Monday, November 15, 2010

ဒီကေဘီအေနှင့် နအဖ နောက်ဆက်တွဲ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၄၀၀ကျော် ထပ်မံထွက်ပြေးလ


နိုဝင်ဘာလ ၁၅ရက်။ နန်းဖော့ဂေ ၊ ကေအိုင်စီ
ကရင်ပြည်နယ် နယ်စပ်တနေရာဖြစ်သည့် ဝေါ်လေဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ ယမန်နေ့ညက တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ၎င်းဒေသရှိ ရွာသူရွာသား ၄၀၀နီးပါးမှာ ဒုက္ခသည်များအဖြစ် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးရောက် ရှိလာခဲ့သည်ဟု သိရသည်။

ထိုင်းရွာသားတစ်ဦးက “မနေ့ညက ဟိုဘက်ကမ်းမှာ တိုက်ပွဲဖြစ်တော့ ရွာသားတွေ ထွက်ပြေးလာတာ မနေ့ကတင် ၄၀၀နီးပါး လောက် ရှိပြီ။”ဟု ဆိုသည်။

ယမန်နေ့ည ၆နာရီကျော်တွင် ဒီကေဘီအေ အခြေစိုက်ရာ ဝေါ်လေရှိ သံမဏိကုန်းတွင် လာရောက်နေရာယူတပ်စွဲထားသည့် နအဖ စကခ(၈) လက်အောက်ခံ နည်းဗျူဟာ(၃)စစ်ကြောင်းနှင့် ဒီကေဘီအေ(၉၀၇)တပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်မိကြပြီး တိုက် ပွဲ ၁၀မိနစ်နီးပါးခန့် ဖြစ်ပွားခဲ့သည်ဟု ထိုဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဗိုလ်မှူးစော ကြည်အောင်က ယခုလို ပြောသည်။

“ဒီကေဘီအေ(၉၀၇) တပ်မဟာ လုံခြုံရေးအဖွဲ့က သူတို့နေရာကို ခဏပြန်ကြည့်တာ အဲဒီမှာ နအဖ တပ်တွေက ဗိုလ်ရွှေဝနဲ့ ဗိုလ်နှုတ်ခမ်းမွှေးနေရာကို ၀င်ထိုင်နေတယ်လေ။ အဲဒါကို မသိလိုက်တော့ ပြန်အသွားမှာ ထိပ်တိုက်ဖြစ်သွားတဲ့သဘောပေါ့။ တိုက်ပွဲဖြစ်တာက ၈မိနစ်၊ ၁၀မိနစ်လောက်ပါပဲ။ ကျနော်တို့ သိရသလောက် နအဖဘက်က ၁ယောက်သေ၊ ၁ယောက် ဒဏ်ရာ ရတယ်။”ဟု ဆိုသည်။

အလားတူ အင်အား ၁၀၀ကျော်ရှိ ကနဲလေးဒေသမှ နအဖ နယ်မြေခံတပ် ခလရ(၉၇)နှင့် ထပ်မံ ရောက်ရှိလာသည့် ခမရ (၄၀၄)တပ်ဖွဲ့ကို ဒီကေဘီအေ တပ်များက ယမန်နေ့ည ၇နာရီခွဲအချိန်ခန့်တွင် ၁၀မိနစ်ကျော် အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ ရာ နအဖဘက်မှ ထိခိုက်ကျဆုံးမှုကို မသိရသော်လည်း ဒီကေဘီအေဘက်မှ ၁ဦး ဒဏ်ရာရရှိခဲ့ပြီး ရွာသား ၂ဦး ထိခိုက်မှုရှိခဲ့ သည်ဟု ဒီကေဘီအေဘက်က ပြောဆိုသည်။

ဒီကေဘီအေ တပ်မှူးတစ်ဦးက “ဒီအနီးကပ်တိုက်ပွဲမှာ ကျနော်တို့ဘက်က တယောက် ထိတယ်။ နအဖဘက်ကတော့ မသိ ဘူး။ နအဖပစ်တဲ့ လက်နက်ကြီးတွေဟာ ရွာထဲကိုပဲ ကျနေတော့ ရွာသား ၂ယောက် ဒဏ်ရာရသွားတာပေါ့။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ယခင်အပတ်က ရောက်ရှိနေသည့် ဒုက္ခသည်များနှင့် စုပေါင်းလိုက်လျှင် ထိုင်းဘက်ခြမ်း၊ ဖုတ်ဖရမြို့နယ်ရှိ ဝေါ်လေကျေးရွာတွင် စစ်ပြေးဒုက္ခသည် ၆၀၀ကျော်ရှိပြီး ၎င်းတို့ကို နွားကုန်သည်များ နွားထားရာ ကွင်းတွင် ယာယီစီစဉ်ထား ပေးကာ ကရင်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံကျန်းမာရေးအဖွဲ့များက ကူညီပေးထားသည်ဟု သိရသည်။

ယနေ့မွန်းလွဲပိုင်း၌လည်း မြ၀တီမြို့တွင် ခမရ(၄၀၁)၊ (၄၀၂)နှင့် (၄၀၃)တပ်များ ထပ်မံ ရောက်ရှိလာသည်ဟု နယ်စပ်သတင်း အရ သိရသည်။
Collapse...

11ReadMore-2.jpg

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တယ်လို့ ဗိုလ်မှူးချုပ် စောလားဘွယ်ပြောဆို



ဆုံဆည်းရာ မှ...

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေး ဆက်လုပ်မယ်ဟု ပြောဆိုလိုက်ချိန်မှာ ဒီကေဘီအေမှ ဗိုလ်မှူးချုပ်စောလားဘွယ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ယုံကြည် တယ်လို့ ပြောဆိုလိုက်ပါတယ်။

ယခုလတ်တတော့ တိုက်ပွဲအခြေအနေ၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေကို တွေကို ဗိုလ်မှူးချုပ် စောလားဘွယ်က ယခုလို ပြောဆို လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ချစ်ခင်လေးစားတယ်။ ယုံကြည်တယ်။ ဒီမိုကရေစီကို ကျွန်တော် ကြိုက်တယ်။ ဒီမိုကရေစီကို အရင်ရအောင် မလုပ်ပဲနဲ့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဒါန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ တန်းတူ အခွင့်ရေးတို့ဆိုတာ မရနိုင်ဘူး။ အားလုံး ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ညီညီညွတ်ညွတ်နဲ့လုပ်ရင် အောင်မြင်မူပန်းတိုင် ရကို ရရမယ်။ တိုင်းရင်းသားတွေ ညီညွတ်ပြီး တိုက်ရင် ကောင်းတယ် ။

မြ၀တီကို ကျွန်တော်တို့ တိုက်တုံးက နအဖ အင်အားက ၈၀ လောက်ပဲရှိတယ်။ ကျွန်တော်တို့က သူတို့ထက် အင်အားများတယ်။ တိုက်ပွဲစ ဖြစ်တာနဲ့ ကျွန်တော်တို့က လက်နက်ငယ်တွေနဲ့ သူတို့ကိုပဲ ထိအောင်ပစ်တာ၊ သူတို့က လက်နက်ကြီးတွေနဲ့ ထင်သလိုပစ်တာ လူထုတွေထိကုန်တယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဘူး။ ထိုင်းဖက်ကိုလဲ သူတိုပဲ ပစ်တာ။ ဆက်ပြီး မြ၀တီ ကိုထိန်းထားရင် ရပင်မဲ့ လူထုထိမှာကြောင့်လို့ ကျွန်တော်တို့ အစီစဉ် ရှိရှိနဲ့ပဲ ဆုတ်ခွာပေးလိုက်တာပါ။ သေဆုံးသွားတဲ့ မြ၀တီက လူထုတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ အခုလဲ မြ၀တီကို ဆုတ်ပေးလိုက်ပင်မဲ့ ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖေါ်သွားမယ် ဆက်တိုက်သွားပါ့မယ်။ နေ့စဉ်လိုလို ဘုရားသုံးဆူ၊ ဝေလေ နဲ့ ကြားခံနေရာတွေမှာ တိုက်ပွဲတွေ ရှိနေပါသေးတယ်။ တိုင်းရင်းသားတွေ တပ်ပေါင်းစုတွေလဲ ညီညီညာညာနဲ့ ၀ိုင်းတိုက်ကြပါ အတွင်းအပြင် စည်းစည်းလုံးလုံး ရှိကြရင်ကောင်းမယ်။ ကျွန်တော်တို့ကို တတ်နိုင်တဲ့ ဖက်က ၀ိုင်းကူညီ ကြပါ။

ကျွန်တော် ငတ်ပျက်နေတဲ့ ပြည်သူလူထုကို စာနာတယ်။ နအဖ ရဲဘော်လေးတွေကိုလဲ သနားတယ်။ တပ်မှာ ဘာမှ မရှိကြဘူး။ တချို့ဆို ဘောင်းဘီတိုလေးတွေနဲ့ ကျွန်တော်သူတို့ကိုပါ ယူနီဖောင်းတွေ ထုတ်ပေးတယ်။ သူတို့ အရာရဲရှိ တချို့ကိုတော့ ကြိုက်ဘူး။ ကျွန်တော်တို့အပေါ် နားလည်တဲ့ အရာရှိတွေလဲ ရှိတယ်။ အခု တက်လာတဲ့ တိုင်းမှူးက ကျွန်တော်ဆီကို ဖုန်းဆက်တော့ ဟေ့ကောင် ဘာညာနဲ့ သိပ်မိုက်ရိုင်းတယ်။ မင်းဘာတွေ လုပ်တာလဲ ဘာညာနဲ့ ဒါနဲ့ ကျွန်တော်ဖုန်း လုံးဝမဖွင့်တော့ဘူး။ ကျွန်တော် ဘာလုပ်လဲ မေးဖို့ထက်။ သူတို့ မှားနေတယ် ဆိုတာကို သူတို့ သိသင့်တယ်။ ၁၅ နှစ်တောင် သူတို့နဲ့ တွဲလုပ်ခဲတာ ကျွန်တော်တို့ သိပြီ ၊ သူတို့တွေ မရိုးသားဘူး။ သိပ် လူလည်ကျတယ်။

နအဖ က ကျွန်တော်တို့အပေါ်ပေးတဲ့ နိုင်ငံရေး အခွင့်အရေးဆိုတာ အသက်ရှူ ခွင့်ပဲ ပေးတာပါ ။ အသက်ရှည်ခွင့်ပေးတာ မဟုတ်ဘူး။ အခု နယ်ခြားစောင့်တပ် လုပ်လိုက်ရင် အသက်ရှူခွင့်တောင် သေချာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူထုအတွက် ကောင်းရာကောင်းကျိုး ဘာမှ လုပ်ခွင့်ရှိတော့မှာ မဟုတ်ဖူး။
Collapse...

11ReadMore-2.jpg

မြ၀တီ နှင့် ဘုရားသုံးဆူရှိ စစ်ဘေး ဒုက္ခသည် များ၏ အခြေ အနေ ( ၁၅ . ၁၁ . ၂၀၁၀ )

11ReadMore-2.jpg

တာဝန်သိအစိုးရ ဖြစ်ပေါ်ရေး

မသမာမှုနဲ့ မဲလိမ်မှုတွေ များတယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ စစ်အစိုးရ စီစဉ်တဲ့အတိုင်း လွှတ်တော်ကိုယ်စားလှယ်အများစုကို ကြံ့ဖွံ့ပါတီက ရရှိသွားတဲ့အတွက် အစိုးရသစ်ဖွဲ့နိုင်တဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒီမိုကရေစီ အခြေခံသဘောကို အကြီးအကျယ် ချိုးဖျက်ထားတဲ့အတွက် ရွေးကောက်ပွဲ အာဏာရှင်စနစ် လို့လည်း ခေါ်နိုင်ပါတယ်။ ပါတီစုံ ရွေးကောက်ပွဲလုပ်ပြီး တချိန်တည်းမှာပဲ စစ်အစိုးရပါတီ အနိုင်ရအောင် ချုပ်ကိုင်ချယ်လှယ်ထားတဲ့ အစီအစဉ် ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်နဲ့ အာဏာသိမ်းတဲ့ အစိုးရကနေ ရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းတဲ့ အစိုးရအဖြစ် အသွင်ပြောင်းမှာမို့ တာဝန်သိတဲ့ အုပ်ချုပ်ရေးစနစ်များ ပေါ်ထွက်လာနိုင်မလားလို့လည်း စဉ်းစားနိုင်ပါတယ်။ ရွေးကောက်တင်မြှောက်ခံရပေမယ့် ပုန်းလျှိုးကွယ်လျှိုးလုပ်တဲ့ အစိုးရမျိုးကိုလည်း ပြည်သူလူထုက ယုံကြည်မှာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက် ဘယ်လိုချမှတ်တယ်၊ ဘယ်လို အကျိုးသက်ရောက်မှုရှိတယ် ဆိုတာကို သိသာမြင်သာဖို့နဲ့ ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ တာဝန်သိသိနဲ့ စားဝတ်နေရေး ပြေလည်အောင် လုပ်ပေးနိုင်တဲ့ အစိုးရကိုသာ ပြည်သူလူထုက ယုံကြည်ပါလိမ့်မယ်။

ဆင်းရဲချမ်းသာ ကွဲပြားမှု နက်ရှိုင်းပြီး တရားတဲ့ ဥပဒေကင်းမဲ့နေရင် တိုင်းသူပြည်သားက အစိုးရကို ယုံကြည်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်ဟာ ယခင် စစ်အစိုးရနဲ့ ဘယ်လိုကွဲပြား ခြားနားတယ်ဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။ စစ်အစိုးရလက်ထက်မှာ အာဏာရှိလေ တာဝန်မဲ့လေ ဖြစ်ပါတယ်။ ဗမာစစ်အစိုးရဟာ အမြဲတမ်း ဥပဒေအထက်မှာ ရှိနေပါတယ်။ တိုင်းရင်းသားပြဿနာ၊ စီးပွားရေးကျပ်တည်းမှုနဲ့ ပညာရေး၊ ကျန်းမာရေး ချွတ်ခြုံမှုတွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။ တဖက်သတ် အမိန့်ပေးတဲ့စနစ် ကျင့်သုံးတာကိုလည်း စောင့်ကြည့်ဖို့လိုပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ ရာထူးကြီးလေ တာဝန်ကြီးလေ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးသဘောတူချက် မရနိုင်သေးတဲ့အတွက် ယာယီငြိမ်းချမ်းရေး ရေရှည်ခံလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ကချင် နဲ့ ဝ လို့ အင်အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဗမာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်အဖြစ် ပြောင်းပစ်ဖို့ကိစ္စကိုသာ ဗမာဘက်က အာရုံစိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကလည်း စစ်အင်အား ကောင်းမှသာ ကိုယ့်ဇာတိမြေကို ကာကွယ်နိုင်မယ်ဆိုတာကို နားလည်းထားပုံရပါတယ်။ အမျိုးသားလွတ်လပ်ရေးကို လက်နက်နဲ့ ကာကွယ်ရမယ်ဆိုတဲ့ ခံယူချက်ပါပဲ။ ဒီ အယူအဆမျိုး အနောက်တိုင်းမှာလည်း ခေတ်စားခဲ့ဘူးပါတယ်။ မိမိနယ်မြေကို ကာကွယ်နိုင်စွမ်းမရှိရင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ မြန်မာပြည်မှာ အပြောင်းအလဲဖြစ်ဖို့ လူတိုင်းလိုလို မျှော်လင့်နေကြပါတယ်။ နှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အခြေအနေကို စိတ်ကုန်နေကြပါပြီ။ ရွေးကောက်ပွဲမှာ စိတ်ဝင်စားမှု မရှိကြတာဟာ ပြည်သူ့သဘောထားကို ဖော်ပြနေတာပါ။

လူတဦးတယောက်အပေါ်မှာ မူတည်နေတဲ့ နိုင်ငံရေးစနစ်ဟာ ရေရှည်ခံမှာ မဟုတ်ပါဘူးဆိုတာ မဆလ ခေတ်က သက်သေပြနေပါတယ်။ မြန်မာပြည်မှာ စစ်တပ်က အနိုင်ကျင့် အုပ်ချုပ်နေတာကို ရပ်ဆိုင်းပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာအောင် ကြိုးစားဖို့ လိုပါတယ်။ တာဝန်မသိတဲ့ အစိုးရကို တိုင်းသူပြည်သားများက မယုံကြည်လို့ ပုန်ကန်ထကြွမှု ပေါ်ပေါက်လာတရတာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ အကျင့်မဖျောက်နိုင်ပဲ အာဏာရှင် အသိုင်းအဝိုင်းရဲ့  အခိုင်းခံဘဝကို မကျော်လွန်နိုင်ရင် တာဝန်သိ အစိုးရဖြစ်လာဖို့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ အစိုးရက တာဝန်မသိရင် ပြည်သူလူထုဘက်က တာဝန်သိဖို့ လိုပါတယ်။

တာဝန်မသိတဲ့ အစိုးရအမှုထမ်းရဲ့  လုပ်ရပ်မှန်သမျှကို တိုင်းသူပြည်သားများက ဖော်ထုတ်တာဟာ တရုတ်နဲ့ အီရန်လို အာဏာရှင်နိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ ရွေးကောက်ပွဲမှာ ကလိမ်ကျစ် လုပ်တာတွေကို ပြည်သူလူထုက ဖော်ထုတ်ဖို့ လိုပါတယ်။ အာဏာရှင်ဝါဒီတွေက ပိတ်ပင်ဖို့ ကြိုးစားတဲ့သတင်းတွေကို ဒီမိုကရေစီသမားတွေက ဖော်ထုတ်ဖို့ ကြိုးစားတာဟာ နှလုံးရည်တိုက်ပွဲပါ။

လွန်ခဲ့တဲ့ နှစ် ဇွန်လက ကျင်းပနေတဲ့ အီရန်ရွေးကောက်ပွဲမှာ မသမာနည်းတွေ သုံးတာကို ကွန်ပြူတာအင်တာနက် မှာ သောင်းချီပြီး ဖော်ပြကြတဲ့အတွက် အစိုးရသစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်ပေါက်လာရပါတယ်။ ဒီလိုဖြစ်လာမှာကို စိုးရိမ်လို့ ထင်ပါရဲ့  ၊ ဗမာအစိုးရဟာ အင်တာနက် ဆက်သွယ်မှုကို ချုပ်ကိုင်ပြီး ပြည်ပသတင်းလောကနဲ့ ဆက်သွယ်ရ ခက်ခဲအောင် လုပ်ထားပါတယ်။

ဒီမိုကရေစီ မရှိပေမယ့် အာဏာရှိသူက တာဝန်သိရင် ပြည်သူတွေ ခံသာပါသေးတယ်။ အမှုထမ်း အရာထမ်း တဦးချင်အနေနဲ့ တာဝန်သိမှု၊ အဖွဲ့အစည်းအနေနဲ့ တာဝန်သိမှု၊ နိုင်ငံရေးအရ တာဝန်သိမှု စသဖြင့် အဆင့်ဆင့် တာဝန်သိဖို့ အရေးကြီးပါတယ်။ တာဝန်သိသူကိုသာ တိုင်းသူပြည်သားက ယုံကြည်ပါလိမ့်မယ်။ နိုင်ငံသူနိုင်ငံသား အယုံအကြည်မရှိတဲ့ အစိုးရလုပ်ငန်းတွေဟာ အောင်မြင်ဖို့ ခက်ခဲပါတယ်။

11ReadMore-2.jpg

Sunday, November 14, 2010

အမျိုးသား သင့်မြတ်ရေးအတွက် ဒီမိုကရေစီ လိုလားသူတွေနဲ့ ဒေါ်စု လက်တွဲမည်

 VOA သတင်းမှ

By ဒေါ်ခင်စိုးဝင်း တနင်္ဂနွေ, 14 နိုဝင်ဘာ 2010

ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။
နိုဝင်ဘာ14/2010
နေအိမ်အကျယ်ချုပ်က မနေ့ကမှ လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောဆိုရင်း လူထုရဲ့ အသံကို တိုက်ရိုက် ကြားလိုတဲ့အကြောင်း ဒီနေ့ ပြောဆိုလိုက်ပါတယ်။ သူမ ပြန်လွတ်လာပြီး ပထမဆုံး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဲဒီလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။
“ကျမတို့က ဒီမိုကရေစီ လိုအားတဲ့ အုပ်စု အဖွဲ့တွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပဲ။ ဒါ ကျမတို့ရဲ့ အရင်တုန်းက မူဝါဒ အတိုင်းပဲ။ အခုလည်း ဒီမူဝါဒ အတိုင်းပါပဲ။”
လောလောဆယ် ထိုင်း၊ မြန်မာ နယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထား အမြင်ကို အခုလို ပြောပြပါတယ်။
“တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာကတော့ ဘာများ စိတ်ချမ်းသာစရာ ရှိလဲ။ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာကြောင့် ကျမတို့ အားလုံးအတွက် စိုးရိမ်စရာပေါ့၊ စိတ်မကောင်းစရာပေါ့။ ဒီလိုဟာမျိုးတွေက မဖြစ်သင့်ဘူးလေ။”
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူမှုရေး လုပ်ငန်းတွေကို အာရုံစိုက် လုပ်တော့မယ် ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ရှင်းလင်း ပြောဆိုသွားပါတယ်။
“NGO ဖွဲ့မယ်လို့လည်း တခါမှ မပြောခဲ့ဘူး။ ကျမတို့ပြောတာက လူမှုဝန်ထမ်း အလုပ်တွေ လုပ်ဖို့ လိုနေပြီ။ လူမှုဝန်ထမ်း အလုပ်ဆိုတာ နိုင်ငံရေးနဲ့ ခွဲခြားလို့ မရဘူး။ အခုအချိန်မှာဆိုရင် ကျမတို့ ပြည်သူတွေက အင်မတန်မှ လိုအပ်နေတယ်။ စီးပွားရေးတွေလည်း ဒုက္ခရောက်နေတယ်၊ အကူအညီ လိုနေတယ်။ အဲဒီ လိုနေတဲ့ လူတွေရဲ့ အကူအညီကို ပေးနိုင်သလောက် ပေးဖို့ပဲ။ အဲဒါတွေက အခုမှ လုပ်တာ မဟုတ်ဘူးနော်။ ၁၉၉၅ ခုနှစ်ကတည်းက စပြီးတော့ လူမှုဝန်ထမ်း အလုပ်တွေကို လုပ်ခဲ့တာ။”
နိုင်ငံခြား သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုရာမှာ လူထုနဲ့ အဆက်ပြတ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံလိုတယ်လို့ အင်္ဂလိပ်လို အခုလို ဖြေရှင်းပါတယ်။
“လူထုရဲ့အသံကို နားထောင်ရင်းနဲ့ လေ့လာနေတာပါ။ ဒါပေမဲ့ အထဲမှာ နေရတော့ လူထုရဲ့အသံကို တိုက်ရိုက်ကြားရဖို့ သိပ်ကို ခက်ခဲလှပါတယ်။ လူထုတွေရဲ့ အသံတွေကို ကြားရဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က သူတို့ဆီကို စာရေးဖို့ အားပေးလိုတယ်လို့ ပြောပါတယ်။ လူထုအနေနဲ့ ဘာဖြစ်ချင်သလဲ၊ ဘာတွေ လုပ်စေချင်သလဲ ဆိုတာကို စာရေးပေးကြပါ၊ တချို့က ဆန္ဒတွေ ရှိနေပေမဲ့ လက်တွေ့မှာ ဖြစ်ချင်မှ ဖြစ်မှာပါ။
“ဒါပေမဲ့ သူတို့တွေ အားကျလာအောင်၊ မျှော်လင့်ချက်တွေ ပေးနိုင်အောင် လူထုရဲ့ အသံတွေကိုလည်း ကြားလိုပါတယ်။ လူထုရဲ့ အသံကို နားထောင်မှ ဖြစ်မှာပါလို့ ပြောပါတယ်။ ၆ နှစ်အတွင်းမှာ ရေဒီယိုကိုပဲ နားထောင်ခဲ့ရပြီး အခု လူတွေ ဘယ်လိုပြောတယ် ဆိုတာကို သူ နားထောင်ချင်တဲ့ ဆန္ဒ ရှိပါတယ်လို့ ပြောဆိုသွားပါတယ်။”
ဆက်လက်ပြီး မြန်မာပြည်အပေါ်မှာ သြဇာ အလွှမ်းမိုးဆုံးလို့ ယူဆကြတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အပေါ်မှာရော ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုများ သဘောထားပါသလဲ။
“တရုတ်နိုင်ငံကို ရန်သူလို သဘောမထားပါဘူး။ ဒီမိုကရေစီကို အမှန်တကယ် လိုချင်တဲ့သူတွေ အနေနဲ့ တရုတ်နိုင်ငံကို ရန်သူရယ်လို့ မရှုမြင်စေလိုပါဘူး။ တရုတ်နဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းတွေ ဖြစ်ပါတယ်။ ဒီကမ္ဘာကြီး တည်ရှိနေသရွေ့ တရုတ်နဲ့ မြန်မာနိုင်ငံဟာလည်း အိမ်နီးချင်းတွေအဖြစ် ရပ်တည်သွားမှာပါ။ ဒါကြောင့် အိမ်နီးချင်းကောင်း ပီသစွာ ဆက်ဆံသွားကြရမှာ ဖြစ်တယ်။” လို့ ပြောဆိုသွားပါတယ်။
ဆက်လက်ပြီး NLD ပါတီ တခုတည်းကပဲ နိုင်ငံကို လွှမ်းမိုးအုပ်ချုပ်တာ၊ ပါတီတခုတည်းက တပါတီစနစ်နဲ့ အုပ်ချုပ်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို သုံးသပ်သွားပါတယ်။
“တပါတီတည်းက နိုင်ငံအာဏာ ထိန်းချုပ်ထားတာ ဒီမိုကရေစီစနစ်လို့ မယူဆပါဘူး။ ဒီလိုပါပဲ၊ ပါတီတခုအတွင်းမှာလည်း လူတဦး တယောက်က ထိန်းချုပ်ထားတာက ဒီမိုကရေစီလို့ မယူဆပါဘူး။ ထိထိရောက်ရောက် မလုပ်ကိုင်နိုင်ဘဲ နိုင်ငံအတွက် ဘယ်လို ဒီမိုကရေစီမျိုးကို ဆောင်ကြဉ်းပေးနိုင်မှာပါလဲ။ NLD ပါတီကိုလည်း သူတယောက်တည်းနဲ့ ဘယ်တော့မှ ထိန်းချုပ်သွားမှာ မဟုတ်ဘူး။” လို့ ပြောဆိုသွားပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်မပြိုင်ဘို့ ဆုံးဖြတ်ချက် ချတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ရှင်းပြပါတယ်။
“ပထမဆုံး အချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ မယုံကြည်လို့ပါပဲ။ ဒုတိယ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲကို လူထုက တခဲနက် ထောက်ခံထားပြီး ၀ါကျလေး တကြောင်းတည်းနဲ့ ဖျက်သိမ်းလိုက်တာကြောင့် ဖြစ်ပါတယ်။ တတိယ အချက်ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် အရာရာကို စွန့်လွှတ် အနစ်နာခံပြီး အကျဉ်းကျခံနေကြတဲ့ ကျမတို့ရဲ့ ရဲဘော် ရဲဘက်တွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မယူဆတဲ့အတွက် NLD ရွေးကောက်ပွဲကို မ၀င်ခဲ့တာ ဖြစ်ပါတယ်။” လို့ ရှင်းလင်း ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲက ကောက်နှုတ် တင်ပြခဲ့တာ ဖြစ်ပါတယ်။

11ReadMore-2.jpg

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု အပေါ် ကမ္ဘာ့ခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်အချို့






"သူဟာ ကျွန်တော့်အတွက် သူရဲကောင်းတစ်ဦးပါ။ သူဟာ ဗမာ(မြန်မာ)ပြည်နဲ့ ကမ္ဘာတစ်ဝန်းမှာ လူ့အခွင့်အရေးရရှိဖို့ လှုပ်ရှားနေသူ အားလုံးအတွက်
စေ့ဆော်ပေးနိုင်တဲ့သူပါ။ အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအတွက်
အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်"
- အမေရိကန်သမ္မတ အိုဘားမား






"သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲသစ်တစ်ခု စတင်သင့်ပါတယ်။ အောင်ဆန်းစုကြည် အပါအ၀င် အခြားဒီမိုကရက်နှင့် တိုင်းရင်းသား
လူမျိုးစုခေါင်းဆောင်များပါဝင်သော စေ့စပ်ဆွေးနွေးမှုစတင်ပြီး အမျိုးသား
ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်ပြီး
ဒီမိုကရေစီနည်းလမ်းကျသော အနာဂတ်အတွက် ပြုလုပ်သင့်ကြောင်း
ကျွန်မတို့အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်"
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်






"တရားမမျှတမှုရင်ဆိုင်နေရချိန်တွင်ပင် သူမ၏ လေးစားစရာကောင်းသော စိတ်ထားတည်ငြိမ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုမှာ ကမ္ဘာတစ်ဝန်းမှ လူအများအတွက်
စံနမူနာတစ်ခုဖြစ်စေခဲ့သည်။ သူမအပေါ် မည်သည့်ကန့်သတ်ချက်မျှ ထပ်မံမထားရှိရန်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မျှော်လင့်နေပါသည်။ ယခုလွှတ်ပေးမှုကို
အကြောင်းပြု၍ တိုးတက်မှုတစ်ခုအဖြစ် မှတ်ယူကာ ကျန်ရှိနေသော
နိုင်ငံရေးအကျဉ်းသားအားလုံးကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးရန်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့သည်။"
- (ကုလသမဂ္ဂပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)






"လွတ်လပ်စွာပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် ယုံကြည်မှုရှိတဲ့ ကျွန်တော်တို့လိုလူတွေအတွက် အောင်ဆန်းစုကြည်က စေ့ဆော်မှုပေး
နိုင်ပါတယ်။ လွတ်လပ်ခွင့်ဟာ အောင်ဆန်းစုကြည်ရဲ့ အခွင့်အရေးပါ။ ဗမာ
(မြန်မာ) အစိုးရအနေနဲ့ ဒီလိုကောင်းမွန်တဲ့လုပ်ရပ်ကို ထောက်ခံအားပေးရပါမယ်"
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း






"ပြင်သစ်နိုင်ငံက အောင်ဆန်းစုကြည်လွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့် နေပါတယ်။ သူမရဲ့ လွတ်လပ်စွာ
သွားလာလှုပ်ရှားမှုနဲ့ သဘောထား ဖော်ထုတ်ခွင့်အပေါ် ဟန့်တားတဲ့ ဘယ်လုပ်ရပ်မဆို
သူ့အခွင့်အရေးကိုငြင်းပယ်တဲ့၊ လက်မခံနိုင်တဲ့ လုပ်ရပ်အဖြစ်
မှတ်ယူသွားမှာပါ"
- ပြင်သစ်သမ္မတ နီကိုလပ်ဆာကော်ဇီ





"အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးရရှိရေးအတွက် ကမ္ဘာတစ်ဝန်း တိုက်ပွဲဝင်နေသူများအတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။ သူမ၏
အကြမ်းမဖက်လှုပ်ရှားမှုနှင့် အာဃာတမဲ့သော စိတ်ထားကြောင့် စံပြပုဂ္ဂိုလ်တစ်ဦး
အဖြစ် တွန်းပို့ပေးခဲ့သည်။"
- (ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ် ပြောကြားချက်ကို အစိုးရက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)








"နေအိမ်အကျယ်ချုပ်ကနေ အောင်ဆန်းစုကြည် ပြန်လွှတ်လာလို့ ကျွန်တော်ဝမ်းမြောက်မိပါတယ်။ သတ္တိနဲ့မျှော်လင့်ချက်အမှတ် သင်္ကေတ
တစ်ခုအဖြစ်ရှိနေချိန်မှာ အောင်ဆန်းစုကြည်ဟာ အနှစ် ၂၀ ကျော်
ထိန်းသိမ်းခံထားရတယ်။ အခုအချိန်မှာ အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ
သွားလာခွင့်နဲ့ ဖော်ထုတ်ပြောဆိုခွင့်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ
အပြည့်အ၀ပါဝင်နိုင်ခွင့်ရဖို့ အရေးကြီးပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့
အခြားပြည်သူတွေအားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း
ကျွန်တော်တောင်းဆိုပါတယ်။"
- ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ နာဗီပီလ်လေး



မူရင်း... http://www.news-eleven.com

11ReadMore-2.jpg

Saturday, November 13, 2010







ဓါတ်ပုံ-ဧရာသတီမှကူးယူသည်။

11ReadMore-2.jpg

မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်းထမ်းများ အောက်စီဂျင်ပြတ်သေဆုံးမှု




ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ။ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ ) မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ် ၊ ဦးစောနိုင် (၃၆)နှစ် ၊ ဦးဆန်းလင်း (၃၅)နှစ် ၊ ဦးအောင်ရွှေ
(၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်
မြေအောက် (၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကိုဆင်းဖွင့်စဉ် တစ်ဦးတက်မလာ
သဖြင့်နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံး တပြိုင်နက်
သေဆုံးသွားကြပါတယ် ။ အဆိပ်ငွေ့မိခြင်း (သို့) အောက်စီဂျင်ပြတ်လပ်ပြီး
သေဆုံးကြခြင်းဖြစ်သော် လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှ
မထုတ်ပြန်ခဲ့ပါဘူး ။



သေဆုံးသူဝန်ထမ်း (၄)ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရေဝေးသုသာန် မှာ မီးသင်္ဂြိုလ် ခဲ့ပါတယ် ။ သရဏဂုဏ် တင်သည့်ခန်းမတွင် တစ်ခန်းလျှင် တစ်ဦးစီ စီ ထားရမည်ဖြစ်သော်လည်း ခန်းမတစ်ခုထဲတွင် ၄ ဦးလုံးကို စုပြုံထားပြီး
သဂြိုလ်ခဲ့သည့် အတွက် ကျန်ရစ်သူမိသားစု ၀င်များ မကြေမနပ်ဖြစ်ခဲ့ကြရပါသည် ။
ဒါ့အပြင် ဌာနဆိုင်ရာ အသက်ဆုံးရှုံးမှု လျှော်ကြေး ကိုလည်းပေးလျှော်
ခြင်းမရှိသေးသည့် အတွက် တာဝန်ရှိသူ မြို့တော်ဝန် ဦးအောင်သိန်းလင်းအား
ကျန်ရစ်သူမိသားစုများအပြင် ဘ၀တူ ၀န်ထမ်းများ ကပါမကြေမနပ်ဖြစ်နေကြပါတယ်လို့
သိရပါတယ်ခင်ဗျ

www.mcwaiyantgi.multiply.com

11ReadMore-2.jpg

Friday, November 12, 2010

LaTaGaGyi (ThanShwe) Myanmar

အွန်လှိုင်းတိုက်ပွဲဆင်နွဲနေကြတဲ့ချစ်မိတ်ရွှေကရင်ရဲဘော်တွေအတွက် ၀ိုင်းဖွဲ့ဟားတိုက်ရန်

11ReadMore-2.jpg

ဒီကေဘီအေနှင့်ကေအန်ယူပူးပေါင်းတပ်(ဗွီဒီယိုသတင်း)

11ReadMore-2.jpg

ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ်



                                                              ဗိုလ်ကြီးသက်နိုင်          
ဧရာဝတီ

ကရင်ပြည်နယ် မြ၀တီမြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သော နအဖဘက်မှ ဗိုလ်ကြီးသက်နိုင်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။


စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးသက်နိုင်သည် မြ၀တီခရိုင် ဝေါ်လေ ဒေသ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) လက်အောက် ခံ နည်းဗျုဟာ(၃)မှ ဖြစ်ပြီး ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်မဟာ (၅) တပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ကြီးသက်နိုင်ကို ပြန်လွှတ်ပေးလိုက်မှုနှင့်ပတ်သက်၍ DKBA တပ်မဟာ(၅)နှင့် နီးစပ်သူတဦးက"စစ် သုံ့ပန်း ဥပဒေ အရ မသတ်ဘဲ ပြန်ပို့လိုက်တာ ဖြစ်တယ်"ဟု ပြောပြသည်။

"ကျနော့်ကိုပြန်လွှတ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်၊ ကျနော့်မှာ အမေ ပေးတဲ့ အသက်မရှိတော့ပါဘူး၊ ဒီက ပေးတဲ့အသက်ပဲ ရှိပါတော့တယ်၊ ဟို ပြန်ရောက်ရင် ပေးတဲ့အပြစ်ကို ခံယူပြီး အပြင်မှာပဲ မိသားစုနဲ့အတူ စီးပွားရေး ပဲလုပ်တော့မယ်"ဟု ဗိုလ်ကြီးသက်နိုင်ကပြောကြောင်းလည်း ၎င်းက ဆိုသည်။

ဗိုလ်ကြီးသက်နိုင်ကို DKBA က မြ၀တီမြို့သို့ ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းပြန်လည်ရောက်ရှိကြောင်း မြ၀တီ ရှိ နအဖ စစ်တပ် က အတည်ပြုပြောကြားသည်ဟုလည်း DKBA အသိုင်းအ၀ိုင်းက ပြောသည်။

ဗိုလ်ကြီးသက်နိုင်သည် မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင်နေထိုင်သည့် အဘ ဦးသိန်းအောင်၊ အမိ ဒေါ်အေးချို တို့၏သားဖြစ်ပြီး ရက်သားအ ရွယ်သမီးတဦးရှိကြောင်း သိရသည်။

ယင်း DKBA နှင့် စစ်အစိုးရ တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်။

နိုဝင်ဘာ ၇ ရက်နေ့က စတင်၍ DKBA နှင့် စစ်အစိုးရတို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲနှင့် ပတ်သက်၍ “စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ” ဟု ဗိုလ်မှူးကြီး စောလားပွယ် က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

စစ်အစိုးရ သတင်းစာများ၌ ကရင်ပြည်နယ် မြ၀တီမြို့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)က လက်နက်ကြီး များ ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၃ ဦး သေဆုံး၍ ၂၀ ဒဏ်ရရှိ ကြောင်းရေးသား ဖော်ပြသည်။
Collapse...

11ReadMore-2.jpg

ကားလိုင်စင်လုပ် အထူးခံစားခွင့် ဒီကေဘီအေ အဖွဲ့ရနေ



ခင်နှင်းလွင်၊ ဘားအံ
နိုဝင်ဘာ ၁၂၊ ၂၀၁၀

လိုင်စင်မဲ့ကားများအား အခွန်ပေးဆောင်စေပြီး လိုင်စင်ထုတ်ပေးခြင်းကို စက်တင်ဘာ ၂၂ ရက်နေ့တွင် ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း ကရင်ပြည်နယ် ဖားအံမြို့တွင်မူ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပြီးဖြစ်သည့် ဗိုလ်စောချစ်သူတို့၏ ဒီကေဘီအေ အဖွဲ့ကိုမူ လိုင်စင်ထုတ်ပေးနေဆဲ ဖြစ်သည်ဟု ဘားအံမြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။
“ကားလိုင်စင်တွေကို ဒီကေဘီအေက လူတွေက သိန်း၁၄၀၀ ယူပြီးလုပ်ပေးနေတယ်။ လိုလိုပိုပို သိန်း ၁၄၀၀ပေါ့။ ဒီလိုနဲ့ ဘားအံမှာလည်း တဲခိုခန်းတွေ ဟိုတလောက လူကြပ် နေတယ်။ ကားတွေကလည်း မာစီးဒီး တွေလို၊ ဆာ့ဖ်တွေ၊ လန်းခရူဇာ တွေလည်း ပါတယ်။ ဘယ်တော့ ပြန်ပိတ်မလဲ တော့မသိဘူး”
လို့ ဘားအံမြို့မှ ကျောင်းသားတစ်ဦးက ပြောပြသည်။

ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းပြီး အဖွဲ့များရှိသကဲ့သို့ လက်မခံသည့် အဖွဲ့များလည်း ရှိနေပြီးထိုသို့လက်ခံခဲ့သည့် အဖွဲ့များအား စီးပွားရေး အကျိုးခံစားခွင့်အနေဖြင့် ယခုလို ကားလိုင်စင်ဆောင်ခွင့် ချပေးနေခြင်းဖြစ်သည်။

“အခုကားလိုင်စင်တွေ ချပေးတော့ ဗိုလ်ချစ်သူ ကိုယ်တိုင်လုပ်နေတယ်။ ဒီကေဘီအေက တပ်ကြပ်အဆင့် စီးတဲ့ကားတောင် အပျံစားပဲ။ အခုတလော ဘားအံဘက်မှာ ကားကောင်းကောင်းတွေ တွေ့နေရတယ်။”

လို့ ဘားအံမြို့မှ မြို့ခံတဦးကလည်း ပြောပြသည်။

ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ ဒီကေဘီအေ အဖွဲ့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က စစ်အစိုးရကို တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကေအန်အယ်လ်အေ အဖွဲ့မှခွဲထွက်ခဲ့ပြီဲး့ မြန်မာစစ်အစိုးရနဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေးယူခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလိုမှာတော့ ဒီကေဘီအေ အဖွဲ့အပါအ၀င် ငြိမ်းချမ်းရေးယူထားတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းဖို့ စစ်အစိုးရက ဖိအားပေးခဲ့ပြီး ဒီကေဘီအေ တပ်ဖွဲ့ရဲ့ အချို့က လက်ခံခဲ့ပေမယ့် အင်အား ၅၀၀ ၀န်းကျင်ရှိတဲ့ ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) အဖွဲ့က လက်မခံပဲ ငြင်းဆန်ခဲ့ပါတယ်။ အဆိုပါအဖွဲ့က ရွေးကောက်ပွဲ ကျင်းပတဲ့ ရက်မှာမြ၀တီမြို့ကိုခေတ္တသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက သြဂုတ်လမှ စက်တင်ဘာလကုန်အထိ လိုင်စင်မဲ့ကားတွေကို အစိုးရကသတ်မှတ်တဲ့ ရာဖြတ်တန်ဖိုး ၈၅ ရာခိုင်နှုန်း ပေးဆောင်ပြီး လိုင်စင်ထုတ်ပေးခဲ့ပါတယ်။ စစ်အစိုးရ အနေနဲ့ ကျပ်ငွေ ဘီလျံနဲ့ ချီပြီးရရှိခဲ့တဲ့ အစီအစဉ်ဟာ စက်တင်ဘာမှာ ရပ်ဆိုင်းခဲ့ပြီးနောက်မှာ ယခုလို ဒီကေဘီအေ စစ်ခေါင်းဆောင်တွေကို သီးသန့် ကားလိုင်စင်ချပေးနေတာပါ။


http://moemaka.com/

11ReadMore-2.jpg

Thursday, November 11, 2010


             စစ်ရဲ့အမြုတေ
      စစ်ပွဲဆိုတာကမ္ဘာပေါ်မှာမရှိသင့်ဆုံးအရာ
      စစ်ပွဲမရှိခဲ့တဲ့ ငြိမ်းချမ်းရေးအရပ် မရှိသလို
      စစ် ဆိုတာဖက်ဆစ် တစ်ဝက်တဲ့
      စစ်ရဲ့ မဲနက်သောတောင်ပံမှာ
      ရက်စက်မှုတွေရှိကောင်းရှိမယ်
      အဲဒီတောင်ပံရဲ့ အားမာန်တွေမှာ
      ငြိမ်းချမ်းရေးရဲ့  အမြုတေ တွေရှိတယ်။
                        ဖိနှိုပ်သူနဲ့ အဖိနှိုပ်ခံသူ
                        ကျူးကျော်စစ်နဲ့ ခုခံစစ်
                        တရားသောစစ်နဲ့ မတရားသောစစ်
                        သင်ဘယ်ဘက်က ရပ်တည်ဖြစ်မလဲ။
                                      သူပုန်ဆိုတဲ့ဝေါဟာရ
                                      ငါတို့အတွက် မြတ်တဲ့နာမ
                                      မတရားတာကို ပြန်ခံချတာတဲ့
                                      တိုက်ပွဲတစ်ပွဲရဲ့ မြင်ကွင်းကို
                                      ထိုတိုက်ပွဲရဲ့ရည်ရွယ်ချက်နဲ့ 
                                      တိုင်းတာမနှိုင်းယှဉ်သင့်ပါ။
                                                  တော်လှန်ရေးသမားဆိုတာ
                                                  လူထုနောက်မြီးဆွဲမဟုတ်
                                                  လူထုကိုဦးဆောင်တဲ့သူ
                                                  တွေဝေစရာမလို
                                                  နားယောင်စရာမလို
                                                  လုပ်စရာရှိတာလုပ်ရမယ်။
                                                                   စစ်ပွဲတွေကြောင့်                                  
                                                                   ကမ္ဘာမြေ ပျက်ရင်ပျက်မယ်
                                                                   ကရင်တွေရှိနေသေးရင်တော့
                                                                   မူ လေးချက်ဟာ  ရှိနေရဦးမယ်။
   
မတရားတာကို ခေါင်းငုံ့မခံတတ်တဲ့ ကရင်လူမျိုးတို့ရဲ့ ဗီဇသတ္တိကို အရောင်ပြန်တင်နိုင်ခဲ့တဲ့
ဗိုလ်မှူးချုပ် စောလားပွယ်နှင့်ရဲဘော်အပေါင်းအား  ဒီကဗျာလေးနဲ့ဂုဏ်ပြုအပ်ပါတယ်။
                                                   သူရေ၀့်ဖါန်(သူရေ့ဖေါင်)






11ReadMore-2.jpg

DKBA နှင့် စစ်အစိုးရ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်

 တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ်နှင့် စစ်အစိုးရကြား လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲနှင့် ပတ်သက်၍ အပစ်အခတ် ရပ်စဲရေး အတွက် ထိုင်းအစိုးရ အာဏာပိုင်များက ကြားဝင် ညှိနှိုင်း ဆွေး နွေး ပေးသော်လည်း မအောင်မြင်နိုင်ကြောင်း သိရှိရသည်။

three-pagoda-irr
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူ ဒေသတွင်တွေ့ရသော စစ်အစိုးရ တပ်ဖွဲ့ဝင် ၂ ဦး (ဓာတ်ပုံ - ဧရာဝတီ)
ဗိုလ်မှူးကြီး စောလားပွယ်က ၎င်း အနေဖြင့် ထိုင်းစစ်တပ်က ကြားဝင် စေ့စပ်ပေးမှုကနေ နုတ်ထွက်ခဲ့ကြောင်း၊ စစ်အစိုးရ အာဏာပိုင်များကိုလည်း မြ၀တီမြို့နှင့် ဘုရားသုံးဆူမြို့များတွင် ရှိသည့် စစ်အစိုးရတပ်များကို စစ်ကူ မပေးရကြောင်း၊ ၎င်း၏ တပ်ဖွဲ့ဝင်များကို အပစ်အခတ် မလုပ်ရန် အမိန့်ပေးထားသော်လည်း အစိုးရ တပ်များက စတင် ပစ်ခတ်လာလျှင် ပြန်ပစ်ရန် ညွှန်ကြားထားကြောင်း ဆိုသည်။

“ထိုင်း အာဏာပိုင်တွေ အနေနဲ့ တိုက်ပွဲပြီးသွားတာကို မြင်ချင်တယ်။ နယ်စပ် တည်ငြိမ်ရေးကို သူတို့လိုလားတယ်။ ပြီးတော့ သူတို့ အနေနဲ့ ပစ်ခတ်မှုတွေရပ်ဖို့ စပြီး စကားပြောနေပါပြီ”ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူး ချာမုစေး က ဧရာဝတီသို့ ပြော သည်။

ယနေ့ နံနက် ၃ နာရီ ကျော်တွင်လည်း DKBA တပ်ဖွဲ့ဝင်များက နအဖစစ်တပ် ခြေလျင်တပ်ရင်း (ခလရ )၂၈၃ တပ်စွဲရာ ထိုင်း-မြန်မာ နယ်စပ် ဘုရား သုံးဆူ မြို့ပြင်ရှိ တောင်ကုန်းကို လက်နက်ကြီများဖြင့် စတင်ပစ်ခတ်ကြောင်း သိရသည်။

ခန့်မှန်းခြေ လက်နက်ကြီး အလုံး ၃၀ခန့် ရှိပြီး နံနက် ၆ နာရီခန့် အထိ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက် မြင့်မားနေပြီး ပစ်ခတ်မှု တစုံတရာ မရှိသေးကြောင်း ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

စစ်အစိုးရနှင့် DKBA တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေသောကြောင့် ဒေသခံ လူဦးရေ ၂၀၀၀ ခန့် ယခင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ခဲ့ သည့် ဂျပန်ရေတွင်း အနီးဝန်းကျင်တွင် တိမ်းရှောင်နေရကြောင်း ဘုရားသုံးဆူရှိ ဧရာဝတီ သတင်း ထောက်တဦး က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသူများထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးအများစုလည်း ပါဝင်ကြောင်း ပြောပြသည်။

ဒုက္ခသည်များ ကို အစိုးရ မဟုတ်သော အဖွဲ့အစည်း(GNO)များ အပါအ၀င် အလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် မွန်ပြည် သစ်ပါတီမှ အဖွဲ့ဝင် တချို့က အစားအသောက်များကို ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံး သတင်းများအရ မြ၀တီမြို့ဘက်မှ ဆုတ်ခွာလာသော ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့ ယမန်နေ့က ရောက်ရှိနေကြောင်း၊ နအဖ စစ်ကူတပ်များလည်း သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူ ရှိရာသို့ ဦးတည် လာနေ ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ် တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

မြ၀တီမြို့ရှိ DKBA တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ပြန်လည်ရယူထားပြီး ဖြစ်သည်။

“စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်း အကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေး အတွက် မြ၀တီ မှာ ကျနော်တို့ တပ်တွေ နေရာစယူခဲ့ရခြင်း ဖြစ်တယ်”ဟု ဗိုလ်မှူးကြီး စောလားပွယ်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆို ထားသည်။

စစ်အစိုးရကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

၎င်းအဖွဲ့ သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။

11ReadMore-2.jpg

အညံ့ခံစရာ အကြောင်းမရှိ

ကိုးဒီသွေးမှ.......

ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ဖြစ်သော နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က မြ၀တီမြို့၌ အစိုးရတပ်ဖွဲ့များကို အလစ်အငိုက် ညတိုက်ပွဲတခုဖြင့် တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံ များစွာကို ယာယီထိန်းချုပ်နိုင်ခဲ့သည်။ နောက်တရက်တွင် မြ၀တီမြို့တွင်းနှင့် မြို့တ၀ိုက်တွင် DKBA နှင့် စစ်အစိုးရတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် DKBA တပ်ဖွဲ့များသည် ဘုရားသုံးဆူဒေသတွင် တပ်စွဲထားသော စစ်အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ထောင်သောင်းချီ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် စံခရဘူရီမြို့များသို့ ထွက်ပြေးခဲ့ကြသည်။

ဗိုလ်မှူးကြီး စောလားပွယ်သည် DKBA တပ်မဟာ (၅) ၏ တပ်မှူးဖြစ်သည်။ DKBA ခေါင်းဆောင်ပိုင်းက စစ်အစိုးရ ဖိအားပေးသည့်အတိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံလိုက်ခြင်းကို သဘောမတူသဖြင့် DKBA မှ ခွဲထွက်ခဲ့သော တပ်မဟာ တခုလည်း ဖြစ်သည်။ DKBA တပ်မဟာ (၅) သည် မြ၀တီနှင့် ဘုရားသုံးဆူ ဒေသတ၀ိုက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် အခြေစိုက်သည်။

လက်ရှိစစ်ရေး အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီသတင်းထောက် စောရန်နိုင်က ဗိုလ်မှူးကြီး စောလားပွယ်အား ဆက်သွယ်မေးမြန်းထားပါသည်။


မေး ။ ။ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဗိုလ်မှူးကြီးတို့အဖွဲ့ မြ၀တီမြို့ကိုဝင်တိုက်ပြီး အစိုးရအဆောက်အဦတွေကို သိမ်းယူခဲ့တယ်။ ဘာကြောင့် အဲဒီလို တိုက်ခိုက်ခဲ့ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သိပါရစေခင်ဗျား။

ဖြေ ။ ။ စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ။

မေး ။ ။ မြန်မာအစိုးရက ဗိုလ်မှူးကြီးအပေါ် ဘယ်လိုမျိုး ဖိအားတွေပေးနေပါသလဲ။

ဖြေ ။ ။ ကျနော်သာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ သဘောတူမယ်ဆိုရင် ကျနော့်ကို ကားအစီး ၅၀၀ နဲ့ စီးပွားရေးလုပ်ခွင့်တွေ ပေးမယ်လို့ အစိုးရအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကျနော့်ကို ဖျောင်းဖျပြောဆိုဖို့ဆိုပြီး အစိုးရက ဆရာတော် ဦးသုဇနကိုတောင် ခိုင်းခဲ့သေးတယ်။ ဘယ်သူမှ ကျနော်တို့ကို မစည်းရုံးနိုင်တဲ့အခါကျတော့ အစိုးရက ကျနော်တို့ကို မြ၀တီကနေ ထွက်သွားခိုင်းပါတယ်။ ကျနော်တို့ကို မတွေ့ချင်တော့ဘူးလို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ ထွက်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာဟာ ကရင့်နယ်မြေဖြစ်တယ်။ ဒါ့ကြောင့် ကရင်တိုင်းရင်းသားတွေ နေထိုင်နိုင်ရမယ်။ ဘယ်လိုအကြောင်းနဲ့မှ ကျနော်တို့ ထွက်မပေးနိုင်ပါဘူး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကိုသာ ကျနော်က လက်ခံမယ်ဆိုရင် ကျနော်လိုတာပေးမယ်လို့ စစ်အစိုးရက ပြောပါတယ်။ ပြည်သူလူထုအတွက်ပဲ အလုပ်အကျွေးပြုမယ်လို့ ပြန်ပြောလိုက်တယ်။ လူထုကို အကာအကွယ်ပေးဖို့ဆိုတာ ကျနော်တို့တပ်ဖွဲ့တွေရဲ့ တာဝန်ပဲဖြစ်တယ်။

မေး ။ ။ အခုပြီးသွားတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့အမြင်ကို သိပါရစေ။

ဖြေ ။ ။ ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ မဆောင်ကျဉ်းပေးနိုင်သလို တိုင်းရင်းသား ပြည်သူလူထုအတွက်လည်း တန်းတူညီမျှမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအစစ်အမှန် မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေ အရေခွံလဲတဲ့သဘောပါပဲ။ ပြည်သူလူထုကလည်း ရွေးကောက်ပွဲကို မထောက်ခံဘူး။ စစ်မှန်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာကို နိုင်ငံတကာအသိုင်းအ၀န်းက လာရောက် ကြည့်ရှုလေ့လာဖို့လိုပါတယ်။ ပြဿနာတွေကို သူတို့လာပြီး ဖြေရှင်းပေးသင့်ပါတယ်။

မေး ။ ။ တခြား DKBA တပ်မဟာတွေက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်ခံခဲ့ကြတယ်။ ဗိုလ်မှူးကြီးတို့ တပ်မဟာတခုပဲ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံဘဲငြင်းပယ်ခဲ့ပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့ အမြင်ကို သိပါရစေ။

ဖြေ ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ဆိုတာ စစ်အစိုးရက ကျနော်တို့ ကရင်ပြည်သူတွေကို ဖိနှိပ်ချေမှုန်းပစ်မယ့် နည်းလမ်းပါ။ ကျနော်တို့ကတော့ အောင်ပွဲမရမချင်း ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကို ဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ (၁) လက်နက်ချစကား အလျဉ်းမပြောရ (၂) ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမည် (၃) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည် (၄) ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဆိုတာပါပဲ။

မေး ။ ။ ဗိုလ်မှူးကြီးတို့က မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၁၅ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ရည်တည်လှုပ်ရှားခဲ့ပါတယ်။ ဒီတော့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ သဘောထားက ဘာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးထင်ပါသလဲ။ အပစ်အခတ်ရပ်စဲရေးအပေါ်မှာကော သူတို့အနေနဲ့ အလေးအနက်ရှိပါရဲ့လား။

ဖြေ ။ ။ စစ်အစိုးရက သူတို့နဲ့လာရောက်ပူးပေါင်းဖို့ ကျနော်တို့ကို ဖိတ်ခေါ်ခဲ့တယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေးရရှိဖို့ ရည်မှန်းချက်နဲ့ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ငြိမ်းချမ်းရေးကို တကယ်မလိုလားပါဘူး။ စစ်အစိုးရက သဘောတူချက်အပေါ်မှာ အလေးထားခြင်းမရှိသလို အပစ်ရပ်စာချုပ်နဲ့ပတ်သက်လို့လည်း မရိုးသားပါဘူး။ ပြည်သူလူထုအပေါ်မှာရော တိုင်းရင်းသားလူထုအပေါ်မှာပါ သူတို့တွေ မရိုးသားကြပါဘူး။ ဒီလူတွေအုပ်ချုပ်မှုအောက်မှာတော့ ကျနော်တို့ အသက်ပဲရှုနိုင်တယ်၊ အသက်တော့ မရှင်နိုင်ပါဘူး။

မေး ။ ။ မြန်မာအစိုးရနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်မှူးကြီးတို့ဘက်မှာက ရဲဘော်အင်အား နည်းနည်းပဲရှိတယ်။ ဆိုတော့ ဗိုလ်မှူးကြီးတို့က အစိုးရတပ်တွေကို ဘယ်လိုတန်ပြန် တိုက်မလဲ။

ဖြေ ။ ။ ကျနော်တို့တပ်တွေကို မြ၀တီကနေ ပြန်ဆုတ်ခိုင်းပြီး မြို့အပြင်မှာ နေရာချထားပါတယ်။ ကျနော်တို့ရဲ့ စစ်ဗျူဟာကို ပြောင်းပါမယ်။ ပြောက်ကျားစစ်နည်းဗျူဟာနဲ့ ကျနော်တို့ ပြန်တိုက်ပါမယ်။ ကျနော်တို့ကို စစ်ရေးအကူအညီပေးမယ့် အကူတပ်ဖွဲ့တွေလည်း ရှိပါသေးတယ်။

မေး ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကရော ဗိုလ်မှူးကြီးတို့အဖွဲ့ကို ကူညီမှာလား။

ဖြေ ။ ။ ကျနော်တို့ KNU နဲ့ ပုံမှန်အဆက်အသွယ်ရှိပါတယ်။

မေး ။ ။ စစ်အစိုးရက ဗိုလ်မှူးကြီးတို့အဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဖို့ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လာဦးမယ်လို့ ယူဆပါသလား။

ဖြေ ။ ။ မထင်ပါဘူး။ သူတို့သဘောထားက သိပ်မဟုတ်ဘူး။ အခုအထိ အင်အား ထပ်တိုးနေတုန်းရှိသေးတယ်။

11ReadMore-2.jpg

Template by:

Free Blog Templates