KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်
အောက်တိုဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို တရားရေးတာဝန်ခံ ပဒိုစောဒေးဗစ်ထောသည် ယနေ့ည မြန်မာစံတော်ချိန် ၁၀နာရီခွဲတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားပြီ ဖြစ်သည်။
အသက် ၆၅နှစ်ရှိသည့် ပဒိုဒေးဗစ်ထောသည် ၎င်းတက်ရောက်ကုသနေသည့် မင်္ဂလာဒုံ စစ်ဆေးရုံ၌ပင် ကွယ်လွန်သွားခြင်းဖြစ်ပြီး
၎င်းကို ရန်ကုန်မှ ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာအထိ ဟယ်လီကော်ပတာဖြင့် ညတွင်းချင်း ပြန်လည်ပို့ဆောင် ရန် အစိုးရဘက်မှ စီစဉ်ထားသည်။
ယင်းနောက် သင်္ကန်းညီနောင်မှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်သယ်ဆောင်သွားရန် ကေအဲန်ယူဘက်မှ စီစဉ်ထားသည်ဟု ကေအဲန်ယူအသိုင်းအ၀ိုင်း၏ ပြောဆိုမှုများအရ သိရသည်။
ဇနီးနော်ဂျင်းဂျာနှင့် သားနှစ်ဦး သမီးသုံးဦးထွန်းကားသည့် ပဒိုစောဒေးဗစ်ထောကို မိဘများဖြစ်သည့် ဦးရွှေထော၊ နော်မေဖိုးတို့မှ
၁၉၄၈ခုနှစ်၊ မတ်လ ၁၀ရက်တွင် မွေးဖွားခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။
၎င်း၏ ဈာပနကိစ္စနှင့် ပတ်သက်၍ နောက်ရက်များတွင် ကေအိုင်စီမှ ဆက်လက် ရေးသားတင်ပြသွားမည်ဖြစ်သည်။

အဲခေါင်သောင့် at 10:04 AM တစ်ဆင့်ပြန်လည်ကူးယူဖေါ်ပြသည်
ကေအဲန်ယူဝင်တိုင်း လိုက်နာလုပ်ဆောင်ရမည့်စည်းကမ်းသတ်မှတ်ချက်များ- ကေအဲန်ယူအဖွဲ့ဝင်တိုင်း လိုက်နာရမည့်စည်းကမ်းဆိုသည်မှာ-
(၁) အဖွဲ့အစည်း အထွေထွေလုပ်ငန်းစဉ် (သို့) ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကင်းကွာသော လုပ်ကိုင်မှု။ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော လုပ်ကိုင်မှု။ အဖွဲ့အစည်းပေါ် တာဝန်ခံ ရပ်တည်မှုမရှိခြင်း၊ စည်းအဝေးဆုံးဖြတ်ချက်များနှင့် သဘောထားများအပေါ် အာမခံခြင်း။ မရပ်တည်မလုပ်ဆောင်ခြင်း။ သီးခြင်းဝါဒ။ဂိုဏ်းဂန၀ါဒ။ အချောင်းသမားဝါဒများကို သက်ရောက်စေသော လုပ်ဆောင်ခြင်း။ အဖွဲ့ဝင် အချင်းချင်း ဂုဏ်သိက္ခာ ပျက်ပြားအောင်ပြောဆိုခြင်း ပြုလုပ်ခြင်းများနှင့်....
(၂) တော်လှန်ရေးကို ဘမ်းပြ ကိုယ်ကျိုးရှာမှုများ။ အကျင့်စာရိတ္တပျက်ပြားခြင်းများ (ကာမဂုဏ်လိုက် စားခြင်း သောက်စားမူးယစ်ခြင်း။ တလင်တမယားစနစ်ကို ဆန့်ကျင်ဘက်ပြုလုပ်ခြင်း။ လောင်းက စားမှုများ)တာဝန်ပျက်ကွက်ခြင်း။ အဂတိလိုက်စားခြင်း။ အချောင်းသမားဝါဒ အလွန်အကျွံဒီမိုကရေစီဝါဒ။ အလွန်အကျွံသာတူညီမျှမှုများကို ရှောင်ကြဉ်တိုက်ဖျက်သွားရမည်ဟုဆိုထားပါသည်။။
မှတ်ချက်။။ ဤစည်းမျဉ်းစည်းဥပဒေများသည် ကေအဲန်ယူအဖွဲ့ဝင်တိုင်း လိုက်နာရမည့်စည်းကမ်းဖြစ်ပြီး ကေအဲန်ယူခေါင်းဆောင်များက စည်းမျဉ်စည်းကမ်းများကိုအာမခံပြီး တာဝန်ယူဆောင်ရွက်ရမည်။ ဗိုလ်ချုပ်ကြီး မူတူစေးဖိုး၏ တာဝန်နှင့်ဝတ္တရား လက်ရှိတာဝန်မှ ရပ်စဲခံလိုက်ရသော ကေအဲန်အယ်(လ်)အေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည် ကေအဲန်ယူမှ ချမှတ်ထားသော မူ၊ လမ်းစဉ်နှင့်စည်းမျဉ်းစည်းကမ်းများကို တာဝန်ခံ တာဝန်ယူ ဆောင်ရွက်ရ သော ခေါင်းဆောင် တစ်ဦဖြစ်ပြီး စစ်ဦးစီးချုပ်တာဝန်ယူနေသော တပ်ဘက်ဆိုင်ရာ အကြီးဆုံး ခေါင်းဆောင် တစ်ဦးဖြစ်သည်။
ဖြစ်ရပ်မှန်အခြေအနေကို သုံးသပ်ချက်(၁) မြန်မာအစိုးရမှငြိမ်းချမ်းကမ်းလှမ်းချက်အပေါ် ကေအဲန်ယူအဖွဲဏ္ဍအစည်းကြီးမှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် သဘောထားရှိသည့်အတိုင်း ဗဟိုကော်မတီအစည်းအဝေးကိုခေါ်ယူပြီး ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ နိုင်ငံရေးဆွေးနွေးရန် သဘောတူဆုံးဖြတ်ချက်ရရှိခဲ့သည်။။ွှ ဤသဘောတူညီချက်အတိုင်း ငြိမ်းချမ်း ရးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ကော်မတီဖွဲ့စည်းတာဝန်အပ်နှင်းပြီး ဤက်ာမတီ ငြိမ်းချမ်း ရေး ဆောင်ရွက်ချက်များကို ကေအဲန် ယူ အလုပ်အမှုဆောင်မှ ကြီးကြပ်ကွပ်ကဲရန် တပါးတည်းဆုံးဖြတ်ချက် ချနိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ ကေအဲန်ယူ လမ်းစဉ်၊ မူနှင့် စည်းမျဉ်းစည်ကမ်းချက်များကို ဆန်ဏ္ဍကျင်သည့်လုပ်ရပ်များ-
ပထမတစ်ကြိမ်- ကေအဲန်ယူထိပ်ပိုင်းခေါင်းဆောင်များ၏ အဆိုရ ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည်ပထမဆုံးအကြိမ် ပြည်နယ် အဆင့်တွေ့ဆုံဆွေးနွေးပွဲတွင် “အပစ်ခတ် ရပ်စဲရေးသဘောတူညီချက်ကို” ကေအဲန်ယူ ဗဟိုမှ လုပ်ပိုင်ခွင့် အာဏာ (Mandate)မပေးသည့်ကြားမှ လက်မှတ်ရေးထိုးခဲ့သည်။ ကေအဲန်ယူထိပ်ပိုင်း ခေါင်းဆောင်များ အဆိုရ လက်မှတ်ရေးထိုးမည့်ဆဲဆဲ လက်မှတ်မထိုးရန် အတန်တန်သတိပေးခဲ့သည်ဟုဆိုထားသည်။ ဤဖြစ်စဉ်ကို သုံးသပ်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးမူတူစေးဖိုးသည် သူအထက်တွင် မည်သူမျှမရှိစေရဟု ဆိုလို ခြင်းဖြစ်သည်။ တနည်းအားဖြင့် အာဏာရှင်ဆန်သောလုပ်ရပ်ဖြစ်သည်။ အပြင်းထန်ဆုံးစွပ်စွဲရလျှင် အပစ်ခတ် ရပ်စဲရေးကို နာရီအနည်းငယ်သာ ဆွေးနွေးပြီးလက်မှတ်ရေးထိုးခြင်းကို ထောက်ရှုခြင်းအားဖြင့် ရန်သူနှင့် လျို့ဝှက်စွာ ဆွေးနွေးမှုများရှိနိုင်သည့်ဟု ကောက်ချက်ချလိုရပါသည်။
(၁) စည်းကမ်းဖောက်ဖျက်ခြင်း(၁) - ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် ကေအဲန်ယူ အဖွဲ့ဝင်တိုင်း လိုက်နာ ရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်သည့် အဖွဲ့အစည်း၏ အထွေထွေလုပ်ငန်းစဉ် (သို့) ဖွဲ့စည်းပုံ အခြေ ခံဥပဒေမှ ကင်းကွာသော လုပ်ကိုင်မှု။ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော လုပ်ကိုင်မှု၊ အဖွဲ့ အစည်းပေါ် တာဝန်ခံ ရပ်တည်မှုမရှိခြင်း၊ ဤစည်းအဝေးဆုံးဖြတ်ချက်များနှင့် သဘောထားများအပေါ် အာမခံခြင်း၊ မရပ်တည်မလုပ်ဆောင်ခြင်း။ သီးခြင်းဝါဒ။ဂိုဏ်းဂန၀ါဒ။ အချောင်းသမားဝါဒများကို သက် ရောက်စေသော လုပ်ဆောင်ခြင်း။ အဖွဲ့ဝင်အချင်းချင်း ဂုဏ်သိက္ခာ ပျက်ပြားအောင်လုပ်ဆောင်ခြင်းကို ကျူးလွန်ခဲ့သည်။ ဤလုပ်ရပ်သည် ပထမအကြိမ်ကျူးလွန်သော အမှုကိစ္စဖြစ်သည်။ သို့သော်လည်းဘဲ မိခင်ကေအဲန်ယူ ခေါင်းဆောင်များသည်ကရင်ပြည်သူလူထုမျက်နှာကို ထောက်ထားသနား သော အားဖြင့်သော် လည်းကောင်း။ အမျိုးသားသွေးစည်းညီညွတ်ရေးကို ရှေရှုခြင်းအားဖြင့်သော်လည်းကောင်း သိုသိုသိပ် သိပ် ပညာရှိရှိ ဖြေရှင်းနိုင်ခဲ့သည်။
ဖြစ်ရပ်မှန်အခြေအနေကို သုံးသပ်ခြင်း(၂) နှစ်ပေါင်း (၆၃)နှစ်ကြာဆင်နွဲခဲ့သော တော်လှန်ရေးကြီးကို နာရီအနည်းငယ်မျှ ဆွေးနွေးပြီးအပစ်ခတ် ရပ်စဲရေး သ ဘော တူ လက်မှတ်ရေးထိုးပြီးသည့်နှင့် တပြိုက်နက်တည်း ကမ္ဘာအရပ်ရပ်မှရှိသော ကရင်အမျိုး သားများ လွန်စွာမှ စိတ်မကောင်းဖြစ်ရသည်။ အကြောင်းမှာ ကရင်အမျိုးသားများ. ဆင်နွဲ ခဲ့ သော တော်လှန်ရေးဂုဏ်ရောင်ကို ကျဆင်းစေခဲ့ခြင်ကြောင့်ဖြစ်သည်။ နိုင်ငံတကာမှလည်း မြန်မာ ပြည်အပေါ်ပိတ်ဆို့ထားမှုများကို ချက်ချင်းလျှော့ချခဲ့သည်။။
နိုင်ငံခြားတွင် ကရင့်အမျိုးသားများအတွက်လှုပ်ရှားနေသော“ကေ ခေါ် ခေ”အဖွဲ့အစည်းများအတွက်လည်း စိတ်ဓါတ် လျော့ကျစေခဲ့သည်။ ဤသို့ ကျဆင်းနေသော ကေအဲန်ယူ. ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆည်ရန် မူအပေါ်ရပ်တည် သည့်ခေါင်းဆောင်များမှ အဖွဲ့အစည်းညီညွတ်မှုကို ဦးထိပ်ထားပြီး သဘောထားကြီးစွာ ခွင့်လွတ် နားလည် သဘောတူခဲ့ကြသည်။။ ဒုတိယတစ်ကြိမ် တတိယအကြိမ် ဦးသိန်းစိန်အစိုးရနှင့် တွေဆုံဆွေးနွေးပွဲလုပ်ရန် ကျင့်ဝတ်စည်းကမ်း။ တပ်အပြောင်း အရွှေ့လုပ်ရန် ဆွေးနွေးတိုင်ပင်မှုများသည် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများရှိခဲ့သည်။။
သိုသော်လည်းဘဲ ကေအဲန်ယူအဖွဲ့အစည်းသည် ဒီမိုကရေစီ ကျင့်စဉ်များနှင့် အညီ ဆောင်ရွက်သည့်အလျှောက် အများသဘောတူ ကျင့်ဝတ်စည်းကမ်း တပ်အပြောင်းအရွှေ့များကို ဆွေးနွေးတိုင်ပင်ပြီး တတိယ အကြိမ်သွားရောက်ဆွေးနွေးခဲ့သည်။။ ဤရီးစဉ်တွင်ဗိုလ်ချုပ်ကြီးမူတူး စေးဖိုးသွား ရောက်ရန်အစီအစဉ်ရှိသောလည်း ဆွေးနွေးမည့် သဘောတူညီချက်များကို သဘောမတူသည့်အတွက် သွယ်ဝိုက် သော နည်းများဖြင့် နှောက်ယှက်ခဲ့သည်။
ပြစ်မှုကျူးလွန်ခြင်း (၂) တတိယအကြိမ်အစိုးရနှင့်တွေ့ဆွေးနွေးပွဲအပြီးငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ပြန်လည်သုံးသပ်ချက် ကေအဲန်ယူအရေးပေါ်ဗဟိုကော်မတီကို ခေါ်ယူရာတွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး နှင့် အခြားသော ဗဟိုကော်မတီတချို့မှ အစည်းအဝေးကို မတတ်ရောက်ခဲ့ပေ။ ဗိုလ်ချုပ်ကြီးမူတူစေးဖိုး နှင့်ပဒိုဒေးဗစ် ထော၏အဖွဲ့ အစည်း မဆန်သောလုပ်ရပ်အပေါ် တတ်ရောက်လာသော ဗဟိုကော်မတီ များ၏သ ဘော ထားစုစည်းကာ ခေါ်ယူမေးမြန်းတွေ့ဆုံရန် အလုပ်အမှုဆောင်ကော်မတီသို့ တာဝန်လွဲ အပ်ခဲ့ သည်။။ အလုပ်မှုဆောင်မှ ပထမအကြိမ် တွေ့ဆုံမေးမြန်းရန် ခေါ်ဆိုရာတွင် မတတ်ရောက်ခဲ့ပေ။
ဒုတိယ အကြိမ် အလုပ်အမှုဆောင်အစည်းအဝေးခေါ်ယူပြီး ထပ်မံတွေ့ဆုံမေးမြန်းခေါ်ဆိုရာတွင် မတတ်ရောက် သည့်အပြင် ဂိုဏ်းဂနဆန်ဆန် တပ်မဟာအချို့မှ ခေါင်းဆောင်များခေါ်ယူပြီး အစည်း အဝေးလုပ်ကာ ကေအဲန်အလ်အေ ဗဟိုဆက်ဆံရေးရုံးဖွင့်လှစ်ရန် ဖားအံ့မြို့သို့ထွက်ခွာသွားသည်။ ဗဟိုဆက်သွယ်ရေးရုံးမဖွင့်လှစ်ရန် ကေအဲန်ယူဗဟိုမှ ၄င်းတို့မှာ အစီအစဉ်ရှိသည်၊ မသွားရောက် ဖွင့်လှစ်ရန် တားမြစ်ခဲ့သည်။ ဤသည်ကို လိုက်မနာဘဲ ထွက်ခွါသွားခဲ့သည်အတွက် ဗဟိုမှ ထုတ်ပြန် ကြေညာချက် ထုတ်ခဲ့ရသည်။။
ဤဖြစ်စဉ်ကိုကြည်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် ဗဟို အမိန့်ကို ဆန့်ကျင့်ကာ အာဏာထူထောင်သည့်လုပ်ရပ်များကို လုပ်ဆောင်လာလေသည်။ ဤသည် ကို အရေးမယူလျှင်ကေအဲန်ယူအဖွဲ့ကို မည်သူတစ်ဦးတစ်ယောက်မှ အလေးထား တော့မည်မဟုတ်သည့် အတွက်ကတစ်ကြောင်း၊ တော်လှန်ရေး ပျက်စီးမည့်ကိန်းဆိုက်နေသည့်ကတစ်ကြောင်း၊ ကရင်အမျိုးသား များ၏ လာမည့်အနာဂတ်အတွက် မတွေးဝံ့သည့်တို့အတွက် ကေအဲန်ယူ၏ မူ၊ လမ်းစဉ် နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်ခဲ့ရသည်ဖြစ်သည်ဟုသုံးသပ်ရသည်။ ဤဖြစ်စဉ်များကို ဖော်ပြရာတွင် ကေအဲန်ယူကို ပြိုကွဲစေချင်သည့်ဆန္ဒလုံးဝမပါရှိဘဲ ကရင်တစ်မျိုး သားလုံးအနာဂတ်တွက် လုပ်သင့်လုပ်ထိုက်လို့ ရေးသားလိုက်ရပါကြောင်း တင်ပြလိုက်ရပါသည်။
“မူနှင့် လူကို ရှင်းရှင်းလင်းလင်းခွဲခြားတတ်ရန်လိုပါသည်။။”
ကိုးဒီသွေးမှ ကူးယူသည်


ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ
Written by မိုးဇော် Sunday, 16 September 2012 16:16
ရခိုင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်ဖြင့်ရောက်ရှိလာသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင်ခရီးစဉ်အတွင်း ပြည်သူများကို ဆဲဆိုကြိမ်းမောင်းကာ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင် ဆိပ်ကမ်းသို့ အရပ်ဖက်သုံး အမြန်ရေယာဉ်တစ်စီးနှင့် ရောက်ရှိလာစဉ် ဆိပ်ကမ်းတွင် ကြိုနေသူများထဲမှ ဒေသခံတစ်ဦးက ဖုန်းဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ယူခဲ့ခြင်းနဲ့ ပတ်သက်၍ ကြိုဆိုသော ဒေသခံများအား ကြမ်းကြုတ်သောစကားလုံးများနှင့် ဆဲဆိုခဲ့ကြောင့် သိရသည်။
" ဦးမောင်ဦးဟာ စပီးဘုတ်နဲ့ လာမယ်ကြားလို့ ဆိပ်ကမ်းမှာ ရဲတွေ၊ မြို့နယ်မှူး၊ စခန်းမှူး၊ ဒုတပ်ကြပ်၊ တပ်ကြပ်ကြီးနှင့် လူထုတွေက ကြိုဆိုနေကြတယ်။ အဲဒါကို လာပြီးတော့ အစအနမရှိဘဲနဲ့ ဆဲဆိုပါတယ်။ ဦးမောင်သောင်းဆိုတဲ့ ပုဂ္ဂိုလ်က ဦးဝေကျန်အောင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ဓါတ်ပုံရိုက်ပါတယ်။ ဦးမောင်ဦးဟာ ငါ့ကို ဘာကြောင့် ဓါတ်ပုံရိုက်တာလဲ။ ဘယ်သူ့အာဏာနဲ့ ရိုက်ခိုင်းတာလဲ။ ဒီလူကို ဖမ်းပေးပါ။ မင်းတို့က ဘယ်ကောင်လဲ။ မင်းတော့ ဒီလိုလုပ်လို့ရမလား။ ဟေး ရဲတွေ ဒီကိုလာ ဒီကောင်ကိုဖမ်းပေးပါ။ သင်္ဘောဆိပ်ကမ်းဘေးမှာ ဦးထွန်းသာစိန် အသုဘရှိပါတယ်။ အသုဘမှာလည်း လူတွေအများကြီးရှိပါတယ်။ လူများတဲ့ဘက်ကိုလှည့်ပြီးတော့ အရုပ်ဆိုးတဲ့ စကားလုံးများကိုသုံးပြီး ဆဲဆိုပါတယ်။ ကျနော်ကလည်း အသုဘမှာရှိပါတယ်။ အပြင်ကိုထွက်ပြီးတော့ ကျနော်က ဦးမောင်ဦးကို တောင်းပန်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ အဲလိုမပြောပါနဲ့ ဒီမှာလဲ အသုဘဖြစ်နေပါတယ်။ အသုဘဖြစ်တဲ့အတွက် လူတွေကလည်း စိတ်ညစ်နေကြပါတယ်။ အဲလိုမျိုးပြောလိုက်တော့ ဦးမောင်ဦးဟာ နည်းနည်း ထိန်းသိမ်းသွားပါတယ်။ ပြဿနာကတော့ ထပ်ပြီးတော့ မဖြစ်ပါဘူး။ ဦးမောင်သောင်းဖုန်းကိုတော့ သိမ်းထားလိုက်ကြပါတယ်။ " ဟု ရသေ့တောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက အခုလို အာရ်ကန်တိုင်းမ်စ်ကို ပြောသွားပါတယ်။
ဦးမောင်ဦး အရုပ်ဆိုးစွာ ကြိမ်းမောင်း ဆဲဆိုသွားတဲ့အပေါ်မှာ ရသေ့တောင် လူထုအနေနဲ့ ဦးမောင်ဦးအပေါ်မှာ ဘယ်လိုသဘောထား ရှိနေကြသည်ကို ဆက်လက်ပြီး ဦးလှမောင်သိန်းက ပြောသွားသည်။
" လူကြီးတစ်ယောက်ဖြစ်ပြီးတော့ အရုပ်ဆိုးစွာ လူကြားမကောင်းတဲ့ အသံမျိုးနဲ့ ဆဲဆိုသွားတာဆိုတော့ ရသေ့တောင် ပြည်သူလူထုအနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ကြတာပေါ့။ အံ့သြသွားကြတာပေါ့။ ဒီလိုမျိုးမဖြစ်သင့်ပါဘူး။ လူကြီးအင်္ဂါရပ်နဲ့ မညီညွတ်ပါဘူး။ " ဟု သိရသည်။
ဦးမောင်သောင်းက တကယ်တမ်းရိုက်သောဓါတ်ပုံမှာ ဦးမောင်ဦးမဟုတ်ဘဲ ဦးမောင်ဦးဘေးမှာ ထီးမိုးပေးသော ဦးဝေကျန်အောင်ဖြစ်သည်ကို သိရပြီး သူတို့နှစ်ယောက်မှာ သူငယ်ချင်းတွေဖြစ်ကြပြီး ရဲသားဘဝမှ နုတ်ထွက်သွားကြသော ပုဂ္ဂိုလ်များလည်းဖြစ်သည်ကို ဦးလှမောင်သိန်း ပြောပြချက်အရ သိရသည်။
" ကျနော်တို့က ဘာလုပ်လို့ရမှာလဲဗျာ။ သူတို့တွေက အာဏာရှင်ဖြစ်တယ်လေ။ သူ့လက်ထဲမှာပဲ အာဏာပါဝါ အပြည်ညအဝရှိပါတယ်။ အမှန်ကိုပြောရင် မကောင်းမြင်မှာစိုးရိပ်ရပါတယ်။ ကျနော်တို့ရခိုင်တွေက ကျွန်ဖြစ်ပါတယ်။ ကျွန်က သခင်ကို လုပ်လို့မရဘူးလေ။ " ဟု ဦးမောင်ဦး ဆဲဆိုသံကို ကြားလိုက်ရတဲ့ သင်္ဘောဆိပ်ကမ်းမှ မိုးပုလဲ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမောင်သန်းတိန်က သူ့ရဲ့ သဘောထားကို ပြောသွားသည်။


KKO ဗဟိုကော်မတီဝင် နှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရ
စက်တင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကလို့ထူးဘောကရင်အစည်းအရုံး(KKO)၏ နာယက ဗိုလ်ချုပ်စောလားပွယ်က အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်များကို တရားဥပဒေနှင့်အ ညီ ရှေ့ဆက်လုပ်ဆောင်သွားရန် KKO ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့အား စက်တင်ဘာလ ၁၁ရက်မှစတင်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
KKO ကို နိုင်ငံတော်မှ အသိအမှတ်ပြုပြီး တရားဝင်မှုရှိစေရေး ပါတီမှတ်ပုံတင်ရန် လိုအပ်ရာတွင် ဗဟိုကော်မတီဝင် နှစ်ဦး ဖြစ်သည့် ဥက္ကဌ မန်းရောဘတ်ဘဇန်နှင့် ဦးသောမတ်(ခေါ်)စောဂုဏ်အောင်တို့သည် ပြည်ပနိုင်ငံသား ခံယူထားခြင်း၊ အဖွဲ့အစည်း၏ မူဘောင်များကို ကျော်လွန်၍ လုပ်ဆောင်မှု ပြုနေခြင်းတို့ကြောင့် အဖွဲ့၏ဥပဒေအရ ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း KKO နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က ပြောသည်။
ဗိုလ်ချုပ်စောလားပွယ်က “တရားဥပဒေအပေါ်မှာပဲ အခြေခံပြီး လုပ်လိုက်တာပါ။ ဘယ်သူကမှလည်း ဥပဒေကို လွန်ဆန်လို့ မရပါဘူး။ ဒါကြောင့် လုပ်သင့်တဲ့အတွက် ဒီလိုထုတ်ပြန်လိုက်တာပါ။ အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့ သဘောထားတွေအရလည်း လုပ်ဆောင်ရ တာပဲ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ယခုနှစ် စက်တင်ဘာလ ၈ရက်နေ့ ဆုံဆည်းမြိုင်ကျေးရွာ၌ မန်းရောဘတ်ဘဇန် နှင့် ဦးဂုဏ်အောင်တို့ တာဝန်ခံပြုလုပ်သည့် ကျေးနယ်အဆင့် လူထုရွေးချယ်တင်မြှောက်ပွဲတွင် သဘောမမျှမှုကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ဖြစ်ခဲ့၍ နဂိုရှိပြီးသား တည်ငြိမ်မှု ပျက်ပြားခဲ့ရကြောင်းလည်း ဖော်ပြထားသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ အမည်မဖော်လိုသူ KKO ဗဟိုကော်မတီဝင်တဦးက “ကျေးနယ်အဆင့် အုပ်ချုပ်မယ့် လူကြီးရွေးကောက်ပွဲမှာ ဒေသခံတွေက ရွေးချယ်လိုက်တဲ့ လူကြီးအသစ်ကို အရင်အုပ်ချုပ်တဲ့ လူကြီးအဟောင်းက နေရာမပေးချင်ဘူးလေ။ ဖြစ်ချင်တော့လည်း ကျေးရွာကာကွယ်ရေးအတွက်ဆိုပြီး သူ့ကို လက်နက်အနည်းငယ် ပေးထားတာ ရှိတယ်။ အဲဒါ သူက နေရာမဖယ်ပေးချင်လို့ ပစ်ခတ်မှု အနည်းငယ် ဖြစ်သွားတာပါ”ဟု ပြောဆိုသည်။
တစ်ဆက်တည်း၌ပင် မန်းရောဘတ်ဘဇန်နှင့် စောဂုဏ်အောင်တို့သည် စက်တင်ဘာလ ၉ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပ ပြုလုပ်သည့် အစည်းအဝေးပွဲတစ်ခုသို့ ၎င်းတို့နှစ်ဦးသဘောဖြင့် သွားရောက်ခဲ့ခြင်းမှာ တရားဥပဒေကို မလိုက်နာခြင်းဖြစ်သောကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း KKO ကြေညာချက်တွင် ပါရှိသည်။
၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းခံရသူ KKO ဥက္ကဌ မန်းရောဘတ်ဘဇန်က “အသက်လည်း ကြီးပြီဆိုတော့ နားသင့်ပြီလို့ ထင်တဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ ယာယီ ရပ်ဆိုင်းတာ မလုပ်ပါနဲ့။ ထာဝရရပ်လိုက်ပါလို့ ဗိုလ်မှူးမိုရှေးကို ကျနော် ပြောလိုက်ပါတယ်။ ကျနော်လည်း လုပ်ချင်လွန်းလို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ၂နှစ်အတွင်း ၀ိုင်းကူပါလို့ ဗိုလ်ချုပ်နှုတ် ခမ်းမွှေးက တောင်းဆိုလို့ လက်ခံခဲ့တာပါ”ဟု ပြောသည်။
ယင်းကဲ့သို့ ယာယီရပ်ဆိုင်းခြင်းအပေါ် ဗိုလ်ချုပ်စောလားပွယ်မှ ၎င်းအား တိုက်ရိုက် အကြောင်းကြားလာခြင်း မရှိသေးသလို ရှေ့ဆက် လုပ်ဆောင်သွားရမည့်ကိစ္စများကို ရဲဘော်များ၊ ဗဟိုကော်မတီဝင်များနှင့် နာယက အဖွဲ့ဝင်များမှ စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ယုံကြည် ကြောင်း မန်းရောဘတ်ဘဇန်က ဆက်ပြောသည်။
DKBA လက်အောက်ခံ ကလို့ထူးဘော ကရင်အစည်းအရုံး-KKO သည် အများအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၂ခုနှစ်၊ ဧပြီလ ၂ရက်နေ့က စတင် ဖွဲ့စည်းခဲ့သည်။

KNU ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးတုန်းက ကရင်နုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နန်းစေအွါ က
ပုဒ်မ ၁၇/၁ဖြုတ်ပေးဘို့ပြောတော့ ဝန်ကြီးဦးအောင်မင်းက ကရင်ပြည်နယ်မှာ ပုဒ်မ ၁၇/၁ မရှိတော့ပါဘူးလို့
ပါးစပ်နဲ့ပဲအဖြေပေးခဲ့တယ် တရားဝင်စာရွက်စာတမ်းတွေနဲ့မဟုတ်ဘူးနော်
ဒီလိုအရေးကြီးတဲ့ထိထိမိမိဆွေးနွေးမေးမြန်းနိုင်တဲ့နန်းစေအွါ ကိုလည်းကျေးဇူးတင်မိတယ်
ဘာကြောင့်လဲဆိုတောစစ်အစိုးရရဲ့ မြုပ်ကွက်ထောင်ချောက်တစ်ခုကို ကရင်ပြည်သူတွေ
တွေနဲ့အတူအခြားငြိမ်းအဖွဲ့နဲ့ပတ်သက်နေတဲ့တိုင်းရင်းသားနိုင်ငံရေးသမားတွေလည်း
သတိထားနိုင်အောင်သတင်းမီဒီယာလောကထဲကိုပို့ပေးလိုက်နိုင်လို့ပါဘဲ
-------------------------------------------------------------------------------------------------------------
သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန်များ အချည်းနှီးဖြစ်
Sunday, 09 September 2012 18:22
Written by ရွှေဟင်္သာသတင်းဌာန
သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန် အဖွဲ့ဝင် တဦးက ဆိုပါသည်။“ ကျနော်တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့ကနေ ပြည်တော်မှာ သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအားတော့ပါဘူး ဆိုပြီး မတွေ့လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်လေ” ဟု ဆိုပါသည်။သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန် အဖွဲ့တွင် ၊ လူ့ဘောင်သစ် ပါတီဥက္ကဌ ကိုမိုးဇော်၊ ကျောင်းသား တပ်မတော် (ABSDF) ဥက္ကဌဟောင်း ကိုမိုးသီးဇွန် ကိုနိုင်အောင်နှင့် ကိုထွန်းအောင်ကျော်၊ အန်အယ်ဒီ(LA)မှ ကိုညိုအုန်းမြင့်၊ မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင် နှင့် တခြား အဖွဲ့ဝင်များက သွားရောက် ခဲ့ခြင်းဖြစ်ပါ သည်။သမ္မတ၏ ဖိတ်ကြားချက်ဟု ဆိုသော်လည်း သမ္မတနှင့် တွေ့ခွင့် မရဘဲ သမ္မတရုံး၏ ၀န်ကြီး များနှင့်သာ တွေ့ခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။ ပြည်တော်ပြန်ထဲမှ ကိုနိုင်အောင်အပါဝင် အဖွဲ့ဝင် (၇) ဦးကိုလည်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ကျောင်း သား တပ်မတော် လူသတ်မှုကိစ္စ၌ သေဆုံး သွားခဲ့သော ရဲဘော်များ၏ မိသားစုများက တရားစွဲရန် ဖြစ်လာခဲ့ပေသည်။ထို့အပြင်၊ တော်လှန်ရေး ကာလ၌ ဆောင်ရွက်ခဲ့သော လိမ်လည်မှုများ၊ နစ်နာမှုများ၊ ကိုယ်ကျိုးရှာမှုကြောင့် ထိခိုက်ခဲ့မှုများကို တရားစွဲရန် ပြင်ဆင်နေသူများလည်း ရှိသည်ဟု တရားစွဲရန် စောင့်စားနေသူတဦးက ပြောပါသည်။“ ဒီလိုပါဗျ၊ ၈၈ ကြောင့် တောခိုသွားတဲ့ ခေါင်းဆောင်တွေကို သိပ်လေးစားခဲ့တယ်။ ယုံတယ်။ ပုံလည်း ပုံအပ်ခဲ့ဘူး ပါတယ်။ အဲဒီ ယုံကြည်ချက်ကို ခုတုံး လုပ်ပြီးတော့ လိမ်ကြတယ်ဗျ၊ နာမည် မပြောချင်သေးဘူး။ တရားစွဲဖို့ အခွင့်အလန်းကိုဘဲ စောင့် နေမယ်။ ဘ၀ ပျက်သွားတဲ့သူတွေလဲ အများကြီးဘဲ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဒီတော့ ဘုရား မဟုတ်မှန်းတော့ ပြည်သူကိုဖွင့် ချဖို့ အချိန်တန် ပြီးလို့ ယူဆတယ်။ ကိုးကွယ်မှု မမှားအောင်လို့ပါ။ ဘုရားမဟုတ်ဘူး တောင်ပို့ပါဗျာ။ တခုတော့ပြောထား မယ် စစ်မှန်တဲ့ တော်လှန်ရေး သမား အားလုံးကို ပြောတာ မဟုတ်ဘူးနော်”ဟု ရန်ကုန်ကို ရောက်ရှိနေတဲ့ ၈၈ အရေးအခင်းမှ တောခို ကျောင်းသားဟောင်း တဦးက ဆိုပါသည်။ပြည်တော်ပြန်များနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံစဉ်အစိုးရသည် ပြည်တော်ပြန် များကို ပုဂ္ဂိုလ်အရ တဦးချင်း ဖိတ်ကြား ခဲ့ခြင်းသာ ဖြစ်ပါသည်။ ၄င်းတို့ကိုလည်း နာမည်ပျက်စာ ရင်းမှ ပယ်ဖျက် ပေးခဲ့ပါသည်။ သို့သော် ၄င်းတို့ ပါဝင် ပတ်သက်နေသော အဖွဲ့အစည်းကို ဥပဒေအရ မတရား အသင်းကနေ လွတ်ငြိမ်းချမ်း သာခွင့် ပေးနေခြင်း မဟုတ်ပေ။ ဥပမာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင်ကို ပုဂ္ဂိုလ်အရ ဖိတ်ကြား ခဲ့သော်လည်း ၄င်း၏ အဖွဲ့ကိုမူ တရားမ၀င် အသင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း မဟုတ်ပေ။ဤသို့ကြောင့် ပြည်တော်ပြန်များနှင့် ပါဝင် ပါတ်သက်နေသော အဖွဲ့အစည်း ၀င်များက ဤအခြေအနေကို သတိထားကြရန် ဖြစ်သည်ဟု ၈၈ တောခိုကျောင်း သားဟောင်းများက သတိပေးနေပါသည်။၁၉၆၃ ခုနှစ်တွင် အိမ်စောင့် အစိုးရ ဦးနေ၀င်းသည်၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို တော တွင်း အတိုက်အခံအဖွဲ့ မှန် သမျှကို ဖိတ်ကြားခဲ့ပါသည်။ တောမှ မြို့ပေါ် တက်လာသော ခေါင်းဆောင် များသည် မြို့ပေါ်ရှိ ၄င်းတို့၏ မြေအောက် အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံကြပါသည်။ အချိန် ကာလ တခုကို ပေးထားပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၊ သဘော တူညီချက် မရပါဟု အကြောင်းပြကာ တွေ့ဆုံ ဆွေးနွေးရေးကို ဖျက်ပြီး လိုက်လံ တိုက်ခိုက် ခဲ့ပါသည်။ဤအထဲတွင် တွေ့ဆုံ ဆွေးနွေးရေး ကာလ၌ မျက်နှာပြခဲ့ကြသော မြေအောက် အုပ်စုဝင် အားလုံးနီးပါးသည် ထောင်နန်းစံရ ခြင်း၊ သတ်ပစ်ခံရခြင်း၊ ဘ၀ပေါင်းများစွာ နှိပ်စက်ခံရပြီး ဘ၀ ပျက်ခဲ့ကြရသည်ဟု လက်တွေ့ဖြစ်ခဲ့ သူများက ဆိုပါသည်။ ဤအဖြစ် အပျက်ကို ယခုအချိန်ထိ သမိုင်းမှီသူများ ဒုနဲ့ဒေး ရှိနေဆဲဖြစ်ပါသည်။ယခု၌လည်း ပြည်တော်ပြန်များသည်၊ မိမိတို့ ဆိုင်ရာဆိုင်ရာ အုပ်စုများနှင့် တွေ့ဆုံ ဆွေးနွေးနေကြပါသည်။ ဘယ်သူက ဘယ်သူ့ကို ဘာကိစ္စ ဆွေးနွေးခဲ့သည်မှာ မိမိတို့အပြင် အပြင်လူလည်း သိရှိနိုင်ပါ လိမ့်မည်။ ဤကိစ္စအတွက် ပြည်တွင်း လှုပ်ရှား နေသူများ သတိထားကြရန် လိုအပ်ကြောင်း ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့စဉ်က ပါဝင်ခဲ့သူများမှ သတိပေးနေပါသည်။

(၃)ကြိမ်မြောက် ဆွေးနွေး ခဲ့ပြီးသော်လည်း KNU အတွက် တိကျသော အဖြေမရသေး
Written by အဲာပိုန်
အစိုးရသည် သာမန် အရပ်သား ကိစ္စကို ချက်ချင်း အတည်ပြု လက်ခံသော်လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) အတွက် အရေးကြီးသော စစ်ရေး ကိစ္စများကိုမူ ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ အထက်သို့ တင်ပြရမည်ဟုသာ အကြောင်းပြလေ့ရှိ ကြောင်း ဒုဥက္ကဌ ဖြစ်သူ ပဒိုဒေးဗစ် တာကပေါက ဆိုပါသည်။
“ KNU အတွက် အရေးကြီးတာက KNU နယ်ထဲကို အစိုးရ စစ်စခန်း (၃၀၀) နီးပါးလောက် ရှိတဲ့ အထဲက (၉၀) လောက် ကျွံဝင် နေတာကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတယ်၊ ပြီးတော့ အစိုးရတပ်ဖွဲ့က ထောင်ထားမြေမြှုပ်မိုင်းတွေကို ရုတ်သိမ်းပေးဖို့က အဓိကပါ။ ကျန်တာကတော့ အရေးကြီးတယ်ဆိုပေမဲ့ လူထုတွေ သက်သာရာ သက်သာကြောင်း ကိစ္စတွေပါ အဲဒါကိုတော့ အပေါ်ယံ အလွယ်လေးနဲ့ လက်ခံလိုက်တာပါ” ဟု ဆိုပါသည်။
KNU နှင့် အစိုးရတို့သည် ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင် ဟိုတယ်တွင် တတိယအကြိမ်မြောက် ပြည်ထောင်စု အဆင့်တွေ့ ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပခဲ့ရာ ယနေ့ပြီးဆုံးသွားပါသည်။ ဤဆွေးနွေးပွဲ၌ နှစ်ဦး နှစ် ဖက်လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများဆိုင်ရာ သဘောတူညီချက် (မူကြမ်း) တချို့ကို လက်မှတ် ရေးထိုးခဲ့ကြပါ သည်။
KNU အတွက် အရေးကြီးသော အစိုးရတပ်စခန်း (၉၀) ခန့် ဆုတ်ခွာပေးရေးကိုမူ ကြိုတင်ညှိနှိုင်းပြီး အသိပေးထားပါလျှက် နှင့် လက်တွေ့၌ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု တပ်မဟာ (၆) တပ်ဖွဲ့မှ တပ်မှူးတဦးကဆိုပါသည်။ ဤအချက်ပီပြင်မှု မရှိပါက အစိုးရတပ်မှ KNU အား အချိန်မရွေး စစ်ဆင်ရန် အဆင်သင့်အနေအထားဖြင့် ရင်ဆိုင်နေရဖွယ် ရှိနေသည် ဟု ဆို ပါသည်။
“ KNU နယ်ထဲကျွံနေတဲ့ တပ်စခန်းတွေ မရုတ်ဘူးဆိုရင် သူက အချိန်မရွေး စစ်ဆင်နိုင်တယ်၊ အငိုက်မိနိုင်တယ်လေ၊ ဒါအ ရေးကြီးတယ်။ ပြီးတော့ လှုပ်ရှားမှုတွေက အချိန်မရွေးပြသနာတက်နိုင်မယ်၊ အဲဒါမှမဖြေရှင်းရင် အပစ်ရပ်ရေးဟာ အဓိ ပါယ်ကိုမရှိဘူး” ဟု တပ်မဟာ (၆) မှ တပ်မှူးတဦးက ဆိုပါသည်။
အစိုးရကိုယ်စားလှယ်သည် မြေမြှုပ်မိုင်း ရှင်းလင်းရေး ကိစ္စ၌လည်း အထက်သို့တင်ပြရမည်ဟု ဆိုပါသည်။ ဤအချက်သည်လည်း တပ်ဖွဲ့များ ဆုတ်ခွာပေးချင်စိတ်မရှိပါက မိုင်းကွင်းလည်း ရှင်းလင်းပေးလိမ့်မည်မဟုတ်ပေ။ မိုင်းကွင်းများ ရှင်းလင်း ပေးမှုမရှိပါက ပြည်သူများအတွက် ညှိနှိုင်း သဘောတူ ထားသည့် အချက်များသည်လည်း ထိရောက်သော အကျိုးသက် ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။
နှစ်ဖက် သဘောတူညီမှု၌ ပြည်သူလူထု၏ ဘဝလုံခြုံမှုကို အာမခံပေးနိုင်သော နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ် များ တွင်မူအားဖြင့် သဘောတူညီခဲ့ ကြသော နယ်မြေစိုးမိုးရေး၊လူ့အခွင့် အရေး ချိုးဖောက်မှုနှင့် ပြည်တွင်း ဒုက္ခ သည်(IDP) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် စသည်တို့ ပါရှိပြီး အပစ်အခတ် ရပ်စဲရေး ကာလအတွင်း နှစ်ဖက်တပ်ဖွဲ့များ အနေဖြင့် မြေမြှုပ်မိုင်းလုံးဝ အသုံးမပြုရန်တို့ ပါရှိသည်။
စက်တင်ဘာ (၃)ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး စုပေါင်းဓါတ်ပုံရိုက်ကြစဉ်(ဓါတ်ပုံ ဦးလှမောင်ရွှေFB)
ထို့အပြင် စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်လာရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းမိုင်းရှင်း လင်းပေးမှုမရှိပါက စစ်ပြေး ပြည်သူများက နေရပ်ရင်းကို ပြန်လာရဲကြမည် မဟုတ်ပေ။
ဤသို့သော်အခြေအနေကြောင့် တတိယအကြိမ်မြောက် KNU နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့၏ ဆွေး နွေးပွဲသည်၊ အနှစ်သာရအားဖြင့် ထိရောက်မှုမရှိဟု ဝေဖန်သူများက သုံးသပ်ပါသည်။
ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ကေအဲန်ယူမှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ကိုယ်စားလှယ် ၉ဦး နှင့် အစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၁၀ဦးတို့က ဆွေးနွေးခဲ့ကြပါသည်။
KNU သည် အပစ်အခတ်ရပ်စဲရန် ပြည်နယ်အဆင့်နှင့် ၂၀၁၂ခုနှစ်၊ ဧပြီလ ၄ရက်နေ့တွင် ဖားအံမြို့၌ ပထမအကြိမ် ဆွေး နွေးခဲ့ပြီး၊ ဧပြီလ ၆ရက်နေ့တွင် ပြည်ထောင်စုအဆင့်နှင့် ဒုတိယအကြိမ် ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ပါသည်။ ပဲခူးနှင့် တနင်္သာရီ တိုင်းအဆင့် သဘောတူညီချက်ကို ဧပြီလ ၁၀ရက်နေ့ တွင် ပဲခူးမြို့နှင့် ထားဝယ်မြို့များ၌ ဆွေးနွေးခဲ့ကြပါသည်။
ဤဆွေးနွေးပွဲများမှ ရွှေကျင်/ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသူံးဆူနှင့် မြ၀တီမြို့၌ ဆက်ဆံရေးထားရှိကာ၊ တပ်ဖွဲ့များသွား လာလှုပ်ရှားရာတွင် အပြန်အလှန်သတင်းပေးမှုများ သဘောတူနိုင်ခဲ့ပါသည်။
KNU သည်အချိန်(၈) လ ကာလ အတောအတွင်း အစိုးရနှင့် (၃)ကြိမ်မြေက် ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း တိကျသောနိုင်ငံရေး သဘော တူညီချက်များနှင့် စစ်ရေး သဘောတူညီချက်များ အခိုင်အမာ ရရှိခြင်းမရှိသေးဟု ဆိုရပေလိမ့်မည်ဖြစ်သည်။

KIC စက်တင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ၏ သတင်းပေးပို့ချက်
ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ယနေ့ပြီးစီးသွားခဲ့သည့် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာ အစိုးရနှင့် ကေအဲန်ယူအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအရ နှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများဆိုင်ရာ သဘောတူညီချက်(မူကြမ်း)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း(Code of Conduct-CoC) ထဲတွင် နှစ်ဖက်စလုံးမှ လူထုနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရ မည့်ကျင့်ဝတ်များ၊ စစ်သည်တော်ကျင့်ဝတ်၊ နှစ်ဖက်တပ်များ ခရီးသွားလာခြင်း၊ အရပ်သားပြည်သူကို ဆက်ဆံခြင်းနှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းသွားရေးနှင့် အငြင်းပွားမှုဖြေရှင်းခြင်း စသည့်အပိုဒ်ပေါင်း ၁၀ပိုဒ်ပါဝင်သည်။
စက်တင်ဘာလ ၃ရက်နှင့် ၄ရက် နှစ်ရက်တာ ပြုလုပ်သည့် ၎င်းဆွေးနွေးပွဲတွင် CoC ပါ အပိုဒ်(၅) သတ်မှတ်ထားသော စစ်နယ်မြေများနှင့် စစ်ဆက်သွယ်ရေးလမ်းကြောင်းများကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ၊ တပ်ဖက် အရပ်ဖက် အကြီးအကဲများကို ပြန်လည် တင်ပြသွားကာ တဆင့်ချင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ခံခဲ့ကြသည်။
ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က “ပြည်သူလူထုအတွက် အဓိကထား စဉ်းစားသွားမဲ့ Code of Conduct ကို အသေးစိတ် ဆွေးနွေးသွားတာဖြစ်သလို ဒါကို တဖြည်းဖြည်း လုပ်ဆောင်သွားကြဖို့ကို သဘောတူခဲ့ကြပါတယ်”ဟု ဆိုသည်။
ယခုသဘောတူညီချက်(မူကြမ်း)ကို “မူ”အားဖြင့် သဘောတူခဲ့ကြသလို အထက်ဌာနများသို့ ပြန်လည်တင်ပြပြီး လာမည့် အစည်းအဝေး များ၌ ဆက်လက် ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ရန်သဘောတူကြောင်း ယနေ့ မွန်းလွဲ ၂နာရီနီးပါးအချိန်တွင် နှစ်ဦးနှစ်ဖက်မှ အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ကေအဲန်ယူနှင့် အစိုးရတို့ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပြီး ကေအဲန်ယူနှင့် အစိုးရတို့ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၅ဦးစီမှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နာရီဝက်ကျော်ကြာ ပြုလုပ်ခဲ့ရာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယခုလို ပြော သည်။
“ကျနော်တို့ ဒီစည်းဝေးပွဲကို အငြင်းအခုံမရှိ ပြေပြေလည်လည် ပြောဆိုနိုင်ခဲ့လို့ ဒါ အောင်မြင်တယ်လို့ ဆိုနိုင်တာပေါ့။ ငြိမ်းချမ်းရေးဆိုတာ ကိုလည်း ကျနော်တို့က လှေခါးတဆင့်ချင်း ဆက်လက် လုပ်ဆောင်သွားရမယ်”ဟု ၀န်ကြီးဦးအောင်မင်းက ပြောဆိုခဲ့သည်။
ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ကေအဲန်ယူမှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် ၉ဦးနှင့် မြန်မာအစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ် ၁၀ဦးတို့ ပါဝင်သည်။
အစိုးရနှင့် ကေအဲန်ယူအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် ပြည်နယ်အဆင့်ကို ၂၀၁၂ခုနှစ်၊ ဧပြီလ ၄ရက်နေ့တွင် ဖားအံမြို့၌လည်း ကောင်း၊ ဧပြီလ ၆ရက်နေ့တွင် ပြည်ထောင်စုအဆင့်ကို ရန်ကုန်မြို့၌လည်းကောင်း၊ တိုင်းအဆင့် သဘောတူညီချက်ကို ဧပြီလ ၁၀ရက်နေ့ တွင် ပဲခူးမြို့နှင့် ထားဝယ်မြို့များ၌လည်းကောင်း အသီးသီး လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။

နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်ကို မြန်မာ အစိုးရနှင့် ကေအဲန်ယူတို့ စတင် ဆွေးနွေး
.စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ၏ သတင်းပေးပို့ချက် (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်လ်၌ ယနေ့မနက်မှ ညဦးပိုင်းအထိ ကျင်းပပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ်များ (Code of Conduct-CoC)ကို ဦးစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းသို့ဆွေးနွေးရာတွင် ကေအဲန်ယူမှ ရေးသားတင်ပြထားသည့် CoC မူကြမ်းကို နှစ်ဖက်စလုံးမှ နယ်နိမိတ်ခေါ်ဝေါ်မှု၊ IDP အဓိပ္ပါယ်ဖွင့် ဆိုချက် အပါအ၀င် မူကြမ်းပါ အသုံးအနှုံးများအပြင် လူထုမှ လိုက်နာရမည့်ကျင့်ဝတ်နှင့် နှစ်ဖက်တပ်များမှ လိုက်နာရမည့်ကျင့်ဝတ်များကို တစ်ချက်ချင်း၊ တစ်ပိုဒ်ချင်း အကျေအလည် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယနေ့ဆွေးနွေးပွဲတွင် အဓိကအားဖြင့် အစိုးရဘက်မှ သမ္မတ၀န်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စု ဒု-ဥပဒေချုပ် ဦးထွန်းထွန်းဦး၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း၊ ပြည်ထောင်စု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြ သည်။
အထူးသဖြင့် CoC တွင် ပါဝင်သည့် တပ်စခန်းတည်ဆောက်ရေးကိစ္စ၊ နယ်မြေစိုးမိုးရေးနှင့် စစ်သည်တော်ကျင့်ဝတ်များကို နှစ်ဖက်ကိုယ် စားလှယ်များက အသေးစိတ် ညှိနှိုင်းပြောဆို လက်ခံခဲ့ကြသလို ကေအဲန်ယူဘက်မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ ဗိုလ်မှူးစောဂလယ်ဒို့၊ ဗိုလ်မှူးစောတာမလာသောတို့က ဦးဆောင်တင်ပြဆွေးနွေးဖြစ်ခဲ့သည်။
“စစ်ရေးအရဆို နှစ်ဖက်တပ်တွေရဲ့ သွားလာမှုတွေ၊ လက်နက် ရိက္ခာသယ်ယူမှုကို လိုအပ်တာထက် ပိုမသယ်ဆောင်ဖို့၊ လူထုရှင်းလင်းပွဲ လို လုပ်ဆောင်ချက်တွေဆိုလည်း အပြန်အလှန် ယုံကြည်မှုရှိအောင် တစ်ဖက်နဲ့တစ်ဖက် အသိပေးသွားဖို့တွေ ဆွေးနွေးဖြစ်ကြတယ်။ ဆွေးနွေးပွဲ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာက လူထုလိုလားတဲ့ ၁၇/၁ ပုဒ်မကို ဖြုတ်ပေးဖို့ကို တောင်းဆိုတော့ ၀န်ကြီးဦးအောင်မင်းက ကရင်ဒေသမှာ မရှိတော့ကြောင်း ပြောခဲ့ပါတယ်”ဟု ကိုယ်တိုင်သတင်း စုဆောင်းသူ နန်းဖော့ဂေက ပြောသည်။
ဆွေးနွေးပွဲတွင် မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ နှစ်ဘက် လက်ခံဆွေးနွေးခဲ့သည်မှာ အပစ်ရပ်ဒေသများတွင် မိုင်းအသစ် ထပ်မံ ထောင် ထားခြင်းကို မပြုလုပ်တော့ဘဲ ထောင်ထားပြီးသော မိုင်းများကို ရှင်းလင်းရေးကိစ္စတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ ကြသည်။
၎င်းအပြင် အစိုးရနှင့် ကေအဲန်ယူ နှစ်ဖက် သက်ဆိုင်သော ကိစ္စဟူသမျှကို တိုက်ရိုက်ရန်မူသော လုပ်ရပ်နှင့် ရန်မူသည့်သဘောကိုဆောင် သော လုပ်ရပ်အားလုံးကို ရပ်စဲပြီး အပစ်အခတ်ရပ်စဲခြင်း အကျိုးသက်ရောက်ရာ အရပ်ဒေသနေ အရပ်သားများကို ဥပဒေမဲ့ ပြုကျင့်မှုများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရေးကိုလည်း လက်ခံခဲ့ကြသည်။
ယနေ့ ဆွေးနွေးပြီးခဲ့သည့် လူထုနှင့် လက်နက်ကိုင်တပ်များ လိုက်နာရမည့်ကျင့်ဝတ် မူကြမ်းကို နှုတ်အားဖြင့် သဘောတူညီခဲ့ကြကာ မနက်ဖြန် ဒုတိယနေ့ ဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ အရွှေ့အပြောင်းကိစ္စကို မြန်မာအစိုးရနှင့် ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ် များက ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။
ကရင်ဒေသရှိ လူထုဘ၀ လုံခြုံမှုအတွက် လိုက်နာရမည့်ကျင့်ဝတ်နှင့် တပ်အရွှေ့အပြောင်းကိစ္စကို ကေအဲန်ယူမှ အဓိကထား၍ မြန်မာ အစိုးရကိုယ်စားလှယ်များနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ ကေအဲန်ယူဘက်မှ အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ် အပါအ၀င် ငြိမ်းချမ်းရေးကိုယ်စားလှယ် ၉ဦး တက်ရောက်ခဲ့သည်။
အလားတူ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီးအချို့၊ ကရင်လွှတ်တော် ကိုယ်စားလှယ်များအပြင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်လည်း တက်ရောက်ခဲ့ကြသလို နိုင်ငံတကာ လေ့လာသူ ၃ဦးနှင့် ပြည်တွင်းလေ့လာသူ ၃ဦး ပါဝင်ခဲ့သည်။

စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်းဖော့ဂေ သတင်းပေးပို့ချက် (ကေအိုင်စီ)
ဆွေးနွေးပွဲကို ခဏနားပြီး မနက် ၁၀ ကျော်မှာ ဆွေးနွေးပွဲ ပြန်စတယ်။ KNU က တင်ပြတဲ့ Code of Conduct လိုက်နာရမယ့် ကျင့်ဝတ်တွေကို အသေးစိတ် ဆွေးနွေးကြတယ်။ သူတို့ ဆွေးနွေးနေတာ နေ့လည်ပိုင်းအထိ တ၀က်တောင် ရောက်နေပြီ။ နေ့လည် ၁၂နာရီမှာ ဆွေးနွေးပွဲကို ရပ်နားပြီး ဇွဲကပင်ဟိုတယ်မှာ နေ့လည်စာ သုံးဆောင်ခဲ့ကြတယ်။
မနက်ကနေ နေ့လည်ပိုင်းအထိ ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကတော့ Code of Conduct အောက်မှာ ဆိုလို့ရှိရင် နယ်မြေစိုးမိုးရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်တွင်းဒုက္ခသည် (IDP)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ စတာတွေ အသေးစိတ် အပြန်အလှန် ညှိနှိုင်းကြတယ်။ ဆွေးနွေးတာက မပြီးပြတ်သေးဘူး။ ဆွေးနွေးဆဲပဲ ရှိသေးတယ်။ နောက် ဘာမှတော့ မဆုံးဖြတ်ရသေးဘူး။
KNU နှင့် အစိုးရကိုယ်စားလှယ်တွေဟာ မွန်းလွဲ ၁ နာရီကျော်မှာ ဆွေးနွေးပွဲ ပြန်လည်စတင်ခဲ့ကြတယ်။ ဆက်လက် ဖော်ပြပါအုံးမည်။

စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်းဖော့ဂေ သတင်းပေးပို့ချက် (ကေအိုင်စီ)
တတိယအကြိမ်မြောက် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ မနက် ၈နာရီ၌ ဆွေးနွေးမှုကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင် စတင်ခဲ့ကြသည်။
ယင်းဆွေးနွေးတွင် KNU ဘက်မှ ဗဟိုအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ တွဲဖက်စစ် ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ်၊ ဂျီသရီး ဗိုလ်မှူး စောတာမလာသော၊ တပ်မဟာ(၅)ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့၊ ပဒို အားတိုး၊ စောအောင်ဝင်းရွှေ၊ စောလှထွန်း၊ ပဒိုသောသီဘွဲ၊ နော်မေဦး စုစုပေါင်း ကိုယ်စားလှယ်(၉)ဦးပါဝင်ဆွေးနွေးခဲ့သည်။ ထို့အပြင် KNU ဘက်မှ နိုင်ငံတကာ လေ့လာသူ ၂ဦးနှင့် ပြည်ထဲလေ့လာသူ စုစုပေါင်း ၆ဦးတက်ရောက်ခဲ့သည်။
အစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်းဦးဆောင်သည့်အဖွဲ့တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအ၀င် ဒု-ဥပဒေချုပ် ဦးထွန်းထွန်းဦး၊ လ၀က ၀န်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း၊ ပြည်ထောင်စု နယ်စပ်ရေးရာနှင့် လုံခြုံရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ အရှေ့တောင်တိုင်း စစ်ဌါနချုပ်(ရတခ) မှ ဗိုလ်မှူးကြီး ကျော်ဝင်းဌေး၊ ဖာပွန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောထွန်းမြအောင်၊ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော် ကော်မရှင် ဥက္ကဌ စောအောင်ကျော်မင်းနှင့် ဒုဥက္ကဌ မန်းလှမြိုင်၊ ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းစအွာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောသိန်းအောင် နှင့် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲနှင့် ပတ်သက်၍ ကေအိုင်စီ အယ်ဒီတာ နန်းဖော့ဂေက ဖုန်းဖြင့် ယခုလို သတင်းပေးပို့ထားသည်။ နေ့လည်စာ မစားမီ မနက် ၁၀ နာရီတွင် ပေးပို့သည့် သတင်းဖြစ်သည်။
ဆွေးနွေးခဲ့ကြတာကတော့ (Code of Conduct) နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အထဲမှာဆိုရင် အဓိက အချက်နှစ်ချက်ကို ဆွေးနွေးတယ်။ ပြည်သူလူထု့ရဲ့ ဘ၀လုံခြုံမှုကို အခြေခံတဲ့ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ် တွေရယ်။ တပ်တွေအရွှေ့အပြောင်းကိစ္စတွေပါတယ်ဝင်။ ဒီနေ့မှာတော့ အဲ့ဒီတပ်အရွေ့အပြောင်း ကိစ္စကို မဆွေးနွေးကြသေးဘူး။ မနက်ဖြန်မှ ဆက်ဆွေးနွေးသွားမယ်။
ပထမတစ်ရက်အနေနဲ့ကတော့ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်တွေဆွေးနွေးဖြစ်ကြတယ်။ အဲဒီထဲမှာဆိုရင် နှစ်ဦး နှစ်ဖက်တပ်က လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ လူထုတွေလိုက်နာရမယ့် ကျင့်ဝတ်တွေပဲ ဒီမနက်မှာ အကျယ်တ၀င့် ဆွေးနွေးဖြစ်ကြတယ်။
ဒီမနက်မှာ အဓိကအနေဖြင့် အစိုးရဘက်က ဆွေးနွေးသွားတာကတော့ ပြည်ထောင်စုအဆင့် ဒုဥပဒေချုပ် ဦးထွန်းထွန်းဦး ကဆွေးနွေးသွားပြီး ကေအဲန်ယူဘက်က နော်မေဦးကလည်း နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်တွေအကြောင်းကို အ ပြန်အလှန် ဆွေးနွေးသွားတယ်။
အဲဒီထဲမှာဆိုရင် official language အနေနဲ့ မြန်မာဘာသာကို မှတ်တမ်းတွေ၊ သဘောတူညီချက်တွေမှာ စာရွက်စာတမ်း တွေမှာလည်း မြန်မာဘာသာနဲ့ပဲသုံးရမယ်။ နောက်တစ်ခုက အပစ်အခတ်ရပ်ဆိုင်းရေးဆိုတဲ့ အသုံးအနှုန်းထက် ရပ်စဲရေး ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးစွဲသွားမယ်ဆိုတဲ့ အတည်ပြုချက်လေးတွေရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရေရှည်အတွက် လုပ်မယ်ဆိုတော့ ရပ်ဆိုင်းထားတယ်ဆိုတာက ခေတ္တခဏပဲဆိုတဲ့ သဘောမျိုးရှိတဲ့အတွက်ကြောင့် ရပ်စဲရေးကိုပဲ လုပ် သွားမယ်လို့ သဘောတူညီခဲ့ကြတယ်။ နောက်တစ်ခုကတော့ ဦးထွန်းထွန်းဦး ပြောတာကတော့ ၂၀၀၈ဖွဲ့စည်းပုံအရ ပြည် ထောင်စုမြန်မာနိုင်ငံတော်လို့ သုံးနှုန်းသွားကြမယ်လို့ ဆွေးနွေးကြတယ်။ အဓိကတော့ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့် ၀တ်တွေကိုပဲ ဆွေးနွေးသွားကြတယ်။
KNU နှင့် မြန်မာစိုးရတို့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ကေအိုင်စီမှ ဆက်လက်တင်ပြသွားမည် ဖြစ်သည်။ ကေအိုင်စီ ပရိဿတ်များအနေဖြင့် ဆက်လက်ရှုမျှော်စောင့်မျှော် ဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါသည်။

အိပ်မက်လွင်ပြင်မှ
တက္ကသိုလ် တောင်တန်းလုလင်
“ခြင်္သေ့ဆိုသည်ကား ဘယ်သောအခါမှမြက်ကိုသူမစား”
ကရင်ဗမာစစ်ပွဲဘဲခေါ်ခေါ်
အမျိုးသားခုခံကာကွယ်ရေးစစ်ဘဲခေါ်ခေါ်
တိုင်းရင်းသားတော်လှန်ရေးစစ်ပွဲဘဲခေါ်ခေါ်
မြန်မာနိုင်ငံပြည်တွင်းစစ်ကြီးလို့ဘဲခေါ်ခေါ်
အဓိပ္ပါယ်ကတော့အားလုံးအတူတူ၊ တခုတည်းပင်ဖြစ်သည်။ ၆၃နှစ်ပင်ကျော်လွန်လာပြီဖြစ်သော ဤကရင်ဗမာစစ်ပွဲကြီး၏နောက်ကွယ်တွင်ကြီးမားနက်ရှိုင်းသောအခြေခံ အကြောင်းချက်ကြီးများရှိနေမည်ဖြစ်သည်။ သို့ဖြစ်၍ဤစစ်ပွဲအဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင်တာဝန်ရှိသူတို့သည် ယင်းအခြေခံအကြောင်းအချက်ကြီးများကိုလေးလေး နက်နက် ဦးထိပ်ပန်ထားကာ ဖြောင့်မတ်မှန်ကန်စွာဖြင့်သတိကြီးစွာထား၍ ကိုင်တွယ်ဖြေရှင်းမှုလုပ်နိုင်မှသာလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကိုရရှိနိုင်မည်ဖြစ်သည်။
ကရင့်တော်လှန်ရေး သို့မဟုတ် ဤကရင်ဗမာစစ်ပွဲသည် (ကရင်ဆိုရာတွင် ကရင်အနွယ်ဝင်ဖြစ်သော ကရင်နီ၊ ပအိုဝ်းအမျိုးသားများပါဝင်သည်) နိုင်ငံရေးအခြေခံပြဿနာကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ကရင်ဗမာစစ်ပွဲသည် ကရင်ကရုပ်ဆိုး၍၊ ဗမာကသွားခေါ၍ အချင်းချင်းကြည့်မရဘဲ၊ မနာလိုဝန်တိုစိတ်ဖြင့် မုန်းတီးတိုက်ခိုက်ကြသည်မဟုတ်ပါ။ ထို့ကြောင့်ပင် တော်လှန်ရေးကာလတလျှောက်လုံး ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီးများက ကရင် ဗမာပြဿနာသည် နိုင်ငံရေးပြဿနာဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနှင့် စားပွဲပေါ်တွင် အဖြေရယူမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးသည် စစ်မှန်သောငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် တကယ်မရှိမဖြစ် လိုအပ်ချက်ဖြစ်ကြောင်း တော်လှန်ရေးတလျှောက်လုံး လက်သုံးစကားအဖြစ် အမြဲတစေ ပြောဆိုခဲ့ကြပါသည်။ KNU ၏ ထုတ်ပြန်ကျေညာချက်များ၊ သတင်းမီဒီယာမားနှင့်နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲများတွင် မှန်တမ်းအဖြစ် တောက်လျှောက်တွေ့ရမည်ဖြစ်သည်။
တော်လှန်ရေးတလျှောက် လက်သုံးစကားများသည် ကျားလိုက်ရင်းတုတ်ခုတ်၊ ရုတ်တရက်တွေးဓားသွေး၊ လိုသလိုနှုတ်မှထွက်ပေါ်လာသောစကားများမဟုတ်ဘဲ လွန်ခဲ့သော ၆၃ နှစ်မှစ၍ကရင်လူထုတရပ်လုံး၏ ဆန္ဒပြဖော်ထုတ်တောင်းဆိုနေသော လိုလားချက်လေးချက်ကို အတည်ပြုပြောကြားသော စကားလုံးများဖြစ်ပါသည်။ ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ၊ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းဒေသန္တရနယ်မြေ ၄၂ မြို့နယ်မှ ကရင်လူထု ၄သိန်းခွဲကျော်တို့သည် လူမျိုးကြီးတမျိုး၏ဂုဏ်သိက္ခာနှင့်အညီ တည်ကြည်ရဲရင့်စွာ ဖြင့် လမ်းမပေါ်ထွက်ကာ လိုလားချက်လေးချက်ပါသော ဆိုးဘုတ်များအသီးသီးဖြင့် အသံတိတ်လှည့်လည်ဆန္ဒသဘောထားတင်ပြခဲ့ကြပါသည်။ ထိုနိုင်ငံရေးလိုလားချက်တို့ကား
ကရင်ပြည်ချက်ချင်းပေး၊ (လူမျိုးတမျိုး၌ရှိအပ်သော အခြေခံလွတ်လပ်ရေး)
ကရင်တကျပ်၊ ဗမာတကျပ်ချက်ချင်းပြ၊ ( လူမျိုးတမျိုးအတွက်ခြေခံတန်းတူရေး)
လူမျိုးရေးအဓိကရုဏ်းအလိုမရှိ၊ (တိုင်းရင်းသားများချစ်ကြည်ရေးနှင့်စည်းလုံးညီ
ညွတ်ရေး)
ပြည်တွင်းစစ်အလိုမရှိ၊ (စစ်မှန်သောထာဝရငြိမ်းချမ်းရေး)
စသည်တို့ပင်ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ ပထ၀ီအနေအထားနှင့် လူမျိုးစုအနေအထားရှိသည့်နိုင်ငံအတွက် ဤတောင်းဆိုချက်လေးချက်သည် နိုင်ငံအေးချမ်းသာယာရေးအတွက်မရှိမဖြစ်သော နိုင်ငံရေးမဏ္ဍိုင်ကြီးလေးရပ်ပင်ဖြစ်ပေသည်။ တနည်းဆိုသော် မြန်မာအုပ်စိုးသူအစိုးရများအတွက်ရင်ဝယ်ပိုက်ဆုပ်ကိုင်ထားရမည့် နိုင်ငံရေးလမ်းညွှန်လည်းဖြစ်ရပါမည်။ အထက်ပါအချက်ကြီး ၄ချက်အနက်
ကရင်ပြည်ချက်ချင်းပေး ဆိုသည့်အချက်နှင့်ပတ်သက်၍ liberty ဟူသည် လူသားတိုင်း၏ခြေခံလွတ်လပ်မှုဖြစ်ပြီး လူမျိုးတမျိုးအတွက်ရှိအပ်သော အခြေခံလွတ်လပ်ရေးလည်းဖြစ်ပါသည်။
ကရင်ပြည်ချက်ချင်းပေးဟုဆိုရာ၌လွတ်လပ်သောအချုပ်အချာအာဏာပိုင်သည့်သီးခြားနိုင်ငံတခုဖွဲ့စည်းတည်ထောင်ရန်မဟုတ်ပါ။ ကရင်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာတီသံပြာခေတ် ၁၈၈၁ ခု မှ ပထမဦးဆုံး ဖွဲ့စည်းတည်ထောင်လိုက်သောကရင်အမျိုးသားအဖွဲ့အစည်း (KNA) ခေတ်မှစတင်၍ နှောင်းပိုင်းကရင်အမျိုးသားနိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဒေါက်တာစံစီဖိုး နှင့်အပေါင်းပါတို့ခေတ်၊ ကရင့်အမျိုးသားအစည်းအရုံးကြီး ဖွဲ့စည်းသည့်ကာလအလယ်၊ ဒုတိယကမ္ဘာစစ်ကာလအထိ ကရင်အမျိုးသားတို့သည် သီးသန့်အချုပ်အချာအာဏာပိုင်နိုင်ငံ ထူထောင်ရန် တောင်းဆိုဟောပြောခြင်း မရှိခဲ့သည်ကို ဒေါက်တာစံစီဖိုးရေးသားသော “ the Karen People of Burma” စာအုပ်တွင် ရှင်းလင်းတိကျစွာရေးသားဖော်ပြထားပေသည်။ ၄င်းမှမြန်မာပြည်အနာဂါတ်နှင့်ပတ်သက်၍ အကြံပြုဖော်ပြထားသည်မှာ အင်္ဂလိပ်တို့ ဗြိတိသျှနိုင်ငံကို ဖွဲ့စည်းတည်ထောင်ရာတွင် သီးသန့်လူမျိုးစုကြီးများနှင့် သူတို့ပိုင်ဆိုင်နေထိုင်ရာ နယ်မြေများဖြစ်ကြသော အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်၊ ဝေလနိုင်ငံ စသည်တို့အားပေါင်းစည်းကာအင်အားကြီးမားသည့်နိုင်ငံတခုအဖြစ် ခိုင်မာစွာဖွဲ့စည်းတည်ဆောက်ကြသည်။ အလားတူပင် မြန်မာနိုင်ငံသည်လည်း သီးသန့်လူမျိုးစုနယ်မြေများဖြင့် ရခိုင်ပြည်၊ ရှမ်းပြည်၊ ကရင်ပြည်၊ မွန်ပြည်စသည့်တိုင်းရင်းသားများဖြင့် စုပေါင်းတည်ထောင်ထားသည့် နိုင်ငံတနိုင်ငံအဖြစ် ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း ရေးသားဖော်ပြခဲ့လေသည်။ တနည်းအားဖြင့်ဆိုရပါမူ ယခုကာလတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ပေါင်းစုကြီးနှင့် တိုင်းရင်းသားနိုင်ငံရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူလူထုများ တောင်းဆိုထားသည့် စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုကြီးပင်ဖြစ်ပါသည်။
အုပ်ချုပ်သူအစိုးရတို့သည် အထက်ပါ KNU နှင့် ကရင့်တော်လှန်ရေးခေါင်းဆောင် ကြီးများ၏ နိုင်ငံတော်အတွင်း မရှိမဖြစ်လိုအပ်သော နိုင်ငံရေးနှင့် အုပ်ချုပ်မှုအခြေခံမဏ္ဍိုင်ကြီးလေးချက်ကိုသတိမမူ ဂူမမြင် ဆန့်ကျင်လစ်လျူရှုခဲ့ကြ သဖြင့် နောက်ဆုံးအမျိုးသားရေးလှုပ်ရှားမှုကြီးတပြည်လုံးသို့ပေါက်ကွဲလာသောအခါ အုပ်ချုပ်ရေးစိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်ဒုက္ခရောက်ခဲ့ရသည်။ ထိုအခါ အမည်ခံအတုအယောင် ပြည်နယ် (၇)ခုကို သူတို့အကြိုက်သတ်မှတ်၊ ဘောင်ခတ်ရေးဆွဲတည်ထွင်ကြပြန်သည်။ တဖက်မှကြီးမားကျယ်ပြန့်သော တိုင်းကြီး (၇)တိုင်းတိုးချဲ့ဖန်တီးပြီး ဗမာပြည်မအဖြစ်ထားရှိ၍ အာဏာလွှဲအပ်ကာပြည်နယ်များသည် မဟာဗမာပြည်မကြီးလက်အောက်သို့ရောက်လာရပြန်သည်။
ထို့ကြောင့်ပင်လျှင် ကရင့်ခေါင်းဆောင်ကြီးများ အပါအ၀င် ကရင်လူထုတရပ်လုံး လူပေါင်း ၄သိန်းခွဲကျော်လမ်းမပေါ်ထွက်ပြီး လှည့်လည်ဆန္ဒပြထုတ်ဖော်ကာ မြန်မာပြည်၏လိုအပ်သော နိုင်ငံရေးမဏ္ဍိုင်ကြီးလေးရပ်ကို အသံတိတ် ထုတ်ဖော်စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်းကို ကရင်တမျိုးသားလုံးနှင့် အထူးသဖြင့်ကရင့်တော်လှန်ရေးသမားတဦးစီတိုင်း သိရှိထားရမည့်နိုင်ငံရေးပြဿနာအခြေခံဖြစ်ပါသည်။ လွန်ခဲ့သော ၆၃ နှစ်မှကရင်လူမျိုးတို့၏စိန်ခေါ်ချက်သည် ကရင်တော်လှန်ရေး၏အမြုတေ၊ ရေသောက်မြစ်ကြီးဖြစ်သည်သာမက ကျန်တိုင်းရင်းသားများအားလုံးနှင့်လည်းအကြုံးဝင်နေသဖြင့် နောင်တွင်တိုင်းရင်းသားတပ်ပေါင်းစုဖွဲ့စည်းတည်ထောင်ကာ NDF အုတ်မြစ်မှယခု UNFC အထိ တလှေထဲစီး တခရီးထဲသွားကာ နိုင်ငံရေးပန်းတိုင်ဆီသို့လက်တွဲချီတက်ကြလေပြီ။
ကရင်အမျိုးသားများ၏နိုင်ငံရေးစိန်ခေါ်ချက်ကို ထိုစဉ်ကကွန်မြူနစ်တပိုင်း၊မဟာဗမာလူမျိုးကြီးဝါဒီတပိုင်းဖြစ်သော ဖဆပလ ရန်ကုန်အုပ်စိုးသူတို့အုပ်စုသည် နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ကာ သခင်ကိုယ်တော်မှိုင်းမှအစ ဖဆပလအဖွဲ့ဝင်နှင့် စစ်အာဏာရှင်နေ၀င်းတို့က “အောင်ဆန်းစစ်ဆင်ရေး” (Aung San Operatioin) မူဝါဒချမှတ်လာကြသည်။ အောင်ဆန်းစစ်ဆင်ရေး၏အဓိကမဟာဗျူဟာပန်းတိုင်မှာ နိုးကြားကြီးမားလာသော ကရင့်တော်လှန်ရေး၏ အဖူးအပွင့်များကို အဓိကထားပြီး တိုက်ခိုက်ဖြိုဖျက်ပစ်ရန်ဖြစ်ပြီး ထိုနောက်တွင် မွန်၊ ကချင်၊ ရှမ်း အစရှိသောကျန်တိုင်းရင်းသားများအား ဒုတိယထား၍ ဖြိုဖျက်ပစ်ရန်ပင်ဖြစ်သည်။
သို့ဖြစ်၍ ကရင့်အမျိုးသားတော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးသည် ကရင့်တော်လှန်ရေးအတွက် အောက်ပါမူကြီး ၄ ချက်ကိုပြန်လည်စိန်ခေါ်ချမှတ်လိုက်သည်။
လက်နက်ချစကားအလျဉ်းမပြောရ။
ကရင့်လက်နက် ကရင်လက်ထဲရှိရမည်။
ကရင်ပြည်ပြည့်စုံရမည်။
ကရင်နိုင်ငံရေးကံကြမ္မာ ကရင်ဖန်တီးရမည်။
အကယ်စင်စစ် ကရင့်တော်လှန်ရေးကြီးသည် ကရင့်တမျိုးသားလုံး၏ ရင်ထဲ၊ နှလုံးသားထဲမှ ယိုဖိတ်စီးဆင်းလာသော လက်တွေ့ဘ၀လုံခြုံရေးနှင့် သားစဉ်မြေးဆက်အတွက် ထာဝရစစ်မှန်နေမည့်ဘ၀ငြိမ်းချမ်းသာယာရေး မုဒ်ဦးသို့ခေါ်ဆောင်ပေးသည့် တခုတည်းသောအမျိုးသားနိုင်ငံရေး ယန္တယားကြီးဖြစ်သည်သာမက တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်ရေး၊ အချုပ်အချာအဏာတည်မြဲရေး၊ သားစဉ်မြေးဆက်ဘ၀အေးချမ်းသာယာရေးအတွက် တော်လှန်သည့်အုတ်မြစ်ကျောက်ဆောင် တည်ဆောက်ပေးပြီး၊ ကာကွယ်စောင့်ရှောက်သော အုတ်တံတိုင်းကြီးတည်ဆောက်ပေးနေ သူပင်ဖြစ်ပါသည်။ ထို့ကြောင့်သမိုင်းကွေ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတလျှောက်လုံးတွင် KNU ခေါင်းဆောင်ကြီးများသည် သပ်လျှို၊ ထိုးခွဲလာသောရန်သူ၏ နည်းပရိယာယ်များနှင့် ရန်သူ၏ကယ်ပေါက်အတွက်တည်ထွင်ထားသည့် ချောက်တခါ၊ ချောက်တလှည့်နည်းပရိယာယ်သို့အကျမခံဘဲ လေယူရာယိမ်း၊ မတိမ်းခဲ့ဖူးပါချေ။
သို့သော်ယခု ၂၀၁၂ နှစ်ဦးပိုင်း မှအစပြုသော ကရင် ဗမာအပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ကရင်တမျိုးသားလုံးရည်မှန်းချက် ပန်းတိုင်ကြီးနှင့် ဆန့်ကျင်ဖီလာပြီးကရင်တမျိုးသားလုံး၏ဂုဏ်သိက္ခာကိုပါ ထိခိုက်ကျဆုံးစေသည်ဟု ပြည်တွင်း ပြည်ပ၊နယ်စပ်အနှံ့ ဝေဖန်ပဲ့တင်သံမျာိးကု နေ့စဉ်နှင့်အမျှကြားနေရပါသည်။
ကျွန်ုပ်အနေဖြင့်မည်သူတဦးတယောက်ကိုမျှ လွယ်လွယ်အပြစ်မဆိုလိုသော်လည်း တမျိုးသားလုံးအရေးနှင့် ဆိုင်လာသဖြင့် ထောက်ပြဝေဖန်ချက်ပြုရန်မှာတော့ လူတိုင်း၏အမျိုးသားရေးတာဝန်ဖြစ်ပေသည်။
ကရင် ဗမာစစ်ပွဲ ငြိမ်းချမ်းရေးကိုလူတစုက ဥပဒေပညာရှင်အမြင်ဖြင့် လှည့်ကစားနိုင်ရေးအတွက် မဟာဗျူဟာတခုကို ဥပဒေနည်းပညာဖြင့်ရေးဆွဲကာ အကောင်အထည်ဖော်တောင်းဆိုရန် လုပ်ဆောင်လာသည်။ ထိုမဟာဗျူဟာသည် ဥပဒေလမ်းကြောင်းအတွေးအခေါ်ဖြင့် ဥပဒေစည်းဝိုင်းအတွင်း ရန်သူဖြစ်သည့်မြွှေကို ဦးခေါင်းမှဖမ်းစရာမလိုဘဲ မြွှေ၏အလယ်ပိုင်း၊ သို့မဟုတ် အမြီးပိုင်းမှဖမ်းယူပြီး ၄င်းမှတဆင့်လည်ပင်းကိုချုပ်ကိုင် အသေဖမ်းရန်ဖြစ်သည်။ သို့သော်မြွေမြွေချင်းခြေမြင်ဆိုသည့်အချက်ကို လေးနက်စွာသတိပြုရန်လိုအပ်ပါသည်။ အန္တရယ်က ယခုခင်းကစားနေသောပွဲတွင် KNU ဖက်မှ ထွက်ပေါက်နှင့်နည်းဗျူဟာအကွက်များကို မဟာဗျူဟာထဲတွင် မတွေ့ရချင်းဖြစ်သည်။ ဤအချက်သည် အရေးကြီးသဖြင့်ဆက်လက်၍အနည်းငယ်အကျယ်ချဲ့လိုပါသည်။
ကရင့်နိုင်ငံရေးခေါင်းဆောင်စောဘဦးကြီးမှအစ စောဖိုးချစ်၊ စောမာရှယ်ရွှေ၊ စောဖားဒွဲနှင့် ဆစ်ဒနီလူနီတို့သည် ဥပဒေပညာရှင်ကြီးများဖြစ်ကြပါသည်။ BIA အုပ်စုနှင့် ထိုစဉ်က ဖဆပလအုပ်ချုပ်သူများထဲတွင် ဥပဒေဘွဲ့ရသူတဦးမှမပါပါ။ စစ်ဖက်ရေးရာတွင်လည်း ဗိုလ်ချုပ်ကြီးစောစမစ်ဒွန်း၊ စောကြာဒိုးအပါအ၀င် လေတပ်ဦးစီးချုပ်စောရှီးရှို၊ ရေတပ်ဦးစီးချုပ်စောဂျက်တို့သည် ကမ္ဘာ့အဆင့်မြင့်ဗိုလ်သင်တန်း၊ အထက်တန်းစစ်ပညာသင်တန်းကိုတက်ရောက်အောင်မြင်ခဲ့သော်လည်း BIA ဖက်မှ တယောက်မှမရှိပါ။ သို့ရာတွင် မော်လမြိုင်နှင့်သထုံကိုသိမ်းယူပြီး အုပ်ချုပ်ရေးအခြေခံချနေပြီးမှ ဗမာများအားအခွင့်အရေး ပြန်လည်ပေးအပ်လိုက်ရခြင်း၊ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စမစ်ဒွန်းကိုခွင့်မပန်ဘဲ ရန်ကုန်မြို့လယ် သူဌေးကုန်းရှိ KNU ဌာနချုပ်ကိုအလစ်ဝင်တိုက်မီးရှို့ဖျက်ဆီးပြီး ဗိုလ်နေ၀င်းက ဗိုလ်ချုပ်စမစ်ဒွန်းနေရာကိုတက်ယူခြင်း၊ အသာစီးရှိနေသောအင်းစိန်တိုက်ပွဲတွင် ဖဆပလမှ ကရင်တော်လှန်ရေးခေါင်းဆောင် (ဥအဒေပညာရှင်)များအား ငြိမ်းချမ်းရေးထောင်ချောက်ဖြင့် အထိနာစွာဆုတ်ခွါစေခြင်း စသည့် ရန်သူ၏မြွေကဲ့သို့ကောက်ကျစ်သော ပင်ကိုယ်သဘာဝကို သင်င်္ခန်းစာယူရန်ဖြစ်သည်။
ရေမြွေ၊ လင်းမြွှေကဲ့သို့သော အဆိပ်မဲ့မြွေများကို အမြီးမှဖမ်းပြီး ၄င်းမှတဆင့် လည်ပင်းကိုအပိုင်ချုပ်ကိုင်နိုင်မည်ဖြစ်သော်လည်း ထိုနည်းဖြင့် မြွေပွေး၊ မြွေဟောက်ကို ကိုင်ရန်ကြိုးစားပါက မိမိအသက်အားထိုးအပ်ပေးရာ ရောက်ပါလိမ့်မည်။ တနည်းဆိုရသော် ယခုလက်ရှိ အစိုးရငြိမ်းချမ်းရေး လုပ်ဆောင်ချက်သည် မြွေပွေးနှင့်မြွေဟောက်နှစ်ကောင်ပေါင်း ကစားသောနည်းဖြစ်ပါသည်။ ရှေ့တန်းတွင်မြွေဟောက်အား ချောက်တခါ၊ ခြောက်တလှည့် ပါးပြင်းထောင်ကာ ကစားပြနေပြီး ၄င်းမြွေဟောက်၏နောက်တွင်မူ အဆိပ်ပြင်းသော မြွေပွေးကငြိမ်းချမ်းရေး ပန်းတိုင်မုဒ်ဦးအလယ်တွင် ငြိမ်သက်စွာ အခြေအနေကြည့်စောင့်နေသည်ကို သတိကြီးစွာထားရမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ ကရင်လူထုတရပ်လုံး၏အမြင်အားပေါင်းစည်းကြည့်သော် ယခု KNU ဌာနချုပ်၊ ဗဟိုကော်မတီ၏သဘောထားဘောင်အပြင်ဖက်ရောက်နေသော လူစုနှင့် ၄င်းတို့၏နည်းဗျူဟာသည် ရန်သူမြွေကြီး၏၀ါးမြိုမှုကို တစတစခံနေရပြီဖြစ်ကြောင်း တခုတည်းသောအဖြေထွက်လာလေသည်။
ဆက်၍ဖော်ပြရသော် အရှေ့ကွန်မြူနစ်ကမ္ဘာနှင့် အနောက်အုပ်စုများ၏၀ါဒရေးရာစစ်ဆင်ရေးကြီးကို ဗီယက်နမ်စစ်မြေတလင်းတွင် ကြောက်ခမန်းလိလိဆင်နွှဲခဲ့ကြပါသည်။ ခေတ်အမှီဆုံးလက်နက်နှင့်နည်းပညာများကိုသုံး၍ မြို့ပြ ကျေးလက်နှင့်သဘာဝသစ်တောများပါမကျန်စစ်တလင်းဖြစ်ဖျက်ဆီးခံခဲ့ရသည်။ ဥပဒေမဲ့ သတ်ဖြတ်၊ မီးရှို့၊ ဖမ်းဆီးညှင်းဆဲမှုများကြောင့်ဒေသနိုင်ငံတခုလုံး အနိဌာရုံဖြစ်ခဲ့ရသည်။ ထိုအခါ ကမ္ဘာ့ကုလသမ၈္ဂအပါအ၀င် နိုင်ငံတကာအစိုးရများက ဗီယက်နမ်စစ်အားရပ်စဲရန်နှင့် ကမ္ဘာစစ်ရာဇ၀တ်မှုအဆင့်အပါအ၀င် အရေးကြီးသော အကြောင်းရပ်များကို တရားဝင်ဆွေးနွေး ပြောဆိုကြရာ အစီအစဉ်၌ မည်သည့်ဥပဒေပညာရှင်ကိုမှမခေါ်ဘဲ ကမ္ဘာ့သမိုင်းပညာရှင် (၄) ဦးကိုအထူးဖိတ်ခေါ်ကာ ဆွေးနွေးငြင်းခုံပွဲ၏စင်မြင့်ပေါ်တွင် ထိုင်၍အကဲခတ်နားထောင်စေသည့် သူတို့၏ရုပ်ပုံလွှာများကိုလည်း သတိရဆင်ခြင်မှုပြုနိုင်ကြရန်လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် KNU နှင့်ကရင့်တော်လှန်ရေးကြီးသည် တောတတောတွင် တော၏အင်္ဂါလက္ခဏာနှင့်ရှိရမည့် ရေမြွေ၊ လင်းမြွေမဟုတ်သလို၊ မြွေပွေးမြွေဟောက်များလည်းမဟုတ်ပါ။ သို့သော် KNU ကရင့်တော်လှန်ရေးကြီးနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ပေါင်းစုဖြစ်သောNDF မှအစ UNFC ၏လုပ်ဆောင်ချက်နှင့် ချမှတ်ထားသော အမျိုးသားနိုင်ငံရေးမဏ္ဍိုင်ကြီးကို အပေါ်ယံမဟုတ်ဘဲ ဓမ္မဓိဌာန်ကျကျလေ့လာဆန်းစစ်ကြည့်ပါသော် သူတို့သည် တောတတောရှိသတ္တ၀ါနှင့်နှိုင်း ယှဉ်ပါကကေသရာဇာခြင်္သေ့မင်းအလားပင်ဖြစ်ပါလေသည်။ ခြင်္သေ့တို့မည်သည် မိမိသားကောင်ကိုမရလေသော် ဘယ်သောအခါမှမြက်မစားပါ။ တဖန်ခြင်္သေ့မှန်လျှင် ဘယ်လိုအခြေအနေရောက်နေပါစေ၊ ဘယ်လိုဘယ်လောက်ငတ်ပြတ်သွား ပါလေစေ ပေါင်းမြက်မစားပါ။အချုပ်အားဖြင့်ဆိုရပါသော်
“ခြင်္သေ့ဟူသည်ကားဘယ်သောအခါမှမြက်ကိုသူမစား”
တက္ကသိုလ် တောင်တန်းလုလင်

တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်းရေး ဆွေးနွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်http://www.kicnews.orge#respond">--သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ်ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး လူထုအတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးကို ဦးတည်သည့် အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဖော်ပြထားသည်။ထိုအချက်နှစ်ချက်မှာ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရေးအတွက် တပ်များ ပြန်လည် နေရာချထားရန်နှင့် နှစ်ဦးနှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) မူကြမ်း စသည်တို့ဖြစ်သည်။“အချက်နှစ်ချက်ပဲဆိုပေမယ့် ခိုင်မာတဲ့ အပစ်အခတ်ရပ်ဆိုင်းရေး ရယူနိုင်ဖို့ အရေးအကြီးဆုံး အချက်နှစ်ချက်ဖြစ်နေတာရယ်၊ အပြန်ပြန် အလှန်လှန် အကျေအလည် ဆွေးနွေးရမှာမို့ အချိန်သေသေချာချာ ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု နော်မေဦးမူတြော်က ပြောသည်။ယခုသွားရောက်ဆွေးနွေးမည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို နော်စီဖိုးရာစိန်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်သွားမည် ဖြစ်ပြီး ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယ စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ဦး ပါဝင်မည် ဟုလည်း နော်မေဦးမူတြော်က ကေအိုင်စီသို့ ပြောဆိုသည်။KNU ၏ သတင်းထုတ်ပြန်ချက်တွင် စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်သည့် ဖြစ်စဉ်တွင် နောင်ဖြစ်ပေါ်လာမည့် နိုင်ငံရေးပြောင်းလဲမှု၏ ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားရ မည့်သူအားလုံး၏ ၀ိုင်းဝန်းကြိုးပမ်းမှုအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပါရှိ သည်။မြန်မာအစိုးရနှင့် KNU တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာသူများလည်း ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်က KNU မှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်ထဲတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အတွက် ယခင် သတ်မှတ်ထားသည့် သြဂုတ်လ ၂၇-၂၉နေ့ရက်ကို မြန်မာအစိုးရမှ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဖော်ပြခဲ့ပြီးနောက် ယခု ထပ်မံ၍ ရက်သတ်မှတ် အတည်ပြုသည့်သတင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
