Wednesday, November 24, 2010

အခွင့်သာတုန်းမှ မလိုက်ချင်ရင် သူတို့အပြင် မိုက်သူရှိမလား

ရိုးမ(၃)မှကူယူဖေါ်ပြသည်

အခွင့်သာတုန်းမှ မလိုက်ချင်ရင် သူတို့အပြင် မိုက်သူရှိမလား
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးတွေ ပြောဆိုနေရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

အခုတလောတော့ အမျိုးသားဒီမိုရကရေစီအဖွဲ့ချုပ်၊ ၀ါရင့်နိုင်ငံရေးသမားကြီးများနဲ့ စီအာပီပီခေါင်းဆောင်များက ဒုတိယ ပင်လုံညီလာခံခေါ်ယူရေးကို အားထုတ်ကြိုးပမ်းလာကြတာ တွေ့ရပါတယ်။ ဒါဟာ အင်မတန် ကောင်းမွန်တဲ့ လက္ခဏာ၊ ကောင်းမွန်တဲ့ အစီအစဉ်လို့ ပြောရမှာပါ။ လွတ်လပ်ရေးရပြီးချိန်ကတည်းက တိုင်းပြည်တွင်းမှာ ပြည်တွင်းစစ်ဟာ အစဉ်သဖြင့် ရှိနေခဲ့တာပါ။ အချိန်ကာလအားဖြင့် အနှစ် (၆၀)ကျော်နေပါပြီ။

ဒီလို ပြည်တွင်းစစ်တွေ ဘာကြောင့် ဖြစ်နေခဲ့ရသလဲ။

ပထမ ပင်လုံညီလာခံကို ၁၉၄၇ ခု ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ ကျင်းပခဲ့တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းရင်းသားအများစု သဘောတူညီမှုနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးဆိုပြီး သဘောတူခဲ့ပေမဲ့ ဒီသဘောတူညီချက်ဟာ နောက်ပိုင်းမှာတော့ လျစ်လျူရှုခြင်း ခံခဲ့ရပြီး ပျက်ပြယ်ခဲ့ပါတယ်။ ဒီလိုပျက်ပြယ်ရတဲ့အကြောင်းရင်းကို အမှန်အတိုင်း ဝေဖန်ရရင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် နိုင်ငံရဲ့အာဏာကို ရယူခဲ့ကြသူ မြန်မာစစ်ခေါင်းဆောင်တွေ (အထူးသဖြင့် ဦးနေ၀င်းခေါင်းဆောင်) ဘက်က ကတိက၀တ်တွေ ပျက်ကွက်ခဲ့တာကြောင့်လို့ ပြောရမှာပါဘဲ။

တခါတုန်းက တိုင်းရင်းသားလူငယ်တဦးနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်မိခဲ့တာ မှားတယ်ဆိုတဲ့အထိ တိုင်းရင်းသားတွေမှာ အမြင်ရှိနေတာကို ကိုယ်တိုင် ကြားသိခဲ့ရဘူးပါတယ်။

ဒီလို အမြင်မျိုး တိုင်းရင်းသားတွေမှာရှိနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်းနဲ့အတူ ဗိုလ်ချုပ်ပေးတဲ့ ကတိတွေလဲ ပျောက်ကွယ်ခဲ့ရတယ်။ ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိက၀တ်ကို နောက်ပိုင်း မြန်မာဘက်က တာဝန်ရှိသူတွေ၊ ခေါင်းဆောင်တွေ မဆောင်ရွက်နိုင်တာကလဲ သေချာနေပါတယ်။

သေသေချာချာပြန်တွေးကြည့်ရင် မြန်မာဘက်က ကတိပျက်ယုံတောင် မကပါဘူး။

၁၉၆၂ ခု စစ်တပ်က အာဏာသိမ်းချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးဟာ ခွဲထွက်ရေးလို့ အနက်အဓိပ္ပါယ်ပြောင်းပြီး အာဏာသိမ်းရတဲ့ အကြောင်းအရင်းလိုတောင် ဖြစ်သွားခဲ့တယ်။ နောက်ပိုင်း တလျှောက်လုံးမှာတော့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ တကယ်ကို ကြောက်စရာစကားလုံး ဖြစ်သွားယုံသာမက စစ်တပ်ဟာ အာဏာထိန်းသိမ်းရေး လက်သုံးစကား ဖြစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ တိုင်းရင်းသားဒေသတွေမှာ မဆုံးနိုင်တဲ့ စစ်မီးတွေ နှစ်အကြာကြီး လောင်မြိုက်ခဲ့ရတယ်။

ပြန်တွေးကြည့်ရင် မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသားစစ်မီးကြောင့် နှစ်ဦးနှစ်ဘက် အသက်အိုးအိမ်စီးစိမ် ဘယ်လောက်တောင် သေဆုံးပျက်စီးခဲ့ရပြီဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ မြန်မာတာဝန်ရှိသူဆိုတာလဲ တချိန်လုံးလိုလို စစ်တပ်သာဖြစ်ခဲ့တော့ စစ်လိုလားသူတွေမို့ အမှန်တကယ်ငြိမ်းချမ်းရေးကို မလုပ်နိုင်တာ သေချာပါတယ်။

တွေးကြည့်ရင် ၀မ်းနည်းစရာက မြန်မာ့သမိုင်းထဲက အထက်မြန်မာပြည် အင်းဝနဲ့ အောက်မြန်မာပြည် ပဲခူး စစ်ဖြစ်တာ အနှစ် (၄၀)ကြာခဲ့တယ်။ ဒါကို သိပ်ကိုကြာရှည်ကြာလှတဲ့ ပြည်တွင်းစစ်ရယ်လို့ သမိုင်းမှာ သင်ခဲ့ရပေမဲ့ အခု ဒီဘက်ခေတ် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားပြည်တွင်းစစ်လောက် ဆယ်စုနှစ် (၇) စုနီးပါး မရှည်ကြာခဲ့ပါဘူး။

အခု ပထမမြန်မာနိုင်ငံခေတ်၊ ဒုတိယမြန်မာနိုင်ငံခေတ်၊ တတိယမြန်မာနိုင်ငံခေတ်က မြန်မာပြည်မနဲ့ ပြည်နယ်တွေ ဘယ်လိုဆက်ခံရေး ဘယ်လိုပုံစံတည်ရှိခဲ့သလဲ။ ပြန်တွေးကြည့်ကြရအောင်။

အကြမ်းအားဖြင့်တော့—

ပြည်မကို လက်အောက်ခံပြည်နယ်တွေက

၁။ အခွန်အကောက် နှစ်စဉ်သတ်မှတ်ချက်တခုနဲ့ ပေးဆောင်ရတယ်။

၂။ သမီး-နှမကို မိဘုရားအဖြစ် လက်ထပ်ထိမ်းမြားခွင့်ပြုရတယ်။

၃။ စစ်ရေးအရ တပ်ကူဆင့်ခေါ်ရင် တပ်အင်အားနဲ့ စားနပ်ရိက္ခာထောက်ပံ့ရတယ်။

ကျန်တဲ့ အုပ်ချုပ်ရေးအပိုင်းမှာ မြန်မာဘုရင်တွေတောင် နယ်စားပယ်စားတွေရဲ့ အုပ်ချုပ်ရေးမှာ ၀င်စွက်လေ့ သိပ်မရှိပါဘူး။ သူ့နယ်မြေသူ သူ့ဥပဒေနဲ့ အုပ်ချုပ်နိုင်ကြတာပါဘဲ။ ဒါဟာ အဲဒီခေတ်ရဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံလို့ ပြောရင်ရနိုင်ပါတယ်။

ဒီနေ့ခေတ် စစ်အစိုးရလက်အောက်မှာ ပြည်နယ်ဒေသက တိုင်းရင်းသားတွေရဲ့အခြေအနေဟာ မြန်မာပဒေသရာဇ် စနစ်ခေတ်အောက်က အခွင့်အရေး အခြေအနေကိုတောင် မမီဘူးလို့ ပြောရမယ် ထင်ပါတယ်။ ပဒေသရာဇ်စနစ်ခေတ်က တိုင်းရင်းသားဒေသတွေမှာ သူ့နယ်မြေ သူ့စော်ဘွား၊ သူ့ဒူးဝါး သူ့အကြီးအကဲ၊ သူ့ဥပဒေနဲ့ လွတ်လွတ်လပ်လပ်နေထိုင်ခွင့် အုပ်ချုပ်ခွင့် ရှိခဲ့ပါတယ်။ မြန်မာဘုရင်တွေ လက်ထက်က သမီးကညာဆက်ရတယ်ဆိုတာ သူ့ခေတ်အခြေအနေအရ အကြီးအကဲမျိုးနွယ်ခြင်း အစီအစဉ်ရှိရှိ (Arranged marriage) ပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒီကနေ့ခေတ် န.အ.ဖ စစ်တပ်က တိုင်းရင်းသူတွေကို ကာမဓားပြတိုက် သတ်ဖြတ်နေတာနဲ့ နှိုင်းစာရင် တော်ဦးထင်ပါတယ်။ (တော်တယ်လို့ မဆိုလိုပါ။ လက်ရှိအနေအထားနဲ့ နိုင်းခိုင်းခြင်းမျှသာ)

တခေတ်တခါက ပြည်မက ဘုရင်ရဲ့ လက်အောက်ခံ – ကိုယ်ပိုင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး အခြေအနေကိုဘဲ ခေတ်ဟောင်းဖက်ဒရယ်စနစ်လို့ ပြောရမှာပါဘဲ။ ဒါကို အင်္ဂလိပ်လို ဖက်ဒရယ် (Federal) လို့ ဝေါဟာရပေး နာမည်တပ်တာကို စစ်အစိုးရအဆက်ဆက် ပညတ်စွဲပြီး တချိန်လုံး ဖက်ဒရယ်ဆန့်ကျင်ရေး လုပ်လိုက်တာ အခုထိလဲ တုံးတိုက်ကျားကိုက် ဖက်တွယ်နေဆဲဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားများ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ခွဲထွက်ခွင့်မရှိလို့ ပုဒ်မ (၁၀) မှာ ပြဌာန်းထားပါတယ်။ ခွဲထွက်ခွင့်မရှိဆိုတာ နယ်မြေ၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး အားလုံးလို့ဆိုလိုတာလို့ဘဲ ယူဆရပါတယ်။ ရုပ်မြင်သံကြား၊ ရေဒီယို ထုတ်လွှင့်မှုမျိုးကိုတောင် ကန့်သတ်ထားပါတယ်။ သူတို့ဘယ်လောက်ဘဲ ဖက်တွယ်ဖက်တွယ် ပြည်သူတွေနဲ့ အတိုက်အခံ အားလုံးကတော့ ဒါကို ခွင့်မပြုနိုင်တော့ပါဘူး။

ခေတ်ဟောင်းကို အတိတ်မှာ ထားခဲ့ပြီး ဒီနေ့ ကမ္ဘာကြီးရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြောရရင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့ အိန္ဒိယတို့မှာလဲ တိုင်းရင်းသားမျိုးစုံ ရှိကြပါတယ်။ အဲဒီတိုင်းပြည်တွေမှာ တိုင်းရင်းသားပဋိပက္ခ အနည်းအပါးရှိပေမဲ့ မြန်မာပြည်လောက်တော့ ပြဿနာမများဘူး ထင်တာဘဲ။ ထိုင်းနိုင်ငံဘက်မှာ မွန်လူမျိုးတွေ ရှိတယ်။ ကရင်လူမျိုးတွေ ရှိတယ်။ ရှမ်းလူမျိုးတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရခိုင်လူမျိုးတွေ ရှိတယ်။ ရှိတာမှ သန်းနဲ့ ချီရှိနေကြတာပါ။ ဒီတိုင်းရင်းသားတွေမှာ တန်းတူညီမျှမှု အထိုက်အလျောက်ရထားတော့ တိုင်းရင်းသားသူပုန်ဆိုတာ မကြားရဘူး။ တိုင်းရင်းသားအရေး-တိုင်းရင်းသားအရေးလို့လဲ ခွဲခြားပြောသံဆိုသံ မကြားရပါဘူး။ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ မဟာဝိဇ္ဇာဘွဲ့ရ ရခိုင်အမျိုးသမီး ဒေါ်ခင်သိန်းဆိုသူ လွတ်တော်အမတ်အဖြစ် ရွေးကောက်ခံရကြောင်း ကြားသိခဲ့ရတယ်။ မြန်မာစစ်အစိုးရမှာသာ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ ပအို့၊ ပလောင်၊ ရခိုင်၊ လားဟူ၊ ၀၊ ကိုးကန့်၊ နာဂ စသဖြင့် တိုင်းရင်းသား လက်နက်ကိုင်ဆန့်ကျင်သူ အဖွဲ့အစည်း မျိုးစုံရှိတယ်။

တကယ်တော့ စစ်အစိုးရအနေနဲ့ ရောင်စုံသူပုန်တွေ၊ ရောင်စုံသောင်းကြမ်းသူတွေနဲ့၊ သတင်းစာထဲကနေ ဆောင်းပါးတွေ ရေး၊ သတင်းစာရှင်းလင်းပွဲတွေမှာ တကျော်ကျော် အော်၊ ကိုယ်အသုံးမကျလို့ စစ်မှန်တဲ့ သင့်မြတ်ရေးမလုပ်နိုင်တာ လူကြားမယ်။ ယဉ်ကျေးသူတွေ ကြားမယ်။ ကိုယ်အသုံးမကျလို့ ဟိုလူနဲ့ မတဲ့၊ ဒီလူနဲ့မတဲ့ ငပွကြီးဖြစ်နေတာ ကြွားစရာမဟုတ်။ ရှက်စရာဆိုတာ သိသင့်ပါတယ်။ အကို အကြီးဆုံးက မြင်မြင်သမျှ လက်ဝါးကြီးအုပ်ချင်လို့ အငယ်တွေကို လက်သီးနဲ့ထိုးကျိတ် အနိုင်ကျင့်နေသလို အဆင်ခြင်မဲ့ ဗိုလ်ကျစိုးမိုးနေတာ ရှက်စရာကောင်းလှပါတယ်။ ဒီကနေ့ ကမ္ဘာကြီးမှာ လူဖြူ၊ လူမဲ ခွဲခြားတာ မရှိတော့။ လူမျိုးကြီးနဲ့ လူမျိုးငယ် ခွဲခြားဆက်ဆံတာ မယဉ်ကျေးတဲ့ သဘောဆောင်နေပြီဆိုတာ မသိလေရော့ သလား။

အမေရိကားလိုနိုင်ငံကြီးမှာ လူမဲအမျိုးသမီး ကိုနိုလီဇာရိုက် နိုင်ငံခြားရေးဝန်ကြီးဖြစ်တာ အိုဘားမား သမ္မတ ဖြစ်တာတွေ မပြောချင်တော့ပါဘူး။ စင်္ကာပူလို နိုင်ငံငယ်ကလေးမှာတောင် တရုတ်နွယ်၊ အိန္ဒိယနွယ်၊ မလေးနွယ်ဆိုပြီး လူမျိုးနွယ်သုံးစုရှိတာ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ခွဲခြားတာ မရှိ။ တန်းတူညီမျှမှုကို အတတ်နိုင်ဆုံးပြောဆို ကြိုးစားလုပ်ဆောင်နေချိန်မှာ ကိုယ့်တိုင်းပြည်ထဲက လူမျိုးစုတွေကို ရောင်စုံသောင်းကြမ်းသူ၊ ရောင်စုံသူပုန်နဲ့ နာမည်တပ် ရန်ထောင်နေရတာ ကြွားစရာ မဟုတ်။ ရှက်စရာပါလို့ နေပြည်တော် ကြပ်ပြေးဘက်လှည့်ပြီး လော်စပီကာနဲ့ အော်ရမလိုဖြစ်နေပြီ။ တကယ်တော့ စစ်အစိုးရ ပြောပြောနေတဲ့ ရောင်စုံသူပုန်ပြဿနာဆိုတာ အခိုက်အတန့် အချိန်အကန့်အသတ်နဲ့ ဖြစ်တာ မဟုတ်ဘဲ ပြည်တွင်းစစ်မီး အရှည်ကြီး ဖြစ်နေတာကိုထောက်ရင် ပြဿနာအောက်က စနစ်မဟုတ်။ စနစ်အောက်က ပြဿနာလို့ ပြောရမှာဘဲ။ ဒီထက်ပိုပြီး ရှင်းလင်းအောင်ပြောရရင်တော့ စစ်တပ်က စစ်ဗိုလ်တွေ အာဏာယူကောင်းအောင် လုပ်စားကိုင်စား အကြောင်းပြချက် သက်သက်ပါဘဲ။

သူတို့ လုပ်စားကိုင်စားအာဏာယူ အာဏာပြနေတာက အများဒုက္ခရောက်ရတယ်။ ပြည်တွင်းစစ်မီးတောက်ခဲ့တဲ့ အနှစ် (၆၀) ကာလမှာ နှစ်ဘက် လူ့အသက်တွေ (တိုင်းသူပြည်သားတွေရဲ့ အသက်တွေ) ဘယ်လောက် သေကျေ ကျဆုံးခဲ့ပြီလဲ။ စည်းစိမ်ဥစ္စာတွေ ဘယ်မျှပျက်စီးဆုံးရှုံးခဲ့ပြီလဲ။ ပြောရတာအတော်လေး လက်ဝင်တယ်ပြောရမလား။ ပါးစပ်ဝင်တယ် ပြောရမလား။ မပြောချင်တော့ပါဘူး။

ငခွန်ဆာ၊ ငခွန်ဆာ ဆိုတော့ သေနတ်တွေနဲ့ တိုက်လိုက်ကြရ။ ဦးခွန်ဆာ၊ ဦးခွန်ဆာဆိုတော့ ဟော်တယ်ပေါ်တက် အရက်ခွက်ခြင်း တိုက်လိုက်ကြ။ နှစ်ဘက်လုံးက အောက်လက်ငယ်သား လူတွေသေ၊ အမေတွေက သားတွေဆုံး၊ ဇနီးမယားတွေက မုဆိုးမဖြစ်၊ သားသမီးတွေက မိဘမဲ့ကြရ။ အဓိပ္ပါယ်က ဘာလဲ။ တကယ်တော့ မဆုံးနိုင်တဲ့ စစ်ကြောင့် လူ့အသက်တွေ မသေသင့်ကြတော့ဘူး။ သေနတ်တွေနဲ့ တိုက်ရင်း အကျိုးမဲ့ အချည်းနှီး မသေသင့်ကြတော့ဘူး။ ပြဿနာရဲ့အဖြေကို သေနတ်နဲ့ရှာတာထက် ပါးစပ်တွေနဲ့ ဆွေးနွေးသင့်ကြပြီ။ စစ်စရိတ်ကုန်ကျငွေဟာ နိုင်ငံဝင်ငွေရဲ့ ၅၀% ကျော်ကို ယူထားကြတာ။ ဒီငွေတွေကို တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ သုံးရင် ဘယ်လောက်ကောင်းလိမ့်မလဲ။

တိုင်းရင်းသားဒေသတွေမှာ စစ်မီးပြဿနာ တခုထဲ မဟုတ်ပါ။ စစ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးတာနဲ့အမျှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန်နောက်ကျ ကျန်ရစ်တယ်။ လုပ်စရာတွေ အများကြီးရှိပါတယ်။ (တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးပြဿနာထဲက ငှက်ဖျားပြဿနာလိုမျိုး၊ တီဘီပြဿနာလိုမျိုးတွေ အများကြီးရှိတယ်။ အသိပညာပေး မရောက်တာ၊ ဆေးဝါးလက်လှမ်းမမှီဖြစ်နေတာတွေ အများကြီးဘဲ။) အရေမရ အဖတ်မရတွေနဲ့ စစ်အစိုးရအချိန်ဖြုန်းနေတာကို မြန်မာလူမျိုးတွေကရော တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်ကပါ စစ်တပ်ကလုပ်မဲ့ ငြိမ်းချမ်းရေးအစစ်ကို ဆက်စောင့်စရာ အကြောင်းမရှိတော့ပါဘူး။ (အတုကတော့ ခဏခဏ လုပ်နိုင်ပါတယ်။) သူတို့ကိုစောင့်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးလုပ်ချင်လို့ကတော့ ဘယ်တော့မှ မလုပ်တော့ဘူး။ တလမ်းသွားတွေ၊ နှစ်လမ်း၊ သုံးလမ်း၊ နည်းလမ်းအသွယ်သွယ်နဲ့ သွားတတ်အောင်သင်ဘို့ လေးသင်္ချေလောက်အချိန်ယူ၊ လေးဘက်ထောက်ကစပြီး သင်ပေးရမလား မသိဘူး။

ဒီတော့ လူထုလေးစားကြည်ညိုတဲ့ မြန်မာအတိုက်အခံခေါင်းဆောင်များနဲ့ တိုင်းရင်းသားခေါင်းဆောင်များ စတင်ပြောဆိုနေပြီဖြစ်တဲ့ ဒုတိယပင်လုံညီလာခံကိစ္စကို အားတက်သရော လုပ်သင့်ပါတယ်။ အခုဆိုရင် မြန်မာပြည်သူတွေကရော တိုင်းရင်းသား လက်နက်ကိုင်တွေကပါ လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည်လွတ်မြောက်လာပါပြီ။ သူမကိုယ်တိုင်ကလည်း ၂၁ ရာစု ပင်လုံညီလာခံခေါ်ယူရေးလို့ အဆိုတင်သွင်းနေပါပြီ။ အချိန်ကိုက်ပါဘဲ။ စစ်အစိုးရ ရွေးကောက်ပွဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မကျေနပ်လို့ လက်နက်ကိုင်ပြီး လက်နက်နဲ့ ဆန္ဒပြခဲ့တဲ့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးကတောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသွားမယ်လို့ ကြွေးကြော်နေပါပြီ။ အားလုံးပါဝင်နိုင်မဲ့ အလားအလာတွေ ကောင်းနေပါပြီ။ အချို့ အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများလည်း စစ်အစိုးရနဲ့ ပုလင်းတူ ဗူးဆို့လုပ်ပြီး စီးပွားရှာတာတွေ ရပ်။ တကယ်တန်းကိုယ်လူမျိုး ရပ်တည်မှုခိုင်မာမဲ့ ငြိမ်းချမ်းရေးနည်းလမ်းကို ရှာဖွေသင့်ပါပြီ။

ဒီနေရာမှာ (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) လို့ နာမည်တလုံးနဲ့ စည်းလုံးညီညွတ်ရေး ကြွေးကြော်ထားတဲ့ ပါတီမျိုးကို မေတ္တာရပ်ခံချင်တာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ စာရွက်ပေါ်က ပါတီနာမည်ခံသက်သက် မဟုတ်သင့်တော့ဘူး။ အမှန်တကယ်စည်းလုံးညီညွတ်ရေးဆိုတာ စကားလုံးတွေနဲ့ ဖေါ်ပြနေယုံနဲ့ မပြီးဘူး။ စစ်တိုက်ပြီး ဖိနှိပ်ထားယုံနဲ့လည်း မပြီးဘူး။ စစ်မှန်တဲ့ စေတနာ၊ စေတသိတ်ကလာတဲ့ စေတနာနဲ့ လုပ်ရမယ်။ မေတ္တာနဲ့ လုပ်ရမယ်။ စေတနာ မေတ္တာကို အခြေခံတဲ့ တဦးကို တဦး လေးလေးစားစား အသိအမှတ်ပြုတာတွေကသာ အမှန်တကယ်ခိုင်မာတဲ့ သစ္စာမှန်တဲ့ စည်းလုံးညီညွတ်မှုကို ရနိုင်မယ်ဆိုတာပါဘဲ။ စာရွက်ပေါ်မှာ လူကြားကောင်းအောင် ရေးထားယုံနဲ့တော့ ပါတီနာမည်ကတင် လိမ်စဉ်ဖြစ်ပြီး လူရီစရာဖြစ်သွားပါလိမ့်မယ်။ ပါတီနာမည်နဲ့လိုက်ဖက်မဲ့ အမှန်တရားကို ရှာသင့်ပြီလို့ ပြောချင်ပါတယ်။ (ပါတီခေါင်းဆောင် ဘဘကြီးတွေက မူဝါဒတွေမှားခဲ့ပေမဲ့ အခုထိ အဖွဲ့အစည်း တရပ်အနေနဲ့ ရပ်တည်နေနိုင်သေးလို့ စေတနာနဲ့ ပြောရခြင်း ဖြစ်ပါတယ်)။ ပြီးတော့ ခေတ်ရထားက ရှေ့ကိုသွားနေတုန်း ကိုယ်လည်း ဘယ်တွဲက လိုက်ရလိုက်ရ နောက်ကျမကျန်ရစ်ဘို့ စဉ်းစားသင့်ပြီဆိုတာပါဘဲ။

အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရင် ဒီမိုကရေစီလဲ ရ။ အမျိုးသားတန်းတူ အခွင့်အရေးလဲ ပြီးမြောက်ဆိုတာမျိုး တချက်ခုတ်နှစ်ချက် ပြတ်ဖြစ်နိုင်ပါတယ်။

ခွဲခြားဆက်ဆံခြင်းဆိုတာ ဒီတိုင်းပြည်ထဲမှာ ရှိမနေသင့်တော့ပါဘူး။ လူမျိုး၊ လူဦးရေ၊ ပထ၀ီ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ သွေးနှောမှု၊ အသားအရောင်၊ လိင်အရ ခွဲမကုန်နိုင်တဲ့ ခွဲခြားဆက်ဆံခြင်းကို လက်မခံသင့်တော့ပါ။ တိုင်းပြည်တွင်း နှစ်ကာလရှည်ကြာစွာ ဘိုးဘွားစဉ်ဆက်နေထိုင်လာသူ မည်သူ့ကိုမဆို အသိအမှတ်ပြုသင့်ပါတယ်။

တကယ်တော့ (တိုင်းရင်းသား၊ တိုင်းရင်းသားနဲ့ စကားလုံးအားဖြင့် ခွဲခြားပြောနေကြတာကိုတောင် လက်မခံသင့်တော့ပါ။ ဒီမြေမှာနေ၊ ဒီရေကိုသောက်၊ ဒီလေကို ရူနေသူ နိုင်ငံသားတိုင်း တူညီတဲ့ အခေါ်အဝေါ်တခုအောက်မှာ အရှိတရားအတိုင်း အခွင့်အရေးလဲ အတူတူ။ အသိအမှတ်ပြုခံရမှုလဲ အတူတူ။ စကားအသုံးအနှုံး အခေါ်အဝေါ်လဲ အတူတူဘဲ ဖြစ်စေချင်မိပါတယ်။)

သူများတိုင်းပြည်တွေကမှ လုပ်နိုင်ရင် မြန်မာနိုင်ငံသားတွေက ဘာကြောင့် မလုပ်နိုင်ရမှာလဲ။

နိုင်ငံခြားက အဆင်သင့်လူသုံးကုန် ပစ္စည်းအကောင်းစားတွေကို ကိုယ်တိုင် မတီထွင်ရဘဲ အဆင်သင့် (Import) လုပ်သုံးနိုင်ရင် အတွေးအမြင်အယူအဆတွေ ကောင်းရင်လဲ အဆင်သင့် ယူသုံး နိုင်ရပါလိမ့်မယ်။ နတ်ကိုးကွယ်တဲ့ မြန်မာတွေ၊ အရီးကြီးကိုးကွယ်တဲ့ မြန်မာတွေ အခုလက်ခံကိုးကွယ်နေတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာသည်ပင်လျှင် နိုင်ငံခြားကလာတဲ့ အယူဝါဒ (Import) ဆိုတာ မမေ့သင့်ပါ။ တူညီတဲ့ နိုင်ငံသားအသုံးအနှန်းစံတခုကနေ ပိုပြီး စည်းလုံးမှု တောင်ရစေမယ်လို့ ထင်မြင်မိပါတယ်။

နိုင်ငံသားအားလုံးအတွက် နိုင်ငံသစ်စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်ကြတော့မယ်လို့ ဦးဆောင်သူအားလုံး ဆုံးဖြတ်ပြီးရင်တော့ စစ်အစိုးရကိုလည်း သူတို့ဘက်က ဘာလုပ်မလဲ မေးရမှာပါ။ ကျုပ်တို့ အားလုံးကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် တညီတညွတ်ထဲဖြစ်နေပြီ။ ခင်ဗျားတို့ရော ဒီအရေးမှာ ပါမှာလား၊ မပါဘူးလား၊ ပြတ်ပြတ်သားသား မေးသင့်ပါတယ်။

ပြည်တင်းရင် မင်းမခံနိုင်တဲ့ မြန်မာဆိုးရိုးစကားရှိပါတယ်။ အားလုံးညီညီညွတ်လုပ်နိုင်ရင် စစ်အစိုးရက ဘာမို့ခံနိုင်ရမလဲ။ မင်းမှ မဟုတ်တာ။ သူတို့ဘာသာသူတို့ ဘုရင်ရူး၊ ရူးလို့ ကြပ်ပြေးမှာ အရေပြားရောဂါသည် ခရုသင်းဆင်တွေနဲ့ နှစ်ပါးသွားနေတာကတော့ ဘယ်သူမှ မတတ်နိုင်ဘူး။ သူတို့ကို ဒီလိုအခွင့်အရေးတော့ ပေးရပါလိမ့်မယ်။

စစ်အစိုးရအနေနဲ့လည်း အခုအချိန်မှာ ငါသိငါတတ် ငါတို့သာလျှင် ဗိုလ်တွေဆိုတဲ့ တကိုယ်တော် လူစွမ်းကောင်းဝါဒကို ပြုပြင်ပြီး ပြည်သူပြည်သားတွေကလည်း ဆိုက္ကားဆရာကအစ တက္ကသိုလ်ပါမောက္ခကြီးတွေ အဆုံး ဆရာ့ဆရာတွေ ချည်းဘဲလား။ သူတို့မှာလည်း သိထားတာတွေ တတ်ထားတာတွေရှိတယ်ဆိုတာ သတိပြုပြီး ပြည်သူဘက်က နားလည်တဲ့ ဆရာသမားတွေရဲ့အသံကို အလှည့်ပေးပြီး နားစွင့်သင့်ပါတယ်။ သူတို့တတွေ ပြောတာကများ ပိုပြီးကောင်းနိုင်သလား။ သူတို့ပြောပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖိနှိပ်ချုပ်ချယ်နေရတာ၊ တိုက်ခိုက်နေရတာထက် တကယ်ဘဲ ပိုအဆင်ပြေနိုင်သလားဆိုတာ သေသေချာချာ စဉ်းစားပြီး စမ်းကြည့်သင့်ပါပြီ။ စစ်ဗိုလ်ချုပ်ကြီးတွေကို အကြံပြုချင်တာက တွေ့ဆုံဆွေးနွေးရေးဆိုတာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ အဝေးကြီးမှာ ရှိနေတာ မဟုတ်ဘူး။

ခင်ဗျားတို့ ကျင့်သုံးနေတဲ့ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးရေးနဲ့ ကျောကပ်လျက်မှာဘဲ ရှိတယ်။ လက်ဖမိုးကို လှန်လိုက်တာနဲ့ လက်ဖ၀ါးဖြစ်သလို အနိုင်ယူ ဗိုလ်ကျစိုးမိုးလိုစိတ်ကို တချက်ပြန်လှန်လိုက်တာနဲ့ ညှိယူနိုင်မဲ့ နည်းလမ်းတွေကို တွေ့ရှိလာမယ်ဆိုတာပါဘဲ။

ပြီးတော့ စစ်အစိုးရကို ကမ္ဘာကြီးကလည်း ဘာတွေဆက်လုပ်မလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။ ဒီထက်ကြမ်း ဒီထက်ရမ်းဘို့ နည်းလမ်းမရှာချင်ပါနဲ့တော့။

အခုအချိန်ဟာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်လို့ အကောင်းဆုံးအချိန်ပါ။ ပြုပြင်ရေးလုပ်မယ်ဆိုရင် စစ်အစိုးရ မနာမသာဖြစ်နိုင်တဲ့ အခြေအနေကောင်း အခွင့်ကောင်းတွေရှိနေပါတယ်။ မောင်မောင်ခေါ်တုံး (ဗျာ) ထူးသင့်ပြီ။ အခွင့်သာတုန်းမှာ လိုက်သင့်ပါပြီ။

ဒီလို အခွင့်သာတုန်းမှ မလိုက်ချင်ရင်တော့ အင်း……..ဟင်း……။

မပြောချင်တော့ပါဘူး။ သူတို့အပြင် မိုက်သူ ရှိပါလေရော့မလား။

မင်္ဂလာနိုင်ငံသစ်ကို ကြိုဆိုမျှော်လင့်လျက်…… နိုင်ငံသားအားလုံးကို လေးစားသော……..

မမခင်
(၁၆.၁၁.၁၀)
ညနေ ၇:၀၅ နာရီ










11ReadMore-2.jpg

လက်နက်ချမလား၊ စစ်တိုက်မလား...

ဗိုလ်မှူးချူပ် စောလာဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA တပ်ကို စစ်အစိုးရစစ်တပ် အထူးစစ်ဆင်ရေး အဖွဲ့မှူးက လက်နက်ချဖို့ ဆက်သွယ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့လည် ၁၂ နာရီလောက်မှာ စစ်အစိုးရ အရှေ့တောင် တိုင်းမှူးဟောင်း ဗိုလ်မှူးချူပ် သက်နိုင်ဝင်းက DKBA တပ်မှူး ဗိုလ်မှူးချူပ် စောလာဘွယ်ကို တယ်လီဖုန်းနဲ့ တစ်နာရီလောက် ကြာအောင် ဆက်သွယ်စကား ပြောပြီး လက်နက်ချခိုင်းခဲ့ပါတယ်။

DKBA ရဲ့ ကလိုထူးဝေါ စစ်ဗျူဟာက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က လက်နက်ချ ရမယ်ဆိုတဲ့ အသုံးအနှုန်း ကိုဆိုရင် ဗိုလ်မှူးချူပ် နှုတ်ခမ်းမွှေး အပါအ၀င် တပ်ဗိုလ် တပ်မှူးအားလုံးက ဘယ်လိုမှ လက်ခံမှာ မဟုတ်တဲ့ အကြောင်း မိမိတို့ဟာ နိုင်ငံရေးအရ အဖြေတစ်ခု ရဖို့အတွက် စစ်တိုက် နေကြတာပဲ ဖြစ်ပြီး စစ်သွေးကြွပြီး စစ်တိုက်ချင်လို့ တိုက်နေကြရတာ မဟုတ်တဲ့ အကြောင့် ပြောပါတယ်။ အခုလို ရာဇသံ ပေးတာရှိသလို မြ၀တီမြို့မှာလည်း ဗိုလ်းမှူးချူပ် စောလာဘွယ်ကို ဘယ်လို သဘောထားကြမှာ လည်းဆိုတဲ့ အစည်းအဝေး တစ်ခုကို နအဖ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချူပ် ထွန်းနေလင်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။

ဒီအစည်းအဝေးနဲ့ ပက်သက်ပြီး DKBA ကလိုထူးဝေါ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျောက်သက်က အရှေ့တောင်တိုင်း တိုင်းမှူး ၊ မြ၀တီကဗျူဟာမှူး ၊ အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိစ္စ လက်ခံသွားတဲ့ DKBA တပ်မှူးဟောင်း ဗိုလ်မှူးချစ်သူ ၊ ကရင်ဆရာတော်တစ်ပါး နဲ့ သာထူးကျော်တို့ပါဝင် ဆွေးနွေးကြတဲ့အကြောင်း ပြောပါတယ်။ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ပဲ ပြီးဆုံးသွား ခဲ့ရတယ်လို့ဆိုပေမယ့် နအဖဖက်ကတော့ စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရားသုံးဆူကို ရောက်နေတဲ့ နအဖစစ်ကူ တွေကတော့ အင်အား ၄၀၀ ကျော်သာရှိနေပြီး ဝေါလေစခန်းဖက်က တပ်မ ၂၂ရဲ့ နည်းဗျူဟာ တပ်တွေကလည်း မိုင်းကွင်းထဲ ပိတ်မိနေတယ်လို့ သိရှိရပါတယ်။ (ကိုးကား - http://www.bbc.co.uk/burmese/burma/2010/11/101122_dkba_ultimatum.shtml)

11ReadMore-2.jpg

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သားငယ်ကိုထိန်လင်းတို့ ယနေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညို ဝတ်ပြု...


http://www.demowaiyan.co.cc
Photobucket
ဝမ်းသာပိတိဖြစ်မိပါတယ် အမေ..
Photobucket

11ReadMore-2.jpg

Tuesday, November 23, 2010

ကရင်ပြည်နှင့် ထိုင်းနယ်စပ် ဝေါ်လေဒေသရှိ စစ်အစိုးရတပ်ဖွဲ့များ စားရေရိက္ခာပြတ်လပ်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၀ ခုနှစ်။
ဗိုလ်မှူးချုပ်စောလားပွယ်ဦးဆောင်သည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA တပ်ဖွဲ့များ ၀ိုင်းရံ ထားသည့် စစ်အစိုးရတပ်စခန်းတွင် စားရေရိက္ခာပြတ်လပ်လျှက်ရှိသည်ဟု သိရသည်။
မြ၀တီမြို့တောင်ဖက်၊ ဝေါ်လေဒေသရှိ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် စကခ(၈) နည်းဗျူဟာ(၃) လက်အောက်ခံ တပ်ရင်းအခြေစိုက် ဗျူဟာကုန်းအား  DKBA တပ်ဖွဲ့များက၀ိုင်းရံထားခြင်းဖြစ် သည်ဟု စစ်အစိုးရတပ်နှင့် နီးစပ် သူတဦးက ပြောသည်။
ဝေါ်လေဖက်တောင်ကုန်းတကုန်းမှာ ဗိုလ်နှုတ်ခမ်းမွှေးတို့၊ ဗိုလ်ကျော်သက်တို့ အဖွဲ့တွေက ၀ိုင်းထားDKBA ၀ိုင်းထားတဲ့ အပြင်မှာ မိုင်းတွေထပ်ထောင်ထားတာ။ သုံးဆင့်လောက်ရှိတယ်လို့ပြောတယ်။အဲဒီမှာ ဒီဖက်က စစ်ကူ တွေဘာတွေသွားလို့မရဘူးလို့သူတို့ပြောတယ်။ လမ်းမှာမိုင်းထိပြီးတော့ သူတို့နောက်ပြန်ဆုတ်လာတာ။ ပြီးခဲ့တဲ့စနေနေ့က နင်းမိုင်းထိလို့ (၇) ယောက်ကျသွား တယ်ပြောတယ်။”   တယ်တဲ့။ ၀ိုင်းထားတော့ အခုအစာငတ်၊ ရေငတ်ဖြစ်နေတယ်လို့ပြောတယ်။ အဲဒီ
DKBA မှ ဗိုလ်မှူးကြီးစောကျော်သက်က ယင်းကိစ္စမှန်ကန်ကြောင်းနှင့် ယခုလ(၈)ရက်နေ့က မြ၀တီနှင့် ဘုရား သုံးဆူမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှစ၍ ယနေ့ထိ ၀ိုင်းရံထားဆဲ ဖြစ်ပြီး နိုင်ငံရေးပြဿနာအား နိုင်ငံရေး နည်းဖြင့်ဖြေရှင်းရန် လိုအပ်သည်ဟု ယခုလိုပြောသည်။
လွန်ခဲ့တဲ့စနေနေ့ကပဲ သူတို့ မိုင်းနင်းမိတယ်လေ။ စစ်ကူလာတဲ့ တပ်ရင်းတွေပေါ့။ ဘယ်တပ်ရင်း လည်းတော့ ကျနော်တို့လည်းကောင်းကောင်းမသိဘူးလေ။ ကျနော်တို့တော့ ဆက်ပြီးဝိုင်းထား မှာပေါ့။ သူတို့ကနိုင်ငံရေးနဲ့ မဖြေရှင်းရင် ဒီစခန်းကလည်း ကျနော်တို့က မလွတ်ဖူး။”  
ယင်းဒေသသည် DKBA တပ်မဟာ(၅)အခြေစိုက်ဒေသဖြစ်ပြီး ယခုလ(၁၀)ရက်နေ့က လက်ရှိ အ၀ိုင်းခံထားရ သည့် ဗျူဟာကုန်းမှ ကျေးရွာအတွင်း  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ဒေသခံလူထု (၄၀၀)ခန့် ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
မကြာသေးမီအချိန်က DKBA တပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့များ ကြား ပူးတွဲစစ်ဆင်ရေးများပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး စောကျော်သက်က ပြော သည်။
လတ်တလောအခြေအနေအရ ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း စစ်အစိုးရ၏ စစ်ကူအင်အား တပ်ရင်း(၁၀)ရင်းခန့် ဘုရားသုံးဆူဒေသသို့ ရောက်ရှိနေသည်ဟု သတင်းရရှိ သည်။
ဒေသတွင်းတိုက်ပွဲများ ကြိုကြားဖြစ်ပေါ်နေသည့်အပေါ် ဒေသခံလူထုအား ငဲ့ညာသည့်အနေဖြင့် DKBA တပ်မ ဟာ(၅)မှူး ဗိုလ်မှူးချုပ်စောလားပွယ်က စစ်အစိုးရနှင့်သုံးရက်တာ တဖက်သတ် အပစ်ခတ်ရပ်စဲမည်ဟု ပြောဆို ခဲ့သော်လည်း စစ်အစိုးရတပ်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ခုခံကာကွယ်သွားရန်ရှိသည်ဟုပြောကြောင်း ယနေ့ထုတ်ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိသည်။

11ReadMore-2.jpg

ကရင်နီက နအဖတပ်စခန်းအားတက်သိမ်း ရဲများအားအရှင်ဖမ်းမိKarenni army attack SPDC troops



ဆုံဆည်းရာမှကူးယူဖေါ်ပြသည်။

11ReadMore-2.jpg

တောင်၊ မြောက် ကိုရီးယား နှစ်နိုင်ငံ လက်နက်ကြီးများနှင့် အပြန်အလှန် ပစ်ခတ်



မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တောင်ကိုရီးယားပိုင် ယုံပြောင်းကျွန်း။
မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တောင်ကိုရီးယားပိုင် ယုံပြောင်းကျွန်း။
နိုဝင်ဘာ ၂၃၊ ၂၀၁၀။ဓာတ်ပုံ AP
VOA| မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားပိုင်နက် လူနေထူထပ်တဲ့ ကျွန်းပေါ်ကို အမြောက်နဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ်က ပြန်လည် ပစ်ခတ်နေကြသလို ဂျက်တိုက်လေယာဉ်တွေ ဝေဟင်မှာ ပျံသန်း ကာကွယ်နေကြပါပြီ။
နှစ်ဘက်အကြား ဒီတိုက်ခိုက်မှုဟာ အပြင်းထန်ဆုံးဖြစ်ပြီး တောင်ကိုရီးယား စစ်သား ၂ ယောက် သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒါ့အပြင် အဲဒီ ယုံပြောင်းကျွန်း (Yeonpyeong) က လူနေအိမ် အတော်များများ မီးသင့်ပြီး အရပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကျွန်းသူ ကျွန်းသား ၁,၀၀၀ ကျော်ကို အရေးပေါ် ခိုလှုံရေး စခန်းတွေကို ရွှေ့ပေးခဲ့ရပါတယ်။
တောင်ကိုရီးယား သမ္မတ အီမြောင်ဘက်ခ် (Lee Myeung-bak) က အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပြီး နှစ်ဘက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကို ဟန့်တားနိုင်ရေး လုံခြုံရေးရာ ၀န်ကြီးတွေ၊ တခြား တာဝန်ရှိသူတွေနဲ့ တိုင်ပင်နေပါတယ်။
မြောက်ကိုရီးယားရဲ့ အခုလို တိုက်ခိုက်မှုဟာ စစ်ရေးအရ ရန်လိုမှုကို ပြတ်ပြတ်သားသား ပြသလိုက်တာဖြစ်ပြီး ဆက်ပြီး တိုက်နေမယ်ဆိုရင် ဒီ့ထက်မက ပိုဆိုးနိုင်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေး လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ အခုလို ရန်လိုတဲ့ လုပ်ရပ်ကို ရပ်တန်းက ရပ်ပါလို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြီး တောင်ကိုရီးယားနိုင်ငံကို ကာကွယ်ရေး အမေရိကန် ပြည်ထောင်စုက တာဝန်ယူထားတာကို ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ကမ်းခြေနဲ့ ၈ မိုင်အကွာ ပင်လယ်ဝါအတွင်းက ယုံပြောင်းကျွန်း (Yeonpyeong island) ပေါ်မှာ တောင်ကိုရီးယားက နှစ်စဉ်လုပ်နေကျ စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတဲ့အချိန်မှာ အခုလို တိုက်ခိုက် လိုက်တာ ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ကန့်ကွက်နေပါတယ်။
တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုအတွင်းမှာ လေ့ကျင့် ပစ်ခတ်မှုတွေဟာ ပင်လယ်ဝါဘက်ကို ဦးတည် ပစ်ခတ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဘက်ကို မပစ်ခတ်ခဲ့ဘူးလို့လည်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

11ReadMore-2.jpg

ကမ္ဘောဒီးယား ရေသဘင်ပွဲတော် လူ ၃၈၇ ကျော်သေဆုံးမှု့ သတင်းပုံများ


(Braking news)




ယမန် နေ့ က နောက်ဆုံး နေ့ အဖြစ် ကျင်းပခဲ့သည့် ကမ္ဘောဒီးယား သင်္ကြန် ပွဲတော်တွင်
တံတားပြိုကျမှု ကြောင် လူ ၃၅၂ ဦး ထိ သေဆုံးရသည် ဟု
သတင်းရရှိသည်။ထိုသို
လူအမြောက် အမြား သေဆုံးရမှု သည် ကမ္ဘောဒီးယား နိုင်ငံ ကို ခမာနီ များ
အုပ်ချုပ် ချိန် နောက်
ပိုင်း အဆိုးရွား ဆုံး လူအစုံလိုက် အပြုံ လိုက်အမြောက် အမြား သေဆုံးရမှု
ဖြစ်သည်။


မြို့ တော်ဖနွမ်း ပင် တွင် ကျင်းပသည့် သင်္ကြန် ပွဲတော် သို့ 
လူလေးသန်း ခန့် ပါဝင်ဆင်နွှဲ ကြသည်။ ကြေကွဲ
ဖွယ်ရာ ထို သင်္ကြန် ကာလ သေဆုံးမှု သည် ည ၁၀
နာရီ ခန့် တွင် ဖြစ်ပွား ခြင်းဖြစ်ပြီး ၃၈၇ ကျော် သေဆုံးကာ
၄၀၀ ကျော် ဒဏ်ရရရှိခဲ့သည်။

ဒဏ်ရာရှိသည့် လူနာများ
ကို ကူညီကယ်ဆယ် ရန် ကမ္ဘောဒီးယား အစိုးရသည် အသင့်
မဖြစ် သောကြောင့် ဝေဖန် ခံရပြီး မြို့ တော် ဖနွမ်းပင် ရှိ
ဆေးရုံများ မှာ အခန်းများပြည့် လျှံ နေသောကြောင့်


လူနာများ မှာ တန်းစီ စောင့် ဆိုင်းရသည် ဟု သိရသည်။
တံတားကျိုး ကျသည့် နေရာ မှာ မဲခေါင်းမြစ်တွင်း သို့ စီးဝင်
သည့် တုံလေ ဘက်ဆက် မြစ်ဝရှိ ကျွန်းပေါ်သို့ သွားရာ
တံတား တွင် ဖြစ်သည်။သေဆုံးသူများ တွင် ရဲများ
လည်း ပါဝင်ပြီး အချို့ မှာ လုံခြုံရေးတပ်ဖွဲ့ ဝင်များ ၏ လျှပ်စစ်
လိုင်း များ ဖြတ်တောက်ရန် မေ့လျှော့ခြင်း ကြောင့်
ဓာတ်လိုက် ၍ သေဆုံးရ သည် များလည်း ရှိသည်
သေဆုံးသူ အများစု မှာ တံတား ကျိုးစဉ် လူအုပ်ပိပြီး သေဆုံးရခြင်း ဖြစ်ကာ အချို့ မှာ
လူအုပ် ပိမှာ စိုးရိမ် ၍ တံတား အောက် သို့  ခုန်ချရာမှ ရေနစ် သေဆုံး
ခြင်းဖြစ်သည်။

ဟွန်ဆန် အစိုးရ ကမူ သေဆုံးသူ နှင့် ဒဏ်ရာရ သူများ ကို ကူညီကယ် ဆယ်မှု များ ပိုမို
တိုးမြှင့် လုပ်ဆောင် သွား မည် ဟု သိရသည်။
ကမ္ဘောဒီးယား ဖနွမ်း ပင် မြို့ တွင် မြန်မာ လူမျိုး များ လည်း နေထိုင်ကြကာ ယခု သေဆုံးမှု
ထဲတွင် မြန်မာ လူမျိုး ပါဝင် မှု ရှိသည် ဟု သတင်း မရ ရှိသေး ဟု ဖနွမ်းပင်
ရှိ နိုင်ငံတကာ
အကူအညီ ပေးရေး ဧဂျင်စီ တစ် ခုတွင် တာဝန် ထမ်းဆောင် နေသည် မြန်မာ လူမျိုး
ကို
မြင့်သောင်းက ပြောသည်။
ထိုပွဲ တော် သို့  မြန်မာ လူမျိုး အချို့ လည်း ၀င်ရောက် နွှဲပျော်သည် ဟု သိရသည်။




11ReadMore-2.jpg

ရန်ကုန်လေဆိပ်မှာ ဒီမနက် ပျော်ရွှင်နေတဲ့ သားအမိ







ဧရာဝတီသတင်း

Reuters သတင်းဌာနက တင်ထားတဲ့ပုံ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်တို့ တယောက်ကို တယောက် လက်ချင်း ဆုတ်ကိုင်ထားကြတယ်။

Kim ရဲ့ လက်မောင်းမှာ NLD အလံပုံ တွေ့ရပါတယ်။ ဆေးမင်ကြောင် ထိုးထားတာ ဖြစ်နိုင်ပါတယ်။

သတင်းထောက်တွေကတော့ ၀ိုင်းအုံနေတာပဲ။

11ReadMore-2.jpg

Monday, November 22, 2010

ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဘွဲအပ်နှင်းမည်



(Braking news)


အိန္ဒိယ လူ့အခွင့်အရေးအဖွဲ့ မာနိုဗ် အိခ်တ ပရီရှဒ် (Manav Ekta Parishad) က ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဂုဏ်ထူးဆောင် ဧကရီဘွဲ့ (Queen of Myanmar's Democracy and Human Rights) ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်မည်ဟု သတင်းရရှိသည်။
အိန္ဒိယ ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးကြောင်း ပြသလိုခြင်းနှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ထွန်းကားရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုများကို ပိုမိုသိရှိ နားလည်စေရန်ရည်ရွယ်၍ ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများက ဆိုသည်။

“သူ့ရဲ့ နိုင်ငံရေးနဲ့ ဇွဲသတ္တိကို ချီးကျူးပြီးတော့ သူရဲကောင်းအဖြစ် အသိအမှတ် ပြုတဲ့အနေနဲ့ သူသာလျှင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြန်မာပြည်သူတွေဆီ ရယူပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အိန္ဒိယနိုင်ငံလို အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံက ပြည်သူတွေရဲ့ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည် သိစေချင်တာတွေ၊ အိန္ဒိယပြည်သူတွေက မြန်မာနိုင်ငံအကြောင်း ပိုပြီး သိစေချင်တာတွေ ပါပါတယ်” ဟု အဖွဲ့ အတွင်းရေးမှူး မစ္စတာ တီဒီ ဆင်းက ဧရာဝတီသို့ ပြောသည်။

မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့သည် ၂၀၀၇ ခုနှစ်မှ စ၍ အိန္ဒိယနိုင်ငံတွင်း လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ၊ ဘာသာရေး၊ လူမျိုးရေးနှင့် ဇာတ်အဆင့်အတန်းများ ခွဲခြားမှု ပပျောက်ရေးကို လုပ်ဆောင်နေသော လူ့အခွင့်အရေး အဖွဲ့စည်းတခုဖြစ်သည်။
ဟာရီယားနားပြည်နယ် ဖရီဒါဘတ်ရှိ မာနိုဗ် အိခ်တ ပရီရှဒ် အဖွဲ့ရုံးချုပ်တွင် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် အထိမ်းအမှတ် ကြေးသွန်းသံလျက်ကို ပေးအပ်ရန် စီစဉ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား အိန္ဒိယအခြေစိုက် အဝေးရောက် ညွန့်ပေါင်းအစိုးရ ၀န်ကြီး ဒေါက်တာ တင့်ဆွေက လက်ခံရယူမည်ဖြစ်သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဆုသည် မာနိုဗ် အိခ်တ ပရီရှဒ်မှ ပေးအပ်သည့် ပထမဆုံး ဘွဲ့တံဆိပ်ဖြစ်သည်။
“သန်လျက်ဆိုတာဟာ မြန်မာနိုင်ငံက မင်းမြောက်တန်ဆာတွေထဲက အဆောင်အယောင်တခုအဖြစ် ပါဝင်တဲ့အတွက် ကျနော်တို့အမြင်မှာ မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် အမြင့်မားဆုံး စွန့်စားမှုနဲ့ စွန့်လွှတ်မှု လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဘွဲ့နဲ့အတူ ပေးရတာဖြစ်ပါတယ်” ဟု မစ္စတာ တီဒီဆင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖိနှိပ်မှုများစွာ ရှိနေသည့်ကြားမှပင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်နှင့် ပါတီရပ်တည်ရေးအတွက် တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းသည် လူ့အခွင့်အရေး လှုပ်ရှားသူများကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးလိုက်သည့် ချီးကျူးဖွယ်ရာ လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုလို အိန္ဒိယ အခြေပြုတဲ့ လူမှုရေး အဖွဲ့အစည်းတွေက ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတယ်ဆိုတာ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအတွက် ဂုဏ်ယူတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါမှသာလျှင် အိန္ဒိယအစိုးရက ပိုပြီး နိုးကြားလာမယ်။ အိန္ဒိယ အစိုးရက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထားတဲ့မူတွေက ကျနော်တို့ အားမရသေးဘူး” ဟု မစ္စတာ တီဒီဆင်းက ဆိုသည်။

အိန္ဒိယအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် နီတားဂျီး ဆူဘတ်စ် ဖောင်ဒေးရှင်း (Netaji Subhas Foundation) ကလည်း ဆူဘတ်စ် ချန်ဒြာ ဘို့စ် (Subhas Chandra Bose) ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် နေရစဉ်ကာလ ၂၀၀၇ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယအစိုးရက ဂျဝါလဟာနေရူးဆုကို ၁၉၉၃ ခုနှစ်တွင် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရနှင့် နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆက်ဆံရေး တိုးမြင့်လာချိန်၌ မြန်မာ့ဒီမိုကရေစီရေးတွင် နှုတ်ဆိတ်နေမှုများကြောင့် အိန္ဒိယအစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဝေဖန်မှုများရှိလာသည်။

အမေရိကန် သမ္မတ အိုဘားမားက အိန္ဒိယခရီးစဉ်အတွင်း မြန်မာ့အရေးတွင် အိန္ဒိယ၏ နှုတ်ဆိတ်နေမှုကို ဝေဖန်ထောက်ပြခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခြင်းသည် အမျိုးသားရင်ကြားစေ့ရေးအတွက် လမ်းစဖြစ်ကြောင်း ပြောဆိုခဲ့သည်။

11ReadMore-2.jpg

လူငယ်ဒီမိုကရေစီကွန်ယက် တည်ဆောက်ရန် ဒေါ်စုညွှန်ကြား

မဇ္ဈိမသတင်းဌာန။       ။ လူငယ်ဒီမိုကရေစီကွန်ယက်တခု တည်ဆောက်သွားရန် NLD လူငယ်များအား အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညွှန်ကြားလိုက်ကြောင်း မကွေးတိုင်း မြို့သစ်မြို့နယ် လူငယ်တာဝန်ခံက ဆိုသည်။

ကယားနှင့် ချင်းပြည်နယ်မှလွဲ၍ တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ လူငယ်ခေါင်းဆောင် ၁၃ဝ ကျော် NLD ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ နာရီကြာဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်သူ မြို့သစ်မြို့နယ် လူငယ်တာဝန်ခံ ကိုအောင်ကျော်က ပြောသည်။

“NLD လူငယ်တွေရယ် NLD မဟုတ်သော်လဲ
Dssk-2as
လူငယ်ခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်သို့
တက်ကြွတဲ့လူငယ်တွေ ပူးပေါင်းပြီးတော့ လူငယ်ကွန်ယက်တခု ဖြစ်ဖို့၊ ကျနော်တို့ လူငယ်တွေကနေတဆင့် ပြည်သူတွေရဲ့ အသံတွေကို လူထုခေါင်းဆောင်ကို ပြန်တင်ပြဖို့ ညွှန်ကြားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟို လူငယ်ဖော်ဆောင်ရေး ခေါင်းဆောင် ၈ ဦးတို့ တွေ့ဆုံပြီး တပတ်ခန့်အကြာတွင် တိုင်းနှင့်ပြည်နယ်မှ လူငယ်ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံသည်။ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ပြီး  ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုလူငယ်အကြံပေး ဦးအုန်းကြိုင်တို့လည်း တက်ရောက်သည်။

ကလေးမြို့တွင် ချမှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဦးဆောင်ရန် တာဝန်နှင်းလိုက်ပြီးဖြစ်သည့် ၂၁ ရာစု ပင်လုံညီလာခံ ဖော်ဆောင်ရေးအား လူငယ်များ  တက်တက်ကြွကြွ “ဝန်းရံ” ပေးကြရန်လည်း ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးနှင့်ပတ်သက်၍ ဗိုလ်ကြီးဝင်းထိန်ကို ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ပေးထားပြီး တိုင်းနှင့်ပြည်နယ်များမှ လူငယ်များကို လုံခြုံရေးသင်တန်းငယ်များ ပို့ချပေးသွားရန်လည်း သဘောတူကြကြောင်း ဆွေးနွေးပွဲတက်ခဲ့သူ ဗဟိုလူငယ်ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ ၂ ကိုလှဦးက မဇ္ဈိမကိုပြောသည်။

မြန်မာတနိုင်ငံလုံးတွင် ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ခေါင်းဆောင် ၈ ဦးရှိပြီး ယင်းတို့မှတဆင့် လူငယ်အကူအညီပေးရေး ခေါင်းဆောင် ၁၄ ဦးကို ဖွဲ့စည်းထားသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အောက် လူငယ်များသာမက အသက် ၁၂ နှစ် အထက် လူငယ်များကိုလည်း စုစည်းနိုင်ရန် ကြိုးစားကြမည်ဟု လူငယ်ခေါင်းဆောင်များက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်နှင့် NLD စုစည်းရေးအတွက် ဗဟိုအလုပ်အမှုဆောင်များ၊ NLD လူငယ်များနှင့် ဆက်တိုက် တွေ့ဆုံ လျက်ရှိသည်။ သန်ဘက်ခါတွင် အမျိုးသမီးအထောက်ကူပေးရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံမည်။

ယခုလ ၁၉ ရက်ကလည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် တသီးပုဂ္ဂလ တချို့နှင့် NLD အကြား ကွန်ယက် စတင်တည်ဆောက်ရန် သဘောတူခဲ့သေးသည်။

11ReadMore-2.jpg

မြဝတီမြို့မှာ တိုက်ပွဲဝင်ခဲ့တဲ့ ဒီကေဘီအေ ရဲဘော်များကို စစ်အုပ်စု ခြိမ်းခြောက်



http://arrmhanthit8888.blogspot.com


ဒီကနေ့ မြဝတီမြို့မှာ အရှေ့တောင်တိုင်း တိုင်းမှူးဦးဆောင်ကာ နအဖ စစ်ဘက်ဆိုင်ရာများ နယ်ခြားစောင့် အကြီးအကဲများနဲ့ အစည်းအဝေးတခု ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။

အစည်းအဝေးရဲ့အဓိကရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့ ဗမာပြည်ရွေးကောက်ပွဲလုပ်တဲ့နေ့ နိုဝင်ဘာ ၇ ရက်နေ့က စတင်ပြီ နအဖ ကို ပြန်လည်တိုက်ပွဲဝင်ခဲ့တဲ့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ကို ခြိမ်းခြောက်လိုတဲ့ အချက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။


နအဖကို ပြန်လည်တိုက်ပွဲဝင်ခဲ့တဲ့ ဒီကေဘီအေအဖွဲ့ကို ၃၈ ရက် အချိန်ပေးမယ် ပြန်လာလက်နက်ချရင်ချ မချရင် ဝေါ်လေဒေသကို ချေမှုန်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ အချက်တွေ ပါဝင်နေပါတယ်။

အခုလို နအဖ စစ်အုပ်စုရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဗိုလ်နှုတ်ခမ်းမွှေးမှ ခုလိုတုန့်ပြန်ပြောဆိုသွားတာက..
“နအဖ စစ်အုပ်စု ကို တုန့်ပြန်တိုက်ခိုက်ဖို့ဆိုတာ အချိန်မရွေးဘူး၊ ဝန်မလေးဘူး။ ဒါပေမယ့် နအဖ စစ်အုပ်စုရဲ့ အောက်ခြေတပ်မှူးတပ်သားလေးတွေကို သနားတယ်။ ဖြစ်နိုင်ရင် ပြည်တွင်းစစ်မီးကို တောက်လောင်အောင် ဖန်တီးနေတဲ့ စစ်ခေါင်းဆောင်ကြီးတွေနဲ့ပဲ ထိပ်တိုက်တွေ့ချင်တယ်။ အခု ကျနော်တို့ တိုက်ပွဲဝင်နေတဲ့အတွက် နယ်စပ်ဒေတွေ မငြိမ်မသက်ဖြစ်တာကို ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့ စိတ်မချမ်းမသာဖြစ်ရတာ နားလည်ပါတယ်။ ကျနော်တို့တွေလည်း စစ်ကိုမတိုက်ချင်ပါဘူး နိုင်ငံရေးအရအဖြေတခု ထွက်ပေါ်လာအောင် စစ်တိုက်နေရတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီစစ်ပွဲကို စစ်သွေးကြွပြီး တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး” လို့ ပြောဆိုသွားပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များဟာ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာ လက်မခံဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး ဆိုတဲ့ အချက်တွေနဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့မှာ နအဖ စစ်အုပ်စုကို စတင်တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

11ReadMore-2.jpg

ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်နှင့်တိုင်း လူငယ်အားတွေ့ဆုံ



11ReadMore-2.jpg

Sunday, November 21, 2010

DVB Entertainment : သန့် ရှင်းစင်ကြည် မြစ်နဒီ -၇



11ReadMore-2.jpg

Saturday, November 20, 2010

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်

ဓာတ်ပုံ ASSOCIATED PRESS
သက်ကြီးနိုင်ငံရေးသမားများ ပူဇော်ပွဲတွင် ၀ါရင့်နိုင်ငံရေးသမားတဦးကို ဒေါ်အောင်ဆန်းစုကြည် လက်ဆောင်ပေးနေပုံ (နိုဝင်ဘာလ ၂၀၊၂၀၁၀)

ထပ်ဆင့် ဖြန့်ဝေရန်

ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးတာဝန်ကို မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီကနေ့ တာဝန်လွှဲအပ် လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို တာဝန်လွှဲပြောင်းပေးအပ်တာကို လက်ခံလိုက်ပြီး အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် ပန်ကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီလို ဒုတိယပင်လုံညီလာခံ ဖြစ်မြောက် အကောင်အထည်ဖော်ရေး တာဝန်ကို ၀ါရင့်နိုင်ငံရေးသမား သခင်သိန်းဖေရဲ့နေအိမ်မှာ ဒီကနေ့ မနက်က ကျင်းပတဲ့ သက်ကြီးနိုင်ငံရေးသမားကြီးတွေကို ပူဇော်တဲ့ပွဲမှာ လွှဲအပ်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုယ်တိုင် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သူ ဇိုမီး အမျိုးသားများ ကွန်ဂရက်ရဲ့  ဥက္ကဌ ပူးကျင်ရှင်းထန်က အခုလို ပြောပါတယ်။
“အဓိက ကတော့လေ ဒီနိုင်ငံရေးခေါင်းဆောင်တွေ၊ နည်းနည်းအသက်ကြီးတဲ့ လူတွေကို ဂါရ၀ပြုတာ တခုရယ်။ နောက်ပြီးတော့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကလေးမြို့ ဆုံးဖြတ်ချက် မှတ်တမ်းကို အခု ဒေါ်စု လွတ်လာတဲ့အခါမှာ ဒီဥစ္စာကို ဆုံးခန်းတိုင်ဖြစ်ဖို့ အမျိုးသားခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်က လုပ်မှဖြစ်မယ်ဆိုပြီးတော့ ကျနော်တို့က သူ့ကို လွှဲအပ်တာ။ ဒီ ၂ ချက်ပါပဲ။”
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ကလေးမြို့မှာ ကျင်းပတဲ့  ဇိုမီးအမျိုးသားများ ကွန်ဂရက် တည်ထောင်တာ ၂၂ နှစ်ပြည့်တဲ့ အခမ်းအနားမှာ ကလေးမြို့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒုတိယပင်လုံညီလာခံ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တာဝန်လွှဲအပ်တာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့တယ်လို့ ပူးကျင်ရှင်းထန်က ပြောပါတယ်။
“ကျနော်တို့က တိုင်းပြည် အခြေအနေကြည့်ပြီးတော့ ပင်လုံကဲ့သို့သော ညီလာခံ ဒုတိယပင်လုံ လိုအပ်နေတယ်။ အဲဒါကို လုပ်ရအောင်ဆိုပြီးလုပ်တော့ အဖွဲ့အစည်း ၅၀ ကျော်ကနေပြီးတော့ ဒါ မှန်ကန်တဲ့အကြောင်း တုံ့ပြန်ကြတယ်။ နောက် ကလေးမြို့ ဆုံးဖြတ်ချက်ကို အားလုံး ဆုံးခန်းတိုင် အကောင်အထည်ဖော်တဲ့အထိ ကျနော်တို့ ဆက်လက် ဆောင်ရွက်ပါမယ် ဆိုပြီးတော့ သံန္နိဌာန်ချပြီး လက်မှတ်ထိုးတဲ့ လူက ၁၀၉ ယောက်လောက် ရှိတယ်။ အဲဒါတွေကို အခု ဒေါ်စု လွတ်လာတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့မှ ဆုံးခန်းတိုင် အကောင်အထည်ဖော်နိုင်ဖို့ လွှဲအပ်တဲ့အခါမှာ သူက ပြောတာက ၀မ်းသာစွာ လက်ခံပါတယ်။ ဒါပေမဲ့ ကျမ တယောက်တည်းတော့ ဘယ်ဖြစ်မလဲ။ အားလုံး ဆက်ပြီးတော့ ၀ိုင်းပြီးတော့ ကူညီကြပါ၊ - ဆိုပြီးတော့ သူက ပြောပါတယ်။”
ဒီလို လက်မှတ်ရေးထိုးရာမှာ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ပါဝင်တာဖြစ်ပါတယ်။ အခု တာဝန်လွှဲအပ်တာကလည်း ဒီလို ပါဝင်လက်မှတ် ရေးထိုးသူများကိုယ်စား သူက လွှဲပြောင်းပေးတာဖြစ်တယ်လို့ ပူးကျင်ရှင်ထန်းက ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့အခမ်းအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အသက် ၈၀ ကျော် အရွယ်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး ခေါင်းဆောင် ၂၀ ကျော်ကို ဂါရ၀ပြု ပူဇော်ကန်တော့ခဲ့ပါတယ်။
ဒီပွဲကို နိုင်ငံရေးလှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေ၊ တိုင်းရင်းသားလူငယ်တွေနဲ့  မျိုးဆက်သစ် နိုင်ငံရေးလှုပ်ရှားသူတွေက ပူးပေါင်း စီစဉ်ခဲ့တာဖြစ်ပြီး လူ ၁,၀၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

11ReadMore-2.jpg

စစ်ခေါင်းဆောင် သန်းရွှေ၏အတ္ထုပတ္တိစာအုပ် အိန္ဒိယနိုင်ငံတွင်ထုတ်ဝေ

(မြန်မာစစ်အာဏာရှင် သန်းရွှေ အကြောင်း)” အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့် မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အတ္ထုပတ္တိစာအုပ် ကို နိုဝင်ဘာ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံတွင်ထုတ်ဝေခဲ့သည်။

အင်္ဂါနေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ဘင်နီဒစ်ရောဂျာစ်ကထုတ်ဝေခဲ့သည်။ စာရေးသူသည် အင်္ဂလန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီ လူ့အခွင့်အရေးကော်မရှင်၏ ဒု-ဥက္ကဋ္ဌနှင့် စီအက်စ်ဒဗလျူ ကမ္ဘာ့ခရစ်ယာန်ဝံဿနု၏ အရှေ့အာရှရေးရာအသင်း ခေါင်းဆောင်လည်း ဖြစ်သည်။
than_shwe
စာရေးဆရာ ဘင်နီဒစ်ရောဂျာစ် မှ အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာ ၁၆ နေ့က ထုတ်ဝေလိုက်တဲ့ မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အတ္ထုပတ္တိစာအုပ်။

“သူ (သန်းရွှေ) ဒီစာအုပ်ကို ကြိုက်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ မကောင်းတဲ့ အကြောင်းအရာ အများအပြားပါနေလို့ပါ” ဆိုပြီး စာရေးသူက ပြောသည်။

အာဏာရှင်သန်းရွှေကြောင့် မြန်မာပြည်သူများ ဒုက္ခပေါင်းစုံခံစားနေရသည့် အကြောင်းကို နိုင်ငံတကာမှ ပိုသိမြင်လာစေရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ရေးရခြင်းဖြစ်သည်ဟု စာရေးသူ ရော်ဂျာစ် က ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ ပြောသည်။

“မြန်မာပြည်ကို ကူညီမှုပေးချင်ရင် စစ်အာဏာရှင်သန်းရွှေအကြောင်း သိဖို့လိုတယ်” ဟု စာရေးသူ က ပြောသည်။

မြန်မာ့အရေး ၁၀ နှစ်ကျော်လေ့လာခဲ့သူ စာရေးသူ ရော်ဂျာစ်က သန်းရွှေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အဓိက အရင်းအမြစ် ၃ ခုမှ စုစည်းရယူခြင်းဖြစ်သည်။

ပထမ သတင်းအရင်းအမြစ်သည် သန်းရွှေနှင့် ပုဂ္ဂိုလ်ရေးအရခင်မင်ရင်းနှီးခဲ့သူများနှင့် ဗိုလ်ချုပ်မှူးကြီးနှင့် စစ်သင်တန်းအတူတက်ရောက်ခဲ့သည့် တပ်ထွက်များထံမှဖြစ်သည်။

ဒုတိယ သတင်းအရင်းအမြစ်သည် နိုင်ငံတကာသံတမန်များမှဖြစ်ပြီး ၎င်းတို့ထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (၂၀၀၀-၂၀၀၈) ရာဇာလီအစ်မေးလ်နှင့် သန်းရွှေနှင့်တွေ့ဆုံခဲ့ဖူးသည့်
နိုင်ငံတကာ သံတမန်များပါဝင်သည်။

တတိယ သတင်းအရင်းအမြစ်မှာ အာဏာရှင်သန်းရွှေ၏ ရက်စက်စွာအုပ်ချုပ်မှုအောက်၌ အသက်ရှင်နေထိုင်ရသော ပြည်သူများထံမှဖြစ်သည်။

“သူ့အတွက်အရမ်းဝမ်းနည်းတယ်။ ဒီကနေ့မြန်မာပြည်မှာဖြစ်ပျက်တဲ့ပြဿနာအားလုံးအတွက် တာဝန်အရှိဆုံး ဆိုတာကို သူ (သန်းရွှေ) လက်ခံရမယ်” ဟု မြန်မာ့အိမ်နီးချင်း ထိုင်း၊ တရုတ် နှင့် အိန္ဒိယ နယ်စပ်တစ်လျှောက် တိုင်းရင်းသားဒေသများသို့ အကြိမ်ကြိမ်ရောက်ရှိလေ့လာခဲ့သူ ရော်ဂျာစ် ပြောသည်။
“လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်သူဟာ တရားခံပဲ၊ တရားမျှတမှုတွေရှိလာမယ်လို့မျှော်လင့်တယ်” ဟု ဆက်ဆိုသည်။

ရော်ဂျာစ်၏စာအုပ်တွင် သန်းရွှေ နှင့် အောင်ဆန်းစုကြည်အကြား အဓိကကွာခြားချက်များကိုပါ နှိုင်းယှဉ်ရေးသားထားသည်။ နိုဘယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ခေါင်းဆောင် သန်းရွှေ က ဆယ်နှစ်ကျော်ထိန်းသိမ်းခဲ့သည်။

လတ်သလောရွေးကောက်ပွဲရလဒ်ကို “လုံးဝ လက်ခံနိုင်ဖွယ်မရှိသည့်အပြင် ရှက်ဖွယ်ရာရွေးကောက်ပွဲသာ ဖြစ်ကြောင်း” ရော်ဂျာစ်ကဆိုသည်။

သူဆက်ပြီး “နိုင်ငံတကာက ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုသည့်အပြင် မြန်မာစစ်ခေါင်းဆောင်များကို တိုးပြီးဝေဖန်နေပါတယ်” ဟု ပြောပါသည်။

“တကယ်လို့ တိုင်းရင်းသားများ ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာမယ်ဆိုရင် ဒါဟာအပြုသဘော ဆောင်တဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာမှာပါ” ဟု စာရေးသူ ဘင်နီဒစ်ရော်ဂျာစ်က ပြောသည်။
 
ကချင်သတင်းမှ........

11ReadMore-2.jpg

Template by:

Free Blog Templates