနဲ့ တိုက်ခိုက် ဖို့ ညွှန်ကြားထားပြီးသားပဲလေ။ ဒါကြောင့် နအဖက ဒီနေရာမှာ ရှိနေသရွေ့တော့ DKBA ရဲ့ တိုက်ခိုက်မှုကို နေ့တိုင်းလိုလို ဆက်ခံရအုံးမှာပဲ။ အထူးသဖြင့် သူတို့ကို ဒီလိုရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်တာ ပိုအထိနာတယ်လေ။”ဟု သူက ပြောသည်။
ဖေဖော်ဝါရီလ ၁၅ရက်နေ့၌လည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ (ပလော တပို့)တွင် DKBA တပ်မဟာ(၅) တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။
11ReadMore-2.jpg
Thursday, February 17, 2011
ဆွဲမိုင်းကြောင့် နအဖ ၂၀ကျော် ထိခိုက်၊ သေဆုံး
ဖေဖော်ဝါရီလ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ(ပလောတပ၀ို)တွင် ဖေဖော်ဝါရီလ ၁၅ရက် နေ့က DKBA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ရင်း ၂၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ထိုနေ့ည ၈နာရီ ၁၅မိနစ်အချိန်၌ ဆွဲမိုင်းဖြင့် အဆွဲခံရသည့် အဆိုပါ နအဖတပ်ဖွဲ့ဝင်များထဲတွင် ဗိုလ်ကြီး ၁ဦး၊ အရာခံဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ ဒုတပ်ကြပ် ၁ဦးနှင့် တပ်သား ၆ဦး အပါအ၀င် စုစုပေါင်း ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မဟာ(၅)နှင့် ပြန်လာပူးပေါင်းသည့် DKBA တပ်မဟာ(၉၉၉)မှ တပ်ရင်း(၅)မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိက ကေအိုင်စီကို ပြောသည်။
သူက “ကျနော်တို့လူ(DKBA)တွေ သူတို့(နအဖ)ကို ဆွဲမိုင်း ၂လုံးနဲ့ ဆွဲတာ။ ၂လုံးဆိုတော့ ပိုပြီးတော့ပြင်းသလို ဆွဲတာလည်း နေရာမှန်တော့ နအဖတွေ ဒီလို အထိအခိုက်များတာပဲ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ ဘာဖြစ်လဲဆိုတော့ ဆွဲပြီး တာနဲ့ နောက်ဆုတ်တာပဲလေ။”ဟု ပြောသည်။
ဆွဲမိုင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် နအဖ ခမရ(၃၅၇)မှ တပ်ဖွဲ့ဝင်များကို မြ၀တီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြ၀တီမြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ယခုလ ၁၃ရက်နေ့၌လည်း ကော့ကရိတ်မြို့ရှိ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)ရုံးကို DKBA တပ်ဖွဲ့ က လက်ပစ်ဗုံးဖြင့် သွားရောက်လှမ်းပစ်ခဲ့ရာ နအဖ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
11ReadMore-2.jpg
Wednesday, February 16, 2011
ဖါပွန်ခရိုင်မှာ လိုင်စင်ရ သူခိုး၊ဓါးပြများသောင်းကျန်း
ဖေဖော်ဝါရီလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ဘွားဒဲကျေးနယ်အတွင်းရှိ ထို့တလေးကိုးရွာ ဒေသခံလူထု၏ စပါးနှင့်ဆန် တင်း ၃၀၀ကျော်ကို နအဖ တပ်မ(၁၁)လက်အောက်ခံ တပ်ရင်းအချို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ယခုလဆန်းပိုင်း၌ ယူ ဆောင်စားသုံးနေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
နအဖ တပ်မ(၁၁) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၂၁၂)၊ ခမရ(၂၂၀)တပ်များနှင့် နယ်ခြားစောင့်တပ်-BGF (၁၀၁၄) တပ်ဖွဲ့ဝင်များက ဘူးသိုမြို့နယ် မယ်ပ၊ မယ်လာ့ထာ့နှင့် ကျို့လို့ဂွင်အတွင်း လာရောက်လှုပ်ရှားမှုကို ရှောင်တိမ်းထွက်ပြေး နေသည့် ထို့တလေးကိုးရွာသားများ၏ ရွာတွင်းရှိ စပါးကျီများမှ စပါးနှင့် ဆန်များ ယခုလို ယူဆောင်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စပါးနှင့် ဆန်ယူစားခံရသူများမှာ စောဖါးဘလဲ့၏ စပါးတင်း ၆၀၊ ဆန် ၃တင်း။ စောသုဘွဲ၏ စပါးတင်း ၅၀၊ နော်ဝီ၏ စပါး တင်း ၇၀၊ စောဝါး၏ စပါးတင်း ၆၀၊ စောတိုပင်း၏ စပါးတင်း ၇၀တို့ဖြစ်သည်ဟု သိရသည်။
KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က “သူတို့(နအဖနဲ့ BGF) အခု ရွာသားတွေရဲ့ စပါးနဲ့ ဆန်တွေယူစားတာ ထို့တလေးကိုးရွာတရွာပဲ ကောက်လို့ ရသေးတာ။ ကျန်တဲ့ အဲဒီနီးနားရွာတွေလည်း သူတို့ဟာ ယူစားခံ ရတာ ရှိတယ်။ ရှေ့တန်းမှာနေတော့ နောက်က သူတို့ဆီ ပို့လာတဲ့ ရိက္ခာက အခက်အခဲရှိတာကိုး။ ဒါကြောင့် လူထုစပါးနဲ့ ဆန်ကို ဒီလိုယူစားတာပေါ့။ တောင်ယာစပါးက သူတို့ စပါးထက် အရသာ အများကြီး သာတယ်လေ။ နောက် အဲဒီရွာတွေ က လူတွေမရှိတော့ပေမဲ့ ဆန်ထောင်းဆုံရှိတဲ့အခါကျတော့ လုပ်စားရတာ လွယ်လွယ်လေးပေါ့။”ဟု ပြောသည်။
၎င်းအခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ကျနော်တို့တော့ အတော်ဒုက္ခရောက်တယ်ဗျာ။ ဒါပေမဲ့ ဘာမှမတတ် နိုင်ဘူး။ ကိုယ့်ဆန်၊ စပါးတွေကို သူတို့က ယူစားတယ်။ ကျနော်တို့ကတော့ လောလောဆယ် နီးစပ်ရာရွာတွေဆီက မျှဝေ ယူစားနေရတယ်။”ဟု ပြောသည်။
ဒေသခံများ၏ စပါးနှင့်ဆန်ကို ယူစားသည့် နအဖ တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၂)၊ (၂၂၀)တပ်ရင်းသည် ပြီးခဲ့သည့် အပတ်က ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးနယ်၌ လှုပ်ရှားနေသည့် စကခ(၄) လက်အောက်ခံတပ်များနှင့် နေရာပြန်လာလဲ ကာ လက်ရှိ ၎င်း၏နေရာကို တပ်မ(၂၂) လက်အောက်ခံ ခမရ(၂၀၂)က အစားထိုးခဲ့သည်ဟု KNU ဖာပွန်ခရိုင် သတင်းရပ် ကွက်က ဆိုသည်။
ဗိုလ်မှူးစောမောင်ချစ် ဦးဆောင်သည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၄)တပ်ဖွဲ့ဝင်များက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဘူး သိုမြို့နယ် ဘွားဒဲကျေးနယ်အတွင်းတွင် ဆက်လက်ကျန်ရှိနေပြီး ပြန်လည်အစားထိုးလာသည့် နအဖ ခမရ(၂၀၂)နှင့် ပူး ပေါင်းလှုပ်ရှားလျှက်ရှိသည်။
၂၀၁၁ခုနှစ်ဆန်းပိုင်းအတွင်း ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ဘွားဒဲကျေးနယ်အတွင်းရှိ ရွာများ၌ ဒေသခံလူထု၏ စပါးနှင့် ဆန် များကို ယခုလို နအဖနှင့် BGF တပ်များက ယူဆောင်စားသောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
11ReadMore-2.jpg
Tuesday, February 15, 2011
မြဝတီ ကော့ကရိတ် ကားလမ်း ပိတ်ပင်လိုက်ရတဲ့အပေါ် ဒီကေဘီအေ ဗိုလ်မှူးဆန်းအောင် မှ ရှင်းလင်းချက်
၂၀၁၁ နှစ်ဆန်းပိုင်းမှာပဲ ဒီအေဘီအေဘက်က မြဝတီ ဘားအံကားလမ်းပေါ်မှာ တိုက်ခိုက်မှု ၅ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဒီကနေ့ အပါအဝင် မြဝတီ ဘားအံ ကားလမ်းပေါ်တိုက်ပွဲပေါင်း ၅ ကြိမ်ထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေမှာ နအဖ စစ်တပ်ဘက်က ထိခိုက် သေဆုံးတာတွေရှိသလို နအဖ နဲ့ ဖက်စပ်လုပ်နေတဲ့ စီးပွားရေးသမားတွေ၊ ခရီးသွားအရပ်သားတွေအနေနဲ့လည်း ထိ ခိုက်မှုတွေ ရှိခဲ့ပါတယ်။
အခုဆိုရင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စပြီး ဒီကေဘီအေဘက်က မြဝတီ ကော့ကရိတ် ကုန်သည်လမ်းကို အရပ်သား ပြည်သူလူထုတွေအနေနဲ့ အသွားအလာတွေမလုပ်ကြဘို့ တားမြစ်လိုက်တယ်လို့ သိရှိရပါတယ်။ 
တားမြစ်ရတဲ့ အကြောင်းရင်းကို ဒီကေဘီအေ ဗိုလ်မှူးဆန်းအောင် ရှင်းပြတာက …
“ဟုတ်ပါတယ်။ မြဝတီ ကော့ကရိတ်ကားလမ်းကို လူထုအနေနဲ့ အသုံးမပြုကြဘို့ ဒီကေဘီအေ အနေနဲ့ ဖေဖော်ဝါရီလ ၁၂ နေ့ ကတည်းက တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
ပထမ တချက်အနေနဲ့ ဒီလမ်းကြောင်းဟာ နအဖ စစ်အုပ်စုရဲ့ စီးပွားရေးအရ အသက်သွေးကြောတွေထဲက တခု ဖြစ်ပါ တယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီကားလမ်းကို ပိတ်ရခြင်းဖြစ်ပြီး၊
ဒုတိယအကြောင်းကတော့ နအဖ စစ်တပ် စစ်ယာဉ်တန်းတွေဟာ အရပ်သားကားတွေ အရပ်သားတွေကို ကာဘာယူပြီး ဒီလမ်းကို အသုံးပြုနေတဲ့ အတွက် ကျနော်တို့ဘက်က ရန်သူကို စစ်ဆင်တဲ့အခါမှာ ပြည်သူကို သူတို့က ကာဘာယူထား တဲ့အတွက် စစ်ဆင်ရတာ အခက်အခဲရှိတဲ့အပြင် ပြည်သူလူထုပါ ထိခိုက်မှုတွေရှိလာပါတယ်။
ကျနော်တို့ဘက်က ကိုယ့်ပြည်သူလူထုကို ပစ်မှတ်ထားပြီး ထိခိုက်စေတာမျိုးကို မရည်ရွယ်ခဲ့ပါဘူး။ ရန်သူဘက်ကသာ လူထုကို ကာဘာယူ စစ်ဆင်ရေးနည်းတွေသုံးနေလို့ အရပ်သားပြည်သူဘက်က ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကျနော်တို့ဘက်က ဒီ့ထက် ကားလမ်းစစ်ဆင်ရေးတွေ ပိုလုပ်လာမှာဖြစ်ပြီး လူထုအနေနဲ့ ထိခိုက်မှုမရှိ ရအောင် ခုလို့ ပိတ်ပင်တားမြစ်ရတာ ဖြစ်တယ်” လို့ ရှင်းပြသွားပါတယ်။
ဒီကေဘီအေတပ်ဖွဲ့တွေဟာ ဒီရက်ပိုင်းတွေအတွင်းမှာ မြို့တွင်းတိုက်ပွဲတွေ ပိုမိုပြီး စစ်ဆင်လာတာတွေ့ရပါတယ်။ ဖေဖော် ဝါရီလ ၁၃ ရက်နေ့ကလည်း နအဖ စစ်အုပ်စုတွေ ဇိမ်ခံအပန်းဖြေတဲ့ ကော့ကရိတ်ဂေါက်ကွင်းကို ဒီကေဘီအေ တပ်ဖွဲ့ဝင် တွေဘက်က ဝင်ရောက်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။
11ReadMore-2.jpg
မြ၀တီ-ကော့ကရိတ် ကားလမ်း မသွားရန် DKBA သတိပေး
ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်း မပြုလုပ်ရန် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က သတိပေး ပြောကြား ထားသည်။
IMG_0025-56
မြ၀တီ၊ ကော့ကရိတ်၊ ဘားအံ မြို့များသို့ တရက်ခြားပြေးဆွဲနေသည့် ယာဉ်များ (ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီမြို့နှင့် ကော့ကရိတ်မြို့အား ဆက်သွယ်ထားသည့် ဒေါနတောင်ကျော် ကားလမ်းကို DKBA က ပိတ်ဆို့ ဖြတ်တောက်မည် ဖြစ်ရာ အရပ်သားများ ထိခိုက်မှုမရှိစေရန် သတိပေးခြင်းဖြစ်ကြောင်း DKBA စစ်ဆင်ရေးမှူး တဦး ဖြစ်သည့် ဗိုလ်မှူး ဆန်းအောင် က ဧရာဝတီ သို့ ပြောသည်။
၎င်းက“ဒီလမ်းကို ကျနော်တို့ပိတ်ဆို့ ဖြတ်တောက်မှုတွေလုပ်မယ်၊ အဓိကပစ်မှတ်က နအဖ ပဲ၊ အရပ်သားတွေ အနေနဲ့ စစ်ကား စီးတာတွေ အရပ်သားကားမှာ စစ်သားတင်တာတွေ မလုပ်ကြဖို့ အသိပေးတာပါ၊ အခုဆိုရင် ဒီလမ်းကြောမှာ နအဖ တပ်က လူတွေ တပ်ပြောင်းတာကအစ အရပ်ဝတ်နဲ့ပဲပြောင်းရွှေ့သွားလာနေတာတွေကြောင့် သတိပေးရတာပါ၊ တိုက်ခိုက်မှုတွေဖြစ်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်လို့ပါ”ဟု ပြောသည်။
စစ်ဆင်ရေးမှာ အချိန်မရွေး ဖြစ်နိုင်သောကြောင့် ယနေ့မှစ၍ အရပ်သားများအနေနှင့် ခရီး သွားလာခြင်း မပြုလုပ်ရန် စစ်ဆင်ရေး ဧရိယာအတွင်းရှိ ဒေသခံများကိုလည်း အသိပေးထားပြီးဖြစ်သည်ဟု ဗိုလ်မှူး ဆန်းအောင် က ပြောသည်။
ယခု ရက်သတ္တပတ်အတွင်း မြ၀တီနှင့် ကော့ကရိတ် ကားလမ်းပေါ်ရှိ နအဖ တပ်စခန်းများနှင့် စစ်ဆေးရေး ဂိတ်များကို DKBA အဖွဲ့က လေးကြိမ်ထက် မနည်း ၀င်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ခရီးသည်နှင့် ကုန်တင်ယာဉ်များ သိသာစွာလျော့နည်းသွားသည်ဟု မြ၀တီ-ဘားအံ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။
“ဒီလမ်းမှာ ခရီးသည်နဲ့ ကုန်သည်တွေလည်း အတော်နည်းသွားတယ်၊ လမ်းမှာ ခဏခဏတိုက်ပွဲတွေဖြစ်တော့၊ ခရီးသွား တွေလည်းကြောက်တော့ အခုရက်ပိုင်း သွားလာတာတွေ အတော်လေးကို နည်းသွားတယ်၊ စစ်တပ်ကလည်း ပါးတယ်၊ အရင်ကဆိုရင် ကားအတက်အဆင်း သူတို့ဘာသာ သီးသန့်သွားတယ်၊ အခုကျတော့ အရပ်သားကားတွေကို အရှေ့နဲ့အနောက်မှာထားပြီး စစ်ကားတွေက အလယ်ကနေလိုက်တယ်၊ စစ်ကားတွေကိုကျော်လို့လည်းမရ၊ ချန် ထား လို့လည်း မရနဲ့ တကယ်စိတ်ပျက်ဖို့ ကောင်းတယ်”ဟု ၎င်းက ပြောဆိုသည်။
ယခင်က ခရီးသည်ကားများကို စစ်ကားများက လုံခြုံရေးယူပေးခဲ့သော်လည်း ယခုအချိန်တွင် အရပ်သားကားများက စစ်ကားများကို လုံခြုံရေးပေးနေရကြောင်း၊ လမ်းခရီးတလျှောက်ရှိ စစ်ဆေးရေးဂိတ်ကြီး ဂိတ်ငယ် ၃၀ ခန့်ကို အရပ်သား ကားများပုံမှန်ပေးနေရသည့် တရားမ၀င် ဂိတ်ကြေးများမှာမူ လျော့နည်းသွားခြင်းမရှိဟု ကြက်သွန် ကုန်သည် တဦးက ဆိုသည်။
DKBA က နအဖ စစ်ကားများကို တိုက်ခိုက်ရာတွင် စစ်သည်နှင့် ကားများ ထိခိုက် သေဆုံးမှုများရှိသော်လည်း တချို့တိုက်ခိုက်မှုများတွင် အရပ်သားတချို့ထိခိုက်သေဆုံးမှုများရှိသည်ဟု မြ၀တီမြို့ခံယာဉ်မောင်းတဦးကလည်း ပြောသည်။
ရွေးကောက်ပွဲကျင်းပနေစဉ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ် တချို့ကို ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့် တပ်ဖွဲ့ရေးကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကုန် ပိုင်း တွင် လက်ခံခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။
11ReadMore-2.jpg
Saturday, February 12, 2011
အမုန်း Valentine's
                         လူတကာတွေပြုံးပျော်နေတဲ့   ချစ်သူများနေ့ တဲ့
       ဆုံးရှုံးမှုရဲ့ အလိုမကျမှုတွေကြောင့်
       အကြိမ်ကြိမ် " တောက်"  ခေါက်နေမိတဲ့ ကျနော်
       နှလုံးသားခံပြင်းချက်ထဲက စာစုတွေနဲ့ 
       ကဗျာတစ်ပုဒ်ကို  ရင်နာနာနဲ့ ရေးဖွဲ့ နေမိ။
                    ဖိနှိုပ်ကျွန်ပြုမှုကိုတွန်းလှန်ခဲ့တဲ့သင်ဟာ
       ငြိမ်းချမ်းခြင်းကိုမြတ်နိုးခဲ့တဲ့သူလဲဖြစ်တယ်
                   ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့သင်ဟာ
       ရေပေါ်ဆီအချောင်သမားတွေကိုရွံရှာမုန်းတီးသူလဲဖြစ်တယ်။
                   စေ့စပ်ဆွေးနွေးခြင်းကိုလိုလားခဲ့တဲ့သင်ဟာ
       လှည့်ဖြားနားချသူတို့ အား   ခေါင်းမာခဲ့တဲ့သူလဲဖြစ်တယ်။
                   တန်းတူရေးဝါဒကိုလက်ခံကျင့်သုံးခဲ့တဲ့သင်ဟာ
       မဟာဝါဒကိုဆန့် ကျင်ခဲ့တဲ့သူလဲဖြစ်တယ်။
                  နောက်လိုက်ကောင်းလုပ်နိုင်ခဲ့တဲ့သင်ဟာ
       ခေါင်းဆောင်ကောင်းတို့ ရဲ့ စံကိုပြသခဲ့တဲ့သူလဲဖြစ်တယ်။
                   ပိုးစုန်းကြူးလိုအလင်းမှိန်ခဲ့တဲ့သင်ဟာ
       ကြယ်စင်တစ်ပွင့်လို အလင်းတောက်ပခဲ့တဲ့သူလဲဖြစ်တယ်
       မုန်းသူတစ်စုကြောင့်ကြွေကျခဲ့ရတယ်။
                   ပျော်ရွင်စရာကောင်းတဲ့ချစ်သူများနေ့ လဲ
       ရင်နာစရာမုန်းသူများနေ့ အဖြစ်ငါလေဖြစ်ခဲ့ရ။
                    အသင်ကြွေကျ  ချုပ်ငြိမ်းသွားခဲ့ပေမဲ့
       သင့်ရဲ့ဝိညာဉ်တွေ ဒို့ အသွေးအသားမှာ ပုးကပ်စီးဝင်နေဆဲ
လွတ်လပ်မှုအတွက် တိုက်ပွဲပေါင်း  ထောင်သောင်းမကကိုဆင်နွဲဘို့ 
       သင့်ရဲ့ ရင်ဘတ်မှာ စီးကျပေးဆပ်ခဲ့တဲ့   သွေးစက်နီနီလေးတွေနဲ့ 
       ဒို့ ရဲ့ အမျိုးသားလွတ်မြောက်ရေးသမိုင်းကိုဆက်ရေးရဦးမယ်။
                                                                 စ အိုင်ခန့်  (နှင်းခဲမြေ)
ချစ်သူများနေ့ တွင် မသမာသူ  နအဖ စစ်အစိုးရ၏လက်ကိုင်တုတ်များလက်ချက်ဖြင့်
လုပ်ကြံ ခြင်းခံရပြီးကျဆုံးခဲ့ရသောအာဇာနည် မန်းရှားလားဖန်း(မါန်ယှးလာဖါန်)သို့ 
လွမ်းသူ့ ကဗျာပန်းခွေ
11ReadMore-2.jpg
Friday, February 11, 2011
တောင်းတ တဲ့အာသာဝတီပန်း
      ငြိမ်းချမ်းစွာကွဲလွဲခွင့်ရှိတဲ့
 လွတ်လပ်တဲ့ကမ္ဘာတစ်ဘက်ခြမ်းမှာ
အမျိုးမတူသူတွေနဲ့ 
အယူမတူသူတွေပေါင်းစု
အမိတိုင်းပြည်ကိုကောင်းအောင်ပြုကြတယ်။
        လွတ်လပ်စွာ ကွဲလွဲချင်နေကြတဲ့
ပျဉ်ဘိုးနားမလည်နိုင်သေးတဲ့
ဒို့ ကရင်တွေအဖို့ မှာတော့
လူမျိုးစွဲ၊ဘာသာစွဲ၊ပါတီအစွဲတွေနဲ့ 
ကိုယ့်ကျုံးထဲ   ကိုယ်ပြန်ဝင်ကာ
ဆင်ကန်းတွေလို    တောတိုးကြလေရဲ့။
            သက်ကျားအို အာခံတွင်းထဲက
သစ်သီးပေါများတဲ့ဥယာဉ်ကို
စိတ်ကူးယဉ် ယုံစားမိတဲ့
ယုံသူငယ်အဖြစ်ဆိုးလို
တစ်ကောင်ပြီးတစ်ကောင်
ကျားစာဖြစ်သွားတာတောင်
သေဖေါ်ညှိဘို့ ဆွယ်နေကြသူလဲရှိပါရဲ့
ညီညွတ်မှုကိုလိုချင်ပါတယ်လို့ လည်း
သူတို့ ပါးစပ်တွေကနတ်စကားမြွက်ကြားတတ်သကွဲ့  ။
          အမှားသိမှအမှန်နားလည်
အမှန်သိမှအမှားနားလည်။
ဒွန်တွဲနေတဲ့နိယာမကိုဘေးဖယ်ပြီး
သင်တို့ တွေအားလုံးမှန်သူတွေလို့ 
ကိုယ့်ကိုယ်ကိုယူဆနေကြရင်
မြေစာအဖြစ်ခံနေရတဲ့ ဒို့ ပြည်သူမှာတော့
ဒုက္ခရောက်လို့ ဘိုက်မှောက်ကာ
ဘုံပျောက်လို့ အသက်ငင်နေကြပြီး
           အသွင်မတူသူတွေ  စုကာနေတဲ့
ကမ္ဘာအရပ်ရပ်နဲ့ ကော်သူးလေမှ
မျိုးချစ်ကရင်ဆိုသူတို့ ရေ
မသင့်မမြတ်တဲ့ အကွဲအရှပ်တွေကြားက
မွှေးရနံ့ သင်းပျံ့ တဲ့ ညီညွတ်ရေးပန်းမာလာ
အာသာဝတီ နတ်ပန်းလေးတစ်ပွင့်
မျှော်လင့်နေတဲ့ ဒို့ ပြည်သူအတွက်
အားနာစွာနဲ့ ပွင့်တန်ကောင်းပါရဲ့နော်။
                 (သူရေ၀့်ဖါန်)
အတုအယောင်ပြည်ထောင်စုနေ့ မှသည်စစ်မှန်သောပြည်ထောင်စုဆီသို့  အမှတ်တရ
11ReadMore-2.jpg
တပ်မဟာ ၄မှ ၆၂နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ မှတ်တမ်း ရုပ်သံ
11ReadMore-2.jpg
ဒီကေဘီအေနှင့် ကားလမ်းမပေါ်က တိုက်ပွဲ
http://www.ninedeblood.blogspot.com/
ကားလမ်းမတိုက်ပွဲဆင်နွှဲရန် အသွားလမ်း
ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲမှာ စစ်အစိုးရကို
ပထမဆုံးပြန်လည်တော်လှန်တဲ့ ဒီကေဘီအေတပ်ဖွဲ့ဟာ မိခင်အဖွဲ့အစည်းနဲ့အတူ
တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ မဟာမိတ်ဖွဲ့နိုင်ပြီး
စစ်အစိုးရကို ပူးပေါင်းတိုက်ခိုက်နေကြတာပဲဖြစ်တယ်။
ကိုယ်လိုရာ တဘက်သတ်ဆွဲသွင်းတတ်တဲ့ စစ်အစိုးရကို ပြောက်ကျားနည်းနဲ့သာမက
မြို့ပြတိုက်ပွဲပါ ဆင်နွဲနိုင်ပြီး ယခုအခါမှာ ကားလမ်းမပေါ်ကပါ အစွမ်းအစပြလို့နေပါပြီ။
ယမန်နေ့ကဆိုရင် ကော့ကရိတ်မြို့အနီး၊ မြ၀တီ ဘားအံ ကားလမ်းမပေါ်က နေရာ ၃နေရာ
ဖြစ်တဲ့ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်လျှာကုန်းနေရာတွေကို မနက်(၄)နာရီကစပြီး
နေရာယူ တာစူ တိုက်ခိုက်ရာမှာ နအဖဘက်မှ(၂)ယောက်သေ (၁)ယောက် ဒဏ်ရာရခဲ့ပါတယ်။
၂၀၁၁ နှစ်ဆန်းပိုင်းမှ စရေတွက်မယ်ဆိုရင် မြ၀တီ ဘားအံ ကားလမ်းမပေါ်မှာ
ဇန်န၀ါရီ(၁၄)ရက်မှာတစ်ကြိမ်၊ ဇန်န၀ါရီ (၁၆)ရက်၊ ဇန်န၀ါရီ(၃၀)ရက်၊
ဇန်န၀ါရီ(၃၁)ရက်နဲ့ ယမန်နေ့ ဖေဖေါ်ဝါရီ(၁၀)ရက်မှာ တစ်ကြိမ်
စတဲ့ တိုက်ပွဲပေါင်း(၅)ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်တိုင်းဖြစ်တိုင်းမှာ ဒီကေဘီအေ၊ကေအန်ယူနဲ့ ကျောင်းသားတပ်မတော်ပူးပေါင်းတပ်ဖွဲ့
တွေရဲ့ ထိရောက်တဲ့တိုက်ခိုက်မှုတွေကြောင့် နအဖဘက်မှ အထိနာခဲ့ရမြဲသာဖြစ်တယ်။
တဘက်က နယ်ခြားစောင့်တပ်ပြောင်းလဲခဲ့ရတဲ့ အရင်ဒီကေဘီအေတပ်ဖွဲ့တွေကလည်း
ကိုယ့်ကရင်အမျိုးသားအချင်းချင်း မတိုက်ချင်ကြတဲ့အတွက် အထက်က ထိုးစစ်ဆင်ဖို့
အမိန့်ကို ငြင်းဆန်မှုရှိသလို ကေအန်ယူလို မိခင်အဖွဲ့အစည်းထံ ပြန်လည်ပူးပေါင်း
ပါဝင်လာတာတွေလည်း ရှိပါတယ်။
ဒါကိုြ အချစ်အတွက်နဲ့ အသေခံမယ်ဋ္ဋဋ္ဋဆိုပြီး မိမိရဲ့လက်မောင်းမှာ သေရာပါ ရေးထိုးထားတဲ့
ဗိုလ်ချစ်သူတစ်ယောက် ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာသာ ဖြစ်တယ်။
11ReadMore-2.jpg
Thursday, February 10, 2011
ကော့ကရိတ်တွင် တိုက်ပွဲဖြစ် BGF ထိခိုက်သေဆုံးမှုရှိ
ဖေဖော်ဝါရီလ ၁၀ရက်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့မှအထွက် နယ်ခြားစောင့်တပ် အပါအ၀င် စစ်တပ်၊ ရဲနေရာများတွင် ယနေ့နံနက်စောစော၌ အချိန်အတော်ကြာ တိုက်ပွဲဖြစ်ပွားရာ နယ်ခြားစောင့်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အဆိုပါတိုက်ပွဲမှာ မနက် ၄နာရီမှ ၉နာရီခန့်အထိ ကော့ကရိတ်မြို့ ချက်ပွိုင့်မှသွားလျှင် ကြောင်လျှာကုန်း၊ တောင်ပြတ်စခန်း စသည့်နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုလမ်းကြောင်းကို သွားလာနေသည့် ဆိုင်ကယ်သမားတစ်ဦးက ယခုလို ပြောသည်။
သူက “တိုက်ပွဲက မနက် ၄နာရီလောက်ကတည်းကဖြစ်တာ။ မနက် ၉နာရီနီးပါးအထိပဲလေ။ ဒီနေ့က ကားတန်းအတက်ဆို တော့ တိုက်ပွဲရပ်ပြီး ၁၀နာရီလောက်မှ ကားတန်းတွေကို လွှတ်ပေးလိုက်တာ။ ကားသမားတွေပြောတာက သူတို့ကားတန်း ထွက်လာပြီးနောက်မှာတောင်မှ လက်နက်ကြီးအသံတွေ ခပ်ဝေးဝေးမှာ လှမ်းကြားရသေးတယ်တဲ့။”ဟု ဆိုသည်။
ယခုတိုက်ပွဲမှာ ဒီကေဘီအေ တပ်မဟာ(၅) ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးစောကျော်သက် ဦးစီးသည့်အဖွဲ့နှင့် ကေအဲန်ယူတပ်ဖွဲ့ ၀င်များက ကော့ကရိတ်နှင့် အောက်ဘိုတဲစခန်းကြားရှိ BGF နေရာများကို တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းရသော်လည်း ထိုတိုက်ပွဲတွင် BGF ၁ဦးသေကာ ၂ဦး ထိခိုက်မှုရှိသည် ဒီကေဘီအေမှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
ဗိုလ်မှူးစောဆန်းအောင်က “အခုဖြစ်တာက ဗိုလ်ကျော်သက်တို့အဖွဲ့တွေလို့ပဲ ခန့်မှန်းရတယ်။ ကျနော်ကြားသလောက်က BGF တွေ ၁ယောက်သေတယ်။ ၂ယောက် ဒဏ်ရာရတယ်။ အတိအကျတော့ မသိရသေးဘူး။”ဟု ကေအိုင်စီကို ပြောသည်။
ကော့ကရိတ်၊ အောက်ဘိုတဲနှင့် ချက်ပွိုင့်ကြားတွင် နယ်ခြားစောင့်တပ်၊ စစ်တပ်နှင့် ရဲတို့ နေရာချထားသည့်အတွက် ယနေ့ တိုက်ပွဲတွင် BGF တပ်ဖွဲ့ဝင် ၂၀ဦးခန့် ကျဆုံးကြောင်း ကြားသိရသော်လည်း မည်သူမျှ အတည်ပြုပြောဆိုနိုင်ခြင်းမရှိပေ။
ဒီကေဘီအေမှ ဗိုလ်မှူးကြီးစောကျော်သက်သည် ကော့ကရိတ်မြို့သို့ ဆင်းသွားကြောင်း နအဖ စစ်တပ်အာဏာပိုင်များက သတင်းရရှိနေကြသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
11ReadMore-2.jpg
မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာ ၃ နေရာမှာ ဒီကေဘီအေ ဝင်တိုက်
http://www.naytthit.net/
ကော့ကရိတ်အနီး မြဝတီ ဘားအံကားလမ်းပေါ်က နေရာ ၃ နေရာမှာ ဒီကေဘီအေ ဘက်က  ဒီကနေ့မနက် ၄ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကတော့ တောင်သုံးလုံး၊ တောင်ပြတ်နဲ့ ကြောင်ရှာကုန်း စတဲ့ ကော့ကရိတ်အနီး မြဝတီ ဘားအံ ကားလမ်းပေါ်က နေရာတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နအဖ ဘက်က ၂  ယောက်သေပြီး ၁ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ အရှင်ဖမ်းမိလာတဲ့ ရဲတွေကိုလည်း ပြန် လွှတ်ပေးလိုက်တယ်လို့လည်း သိရှိရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတာကြောင်း ဒီကနေ့ ကားတန်းအတက်ရက်ဖြစ်နေတဲ့အတွက် မြဝတီဘက်ကိုလာမယ့် ကုန်သည်ကားတွေဟာ ကော့ကရိတ်မှာပဲ သောင်တယ်နေတယ်လို့ ကုန်သည်တွေက ပြောနေကြပါတယ်။
အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ နယ်ခြားစောင့်တပ် ၉၀၈၊ ၉၀၁ တပ်ရင်းတွေရှိတဲ့ နေရာဖြစ်ပါတယ်။
၂၀၁၁ နှစ်ဆန်းပိုင်းမှာပဲ ဒီအေဘီအေဘက်က မြဝတီ ဘားအံကားလမ်းပေါ်မှာ တိုက်ခိုက်မှု ၅ ကြိမ် တိုက်ခိုက် ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဒီကနေ့ အပါအဝင် မြဝတီ ဘားအံ ကားလမ်းပေါ်တိုက်ပွဲပေါင်း ၅ ကြိမ်းထိ ဖြစ်ပွားခဲ့ပါတယ်။
မနေ့က ညနေ လေးနာရီခွဲလောက်မှာလည်း မြဝတီမြို့ ချစ်ကြည်ရေးတံတားညာဘက်ခြမ်း ရွှေတံတား တည်းခိုခန်းအနီး က လက်ဖက်ရည်ဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတ ယောက်နဲ့ အမျိုးသားတ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရတဲ့အထဲမှာ နယ်ခြားစောင့် တပ်က ဗိုလ်မှူးကြည်လင်နဲ့ တပ်သား ၂ ယောက်၊ ရဲ ၁ ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်း လက်ချက်ဆိုတာ ခုထိ မသိရှိရသေးပါဘူး။
11ReadMore-2.jpg
Wednesday, February 9, 2011
ကရင်ခေါင်းဆောင် ဖဒိုမန်းရှာအား ပါဒူးတက္ကသိုလ်က ဆုချီးမြှင့်ရန် ဆုံးဖြတ်
http://www.rfa.org/burmese/news/murdered
ကွယ်လွန်သူ ကရင်အမျိုးသားခေါင်းဆောင် ဖဒို မန်းရှာ လာဖန်း ကို အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က National Equality Award ခေါ် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆု ဂုဏ်ပြု ချီးမြှင့်မယ်လို့ သိရပါတယ်။
(Photo: AFP)
ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သော ဖဒို မန်းရှာသည် ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံခြင်း ခံရပြီး ကွယ်လွန်ခဲ့သည်။ (Photo: AFP)
ဖဒိုမန်းရှာကို အခုလို ဆုပေးဖို့ကိစ္စ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး၊ ဖို့ဝိန်းမြို့ အမျိုးသား သွေးစည်းညီညွတ်ရေး ကော်မတီ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးမောင်မောင်စိုးက ပြောပြရာမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုအပြီး ဖို့ဝိန်းမြို့မှာ IPFW အင်ဒီယားနား တက္ကသိုလ် ပါဒူးတက္ကသိုလ်က ကမကထပြုပြီး နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီ အင်အားစုများ ညီလာခံတရပ် ကျင်းပခဲ့ကြောင်း၊ အဲဒီ ညီလာခံမှာ ဖဒိုမန်းရှာလည်း ပါဝင်တက်ရောက်ပြီး အမျိုးသားတန်းတူရေးနဲ့ ညီမျှရေးဆိုင်ရာမူဝါဒတွေကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ အခုအချိန်မှာ ဖို့ဝိန်း ညီလာခံကို ဒုတိယအကြိမ် ကျင်းပဖို့ စဉ်းစားကြရင်း ဖဒိုမန်းရှာကို ဂုဏ်ပြု ဆုချီးမြှင့်ရေးကိစ္စ ပါဝင်လာခဲ့ကြောင်း ပြောပြပါတယ်။
ဦးမောင်မောင်စိုးက ဆက်လက်ပြောပြရာမှာ -
“ဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံတဲ့ ဒီ award ကို စဉ်းစားတယ်။ စဉ်းစားတော့ အကြောင်းအချက် နှစ်ချက် ဖန်လာတယ်။ ၁ အချက်က ဖဒိုမန်းရှာက ကျွန်တော်တို့ ညီလာခံကြီးကို အစပြု ကမကထ ဦးဆောင်ခဲ့သလို သူကိုယ်တိုင်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ အားလုံးဟာလည်း အမျိုးသားရေးနဲ့ တန်းတူညီမျှရေး ဆိုတဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ တစိုက်မတ်မတ် ရှိတယ်။ ယုံယုံကြည်ကြည် ရှိတယ်။ သမာသမတ် ရှိတယ်။ သူရဲကောင်းတယောက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိရတယ်။ ဖဒို မန်းရှာရဲ့ အနစ်နာခံမှုတွေက တခုတည်းအတွက် မဟုတ်ဖူး။ တစုံလုံးအတွက် ဖြစ်နေတယ်။ အမျိုးသား တန်းတူရေး equality ကို သူက ဦးစားပေးတယ်။ နောက်တခုက တခုလုံးရဲ့ လွတ်မြောက်ရေးကို တိုက်ပွဲဝင်တဲ့ အတွက်ကြောင့် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆုကို ကျွန်တော်တို့ ပေးဖို့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။”
ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မသမာသူတွေရဲ့လုပ်ကြံ သတ်ဖြတ်မှု ခံခဲ့ရပါတယ်။
အခု ပထမဆုံးအကြိမ်ပေးအပ်မဲ့ ဒီ အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေး ဆု ကို ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား တက္ကသိုလ် ပါဒူးတက္ကသိုလ် မှာ မတ်လ ၅ ရက် နဲ့ ၆ ရက်နေ့တွေမှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖို့ဝိန်း ညီလာခံ ကျင်းပဖြစ်လို့ ညီလာခံက သဘောတူရင် ဒီဆုကို နှစ်စဉ်ချီးမြှင့် သွားဖို့ မျှော်လင့်ရကြောင်း ဦးမောင်မောင်စိုးက ပြောပါတယ်။
11ReadMore-2.jpg
WEDNESDAY, FEBRUARY 9, 2011
ယနေ့သတင်း (၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁
သတင်း
ည (၇ နာရီ) မဲဆောက် - မြ၀တီ ချစ်ကြည်ရေးတံတားအနီး ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ ဗုံးသည် မြ၀တီ ချစ်ကြည်ရေးတံတား အဆင်း လက်ဘက်ရည်ဆိုင်တွင် ပေါက်ကွဲတာဖြစ်ပါ။ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ရဲ ၄ သေဆုံး ၅ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ပထမအလုံးပေါက်ကွဲအပြီး ဒုတိယအကြိမ် ဗုံးကို သွားရောက်ကြည့်ရှုချိန်တွင် ထပ်မံကွဲကြောင်း သိရှိရပါသည်။
11ReadMore-2.jpg
Tuesday, February 8, 2011
ပဒိုမန်းဇဋိလ ဈာပနပြီးစီး
ဖေဖော်ဝါရီလ ၈ရက်။ ကေအိုင်စီ
ကေအဲန်ယူ ပြည်ထဲရေးနှင့် သာသနာရေးတာဝန်ယူခဲ့သူ ပဒိုမန်းဇဋိလ ၆၉နှစ်သည် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပနအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က ပြုလုပ်ပြီးစီးသွားခဲ့သည်။
လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ အပါအ၀င် လူထုပရိဿတ် ၄၀၀ခန့် လာရောက်ခဲ့သည့် ပဒိုမန်းဇဋိလ၏ ဈာပန အခမ်း အနားကို မိသားစု၊ အသိုင်းအ၀ိုင်းများက ဗုဒ္ဓဘာသာတို့၏ ထုံးစံအတိုင်း သံဃာတော်များ ပင့်ဖိတ်ကာ ကျင်းပပြုလုပ်ခဲ့ကြပြီး အခြားတိုင်းရင်းသားများကလည်း သူ၏နောက်ဆုံး ခရီးကို ဂါရ၀ပြုခဲ့ကြသည်။
မန်းဇဋိလ၏ ဇနီးဖြစ်သူ နန်းသိန်းမြိုင်က “ဒီရောဂါကို သူခံစားနေတာ အတော်လေးကြာပါပြီ။ ကုလိုက်၊ သက်သာလိုက် ဘုရား၊ တရားအလုပ်လေးလုပ်လိုက်နဲ့ အခုတော့ သူ အေးချမ်းသွားပြီ။ နိုင်ငံခြားရောက်နေတဲ့ သားအကြီးနှစ်ယောက်ကလည်း သူတို့ အဖေကို မမှီလိုက်တာကို စိတ်မကောင်းကြဘူးလေ။”ဟု ဆိုသည်။
မွေးချင်းမောင်နှမ ၈ဦးအနက် အထွေးဆုံးသားဖြစ်သူ ငယ်နာမည် စစိုးသိန်း ခေါ် ပဒိုမန်းဇဋိလကို ၁၉၄၁ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၃ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ရက်နေ့)တွင် သထုံခရိုင်၊ အပေါင်မြို့နယ် ကျောက်စ ရစ်ကျေးရွာ၌ မန်းလောင်ကြိုင်၊ နန်းစောမျှင်တို့မှ ဖွားမြင်ခဲ့သည်။
သူသည် ဇာတိရွာတွင် ၄တန်းအောင်မြင်ခဲ့ပြီး မော်လမြိုင်မြို့ အထက်တန်းကျောင်းမှတဆင့် မော်လမြိုင်ကောလိပ်၊ ၎င်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေ(၀ိဇ္ဖာ)ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ဗမာ့တပ်မတော် ဗိုလ်လောင်းသင်တန်းကို ၆လကြာ သာ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းမှ ကရင့်တော်လှန်ရေး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
၁၉၇၆ခုနှစ်တွင် ကေအဲန်အယ်လ်အေတပ်ရင်း(၁၀၁)ဌာနချုပ် ၀မ်းခါဂိတ်တွင် ရဟန်းအမည် အရှင်ဇဋိလ ဘွဲ့အမည်ဖြင့် သီ တင်းသုံးရင်း အမျိုးသားရေး၊ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၇ခုနှစ်မှ ၁၉၈၅ခုနှစ်အထိ ကေအဲန်ယူ အရံဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ ၁၉၈၅ခုနှစ်တွင် ဘိတ်ထားဝယ်ခရိုင်၌ မွေးမြူရေးနှင့် ငါးဖမ်းဌာနတာဝန်ကိုလည်း ကောင်း၊ ၁၉၉၅ခုနှစ်တွင် ၁၁ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်မှ ပေးအပ်သည့် ကုန်သွယ်ရေးနှင့် ငါးဖမ်းဌာနတာဝန်ခံအ ဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၂၀၀၀ခုနှစ် (၁၂)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် ဗဟိုအမြဲတမ်းကော်မတီအဖြစ် ထပ်မံ ရွေးကောက်ခံရပြီး ဗဟိုပြည် ထဲရေးနှင့် သာသနာရေးဝန်ကြီးအဖြစ်တွင် တာဝန်ပေးအပ်ခြင်းခံရကာ ၂၀၀၇ခုနှစ်၊ ထိုမှဆက်၍ ၂၀၀၉ခုနှစ်အထိ လုပ်ငန်းတာ ၀န်များကို ထမ်းဆောင်ခဲ့သည့်အပြင် ထိုနှစ်တွင် ကျန်းမာရေးအရ အနားယူခဲ့သော်လည်း KEAB (Karen Elder Advisor Board) တွင် အဖွဲ့ဝင်အဖြစ် ကွယ်လွန်သည်အထိ ပါဝင်ခဲ့သည်။
ရိုးသားကြိုးစားပြီး ယုံကြည်မှုပြင်းထန်သည့် မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မန်းဇဋိလသည် အချောင်သမား၊ ဂိုဏ်းဂန၀ါဒကို ပြတ်သားစွာ ဆန့်ကျင်ကာ စုပေါင်းခေါင်းဆောင်မှုနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် လူငယ်များအပေါ် ခင်မင်ရင်းနှီးစွာ ဆက်ဆံ ပေါင်းသင်းတတ်ပြီး အမျိုးသားရေး၊ သာသနာရေးတာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် သူ ကွယ်လွန်သွားခြင်း သည် အမျိုးသားအတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်ဟု ပဒိုစောလေးတောက ဈာပနအခမ်းအနားတွင် ပြောဆိုခဲ့သည်။
ပဒိုမန်းဇဋိလ ကွယ်လွန်ချိန်တွင် ဇနီး နန်းသိန်းမြိုင်နှင့်အတူ သားလေးဦး၊ သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။
11ReadMore-2.jpg
Template by:
Free Blog Templates