မြန်မာအစိုးရရဲ့ လျှို့ဝှက် စီမံကိန်း ( ဘာတေးလ် လစ်တနာ၊ ၁၁-၂ -၂၀၁၂ )
အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကဖော်ပြခဲ့တဲ့ ဆောင်းပါးကိုဘာသာပြန်ထား တာဖြစ် ပါတယ်။
မြန်မာ နိုင်ငံရဲ့ လက်ရှိ အစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ အပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာ မိတ်ဆွေတွေ တိုးပွားနေပါတယ်။
အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂ အတွင်းက ရန်သူဟောင်းတွေကလည်း အခု အခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြ သလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင်ဖြစ်နေပြီ။
သမ္မတ သိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာ တခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမဲ့ တကယ်တန်းဘာတွေ ပြောင်းပါသလဲ။
အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ။
-ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေ အပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာ တွေ၊
၂၀၀၈ ခုနှစ် -အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ် ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုန့်ပြန်ပုံတွေ၊
-ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီးကျင်းပခဲ့လို့ အများက ဝိုင်းဝန်း ရှုတ်ချ ပြစ်တင်ခံရတာတွေ၊
၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုး မဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကြုံးလုယူသွားတာတွေကို မကြာသေးခင်ကာလကလေးမှာပဲ နိုင်ငံတကာ အသိုင်း အဝိုင်းက ဝိုင်းဝန်းရှုတ်ချအပြစ်တင်ခဲ့ကြပါသေးတယ်။
အခုခေတ်စားနေတဲ့ သီအိုရီ တခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။
ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။
အနောက်နိုင်ငံ တော်တော် များများက ဘာပဲလုပ်လုပ် သူတို့ လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာ ရောက်ဖို့ နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ ဆိုတဲ့ အချက် အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေ ကြတာက လည်း အထင်အရှားပါပဲ။
ဥရောပ သမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အီးယူ ဥရောပ သမဂ္ဂ ဥက္ကဌ ဟားမန်း ဗန် ရွန်းပါ က ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “ မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။
တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်း အတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံ တွေဆီက အရင် ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေတိုးလာအောင် သူတို့ စစ်ဗိုလ် အချင်းချင်း ကြားမှာ လူဆိုး လူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။
တချို့ကတော့လည်း သိန်းစိန် အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်း နိုင်လောက် အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။
မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တန်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာ မှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။
စနစ်တကျ အကွက်ချထားတဲ့ အစီအမံ
မြန်မာအစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက်ထောက်ခံနေကြသလဲဆိုတာကို နားလည် နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန်အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။
အဲဒီအချိန်တုံးက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက် ရာ လမ်းပြမြေပုံ ခုနစ်ချက်ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။
အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ်ရေးဆွဲ၊ ရွေးကောက်ပွဲကျင်းပ၊ ပြီးရင် လွှတ်တော် ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။
လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက် မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။
အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လို ဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။
ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝျက် စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။
မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ်ဖော်ပြထားပါတယ်။
အောင်ကျော်လှဆိုတာဟာ တကယ်ရှိတဲ့လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမဲ့ နာမည်ဝှက်လို့ ယူဆ စရာရှိပါတယ်။
စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ အမေရိကန် ဆက်ဆံရေး လေ့လာချက် လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိကဆွေးနွေး ထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်ခံ နေရတဲ့ အရေးပေါ် အခြေအနေကို ဖြစ်ပေါ် စေတယ်လို့ ဆိုပါတယ်။
ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံခုနစ်ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် ပြင်ပ ကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင်လုပ်တဲ့နည်းလမ်းကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ် အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန် မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာတွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။
ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေး ပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန် တာမှန်ပေမဲ့ အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။
သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲဆိုတဲ့ အချက်ကိုတော့ အတိအကျ ပြောပြ မထားပါဘူး။
ဒါပေမဲ့ သူတွေးခေါ်ပုံဟာ အမေရိကန် တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကိုရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာ ထင်ရှားပါတယ်။
အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော် ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျော့ပေး တတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင် ဆူဟာတို လက်ထက် အင်ဒိုနီးရှား ဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။
တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီ မဟာစီမံကိန်းက ဖော်ပြပါတယ်။
ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေး အပေါ်မှာ မီခိုနေ ရတဲ့ ဒေသတွင်းနိုင်ငံတနိုင်ငံ အဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။
မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။
အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်း စုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထား ပါတယ်။
သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေလျော့သွားတယ်လို့လည်း သုံးသပ် ထားပါတယ်။
စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထား သလို သူ့ရဲ့ အဆုံးစွန်ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်းရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေး ကို ဆန့်ကျင်တဲ့ အနောက်တိုင်း ပညာရှင်တွေကိုလည်း နာမည်နဲ့ တကွဖော်ပြပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ် အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယ သံတမန်များကအကူအညီ ပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။
စာတမ်းမှာ အဆုံးသတ်ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမဲ့ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့ အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန် အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့ အခါ အရင်က ထက်ဝေဖန်တဲ့ အသံတွေ တဖြည်းဖြည်းပျော့လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက် ဆံရေးမှာ အပေးအယူအပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီး ရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။
တရုတ်ကြောက်ရောဂါ
အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့ အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။
တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှားမှုကြီး ကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာ ကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီး ဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေ ဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။
အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမဲ့ သစ်တော သယံဇာတတွေကို မတော်မတ ရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါး ကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ် အကြောင်းတရားဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုပ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ် ပတ်သက်နေတာ ကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။
အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံ စီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။
အမေရိကန် ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ ပူးပေါင်းလိုကြောင်း ပြသတဲ့ အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက်ပြုလုပ်ပေးရေးဟာ အဓိကဦးစားပေး ဖြစ်လာတယ်။
ဒါ့အပြင် သူတို့ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေး ဆက်စပ်မှုကို ပျက်ပြယ်အောင် လုပ်ဖို့လည်း အမေရိကန်အစိုးရ အနေနဲ့ စိတ်အားထက်သန်တယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိက လုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းကပါလာတာဟာ ဘာမှ အံ့သြစရာမရှိဘူး။
ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတဖြစ်လာပြီးနောက်၊ အစိုးရ အရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားက နေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။
မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာ တယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင် သင်္ဘောက တွေ့ခဲ့တယ်။
အမေရိကန် သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမဲ့ မြောက်ကိုရီးယား ဘက်က ငြင်းခဲ့တယ်။
နောက်ထပ် ရက် အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင် ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများ ခဲ့ကြတယ်။
နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုက လမ်းတလျောက် တောက်လျောက် စောင့်ကြပ် လိုက်ပါလာတဲ့ အတွက် မြောက်ကိုရီးယား သင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။
အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူမှုတချို့ကို လျော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယား လက်နက်သင်္ဘော မြန်မာနိုင်ငံကိုလာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။
မြန်မာအစိုးရအနေနဲ့ တရုတ်ကနေခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး။
“အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစား ဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ် အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန် သံတမန် ဟောင်း ရောဘတ် ဖစ် ကပြောပါတယ်။
မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့ အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ်ခန့်အပ် ပါတော့မယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်း သတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ် ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ ပါတယ်။
စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူ အနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝ မဟုတ်ပါဘူး။
စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန် အတွက် မြန်မာရဲ့ သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။
ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာ နိုင်တယ် ဆိုတာပါပဲ။
ဒါ့ကြောင့် အားမျှအောင်ချင့်ချိန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။
ဒါပေမဲ့ ဘယ်လို အားမျှအောင်လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့ မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။
ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း
မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေရှိပါတယ်။
မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုး အုပ်စုကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ ဇာတ်လမ်းကို နိုင်ငံ တကာက ယုံကြည်ပုံရပေမဲ့ ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာ လွယ်လွယ်နဲ့ ယုံကြည် ကြပုံမရပါဘူး။
မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။
သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ စစ်အစိုးရ တင်းမာအုပ်စုလူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာ နဲ့ ပတ်သက်ပြီး သံသယ ကြီးကြီးဝင်နေကြပါတယ်။
အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြ ပါတယ်။
မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။
၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီ တပ်စကာ က တင်ဦးနဲ့ သူ့ထောက်လှမ်းရေး တွေ အကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။
“သူတို့ဟာ တခြား အမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာ အကြောင်းပိုသိသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမဲ့ သူတို့ကို နိုင်ငံခြား သွားခွင့်ပေးထားတယ်။
နိုင်ငံခြား သားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေ အပေါ်မှာ အင်မတန်အညှာတာကင်းရက်စက်ပြီး အလွန်ပါးနပ်လိမ္မာသူတွေ အဖြစ် လူသိများပါတယ်။
မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေ သင်တန်းကို တက်ရောက်ခဲ့သူ တယောက်ဖြစ်ပါတယ်။
အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာ စစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်း ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကိုရောက်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့် ခံရပါတယ်။
၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေစစ်အစိုးရ လက်ထက်မှာ မီးရထားဝန်ကြီး ဖြစ်လာပါတယ်။
ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာ သက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိက ပြဿနာ ဖြစ်ပါလိမ့်မယ်။
စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ
ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။
သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆ ခံရသူဖြစ်ပါတယ်။
လူကောင်းအောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။
ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက်ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။
အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင် မစဉ်းစားဘဲ တောက်လျောက် တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီ ချက်ကို တာရှည် တည်တန့်ဖို့ မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍန်ကို အခြေခံရေးသားထားပါတယ်။
ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ ကာလဟာ သိပ်ရှည်ကြာမယ် မထင်ပါဘူး။
စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့ လျှောက်သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။
မဟာစီမံကိန်းမှာ အောင်ကျော်လှသတိပေးခဲ့တဲ့ တရုတ် အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။
မူရင်းဆောင်းပါးကို ဖတ်ရှုရန်။
http://www.atimes.com/atimes/Southeast_Asia/NB10Ae01.html
Saturday, February 11, 2012
မြန်မာအစိုးရရဲ့ လျှို့ဝှက် စီမံကိန်း
Submitted by admin on Saturday, 11 February 2012--
ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
အစိုးရနှင့်
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူတို့ ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘော
တူညီနေချိန်တွင် ပြီးခဲ့သည့်ရက် ပိုင်းကေအဲန်ယူ လက်အောက် ခံတပ်ရင်းနှင့်
အစိုးရ စစ်တပ်တို့အကြား ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယခုလ ၈ရက်နေ့က ကေအဲန်ယူထိန်းချုပ်ရာနယ်မြေအတွင်း ကရင်ပြည်နယ်၊
လှိုင်းဘွဲမြို့နယ်ရှိ သံလွင် မြစ်ကမ်းနံဘေးတွင် တကြိမ်၊ (၉) ရက်နေ့ညပိုင်းက
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘီးလင်းချောင်း ဘေးနားတွင် တကြိမ်
၎င်းတို့နှစ်ဖက်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ (၅)က
ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၅)မှ တာဝန်ရှိသူတစ်ဦးက “တပ်မဟာ(၅)နဲ့ (၇)ကြားမှာ
တခါဖြစ်တယ်။ ဘီး လင်းချောင်းနားမှာ တခါဖြစ်တယ်။ အစိုးရဘက်က ဗိုလ်
(၃)ယောက်သေတယ်။ သေတဲ့အထဲမှာ ဗိုလ်မှူး တစ်ယောက်ပါတယ်။ ရုံးသို့ အချက်အလက်
စုံစုံလင်လင် မရောက်သေးတဲ့အတွက် လော လောဆယ် ဒီလောက်ပဲ ပြောနိုင်တယ်”ဟု
ကေအိုင်စီသို့ အတည်ပြုပြောခဲ့သည်။
အစိုးရစစ်တပ်ဘက်က ကေအဲန်ယူ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း လိုက်နာမှု
မရှိသော ကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းပစ်ခတ်မှုတွင်
ကေအဲန်ယူဘက်က ထိခိုက်ကျဆုံးမှု မရှိ ကြောင်း ကေအဲန်ယူဘက်က ပြောသည်။
ယခင်လ ဇန်န၀ါရီ ၁၂ရက်နေ့က အစိုးရနှင့် ကေအဲန်ယူ
ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တို့ ဘားအံမြို့၌ ငြိမ်းချမ်းရေး
ဆွေးနွေးရာတွင် မဏာမအဆင့် အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီ
လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပထမ ဦးဆုံးအကြိမ် ပစ်ခတ်မှု ပြန်လည်
ဖြစ်ပွားခြင်းလည်းဖြစ်သည်။
ယင်းတို့နှစ်ဖက် စစ်တပ်အကြား ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားမှုကြောင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်၌ သက်ရောက်မှု ရှိမရှိကို
မပြောနိုင်သော်လည်း အစိုးရနှင့် နောက်တကြိမ်တွေ့ဆုံပါက စစ်ရေးကိစ္စနှင့်
ပတ်သက်ပြီး အချေအတင် ဆွေးနွေးရမည့် အခြေအနေတွင် ရှိသည်ဟု ကေအဲန်ယူ
ငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုဒေးပစ်ထောက ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေ ပဲခူးတိုင်း၊ သံတောင်မြို့နယ်ဘက်တွင်လည်း ယခုလ
ဆန်းပိုင်းတုန်း က ရိက္ခာပစ္စည်း သယ်ဆောင်လာသည့် အစိုးရစစ်တပ်များသည်
ကေအဲန်ယူ တပ်ဖွဲ့ဝင်များ ထောင် ထားသည့် မြေမြုပ်မိုင်း တက်နင်းမိသဖြင့်
သေဆုံးမှုများရှိခဲ့သည်။
ကေအဲန်ယူ တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက“ စစ်တပ်က
လမ်းကြောင်းအတိုင်း မသွားပဲ ကား လမ်းနဲ့ ခပ်ခွါခွါ တောထဲကို
လျှောက်သွားတဲ့အခါကျတော့ ရွာပုန်းရွာရှောင်တွေမှာ နေထိုင်ကြတဲ့ ကျ နော်တို့
ပြည်သူတွေအတွက် အများကြီး စိုးရိမ်ရတယ်။ ဒီပုံစံအတိုင်းဆိုရင်
မလွယ်ဘူး။”ဟု ပြောသည်။
ထို့အပြင် ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေတွင် လှုပ်ရှားနေသည့်
အစိုးရစစ်တပ်များဘက်က ၎င်းတို့ စစ်ကြောင်း သွားသည့် လမ်းကြောင်း ကိုက် ၁၀၀
အကွာနှင့် ၎င်းတို့ တပ်စခန်းတည်ရှိရာ ကိုက် ၂,၀၀၀ အကွာအတွင်း ကေအဲန်ယူ
တပ်ဖွဲ့ဝင်များဝင်လာပါက မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့်
ပစ်ခတ်ရလိမ့်မည်ဟု တရားဝင်စာထုတ်ပြန်ထားကြောင်း ပဒိုစောအယ်ဝါးက ပြောသည်။
Friday, February 10, 2012
ကော့မူးမြို့  ရောက် ဒေါ်နန့်အောင်ဆန်းစုကြည်


ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမှာ ပထမဆုံး မဲဆွယ်
Saturday, February 11, 2012
ဒေါ်အောင်ဆန်းစုကြည်ဟာ
ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ကော့မှူးမြို့
မဲဆန္ဒနယ်မြေကို ပထမဆုံး မဲဆွယ်ခရီးအဖြစ် ဒီကနေ့မနက် ရောက်ရှိသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြတာကို ရိုက်ကူးထားတဲ့
မှတ်တမ်းဓာတ်ပုံတွေ အင်တာနက်မှာ ချက်ချင်း တက်လာပါတယ်။ အထူးသဖြင့်
ဖေ့စ်ဘုတ် စာမျက်နှာတွေမှာပါ။ဒေါ်အောင်ဆန်းစုကြည်
လာမယ့် လမ်းမှာ စောင့်ကြိုနေကြတဲ့ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ
မင်္ဂလာပရဟိတဂေဟာမှ ကလေးများ (ဓာတ်ပုံ - 7Day သတင်းဂျာနယ်)ဂူဂဲလ်မြေပုံမှာတွေ့ရတဲ့ ရန်ကုန်၊ တွံတေး၊ ကော့မှူးဓာတ်ပုံ - 7Day သတင်းဂျာနယ်
အမေရိကန်တစ်လွှားမှာအစိုးရိမ်လွန်ကဲနေသူမျုားအတွက် ဖတ်ရန်
ကမ္ဘာကြီး ပျက်စီးခါနီးလို့ ဗုံးခိုကျင်းများ ဝယ်နေကြပြီ15:04 Myanmar Express Group 3 comments၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၁ ရက်နေ့တွင် ကမ္ဘာကြီး ပျက်သုဉ်းတော့မည်ဟု လွန်ခဲ့သော ၅၁၂၅ နှစ်က မာယာလူမျိုးတွေက နက္ခဗေဒပညာတွေ သင်္ချာဗေဒပုံ သေနည်း များနဲ့ သေသေချာချာ တွက်ပြခဲ့သည်။ မာယာလူမျိုးများ၏ ဟောပြောချက်ကို ယုံကြည်သူအနောက်တိုင်းသား အများအပြားရှိသည်။ အမေရိကန် အာကာသ အေဂျင်စီ ဖြစ်သော နာဆာကပင် ဌာနခွဲတစ်ခုဖွင့်ကာ ထိုကိစ္စနှင့် ပတ်သက်၍လက်ခံ ပြန်ကြားပေးနေရသည်။ ”၂ဝ၁၂ မှာ ကမ္ဘာဘာမှ မဖြစ်နိုင်ဘူး”ဟု နာဆာအဖွဲ့က ၄င်း၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည်။ ”ဒီကမ္ဘာဂြိုလ်ကြီက နောက် ထပ် နှစ် ၄ ဘီလျံလောက်ထိ ဘာမှမဖြစ်နိုင်ဘူး”ပြောသည်။ စိုးရိမ်ပူပန်နေသော အမေရိကန်များကား (၁၇)ပေါင်တန် အန္တရာယ်ကင်း လမ်းညွန် စာအုပ်မှစပြီး ပေါင် ၃၂ဝဝတန် ဗုံခိုကျင်းမျိုးထိ ဝယ်နေကြသည်။ ကယ်လီဖိုနီးယား ပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင် ရောဘတ် ဗီစီနိုဆိုလျှင် ဇိမ်ခံဗုံးခိုကျင်းများ ဆောက်လုပ်ကာ ငှားရမ်းရန်ပင် စီစဉ်နေသည်။ သူ၏ ဗုံခိုကျင်းတွင် တစ်နေရာ ငှားရမ်းရန် စရံသက် ထားသူစတိဗ်ကမူ ”ကျုပ်တို့ကရူးနေတာမဟုတ်ဘူး ကျုပ်မိသားစုက အသက်ရှင်ချင် ကြတော့ ဒီလိုပဲ လုပ်ရမှာပဲ။”ဟု ပြန်ပြော၏။ ဂျေဆန်ဟောခ်ျ ဆိုသူ ကလည်း ”ဒါက အသက်ရှင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုဗျ”ဟု ပြောသည်။
KNU နှင့် ကြံ့ဖွံ့  တိုက်ပွဲ ပြန်ဖြစ်
0 Commentsယနေ့မနက် (၉) နာရီခွဲ အချိန်ခန့်တွင်၊ မွန်ပြည်နယ် ကျိုက်ထိုအခြေစိုက် ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၉၆) တပ်ရင်းမှ စစ်ကြောင်း (၂) ကို ကေအန်ယူ (KNU) တပ်မဟာ (၅) ဧရိယာရှိ တပ်ဖွဲ့များနှင့် ဘီလင်းမြို့နယ်၊ ပေါဘော်ထနှင့် ဂိုဏ်အုပ်ကြား၌ မိနစ် (၃၀) ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်ဟု ကေအန်ယူ အရာရှိ တဦးကပြောပါသည်။ ယင်းတိုက်ပွဲတွင် အစိုးရ တပ်ဖက်မှ (၂) ဦးသေပြီး၊ ဒုရင်းမှူး အပါဝင် (၉) ဦး ဒါဏ်ရာ ရရှိခဲ့ပါသည်။“ ကျနော်တို့ဖက်က ကန့်သတ်ထားတဲ့နေရာဘဲလေ။ သူတို့က အကြောင်းမကြားဘဲနဲ့ တက်လာတာလေ။ သူတို့အ ပြန်မှာ ကျနော်တို့က တိုက်လိုက်တာဘဲ။ သဘောက အစိုးရတပ်တွေဟာ အမြဲတမ်းကို အခွင့်ကောင်းယူပြီးတော့ အသုံးချ နေ ကြပါ။ အခုလည်း ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးပွဲရှိတယ်ဆိုပြီးတော့ ပိတ်နေကျနေရာကို အသိမပေးဘဲတက် လာတယ်လေ။ ဘယ်ရမလဲ။ ဒါကြောင့် အပြန်မှာ တိုက်ဖို့ဆုံးဖြတ်ပြီး တိုက်လိုက်တာပါ” ဟု အဆိုပါကေအန်ယူ အရာရှိက ဆိုပါသည်။အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပဲခူးတိုင်း၊ တောင်ငူခရိုင်ရှိ ကေအန်ယူ တပ်မဟာ (၂) ဧရိယာမှာလည်း ၊ ကေအန်ယူထောင်ထားသည့်မိုင်းကြောင့် အစိုးရတပ်ဖွဲ့မှ စစ်ကားတစီး ပျက်စီးသွားပါသည်။ကေအန်ယူနှင့် အစိုးရတို့သည်၊ လာမည့်ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပါသည်။ အခုလို အချိန်မျိုးတွင် နှစ်ဖက်တိုက်ခိုက်မှုများ၊ ဖြစ်ပေါ်သော်လည်း တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ ကေအန်ယူ၏ စစ်ရေး အခြေအနေကို လေ့လာနေသည့် နယ်စပ်ရှိ စစ်ရေးအကဲခတ်များက ဆိုပါသည်။ကေအန်ယူ အဖွဲ့တွင်း၌လည်း၊ အပစ်အခတ် ရပ်စဲရေးကို လက်ခံသည့်သူများနှင့် လက်မခံသည့်သူများ ဟူ၍ အုပ်စုနှစ်စုရှိနေသည် ဟု ကေအန်ယူအရာရှိများက ပြောပါသည်။ ဤအထဲ၌ ကေအန်ယူ ဥက္ကဌဦးဆောင်သည့် အဖွဲ့က အပစ်အခတ်ရပ်စဲ ရေးကို လက်မခံသလို၊ ကေအန်ယူ စစ်ဦးစီးချုပ် ဦးဆောင်သည့်အဖွဲ့က လက်ခံသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။
Wednesday, February 8, 2012
Tuesday, February 7, 2012
အပစ်အခတ် ရပ်စဲရေး လုပ်သင့်မသင့် ကရင်လူထု ဆန္ဒကိုရယူ
ဦးသိန်းစိန် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်သင့်မသင့် ကရင်လူထု ဆန္ဒကို ရယူရန် ကေအန်ယူသည်၊ ဖေဖေါ်ဝါရီလ (၈၊၉၊၁၀) ရက်နေ့ (၃) ရက်တိုင် ဆွေးနွေးပွဲ (Workshop) တရပ်ကို ကရင်ပြည်နယ် ဖါပွန်မြို့နယ် တနေရာတွင် ကျင်းပ ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ ပြည်တွင်းပြည်ပ ကရင် ပညာရှင် များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများက တက်ရောက်ကြပါသည်။
သတင်းပေါက်ကြားမှုကို စိုးရိမ်သည့်အတွက် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး တယ်လီဖုန်း အဆက်အသွယ် မရှိသည့် နေရာ၌ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဖိတ်ကြားခံရပြီး ကျန်းမာရေးအရ မသွားရောက်နိုင်သူ ကရင်နိုင်ငံရေး သမားတဦးက ပြောပါ သည်။
“ ကျနော်က ဆွေးနွေးချင်တယ်၊ ခရီးဝေးတော့ မသွားနိုင်ဘူးလေ၊ အပစ်အခတ်ရပ်စဲရေးကို ကျနော်အနေနဲ့ လက် ခံတယ် ။ ဒါပေမဲ့ အပစ်ရပ်ပြီးရင် ကျနော်တို့ ဘာလုပ်ကြမှာလဲ မေးစရာပါ။ ကရင်အဖွဲ့အစည်းတွေအချင်း ဘယ်လိုညီ ညွတ် မှုတွေတည် ဆောက်ကြမလဲ၊ ပြီးတော့ပြန်ကြဲနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူထုအနေအထား၊ အစိုးရနဲ့ ဘာကိုဆွေးနွေးကြမလဲ၊ နောက်စီးပွားရေး၊ ပြည်နယ်လူ့အခွင့်အရေးနဲ့ ဒုက္ခသည်ပြသနာ တွေကို ဒီလိုပွဲမျိုးမှာ အကြံပေး ချင်ပါတယ်။ ဒါပေမဲ့ မသွားနိုင်တော့ဘူးလေ။ ဖြစ်သင့်တာက အဆင်ပြေတဲ့နေရာမှာဘဲ ကျင်းပသင့်ပါတယ်” ဟု ကျင်းပသို့ မတက်ရောက်နိုင်သည့် ဖိတ်ကြားခံရသည့် ကရင်နိုင်ငံရေးသမားတဦးက ဆိုပါသည်။
KNU သည် ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၂) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ သဘောတူလက် မှတ်ရေးထိုးခဲ့ပါသည်။ (၁) အပစ်အခတ် ရပ်စဲရေး၊ (၂)မြို့ပေါ် ဆက်ဆံရေးရုံး၊ ထားရှိရေးနှင့် (၃) တပ်ဖွဲ့များ အပြန်အလှန် အသိပေးပြီး သွားလာရေး၊ တို့ကို မူအရ သဘောတူထားခဲ့ပြီး ဆက်လက်ဆွေးနွေးရန်၊ လက်မှတ်ရေးထိုးခဲ့ပါသည်။ ပြည်နယ်အ ဆင့်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် နိုင်ငံရေး အရ နောက်တဆင့်ဆွေးနွေးရန် ဖြစ်ပါသည်။
ယခုကျင်းပသော (KNU Workshop) သည်၊ အပစ်အခတ် ရပ်စဲရေး လုပ်သင့်မလုပ်သင့် ဆွေးနွေးရန်နှင့် ကေအန်ယူ၏ အနာဂတ် နိုင်ငံရေး လုပ်ငန်းလမ်းစဉ်များကို ကရင်ပြည်သူထံမှ တောင်းဆိုနေခြင်းဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည်၊ (၁၉၉၀) ခုနှစ်မှ (၂၀၀၀) ခုနှစ်ကြား ၌ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး အတွက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။ သို့သော် ဤအထဲ၌ ကေအန်ယူသည်၊ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မလုပ်ခဲ့ ဘူးသည့် တခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။
ဤအကြိမ်၌မူ ကေအန်ယူသည်၊ မလွဲမရှောင်သာ အပစ်အခတ် ရပ်စဲရတော့မည်ဟု အတိုင်အခံနိုင်ငံရေး သမားများက သုံး သပ်နေသလို ကရင်နိုင်ငံရေး သမားတချို့ကလည်း လက်ခံခဲ့ပါသည်။ ကေအန်ယူ ဇန္နာဝါရီလ (၁၂)ရက်နေ့မှ နောက် (၄၅) ရက်အတွင်း (ဖေဖေါ်ဝါရိလကုန်)၌ အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် နောက်ထပ်ဆွေးနွေး ရမည်ဖြစ်ပါသည်။
ကြံ့ဖွံ့ အစိုးရတပ် မှိုင်းနှင်း သေဆုံး ဒဏ်ရာ
-------------------------------------------------
ရိက္ခာပို့၊ တပ်အင်အားတိုးလာသည့်ကြံ့ ဖွံ့  အစိုးရတပ်များ မိုင်းထိမှန်၍ သေဆုံးဒဏ်ရာရ
ဖေဖော်ဝါရီလ ၂ရက်၊ ၂၀၁၂။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် သံတောင်မြို့နယ်၊ ဘောဂလိဒေသ၌ ယခုရက်ပိုင်းအတွင်း ရိက္ခာပို့ဆောင်ပြီး တပ်အင်အား တိုးချဲ့လာသည့် မြန် မာအစိုးရတပ်များသည် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံတပ်များ၏ မြေမြုပ်မိုင်းထိ၍ ၆ဦး သေဆုံးပြီး ၇ဦး ဒဏ် ရာရရှိခဲ့သည်ဟု သိရသည်။ယခင်လ ဇန်န၀ါရီ ၂၉ရက်နေ့က ဘောဂလိဒေသတွင် တပ်အင်အားတိုးချဲ့၍ ရိက္ခာပို့နေသော အစိုးရတပ် တပ်မ(၆၆) လက် အောက်ခံ ခလရ(၈၀)တပ်ရင်းသည် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၏ မိုင်းနှင့် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း KNU တောင်ငူခရိုင်၊ တပ်မဟာ(၂)မှ စစ်ဖက်ဆိုင်ရာ သတင်းအရ သိရသည်။KNU တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ကာလမှာ ပြဿနာ မဖြစ်အောင် နှစ်ဦးနှစ် ဖက် ထိန်းသိမ်းတာပဲ။ ဒါပေမယ့် အဲဒီဒေသက မိုင်းဟောင်းတွေ ရှင်းလင်းရသေးတာ မဟုတ်ဘူး။ သူတို့ကိုလည်း သွားလာတာလုပ် ရင် လမ်းမကြီးအတိုင်းပဲ သွားဖို့ပြောထားတယ်။ လမ်းမကြီးအတိုင်း မသွားတော့ မိုင်းထိတာပေါ့။”ဟု ပြောဆိုသည်။မိုင်းထိ၍ သေဆုံးသွားသည့် မြန်မာစစ်တပ်များထဲတွင် ခလရ(၈၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးမင်းသန့်လည်း ပါဝင်သည်ဟု KNU ဘက်က ပြောသည်။မြန်မာအစိုးရသည် KNU နှင့် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိခဲ့သော်လည်း KNU ထိန်း ချုပ်နယ်မြေများအတွင်း တပ်အင်အားများ တိုးချဲ့လာသကဲ့သို့ ရိက္ခာများ ပိုမို ပို့ဆောင်လာစဉ် ယခုလို မြေမြုပ်မိုင်း ထိမှန်ခဲ့ခြင်း ဖြစ်သည်။ဘောဂလိရွာသား ကရင်အမျိုးသားတစ်ဦးက “ဗမာစစ်တပ်က လမ်းမပေါ်ကနေ မသွားဘဲ ရွာထဲ၊ တောထဲတွေက လိုက်သွားတော့ ကျနော်တို့ရွာသားတွေလည်း ခြံထဲမသွားရဲ၊ အပြင်မထွက်ရဲဘဲ ကြောက်နေကြတယ်လေ။”ဟု ဖေဖော်ဝါရီလ ၄ရက်နေ့က ကေအိုင် စီသို့ ပြောသည်။ထို့အပြင် အင်အားတိုးချဲ့နေသည့် အစိုးရတပ်သည် တောင်ငူမှတဆင့် ဘောဂလိဒေသကို ဖြတ်ကာ ၎င်းတို့ တပ်စခန်းရှိရာ ဘူဆာ ခီးသို့ ရိက္ခာပို့ဆောင်ရန် ထိုဒေသရှိ ဘောဂလိရွာသားများကို လုပ်အားပေး ခေါ်ယူခိုင်းစေလျှက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။မြန်မာအစိုးရနှင့် KNU တို့ ဇန်န၀ါရီလ ၁၂ရက်နေ့က ပဏာမ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ရေးထိုးမှုနောက် ပိုင်းမှ ယခုအချိန်ထိ KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် တပ်မဟာ(၁)၊ (၂)၊ (၃)၊ (၅)နှင့် (၆)တို့တွင် မြန်မာစစ်တပ်ဘက်မှ ရိက္ခာ နှင့် တပ်အင်အားများကို တိုးချဲ့လျှက်ရှိသည်။
Sunday, February 5, 2012
ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာဝါးသင်္ခ တွင်သန်းခေါင်စားရင်းဝင်
ရန်ကုန် (မဇ္ဈိမ)။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက မဇ္ဈိမကို ပြောသည်။
သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေသည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
“ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့
ပြင်ဆင်နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီက သန်းခေါင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။
“ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်” ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။
ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု ပြောဆိုခဲ့သည်။
ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။
Friday, February 3, 2012
ကရင်ပြည်တွင် ဗမာစစ်တပ်တစ်ချို့  အင်အားလျှော့ချ
ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့် ဇန္နာဝါရီလ အတွင်း၊ ကေအန်ယူ တပ်မဟာ (၆) နယ်မြေရှိ အစိုးရ၏ ရှေ့တန်း တပ်စခန်း တချို့နှင့် တပ်ဖွဲ့များ လျှော့ချခဲ့ပါသည်။ အထူးသဖြင့် ကေအန်ယူ တပ်မဟာ (၆) ဧရိယာ၌ လှုပ်ရှားနေသော ရခိုင်ပြည်နယ် အခြေ စိုက်အမှတ် (၅) စစ်ဆင် ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) နည်းဗျူ(၁)မှ ခမရ (၅၆၃)တပ်ဖွဲ့သည်၊ ကရင်ပြည်နယ်၊ကြာ အင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးမြို့ နယ်ခွဲရှိ မဲကသကျေးရွာ စခန်းမှ တပ်ရုပ် သိမ်းခဲ့ ပါသည်။အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံဗျူဟာစခန်း၌ အခြေချနေသော စကခ (၅) တပ်ဖွဲ့များသည်၊ နည်းဗျူဟာ (၂) တခုလုံး တပ်ပြောင်းသွားပြီး၊ ၄င်းအစား စကခ(၁၉) လက်ခံတပ်များနှင့် အရေအတွက်လျှော့ပြီး အစားထိုးခဲ့ပါသည်။ မြ၀တီ ဝေါလေဒေသနှင့် ဆုံစည်းမြိုင်ဒေသရှိ (စကခ ၅) တပ်ဖွဲ့များကိုလည်း လျော့ချခဲ့ပါသည်။ တနည်းပြောရရင် စကခ(၅) တပ် ဖွဲ့အားလုံးနေရာတွင် စကခ(၁၉) အင်အားအနည်းငယ်ဖြင့် အစားထိုးထားခြင်းဖြစ်ပါသည်။ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တောင်စွန်း၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ထီးပိုးသံ၊ အဇင်း၊ အုန်းခြံ၊ သပြုမိုင်း၊ ထီလိပ်ပါ စသည့် စ ခန်းထိုင်တပ်များသာ ထားရှိပြီး၊ ကျန်လှုပ်ရှားတပ်အားလုံးကို လျှော့ချလိုက်ခြင်းဖြစ်သည်ဟု ကေအန်ယူတပ်မဟာ(၆)မှ အ ရာရှိတဦးကပြောပါသည်။(ဓါတ်ပုံ - အင်တာနက်)“ အရင်တုန်းကတော့ ဥပမာ တောင်ဝိုင်းနဲ့ ကျိုက်ဒုံဟာ အဝေးကြီးလေ၊ အဲဒီကြားမှာရှိတဲ့ ၀င်းလုံ မဲတခရဲ့ တောင် ၀ိုင်းကျေးရွာတွေမှာ အစိုးရရဲ့ လှုပ်ရှားတပ်တွေ ရှိတယ်လေ။ တကြောင်းနှစ်ကြောင်းပေါ့။ အခုတော့ ဘာမှမထားတော့ဘူး။ စကခ(၅)ကို ပြန်ခိုင်းတယ် စကခ (၁၉)ကိုအစားထိုးတယ်။ အစားထိုးတာကလည်း စခန်းထိုင်လောက်ဘဲထိုးတော့တယ်”ဟု ကေအန်ယူအရာရှိက ပြောသွားခြင်း ဖြစ်ပါသည်။ဒီကေဘီအေနှင့် ကေအန်ယူတို့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးပြီးနောက်ပိုင်း နယ်စပ်ရှိအစိုးရလှုပ်ရှားတပ်များ လျှော့ ချနေခဲ့ပါသည်။ ဘုရားသုံးဆူဒေသရှိ အစိုးရလှုပ်ရှားတပ်များလည်း မြို့ပေါ်စခန်းထိုင် တပ်များနှင့် အောက်ပို့တပ်တချို့သာ ရှိတော့သည်ဟု ကေအန်ယူနှင့် မွန်ပြည်သစ်ပါတီတပ်များထံမှ သိရပါသည်။
Thursday, February 2, 2012
ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ဆိုင်း
By သားညွန့်ဦး ၀ါရှင်တန် ဒီစီ
ဖေဖ၀ါရီလ ၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”
ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ
“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”
“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့ ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့ အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။ ၀န်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ အဖြေထွက်မလာဘူးဗျ။”
“ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့ ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို ပြောင်းလိုက်တာပဲ။”
အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။
“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။”
သက်ဆိုင်ရာအာဏာပိုင်တွေဖက်က ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။
“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန် စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။ ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်ဗျ။”
ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့ ကြိုးစားဖို့ ရှိပါလား။
“အဲဒါ ဥက္ကဌကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့ ပြောပါတယ်။ ရက်က အတိအကျ မပြောနိုင်သေးပါဘူး”
ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊ ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။
Tuesday, January 31, 2012
KNDO သီချင်း စောဘအေးရေးသည်
ခြောက်ဆယ့်သုံး(၆၃) နှစ်မြောက် ကရင်တော်လှန်ရေးနေ့သို့အမှတ်တရ
------------------------------------------------------------------------------
ကိုဇာဂနာ ရဲ့ Blog ထဲကနေ လွန်ခဲ့တဲ့ သုံးနှစ်လေါက်တုန်းက ဒီသီချင်းလေးကိုဖတ်ခဲ့ဖူးပါတယ် အဲဒါစာမျက်နှာတစ်ရွက်ချင်းဆီလှန်ပြီးပြန်ရှာယူရတယ်
ကိုဇာဂနာဗိုချုပ်အောင်ဆန်းဇါတ်ညွှန်းရေးယင်းဒီသီချင်းကို တွေရှိခဲ့လို့ တင်လိုက်တယ်ထင်ပါတယ်
ကရင်တွေအတွက်တော့ အထူးသဖြင့် ငြိမ်းချမ်းရေးစိတ်ကူးရှင်တွေ သတိထားနိုင်ရန်အတွက်တစ်ခေတ်တချိန်
က သမိုင်းတစ်ခုကိုပြန်လည်အမှတ်ရစေလို့ ပါ မှတ်တမ်းတစ်ခုကို KNDO စောဘအေးက ရေးစပ်သီကုံးပြီးမှတ်တမ်းတင်ခဲ့တာပါ
ကရင်လူမျိုးအတွက်တန်ဘိုးရှိတဲ့မှတ်တမ်းသီချင်းလေးကိုရှာမွေဖေါ်ထုတ်ပေးခဲ့တဲ့ကိုကြီး ဇာဂနာအား ကရင်အမျိုးကားတစ်ယေါက်အနေနဲ့ အထူးကျေးဇူးတင်ရှိပါတယ်။
------------------------------------------------------------------------------------------------------------------
Sunday, March 23, 2008ကေအင်ဒီအို သီချင်း (ဇာဂနာ)
ဗိုလ်ချုပ် ဇာတ်ညွှန်း နဲ့တော့ မဆိုင်ပါဖူး။ဒါပေမဲ့သမိုင်းမှာ ဒီလို သီချင်းမျိုးပေါ်ပေါက်ခဲ့ဖူးတယ် ဆိုတာတော့မှတ်တမ်းလေးတင်ထားချင်လို့ပါ။ကေအင်ဒီအို စောဘအေး ရေးခဲ့တာပါတဲ့။ဖတ်ကြည့်ပါခင်ဗျာ။
ပြည်ထောင်စုရယ် မောင်ရင်နု ရယ် ဆိုရှယ်လစ်ရယ် ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ
ယုတ်မာလွန်းလှတယ် တာရှည်ဝါးရင် ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ
်ပြေစီဝေးဖို့ကွယ် မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေး မှာသီးခြားတည်တော့မယ်။ခေါင်းဆောင် အောင်ဆန်းတို့နဲ့ တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။ကိုယ့်ဗမာ ကိုယ်ချင်းသတ်ကာ မင်းအာဏာ လုတဲ့ပါတီရယ် အော် ဖား ဖား ချင်း ငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ် လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ သိန်းသန်း ကုဋေကျော်တယ် ပုဒ်မ(၅)နဲ့အမျိုးမျိုးဖိနှိပ်ချုပ်ချယ်
ပါတီ ရန်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ ပါတယ် အော် အနီရောင် လွှမ်းတဲ့လက်ဝဲအစိုးရရယ် ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင် သတ်ချင်လွန်းလို့ရယ် ယုတ်မာပါပေတယ်စောဘဦးမှ ရွေးလို့သတ်လိုက်တယ်။သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် နေရောင
်မပေါ်မီဝယ် အမိုက်မှောင် ဒုက္ခတွေ့တယ်သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ်
တို့လက်နက်ကို အသက်ပေးလို့ရယ် တို့လက်နက်ကိုလိုချင်ရင်ကွယ် ဟေ့ အသက်နဲ့လဲမယ်
ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ ကော်သူးလေး ပြည်နယ် တို့လူမျိုးတွေ ရှေး၇ိုးအစဉ်အလာ ကိုယ့်ဝါဒ ကိုယ်သိရအောင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။
လူရွင်တော် ဇာဂနာ ပြန်လည်ရှာဖွေဖေါ်ထုတ်သည်။
Friday, January 27, 2012
မန်းငြိမ်းမောင်ကို စွဲချက်များ ထပ်တင်
မန်းငြိမ်းမောင်ကို စွဲချက်များ ထပ်တင်
By featured, ဇာနည်မာန် on January 27, 2012 6:38 pm in သတင်း / 24 comments, Hits: 8,252
ထိန်းသိမ်းခံထားရသော ကရင်အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်ကို သေဒဏ် သို့မဟုတ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့် အမှုဖြင့် စွဲချက် ထပ်မံတင်ထားကြောင်း ရှေ့နေက ပြောသည်။
ပဒိုမန်းငြိမ်းမောင်
ယခင်စွဲဆိုထားသည့် ပုဒ်မ များအပြင် နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်မှုတွင် ပါဝင်ကျူးလွန်သည့်အမှု ပုဒ်မ ၁၂၂(၁) နှင့် စွဲချက်တင်ထားသည်ဖြစ်ရာ တရားရင်ဆိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် တရားသူကြီးက ညွှန်ကြားလိုက်သည်ဟု ဆိုသည်။
“မန်းငြိမ်းမောင်က ရှေ့နေမငှားဘူး၊ မခုခံဘူး၊ ဆုံးဖြတ်သလို လိုက်နာမယ်ပြောတာ။ ဒါပေမယ့် ၁၂၂ (၁) က သေဒဏ်ကနေ တသက် တကျွန်းအထိ ချမှတ်နိုင်တာဖြစ်လို့ နိုင်ငံတော်ကနေ ရှေ့နေ ငှားပေးလိုက်တာ။ မတရားအသင်း ၁၇(၁) ကတော့၂နှစ် ကနေ ၃ နှစ်ချမှတ်နိုင်တယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ကနဦးချမှတ်ထားသည့် ထောင်ဒဏ် ၆ လ ကျခံပြီးနောက် လွတ်မြောက်ရမည်ဖြစ်သော်လည်း KNU ခေါင်းဆောင်တဦးမှန်း သိသွားချိန်တွင် ပြန်မလွှတ်ပေးဘဲ ၎င်းရင်ဆိုင်နေရသည့် အမှုများကို မေ့ထားရန်၊ KNU နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အကြံ ဉာဏ် များပေးရန်၊ ပူးပေါင်းကူညီရန် အာဏာပိုင်များက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည်ဟု ဆိုသည်။
ရှေ့နေက“သတင်းတွေမှာပါလာတော့ မန်းငြိမ်းမောင်မှန်း သိသွားပြီး ဒီအချိန်မှာ ငြိမ်းချမ်းရေးကိစ္စလုပ်နေတော့၊ ဒီမှာရှိနေတာ ကောင်း တယ်။ ဒီအမှုကိစ္စတွေကို မေ့ထားလိုက်ပါ။ ဆရာက KNU ဗဟိုကော်မတီ တယောက်အနေနဲ့ ငြိမ်းချမ်းရေးရအောင် ဘယ်လို လုပ်ပေးနိုင်လဲ ဆိုပြီးတော့ ကူညီပါ၊ ငြိမ်းချမ်းရေးအတွက်သာ အာရုံစိုက်ပါလို့ ပြောလို့ KNU နဲ့ ဆွေးနွေးဖို့တွေ တတ်နိုင်သမျှ သူ အကူအညီ ပေးခဲ့တယ်လို့ ပြောတယ်”ဟု ဆိုသည်။
ဇန်န၀ါရီ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့၌ KNU နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံရာတွင် ပဒိုမန်းငြိမ်းမောင်အပါအ၀င် အကျဉ်း ကျ ခံနေရသည့် KNU နှင့် ပတ်သက်နေသူများကို လွှတ်ပေးရေးကို ထည့်သွင်းပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး အတွက် ဆက်လက်ဆွေးနွေးသွားရန် ပဏာမသဘောတူညီမှုများ ပြုခဲ့သည်။ ထို့နောက်တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က ပဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။
ယခုကဲ့သို့ စွဲချက်တင်လိုက်ခြင်းအပေါ် အထူးအံ့အားသင့်၍ စိတ်မကောင်းဖြစ်မိကြောင်း၊ အစိုးရက လက်ရှိလုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောဆိုသည်ဟု ရှေ့နေကဆိုသည်။
“သူ့ကို၊ သူ့အဖွဲ့အစည်းကို ကတိပေးပြီးမှ ဒီလိုလုပ်တာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ပြောလိုက်တယ်။ တိုင်းရင်းသားတွေဟာ မြန်မာ အစိုးရ အဆက်ဆက်ကို သံသယတွေ အများကြီးရှိခဲ့တယ်၊ ဒီလိုလုပ်လိုက်တာ သံသယတွေ ပိုတိုးပြီး ရှေ့လုပ်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မယုံသင်္ကာပိုဖြစ်ပြီး အခက်အခဲတွေဖြစ်သွားမှာကို စိုးရိမ်တယ်လို့ ပြောလိုက်တယ်”ဟုလည်း ရှေ့နေက ပြော သည်။
KNU ဒု ဥက္ကဌ ပဒို စောဒေးဗစ်သာကပေါ် ကလည်း အစိုးရ၏ အပြုအမူသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် မကောင်းသော လုပ်ဆောင်မှုဖြစ်သည်ဟု ဝေဖန် ပြောဆိုသည်။
၎င်းက“ဒီလိုလုပ်တာ မကောင်းတဲ့ လုပ်ဆောင်မှုလို့ ကျနော်မြင်ပါတယ်။ တဖက်က ငြိမ်းချမ်းရေးဆိုပြီး သဲကြီးမဲကြီး လုပ်နေပြီးတော့ ပဏာမ ဆိုင်းထိုးတာတွေရှိနေသည့်တိုင်၊ လွှတ်ပေးမယ်ဆိုပြီး မလွှတ်သေးဘဲ ဒီလိုစွဲချက်တွေ ထပ်လုပ်နေတယ်ဆိုတော့ ကျနော် တို့ အများကြီး စဉ်းစားနေရပါတယ်။ ပဒို မန်းငြိမ်းမောင်အပါအ၀င် ၆၉ ယောက်ရှိတယ် ကျနော်တို့ဘက်က။ ဒါနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီးပြောရ ဦးမှာပဲ”ဟု ဆိုသည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ထားရာမှ ပြီးခဲ့သည့် ၂၀၁၁ ခု ဒီဇင်ဘာအတွင်း ၁၇ နှစ် ပြောင်းလဲ ချမှတ်ခံထားရသည်။
KNU ဗဟို ကော်မတီဝင်နှင့် တခြားသော တိုင်းရင်းသားတပ်ဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC) ကော်မတီဝင် တဦးလည်းဖြစ်သည့် မန်းငြိမ်းမောင်သည် မြန်မာပြည်ရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း များတွင် နှစ်ကြာရှည် ထိန်းသိမ်းခံခဲ့ရဖူးသူလည်း ဖြစ်သည်။
ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ထိန်းသိမ်းခံနေရချိန် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာ ငတ်ခံ ဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့သည်။
ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့ခြင်း၊ ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း စသည့် သူ၏အတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။
Tuesday, January 24, 2012
ဒိုမန်းငြိမ်းမောင် လွတ်မြောက်လာရန် KNU မှ ထပ်မံတောင်းဆိုသွားမ
ဇန်န၀ါရီလ ၂၄ရက်၊ ၂၀၁၂။ နန်းသူးလေ (ကေအိုင်စီ)
အစိုးရ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီ ၀င်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင် ပြန်လည်လွတ်မြောက်လာရေးအတွက် ဆက်လက် တောင်းဆိုသွားမည်ဟု KNU က ပြောသည်။
KNU ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက “သူ လွတ်မြောက်ဖို့အတွက် တော့ အစိုးရနဲ့ နောက်တကြိမ် ထပ်တွေ့တဲ့အခါမှာ တောင်းဆိုသွားမှာပါ”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် ပဒိုမန်းငြိမ်းမောင် အရေးကိစ္စ တိတိကျကျ မသိရှိရသေးသည့်အပြင် စီရင်ချက်ချမှုနှင့် ပတ်သက်၍ လည်း သေချာစွာ မသိရှိရသေးကြောင်း ပဒိုစောဒေးဗစ်ထောက ဆက်လက် ပြောဆိုသွားသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခဲ့သော် လည်း ပဒိုမန်းငြိမ်းမောင်မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိခဲ့ပေ။
ထို့အပြင် ပဒိုမန်းငြိမ်းမောင် မလွတ်မြောက်သေးသည့်အတွက် အစိုးရနှင့် လက်မှတ်ထိုးပြီးနောက် ၄၅ရက်အတွင်း ထပ်မံ တွေ့ ဆုံမည့် ဆွေးနွေးပွဲတွင် ပဒိုမန်းငြိမ်းမောင်အရေး အပါအ၀င် တောင်းဆိုဆွေးနွေးမည့် အကြောင်းအရာများကို ပြင်ဆင်နေပြီဟု ပဒိုစောဒေးဗစ်ထောက ယခုလို ပြောသည်။
“အဖွဲ့အစည်းအတွက် အလုပ်လုပ်နေတဲ့သူပဲ တောင်းရမှာပေါ့။ သူနဲ့တင် မကပါဘူး။ တို့တွေကို ထမင်းကျွေးလို့ အဖမ်းခံရတဲ့ လူတွေ၊ အထုပ်ထမ်းလို့ အဖမ်းခံရတဲ့လူတွေ၊ ရေတိုက်လို့ အဖမ်းခံရတဲ့လူတွေပါ လွတ်အောင် တောင်းရလိမ့်မယ်”ဟု ပြော သည်။
လာမည့်အပတ်တွင် ပဒိုမန်းငြိမ်းမောင်အား ရုံးထုတ်စစ်ဆေးရာ၌ ရှေ့နေခေါ်ယူသွားပေးမည်ဟုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်ဟောင်းဖြစ်သူ ကရင်အမျိုးသမီး နော်အုန်းလှကလည်း ယမန်နေ့က ကေအိုင်စီသို့ ပြောဆိုသွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့က မဟာမိတ်အဖွဲ့အချို့နှင့် သွားရောက်တွေ့ဆုံရန် ထိုင်းနိုင်ငံမှတဆင့် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပျောက်ဆုံးသွားခဲ့သူ ပဒိုမန်းငြိမ်းမောင်သည် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရ ကာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ စသည်ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၇နှစ် အကျဉ်းကျခံနေရသည်။
ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တွင် ဗဟိုကော်မတီဝင်တဦးဖြစ်သည့်အပြင် KNU အပါအ၀င် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။
Sunday, January 22, 2012
ကေအန်ယူ ထိမ်းချုပ်နယ်မြေမှ ထွက်သော သတ္တုများ အ၀ယ်လိုက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကေအန်ယူတပ်မဟာ(၆) ဧရိယာအတွင်း ထုတ်လုပ်နေသော သတ္တုမိုင်းများ အ၀ယ်လိုက်နေသည်ဟု ကေအန်ယူ တပ်မဟာ (၆) ခရိုင်သတ္တု တူးဖေါ်ရေး အရာရှိတဦးကပြောပါသည်။ အရင်က သတ္တုတူးဖေါ်ရေးကုမ္မဏီ (၄)ခု ရှိရာမှ ယခုအချိန်တွင် ကုမ္မဏီ (၈) ခုထက်မနဲရှိလာသည်ဟု ဆိုပါသည်။
ရောင်းဝယ်ရာတွင်လည်း အရင်ကထိုင်း ကုမ္မဏီများကသာ ၀ယ်ယူလေ့ရှိသော်လည်း ယခုမူ တရုတ် ကုမ္မဏီများက ဈေးကောင်းပေးပြီး ကြာအင်းဆိပ်ကြီးမြို့၌ပင် ၀ယ်ယူနေကြောင်းသိရပါသည်။ သို့သော် ထိုင်းနိုင်ငံ န၀ရတ် ကုမ္မဏီ (KA)ကလည်း နှစ်ပေါင်းများစွာ တူးဖေါ်နေဆဲဖြစ်ပါသည်။ ထွက်ရှိနေသည့် သတ္တုများမှာ ခနောက်စိမ်းသည် အများစု ဖြစ်ပြီး တချို့မိုင်းတွင်း၌ သံဖြူနှင့်သွပ်များ ထွက်ရှိပါသည်။
သတ္တုမိုင်းများမှာ၊ သပြုမိုင်း၊သည်အကြီးဆုံးဖြစ်ပြီး နှစ်စဉ် တန်ချိန်တထောင်ကျော် ထွက်ရှိပါသည်။ ကျန်မိုင်းများမှာ ထီးထာဘော၊ နို့ခူးထီး၊ ခေါရဝေါ (ခ) ခွန္န၀ါ၊ မယ်ပညား၊ ကလေါ်ဝေါ၊ မက္ကသ၊ မိုင်းတွင်းများဖြစ်ပါသည်။ အလားတူ တပိုင်တနိုင် လက်ယက်တွင်းများလည်း ရှိပါသည်။
မိုင်းတွင်း ကုမ္မဏီများသည်၊ တရားဝင်ရေးအတွက် အစိုးရမှ ခွင့်ပြုချက်ပါမစ်များ ရယူရမည်ဖြစ်သလို၊ KNU ထိမ်းချုပ် မှုအောက်ရှိနေသည့်အတွက် ကေအန်ယူ၏ မိုင်းတူးခွင့်ရရေးလည်း မဖြစ်မနေတူးခွင့်လိုင်စင်များ ရယူရပါသည်။ ကေ အန်ယူ၏ သတ္တုတူးဖေါ်ခွင့် ရရှိရေးစည်းကမ်းချက်များမှာ -
(က) CA (Certificate Area) ခွင့်ပြုချက်ရရှိရန်။
(ခ) PL (prosping Lesson) နှစ်ရှည်လုပ်ပိုင်ခွင့်လိုင်စင်။
(ဂ) ML (Mining Lesson) စမ်းသပ်တူးဖေါ်ခွင့်လိုင်စင်။ ဟူ၍အဆင့်သုံးဆင့်ရှိပါသည်။
(ဓါတ်ပုံ - အင်တာနက်)
ဤသတ်မှတ်ချက်နှင့်အညီ သက်တမ်း(၃)နှစ်တကြိမ်ဖြစ်ပြီး သက်တမ်းပြည့်လျှင် ခွင့်ပြုချက် ပြန်လည်လျှောက်ထား ရပါသည်။ သပြုမိုင်းသည် ခနောက်စိမ်း အထွက်ကောင်းသည့်အတွက် တရုပ်နှင့် ထိုင်းကုမ္မဏီများ အပြိုင်ဝယ်ယူနေ ကြပါသည်။ ခနောက်စိမ်းသည် နယ်စပ်ပေါက်ဈေးအရ တတန်လျှင် ထိုင်းဘတ်ငွေ (၃)သောင်းဝန်းကျင် ရှိနေပါသည်။
မတ္တသမိုင်းမန်နေဂျာဦးမြအေးက "ကျနော်တို့ မက္ကသမိုင်းကတော့ စတင်တွေ့ရှိခဲ့တာတော့ ကြာပြီး စတင်လုပ်လာတာတော့ ဒီ ၂၀၁၀ ခုနှစ်ကပေါ့ ၂၀၁၃ ခုနှစ်ရောက်ရင် သက်တမ်းပြန်တိုးရမယ် ပြီးတော့ ခနောက်စိမ်း၏ ကျောက်ကန့်နံပါတ် ၁ ဆိုရင် တတန်ကို ထိုင်းဘတ် ၃ သောင်းကျော် ၊ နံပါတ်နှစ်ကတော့ နှစ်သောင်းမှ ၃ သောင်းဝန်းကျင် ၊ကျောက်သား သက်သက်ဆိုရင် တတန်ကို ၅ သောင်းကနေ ၆ သောင်းထိရှိတယ် ။ ဒါကို ကျနော်တို့က မတ်အောင်သ သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်နှင် အောင်မြင်သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်ကနေ ရောင်းချပေးတယ်။ အလုပ်သမားကိုတော့ ကျနော်တို့ တန်စားပေးပါတယ် " လို့ဆိုပါသည်။
တရုတ်ကုမ္မဏီများ သည် ဤဒေသမှ ထွက်ရှိသော သတ္တုမိုင်းများကို ယခင်နှစ်ကထက် ပိုမိုဝယ်ယူလာကြပါသည်၊ ယခင်နှစ်များတွင်မူ ထိုင်းနိုင်ငံ၏ကုမ္မဏီများကသာ ၀ယ်ယူကြသဖြင့် ဈေးနှိမ်မှုများရှိသည်ဟု ကုမ္မဏီများကဆိုပါ သည်။

