ထာခေါဟ်ဆ်ုလ်ုပုဂ်ယိုဝ် ယ်ုမာဏေ၀်. လ်ု မူ.ယင့်ဖါန် အှ်အိုဝ်ဆေ၀်.လှ်
Sunday, February 5, 2012
ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာဝါးသင်္ခ တွင်သန်းခေါင်စားရင်းဝင်
ရန်ကုန် (မဇ္ဈိမ)။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက မဇ္ဈိမကို ပြောသည်။
သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေသည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
“ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့
ပြင်ဆင်နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီက သန်းခေါင်စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။
“ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်” ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။
ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု ပြောဆိုခဲ့သည်။
ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။
Friday, February 3, 2012
ကရင်ပြည်တွင် ဗမာစစ်တပ်တစ်ချို့  အင်အားလျှော့ချ
ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့် ဇန္နာဝါရီလ အတွင်း၊ ကေအန်ယူ တပ်မဟာ (၆) နယ်မြေရှိ အစိုးရ၏ ရှေ့တန်း တပ်စခန်း တချို့နှင့် တပ်ဖွဲ့များ လျှော့ချခဲ့ပါသည်။ အထူးသဖြင့် ကေအန်ယူ တပ်မဟာ (၆) ဧရိယာ၌ လှုပ်ရှားနေသော ရခိုင်ပြည်နယ် အခြေ စိုက်အမှတ် (၅) စစ်ဆင် ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) နည်းဗျူ(၁)မှ ခမရ (၅၆၃)တပ်ဖွဲ့သည်၊ ကရင်ပြည်နယ်၊ကြာ အင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးမြို့ နယ်ခွဲရှိ မဲကသကျေးရွာ စခန်းမှ တပ်ရုပ် သိမ်းခဲ့ ပါသည်။အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံဗျူဟာစခန်း၌ အခြေချနေသော စကခ (၅) တပ်ဖွဲ့များသည်၊ နည်းဗျူဟာ (၂) တခုလုံး တပ်ပြောင်းသွားပြီး၊ ၄င်းအစား စကခ(၁၉) လက်ခံတပ်များနှင့် အရေအတွက်လျှော့ပြီး အစားထိုးခဲ့ပါသည်။ မြ၀တီ ဝေါလေဒေသနှင့် ဆုံစည်းမြိုင်ဒေသရှိ (စကခ ၅) တပ်ဖွဲ့များကိုလည်း လျော့ချခဲ့ပါသည်။ တနည်းပြောရရင် စကခ(၅) တပ် ဖွဲ့အားလုံးနေရာတွင် စကခ(၁၉) အင်အားအနည်းငယ်ဖြင့် အစားထိုးထားခြင်းဖြစ်ပါသည်။ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တောင်စွန်း၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ထီးပိုးသံ၊ အဇင်း၊ အုန်းခြံ၊ သပြုမိုင်း၊ ထီလိပ်ပါ စသည့် စ ခန်းထိုင်တပ်များသာ ထားရှိပြီး၊ ကျန်လှုပ်ရှားတပ်အားလုံးကို လျှော့ချလိုက်ခြင်းဖြစ်သည်ဟု ကေအန်ယူတပ်မဟာ(၆)မှ အ ရာရှိတဦးကပြောပါသည်။(ဓါတ်ပုံ - အင်တာနက်)“ အရင်တုန်းကတော့ ဥပမာ တောင်ဝိုင်းနဲ့ ကျိုက်ဒုံဟာ အဝေးကြီးလေ၊ အဲဒီကြားမှာရှိတဲ့ ၀င်းလုံ မဲတခရဲ့ တောင် ၀ိုင်းကျေးရွာတွေမှာ အစိုးရရဲ့ လှုပ်ရှားတပ်တွေ ရှိတယ်လေ။ တကြောင်းနှစ်ကြောင်းပေါ့။ အခုတော့ ဘာမှမထားတော့ဘူး။ စကခ(၅)ကို ပြန်ခိုင်းတယ် စကခ (၁၉)ကိုအစားထိုးတယ်။ အစားထိုးတာကလည်း စခန်းထိုင်လောက်ဘဲထိုးတော့တယ်”ဟု ကေအန်ယူအရာရှိက ပြောသွားခြင်း ဖြစ်ပါသည်။ဒီကေဘီအေနှင့် ကေအန်ယူတို့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးပြီးနောက်ပိုင်း နယ်စပ်ရှိအစိုးရလှုပ်ရှားတပ်များ လျှော့ ချနေခဲ့ပါသည်။ ဘုရားသုံးဆူဒေသရှိ အစိုးရလှုပ်ရှားတပ်များလည်း မြို့ပေါ်စခန်းထိုင် တပ်များနှင့် အောက်ပို့တပ်တချို့သာ ရှိတော့သည်ဟု ကေအန်ယူနှင့် မွန်ပြည်သစ်ပါတီတပ်များထံမှ သိရပါသည်။
Thursday, February 2, 2012
ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ဆိုင်း
By သားညွန့်ဦး ၀ါရှင်တန် ဒီစီ
ဖေဖ၀ါရီလ ၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”
ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ
“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”
“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့ ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့ အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။ ၀န်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ အဖြေထွက်မလာဘူးဗျ။”
“ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့ ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို ပြောင်းလိုက်တာပဲ။”
အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။
“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။”
သက်ဆိုင်ရာအာဏာပိုင်တွေဖက်က ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။
“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန် စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။ ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်ဗျ။”
ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့ ကြိုးစားဖို့ ရှိပါလား။
“အဲဒါ ဥက္ကဌကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့ ပြောပါတယ်။ ရက်က အတိအကျ မပြောနိုင်သေးပါဘူး”
ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊ ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။
Tuesday, January 31, 2012
KNDO သီချင်း စောဘအေးရေးသည်
ခြောက်ဆယ့်သုံး(၆၃) နှစ်မြောက် ကရင်တော်လှန်ရေးနေ့သို့အမှတ်တရ
------------------------------------------------------------------------------
ကိုဇာဂနာ ရဲ့ Blog ထဲကနေ လွန်ခဲ့တဲ့ သုံးနှစ်လေါက်တုန်းက ဒီသီချင်းလေးကိုဖတ်ခဲ့ဖူးပါတယ် အဲဒါစာမျက်နှာတစ်ရွက်ချင်းဆီလှန်ပြီးပြန်ရှာယူရတယ်
ကိုဇာဂနာဗိုချုပ်အောင်ဆန်းဇါတ်ညွှန်းရေးယင်းဒီသီချင်းကို တွေရှိခဲ့လို့ တင်လိုက်တယ်ထင်ပါတယ်
ကရင်တွေအတွက်တော့ အထူးသဖြင့် ငြိမ်းချမ်းရေးစိတ်ကူးရှင်တွေ သတိထားနိုင်ရန်အတွက်တစ်ခေတ်တချိန်
က သမိုင်းတစ်ခုကိုပြန်လည်အမှတ်ရစေလို့ ပါ မှတ်တမ်းတစ်ခုကို KNDO စောဘအေးက ရေးစပ်သီကုံးပြီးမှတ်တမ်းတင်ခဲ့တာပါ
ကရင်လူမျိုးအတွက်တန်ဘိုးရှိတဲ့မှတ်တမ်းသီချင်းလေးကိုရှာမွေဖေါ်ထုတ်ပေးခဲ့တဲ့ကိုကြီး ဇာဂနာအား ကရင်အမျိုးကားတစ်ယေါက်အနေနဲ့ အထူးကျေးဇူးတင်ရှိပါတယ်။
------------------------------------------------------------------------------------------------------------------
Sunday, March 23, 2008ကေအင်ဒီအို သီချင်း (ဇာဂနာ)
ဗိုလ်ချုပ် ဇာတ်ညွှန်း နဲ့တော့ မဆိုင်ပါဖူး။ဒါပေမဲ့သမိုင်းမှာ ဒီလို သီချင်းမျိုးပေါ်ပေါက်ခဲ့ဖူးတယ် ဆိုတာတော့မှတ်တမ်းလေးတင်ထားချင်လို့ပါ။ကေအင်ဒီအို စောဘအေး ရေးခဲ့တာပါတဲ့။ဖတ်ကြည့်ပါခင်ဗျာ။
ပြည်ထောင်စုရယ် မောင်ရင်နု ရယ် ဆိုရှယ်လစ်ရယ် ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ
ယုတ်မာလွန်းလှတယ် တာရှည်ဝါးရင် ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ
်ပြေစီဝေးဖို့ကွယ် မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေး မှာသီးခြားတည်တော့မယ်။ခေါင်းဆောင် အောင်ဆန်းတို့နဲ့ တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။ကိုယ့်ဗမာ ကိုယ်ချင်းသတ်ကာ မင်းအာဏာ လုတဲ့ပါတီရယ် အော် ဖား ဖား ချင်း ငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ် လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ သိန်းသန်း ကုဋေကျော်တယ် ပုဒ်မ(၅)နဲ့အမျိုးမျိုးဖိနှိပ်ချုပ်ချယ်
ပါတီ ရန်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ ပါတယ် အော် အနီရောင် လွှမ်းတဲ့လက်ဝဲအစိုးရရယ် ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင် သတ်ချင်လွန်းလို့ရယ် ယုတ်မာပါပေတယ်စောဘဦးမှ ရွေးလို့သတ်လိုက်တယ်။သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် နေရောင
်မပေါ်မီဝယ် အမိုက်မှောင် ဒုက္ခတွေ့တယ်သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ်
တို့လက်နက်ကို အသက်ပေးလို့ရယ် တို့လက်နက်ကိုလိုချင်ရင်ကွယ် ဟေ့ အသက်နဲ့လဲမယ်
ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ ကော်သူးလေး ပြည်နယ် တို့လူမျိုးတွေ ရှေး၇ိုးအစဉ်အလာ ကိုယ့်ဝါဒ ကိုယ်သိရအောင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။
လူရွင်တော် ဇာဂနာ ပြန်လည်ရှာဖွေဖေါ်ထုတ်သည်။
Friday, January 27, 2012
မန်းငြိမ်းမောင်ကို စွဲချက်များ ထပ်တင်
မန်းငြိမ်းမောင်ကို စွဲချက်များ ထပ်တင်
By featured, ဇာနည်မာန် on January 27, 2012 6:38 pm in သတင်း / 24 comments, Hits: 8,252
ထိန်းသိမ်းခံထားရသော ကရင်အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်ကို သေဒဏ် သို့မဟုတ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့် အမှုဖြင့် စွဲချက် ထပ်မံတင်ထားကြောင်း ရှေ့နေက ပြောသည်။
ပဒိုမန်းငြိမ်းမောင်
ယခင်စွဲဆိုထားသည့် ပုဒ်မ များအပြင် နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်မှုတွင် ပါဝင်ကျူးလွန်သည့်အမှု ပုဒ်မ ၁၂၂(၁) နှင့် စွဲချက်တင်ထားသည်ဖြစ်ရာ တရားရင်ဆိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် တရားသူကြီးက ညွှန်ကြားလိုက်သည်ဟု ဆိုသည်။
“မန်းငြိမ်းမောင်က ရှေ့နေမငှားဘူး၊ မခုခံဘူး၊ ဆုံးဖြတ်သလို လိုက်နာမယ်ပြောတာ။ ဒါပေမယ့် ၁၂၂ (၁) က သေဒဏ်ကနေ တသက် တကျွန်းအထိ ချမှတ်နိုင်တာဖြစ်လို့ နိုင်ငံတော်ကနေ ရှေ့နေ ငှားပေးလိုက်တာ။ မတရားအသင်း ၁၇(၁) ကတော့၂နှစ် ကနေ ၃ နှစ်ချမှတ်နိုင်တယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ကနဦးချမှတ်ထားသည့် ထောင်ဒဏ် ၆ လ ကျခံပြီးနောက် လွတ်မြောက်ရမည်ဖြစ်သော်လည်း KNU ခေါင်းဆောင်တဦးမှန်း သိသွားချိန်တွင် ပြန်မလွှတ်ပေးဘဲ ၎င်းရင်ဆိုင်နေရသည့် အမှုများကို မေ့ထားရန်၊ KNU နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အကြံ ဉာဏ် များပေးရန်၊ ပူးပေါင်းကူညီရန် အာဏာပိုင်များက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည်ဟု ဆိုသည်။
ရှေ့နေက“သတင်းတွေမှာပါလာတော့ မန်းငြိမ်းမောင်မှန်း သိသွားပြီး ဒီအချိန်မှာ ငြိမ်းချမ်းရေးကိစ္စလုပ်နေတော့၊ ဒီမှာရှိနေတာ ကောင်း တယ်။ ဒီအမှုကိစ္စတွေကို မေ့ထားလိုက်ပါ။ ဆရာက KNU ဗဟိုကော်မတီ တယောက်အနေနဲ့ ငြိမ်းချမ်းရေးရအောင် ဘယ်လို လုပ်ပေးနိုင်လဲ ဆိုပြီးတော့ ကူညီပါ၊ ငြိမ်းချမ်းရေးအတွက်သာ အာရုံစိုက်ပါလို့ ပြောလို့ KNU နဲ့ ဆွေးနွေးဖို့တွေ တတ်နိုင်သမျှ သူ အကူအညီ ပေးခဲ့တယ်လို့ ပြောတယ်”ဟု ဆိုသည်။
ဇန်န၀ါရီ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့၌ KNU နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံရာတွင် ပဒိုမန်းငြိမ်းမောင်အပါအ၀င် အကျဉ်း ကျ ခံနေရသည့် KNU နှင့် ပတ်သက်နေသူများကို လွှတ်ပေးရေးကို ထည့်သွင်းပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး အတွက် ဆက်လက်ဆွေးနွေးသွားရန် ပဏာမသဘောတူညီမှုများ ပြုခဲ့သည်။ ထို့နောက်တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က ပဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။
ယခုကဲ့သို့ စွဲချက်တင်လိုက်ခြင်းအပေါ် အထူးအံ့အားသင့်၍ စိတ်မကောင်းဖြစ်မိကြောင်း၊ အစိုးရက လက်ရှိလုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောဆိုသည်ဟု ရှေ့နေကဆိုသည်။
“သူ့ကို၊ သူ့အဖွဲ့အစည်းကို ကတိပေးပြီးမှ ဒီလိုလုပ်တာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ပြောလိုက်တယ်။ တိုင်းရင်းသားတွေဟာ မြန်မာ အစိုးရ အဆက်ဆက်ကို သံသယတွေ အများကြီးရှိခဲ့တယ်၊ ဒီလိုလုပ်လိုက်တာ သံသယတွေ ပိုတိုးပြီး ရှေ့လုပ်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မယုံသင်္ကာပိုဖြစ်ပြီး အခက်အခဲတွေဖြစ်သွားမှာကို စိုးရိမ်တယ်လို့ ပြောလိုက်တယ်”ဟုလည်း ရှေ့နေက ပြော သည်။
KNU ဒု ဥက္ကဌ ပဒို စောဒေးဗစ်သာကပေါ် ကလည်း အစိုးရ၏ အပြုအမူသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် မကောင်းသော လုပ်ဆောင်မှုဖြစ်သည်ဟု ဝေဖန် ပြောဆိုသည်။
၎င်းက“ဒီလိုလုပ်တာ မကောင်းတဲ့ လုပ်ဆောင်မှုလို့ ကျနော်မြင်ပါတယ်။ တဖက်က ငြိမ်းချမ်းရေးဆိုပြီး သဲကြီးမဲကြီး လုပ်နေပြီးတော့ ပဏာမ ဆိုင်းထိုးတာတွေရှိနေသည့်တိုင်၊ လွှတ်ပေးမယ်ဆိုပြီး မလွှတ်သေးဘဲ ဒီလိုစွဲချက်တွေ ထပ်လုပ်နေတယ်ဆိုတော့ ကျနော် တို့ အများကြီး စဉ်းစားနေရပါတယ်။ ပဒို မန်းငြိမ်းမောင်အပါအ၀င် ၆၉ ယောက်ရှိတယ် ကျနော်တို့ဘက်က။ ဒါနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီးပြောရ ဦးမှာပဲ”ဟု ဆိုသည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ထားရာမှ ပြီးခဲ့သည့် ၂၀၁၁ ခု ဒီဇင်ဘာအတွင်း ၁၇ နှစ် ပြောင်းလဲ ချမှတ်ခံထားရသည်။
KNU ဗဟို ကော်မတီဝင်နှင့် တခြားသော တိုင်းရင်းသားတပ်ဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC) ကော်မတီဝင် တဦးလည်းဖြစ်သည့် မန်းငြိမ်းမောင်သည် မြန်မာပြည်ရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း များတွင် နှစ်ကြာရှည် ထိန်းသိမ်းခံခဲ့ရဖူးသူလည်း ဖြစ်သည်။
ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ထိန်းသိမ်းခံနေရချိန် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာ ငတ်ခံ ဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့သည်။
ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့ခြင်း၊ ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း စသည့် သူ၏အတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။
Tuesday, January 24, 2012
ဒိုမန်းငြိမ်းမောင် လွတ်မြောက်လာရန် KNU မှ ထပ်မံတောင်းဆိုသွားမ
ဇန်န၀ါရီလ ၂၄ရက်၊ ၂၀၁၂။ နန်းသူးလေ (ကေအိုင်စီ)
အစိုးရ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီ ၀င်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင် ပြန်လည်လွတ်မြောက်လာရေးအတွက် ဆက်လက် တောင်းဆိုသွားမည်ဟု KNU က ပြောသည်။
KNU ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက “သူ လွတ်မြောက်ဖို့အတွက် တော့ အစိုးရနဲ့ နောက်တကြိမ် ထပ်တွေ့တဲ့အခါမှာ တောင်းဆိုသွားမှာပါ”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် ပဒိုမန်းငြိမ်းမောင် အရေးကိစ္စ တိတိကျကျ မသိရှိရသေးသည့်အပြင် စီရင်ချက်ချမှုနှင့် ပတ်သက်၍ လည်း သေချာစွာ မသိရှိရသေးကြောင်း ပဒိုစောဒေးဗစ်ထောက ဆက်လက် ပြောဆိုသွားသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခဲ့သော် လည်း ပဒိုမန်းငြိမ်းမောင်မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိခဲ့ပေ။
ထို့အပြင် ပဒိုမန်းငြိမ်းမောင် မလွတ်မြောက်သေးသည့်အတွက် အစိုးရနှင့် လက်မှတ်ထိုးပြီးနောက် ၄၅ရက်အတွင်း ထပ်မံ တွေ့ ဆုံမည့် ဆွေးနွေးပွဲတွင် ပဒိုမန်းငြိမ်းမောင်အရေး အပါအ၀င် တောင်းဆိုဆွေးနွေးမည့် အကြောင်းအရာများကို ပြင်ဆင်နေပြီဟု ပဒိုစောဒေးဗစ်ထောက ယခုလို ပြောသည်။
“အဖွဲ့အစည်းအတွက် အလုပ်လုပ်နေတဲ့သူပဲ တောင်းရမှာပေါ့။ သူနဲ့တင် မကပါဘူး။ တို့တွေကို ထမင်းကျွေးလို့ အဖမ်းခံရတဲ့ လူတွေ၊ အထုပ်ထမ်းလို့ အဖမ်းခံရတဲ့လူတွေ၊ ရေတိုက်လို့ အဖမ်းခံရတဲ့လူတွေပါ လွတ်အောင် တောင်းရလိမ့်မယ်”ဟု ပြော သည်။
လာမည့်အပတ်တွင် ပဒိုမန်းငြိမ်းမောင်အား ရုံးထုတ်စစ်ဆေးရာ၌ ရှေ့နေခေါ်ယူသွားပေးမည်ဟုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်ဟောင်းဖြစ်သူ ကရင်အမျိုးသမီး နော်အုန်းလှကလည်း ယမန်နေ့က ကေအိုင်စီသို့ ပြောဆိုသွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့က မဟာမိတ်အဖွဲ့အချို့နှင့် သွားရောက်တွေ့ဆုံရန် ထိုင်းနိုင်ငံမှတဆင့် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပျောက်ဆုံးသွားခဲ့သူ ပဒိုမန်းငြိမ်းမောင်သည် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရ ကာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ စသည်ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၇နှစ် အကျဉ်းကျခံနေရသည်။
ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တွင် ဗဟိုကော်မတီဝင်တဦးဖြစ်သည့်အပြင် KNU အပါအ၀င် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။
Sunday, January 22, 2012
ကေအန်ယူ ထိမ်းချုပ်နယ်မြေမှ ထွက်သော သတ္တုများ အ၀ယ်လိုက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကေအန်ယူတပ်မဟာ(၆) ဧရိယာအတွင်း ထုတ်လုပ်နေသော သတ္တုမိုင်းများ အ၀ယ်လိုက်နေသည်ဟု ကေအန်ယူ တပ်မဟာ (၆) ခရိုင်သတ္တု တူးဖေါ်ရေး အရာရှိတဦးကပြောပါသည်။ အရင်က သတ္တုတူးဖေါ်ရေးကုမ္မဏီ (၄)ခု ရှိရာမှ ယခုအချိန်တွင် ကုမ္မဏီ (၈) ခုထက်မနဲရှိလာသည်ဟု ဆိုပါသည်။
ရောင်းဝယ်ရာတွင်လည်း အရင်ကထိုင်း ကုမ္မဏီများကသာ ၀ယ်ယူလေ့ရှိသော်လည်း ယခုမူ တရုတ် ကုမ္မဏီများက ဈေးကောင်းပေးပြီး ကြာအင်းဆိပ်ကြီးမြို့၌ပင် ၀ယ်ယူနေကြောင်းသိရပါသည်။ သို့သော် ထိုင်းနိုင်ငံ န၀ရတ် ကုမ္မဏီ (KA)ကလည်း နှစ်ပေါင်းများစွာ တူးဖေါ်နေဆဲဖြစ်ပါသည်။ ထွက်ရှိနေသည့် သတ္တုများမှာ ခနောက်စိမ်းသည် အများစု ဖြစ်ပြီး တချို့မိုင်းတွင်း၌ သံဖြူနှင့်သွပ်များ ထွက်ရှိပါသည်။
သတ္တုမိုင်းများမှာ၊ သပြုမိုင်း၊သည်အကြီးဆုံးဖြစ်ပြီး နှစ်စဉ် တန်ချိန်တထောင်ကျော် ထွက်ရှိပါသည်။ ကျန်မိုင်းများမှာ ထီးထာဘော၊ နို့ခူးထီး၊ ခေါရဝေါ (ခ) ခွန္န၀ါ၊ မယ်ပညား၊ ကလေါ်ဝေါ၊ မက္ကသ၊ မိုင်းတွင်းများဖြစ်ပါသည်။ အလားတူ တပိုင်တနိုင် လက်ယက်တွင်းများလည်း ရှိပါသည်။
မိုင်းတွင်း ကုမ္မဏီများသည်၊ တရားဝင်ရေးအတွက် အစိုးရမှ ခွင့်ပြုချက်ပါမစ်များ ရယူရမည်ဖြစ်သလို၊ KNU ထိမ်းချုပ် မှုအောက်ရှိနေသည့်အတွက် ကေအန်ယူ၏ မိုင်းတူးခွင့်ရရေးလည်း မဖြစ်မနေတူးခွင့်လိုင်စင်များ ရယူရပါသည်။ ကေ အန်ယူ၏ သတ္တုတူးဖေါ်ခွင့် ရရှိရေးစည်းကမ်းချက်များမှာ -
(က) CA (Certificate Area) ခွင့်ပြုချက်ရရှိရန်။
(ခ) PL (prosping Lesson) နှစ်ရှည်လုပ်ပိုင်ခွင့်လိုင်စင်။
(ဂ) ML (Mining Lesson) စမ်းသပ်တူးဖေါ်ခွင့်လိုင်စင်။ ဟူ၍အဆင့်သုံးဆင့်ရှိပါသည်။
(ဓါတ်ပုံ - အင်တာနက်)
ဤသတ်မှတ်ချက်နှင့်အညီ သက်တမ်း(၃)နှစ်တကြိမ်ဖြစ်ပြီး သက်တမ်းပြည့်လျှင် ခွင့်ပြုချက် ပြန်လည်လျှောက်ထား ရပါသည်။ သပြုမိုင်းသည် ခနောက်စိမ်း အထွက်ကောင်းသည့်အတွက် တရုပ်နှင့် ထိုင်းကုမ္မဏီများ အပြိုင်ဝယ်ယူနေ ကြပါသည်။ ခနောက်စိမ်းသည် နယ်စပ်ပေါက်ဈေးအရ တတန်လျှင် ထိုင်းဘတ်ငွေ (၃)သောင်းဝန်းကျင် ရှိနေပါသည်။
မတ္တသမိုင်းမန်နေဂျာဦးမြအေးက "ကျနော်တို့ မက္ကသမိုင်းကတော့ စတင်တွေ့ရှိခဲ့တာတော့ ကြာပြီး စတင်လုပ်လာတာတော့ ဒီ ၂၀၁၀ ခုနှစ်ကပေါ့ ၂၀၁၃ ခုနှစ်ရောက်ရင် သက်တမ်းပြန်တိုးရမယ် ပြီးတော့ ခနောက်စိမ်း၏ ကျောက်ကန့်နံပါတ် ၁ ဆိုရင် တတန်ကို ထိုင်းဘတ် ၃ သောင်းကျော် ၊ နံပါတ်နှစ်ကတော့ နှစ်သောင်းမှ ၃ သောင်းဝန်းကျင် ၊ကျောက်သား သက်သက်ဆိုရင် တတန်ကို ၅ သောင်းကနေ ၆ သောင်းထိရှိတယ် ။ ဒါကို ကျနော်တို့က မတ်အောင်သ သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်နှင် အောင်မြင်သတ္တုတူးဖော်ရေး ကုမ္မဏီ လီမိတက်ကနေ ရောင်းချပေးတယ်။ အလုပ်သမားကိုတော့ ကျနော်တို့ တန်စားပေးပါတယ် " လို့ဆိုပါသည်။
တရုတ်ကုမ္မဏီများ သည် ဤဒေသမှ ထွက်ရှိသော သတ္တုမိုင်းများကို ယခင်နှစ်ကထက် ပိုမိုဝယ်ယူလာကြပါသည်၊ ယခင်နှစ်များတွင်မူ ထိုင်းနိုင်ငံ၏ကုမ္မဏီများကသာ ၀ယ်ယူကြသဖြင့် ဈေးနှိမ်မှုများရှိသည်ဟု ကုမ္မဏီများကဆိုပါ သည်။
Thursday, January 19, 2012
ဗိုလ်ချုပ်ကြီးခင်ညွန့် သို့ အိတ်ဖွင့်ပေးစာ (၁)
http://www.naytthit.net/?p=23497
ဗိုလ်ချုပ်ကြီးခင်ညွန့် သို့ အိတ်ဖွင့်ပေးစာ (၁)
Posted by admin on January 19, 2012 0 Comment
ဗိုလ်ချုပ်ကြီးခင်ညွန့် ခင်ဗျား ….
ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံး လူတွေထဲက တယောက်အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းယူပြီး သည့် အချိန်က စပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ ရော ၀န်ကြီးချုပ်အဖြစ်နဲ့ပါ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲလို တာဝန် ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့ တာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အ များကို အခြေခံပြီး မတရားသဖြင့် နှိပ်စက် ညှဉ်းပန်းခြင်းနဲ့ မျှတသော တရားစီရင်ခြင်းမရှိဘဲ ထောင်သွင်းအကျဉ်းချထား တာကလည်း တခု အပါအ၀င် ဖြစ်ပါတယ်။
အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေ သာမက အခုချိန်အထိ အကျဉ်း ထောင်ထဲမှာ ဆက်ရှိနေသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့် အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ်ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီ တုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့ အ တွက် ကျေးဇူးတင်ရ မလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊စီးပွားရေး၊ လူမှုရေး ဒုက္ခတွေဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည် ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။ ဒါ ဟာ မှားယွင်းကြောင်း သိတယ်ဆိုရင် အစိုးရတရပ် အနေနဲ့ လူသိရှင်ကြား တောင်းပန်ရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည် ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာ အစိုးရများရဲ့ ကျင့်ဝတ် ဖြစ်ပါတယ်။
မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံ ပြောဆိုခြင်းဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး ဆေးတ ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်အထည် ဖော်နေပါတယ် ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။
ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန်ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တခု ဖြစ်ပါ တယ်။ မှားယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီး ချုပ်နှောင် ထားတာဟာ အလွန် ရှက်စရာကောင်းတဲ့ အပြုအမူ ဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
နှိပ်စက် ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာ ကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလို ဖြစ်နေပါတယ်။ ဒီအ တွက် တာဝန်ရှိပါတယ်။
အခု ကိုသန့်ဇော် ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက် ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။
ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း
နေ့စွဲ။ ။ ၃၁၊ ၇၊ ၉၅
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခန့်မှာ ကျွန်ုပ်၏ ခြံဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဧည့်စာရင်း စစ်မည် ဟုဆိုကာ အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ အိမ်တံခါးဖွင့်၍ ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား လက်ထိပ်ခတ်ပြီး အမျိုး သားထောက်လှမ်းရေးမှ ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏ နေအိမ်နှင့် ခြံဝင်း အတွင်း တို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီး နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် ပိုက်စိပ်တိုက် ရှာဖွေကြသည်ဟု နောက်မှ သိရပါ သည်။
ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ်သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနား ကိစ္စနှင့် လာမည့် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်တွင် ဦးဆောင်မှု အခန်း၌ ပါဝင်ပတ်သက်ခြင်းကို သိရှိသွား သဖြင့် ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား တင်ဆောင်သွားသည့် သံလျင်မြို့နယ်ရဲစခန်းမှ လင့်ရို ဗာ ကားပြာလေးသည် တနေရာတွင် ခေတ္တရပ်ပြီး ‘မိုးကျော်သူ’ (၁၈ နှစ်) အား ဖမ်းဆီးလာသည်ကို တွေ့ရသောအခါ ကျွန်ုပ် အဖမ်းခံရသည့်ကိစ္စမှာ ဇဝေဇဝါ ဖြစ်သွားရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အာဏာဖီဆန်ရေး ပြုလုပ်မည့် အ စီအစဉ်တွင် သော်လည်းကောင်း၊ ကျွန်ုပ်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင်သော် လည်းကောင်း၊ ကျွန်ုပ်တို့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းရေးရာ အသီးသီးတွင် လည်းကောင်း၊ ပါဝင်ပတ်သက်မှု (အတွင်းစည်း) မရှိသူ (သို့မဟုတ်) မသိသူတဦး ဖြစ်နေသည့်အပြင် ‘မိုးကျော်သူ’ ဆိုသော လူငယ်လေးမှာ ရိုးသားပြီး အိမ်၏ စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်လုပ်နေသူ တဦး ဖြစ်တာကြောင့် ဖြစ်ပါတယ်။
သေချာသည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွင် အခမ်းအနားလာပြီး တက်ရောက်သူအဖြစ် တကြိမ်သာ ကျွန်ုပ်နှင့် စကားပြောဖူးသူ ဖြစ်ပါတယ်။ ယခင် ဒီမှာ ကျင်းပသော စည်းဝေးပွဲများတွင် လည်းကောင်း စည်းရုံးရေးလုပ်ငန်းများတွင် လည်းကောင်း ကျွန်ုပ် တကြိမ်မျှ မတွေ့ဖူးသူ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်ဖမ်းဆီးခံရခြင်း အကြောင်းရင်းမှာ စဉ်း စား မရနိုင်အောင်ပင် ဖြစ်နေပါတော့တယ်။ ထပ်ပြီး ခွဲခြမ်း စိတ်ဖြာကြည့်မယ် ဆိုပါကလည်း ၁၂၊ ၇၊ ၈၉ ရက်နေ့ နေ့ လယ်တွင် ကျွန်ုပ်တို့ သန်လျင်မြို့နယ်မှ ဒေါက်တာဝင်းနိုင်(MP)၊ ဦးမြင့်ဆွေ၊ ဦးခင်မောင်ဦး (မခ) တို့ကိုသာလျှင် ဇူလိုင် ၁၉ ရက်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်ကို အနည်းငယ်သာ ပြောပြထားတာပဲ ရှိပါတယ်။
ကျွန်ုပ်တို့ကို သန်လျင်ဘက်ကမ်းမှ သင်္ဘောဖြင့် ရန်ကုန်ဘက်သို့ မျက်နှာကို အဝတ်စည်း၍ ခေါ်ဆောင် သွားပါတယ်။ တနေရာအရောက်တွင် ဆင်းခိုင်းပြီး အခန်းငယ်တခု အတွင်းသို့ လူခွဲ၍ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို လက်ထိပ် ခတ်သည့်အပြင် ဝါယာကြိုးများဖြင့်ပါ တကိုယ်လုံးကို ပတ်ပြီး ချည်နှောင်ထားပါသည်။ နောက် ကျွန်ုပ်ကိုမေးပါတယ် “သန်လျင်ရေနံချက်စက်ရုံကို ခွဲတာ မင်းမဟုတ်လားတဲ့၊ ဘာမှ မငြင်းနေနဲ့တော့တဲ့၊ ဒီဗုံးကို ဘယ်က ရလဲ” တဲ့။ ကျွန်ုပ် ခေါင်းနားပန်း ကြီးသွားရပါတယ်။ ကျွန်ုပ် တသက်တာတွင် မခံစားဖူးသော ထိတ်လန့် တုန်လှုပ်မှုကြီးကို တမုဟုတ်ချင်း ခံစားလိုက်ရပါတယ်။ ကျွန်ုပ်လည်း ချက်ချင်းပင် လုံးဝ မဟုတ်ကြောင်း၊ လုံးဝ မသက်ဆိုင်ကြောင်း ပြန်လည် ချေပပါ တယ်။ ချက်ချင်း ဆိုသလိုပဲ ကျွန်ုပ်၏ မျက်နှာဆီသို့ လက်သီးများဖြင့် မိတ်ဆက်လိုက်ကြပါတယ်။ လက်သီး ဆုကြေးများ ပင် မကတော့ဘဲ ဝါယာကြိုးဖြင့် လည်းကောင်း၊ တုတ်များဖြင့် လည်းကောင်း ရိုက်နှက်ပါတော့တယ်။ ကျွန်ုပ်၏ မျက်နှာ အား အဝတ်စည်းထား၍ ဘယ်နှစ်ယောက်က ဝိုင်းပြီး ရိုက်နှက်နေသည်ကို မခန့်မှန်းနိုင်တော့ပါ။
နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် နှစ်ယောက်တဖွဲ့ ခွဲကာဖြင့် လည်းကောင်း၊ တယောက်ချင်းဖြင့် လည်း ကောင်း ကျွန်ုပ်အား နည်းမျိုးစုံဖြင့် နှိပ်စက်၍ ဗုံးဖောက်ခွဲကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းကြပါတယ်။ ကျွန်ုပ်လည်း သေ ချင် သေပလေ့စေတော့ အမှန်တရားပဲ၊ လုံးဝ ဝန်မခံဘူး ဆိုပြီး ကြိတ်မှိတ်ခံနေပါတယ်။ ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံး ဝ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား ခိုင်လုံစွာဖြင့် သက်သေ သက္ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက် လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ခြေဖျားထောက်ပြီး ခြေဖနောင့်အောက် တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။
၎င်းတို့ မည်မျှပင် နှိပ်စက်သည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ် လုံးဝ ကျူးလွန်ခြင်း မရှိသော သန်လျင်ရေနံချက်စက်ရုံ ဗုံး ဖောက်ကွဲမှုကို ကျွန်ုပ် လုံးဝ မလုပ်ကြောင်း အဖန်ဖန် ငြင်းဆိုနေပါတယ်။ ကျွန်ုပ်၏ နေအိမ်ကို ရှာဖွေရာတွင်လည်း အစိုး ရဆန့်ကျင်ရေး စာရွက်စာတမ်း တစောင်တလေသော်လည်းကောင်း ဖောက်ခွဲရေးပစ္စည်း တပိုင်းတစသော်လည်းကောင်း အလျဉ်း ရှာဖွေတွေ့ရှိခြင်း မရှိကြပါ။ သို့သော်လည်း ကျွန်ုပ်အား အတင်းပင် ရိုက်နှက်ညှဉ်းဆဲ၍ ဝန်ခံခိုင်းနေပါတယ်။
ကျွန်ုပ်ထက် စော၍ အဖမ်းခံရသူ ‘….’ (၂၂ နှစ်၊ NLD လူငယ်) ကို ကျွန်ုပ်၏ ရှေ့မှောက်သို့ ခေါ်လာပြီး …. ထောက်လှမ်း ရေးများက ပြောခိုင်းစေသည်မှ…“ကိုသန်းဇော် အသား အနာမခံနဲ့တော့၊ ကျနော်တော့ ဝန်ခံလိုက်ပြီ်။ ခင်ဗျားလည်း ယောက်ျားပဲ ဟုတ်တယ်လို့ ဝန်ခံလိုက်တော့”လို့ ပြောပါတယ်။ ကျွန်ုလည်း လွန်စွာ ဒေါသဖြစ်မိပြီးတော့ “မင်းလည်း မ ဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ မဟုတ်ဘဲနဲ့ ဘာကြောင့် ဝန်ခံရမှာလဲ”လို့ ပြောအပြီးမှာ ကျွနု၏ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားအပေါ် လက်သီးများ တုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်တာကိုလည်း ခံရပါတယ်။
….. ဟာ ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကရော ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာရော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတုန်း ကရော ကျွန်ုပ်နှင့် အနီးကပ်ဆုံး အချိန်များစွာ ပါတီလုပ်ငန်းများ နိုင်ငံရေးလုပ်ငန်းများကို ကျွန်ုပ်၏ ဦးဆောင်မှုဖြင့် လုပ် ဆောင်ခဲ့သူ တဦး ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အောက်ခြေစည်းရုံးရေးက အစ အတူတူ အနီးကပ်ဆုံး တွဲလာခဲ့သူ တက်ကြွသူတဦး ဖြစ်ပါတယ်။ ချက်ချင်း သဘောပေါက်မိပါတယ်။ ထောက်လှမ်းရေးများဟာ ညီညီဦးကို ရိုက်နှက် ညှဉ်း ပန်း၍ အတင်းအဓမ္မ ဝန်ခံခိုင်းပြီး ကျွန်ုပ်အား … ကဲ့သို့ ဝန်ခံစေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ ပင် ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင် ရိုက်နှက်စေကာမူ ကျွန်ုပ်သည် အခင်းဖြစ်ပွားချိန် ဇူလိုင် ၇ ရက်နေ့ မတိုင်မီ တရက် နှစ်ရက်ကပင် N.L.D ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား အတွက် ရန်ကုန်တိုင်း NLD ရုံးတွင် အမှတ်တရ စာစောင်ထုတ် ဝေရေးကို ကျနော်က ဦးဆောင်၍ သန်လျင်မြို့နယ်အတွက် ဆောင်ရွက်နေကြောင်း ကျွန်ုပ်နှင့် အတူတူပင် ညီညီဦး လည်း ကျွန်ုပ်အနီးတွင် ရှိကြောင်း ၎င်းတို့ကို အခမ်းအနား တက်ရောက်လာသူ ပါတီအဖွဲ့အစည်း ပေါင်းစုံမှ ပုဂ္ဂိုလ်များ သိကြသည့်အပြင် ကျွန်ုပ်တို့ ရုံးခန်း NLD ပတ်ဝန်းကျင်မှ လူများလည်း သိကြောင်း စသည့် တိကျသေချာ ခိုင်လုံသည့် အ ထောက်အထားများ ပြဆိုသော်လည်း ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်၍ အတင်းအဓမ္မ ဝန်ခံခိုင်းနေပါတယ်။
မရှေးမနှောင်းမှာပင် … ကို ခေါ်လာပြီး ကျွန်ုပ်ကို ထပ်မံ ပြောခိုင်းပါတယ်။ “ကိုသန်းဇော် ပြောလိုက်ပါတော့။ လုပ်တယ် ဆိုတာကို ကျနော်တော့ ပြောလိုက်ပြီ” ဟု မိုးကျော်သူက ငိုပြီး ပြောပါတယ်။ ကျွန်ုပ်၏ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မ ကောင်းဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွန်းပြီး “… မင်းလည်း ဘာမှမလုပ်ဘူး။ ငါလည်း မဟုတ်ဘူး။ ငါတို့ထဲက ဘယ် သူမှ မလုပ်ဘူး။ ဒီကိစ္စ ငါတို့နဲ့ လုံးဝ မပတ်သက်ဘူး။ မင်းတို့ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဝန်ခံရတာလဲ” လို့ မဆိုင်းမတွဘဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်ုပ်၏ ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာဒဏ်ချက်များ ဗရပွ ဖြစ်နေပြီး ကျွန်ုပ်၏ မျက်နှာတ ပြင်လုံး သွေးချင်းချင်း ရဲနေပါပြီ၊ ဦးခေါင်းကလည်း ရေအိုးကို ခေါင်းတွင် စွပ်ထားပြီး မြင်းမိုရ်တောင်ကြီးကို ရေအိုးပေါ် ဖိထားသလို တင်းကျပ် လေးလံစွာ ခံစားနေရပါပြီ။
ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက်စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တ ရားခံ အစစ်အမှန်များ လုံးဝ အလျဉ်းမဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေး အဖွဲ့ အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တ ခြား ပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲ လှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်းဝန်ခံခိုင်းနေပါ သည်။
ကျွန်ုပ်အား စစ်ဆေး နှိပ်စက်မှုများ သုံးရက်ကြာသောအခါ …. ကို ညသန်းခေါင်ယံတွင် ထပ်မံ၍ ကျွန်ုပ်၏ ရှေ့သို့ ခေါ် လာပြီး ကျွန်ုပ်အား ဝန်ခံဖို့ တိုက်တွန်းပါတယ်။ …. ၏ မျက်ဝန်းတွင်းမှာလည်း ကျွန်ုပ်အတွက် စိတ်မကောင်းခြင်းနှင့် ဝမ်း နည်းကြေကွဲမှု အရိပ်အရောင်များ မြင်နေရပါတယ်။ ကျွန်ုပ်ကတော့ စူးစူးရဲရဲပဲ သူ့ကို ပြန်ကြည့်တယ်။ ဒေါသဖြင့် သူ့ကို ပြန်ပြောတယ်။ “မင်း မဟုတ်ဘဲနဲ့ ဘာလို့ ဝန်ခံရတာလဲ မင်းပြောတာတွေ ဘာမှ မဟုတ်ဘူး” ကျွန်ုပ်၏စိတ်တွေ ထူပူနေ ပြီ အိပ်ခွင့်မပေးတာ၊ နားခွင့်မပေးတာ၊ အစာစားခွင့် မပေးတာ၊ ရေသောက်ခွင့်မပေးတာ၊ နည်းမျိုးစုံဖြင့် ရိုက်နှက်နေတာ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေတာ၊ သုံးရက်သုံးညရှိပြီ၊ …. ပြောပုံကိုလည်းကြည့်ဦး “ကျွန်ုပ်အိမ်မှာ သူနဲ့ ကျွန်ုပ် ၆ ရက် နေ့ တညလုံး ဗုံးကို ပြုလုပ်တပ်ဆင်တယ်” တဲ့။ “ကိုသန်းဇော် ဘာမှ ငြင်းမနေနဲ့တော့ အသားနာခံ မနေနဲ့တော့” တဲ့၊ “လုပ်ရဲရင် ခံရဲရမှာပေါ့” တဲ့။
ကျွန်ုပ် အပြတ်ငြင်းလိုက်တဲ့ အသံရဲ့နောက်ပိုင်း ကျွန်ုပ်မှတ်မိတယ်၊ ၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ် ခွေ လဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်း ဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အ သား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။
ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက် က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တခွန်းပဲ ပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော် ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။
ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ် နံပါတ်မှ အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေး လိုက်ကြောင်းပေါ့၊ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာ လဲ မိုးသီဟက ရှိမှ မရှိတာ၊ သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ် ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး” တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်းလာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ် ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတပုံ ကို ညွှန်ပြလိုက်တယ်။
ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာ ပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့။
မရှေးမနှောင်းတင်မှာပဲ KNU အဖွဲ့က ခေါင်းဆောင် စောဘိုမြကလည်း သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူမှာ မိမိတို့ ၏ လက်ချက်ဖြစ်ကြောင်း၊ NLD မှ လူငယ်များနှင့် လုံးဝ မပတ်သက်ကြောင်း၊ နိုင်ငံတကာသို့ လည်းကောင်း နဝတ သို့ လည်းကောင်း အသိပေး ကြေညာပါတယ်။ (ထိုအကြောင်းများမှာ အင်းစိန်ထောင်တွင်းရောက်မှ ကြားသိရခြင်းဖြစ်ပါ တယ်။)
၁၇၊ ၇၊ ၈၉ နေ့မှာ ကျွန်ုပ်တို့ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ပါတယ်။ ထိုနေ့တွင် ကျွန်ုပ်ကို ထားရှိရာ အထူးတိုက်ခန်းမှ နေ၍ စောင်ဖြင့်အုပ်ပြီး အခန်းတခုသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို ထိုင်စေပြီးမှ အုပ်ထားသောစောင်ကို ခွာချ လိုက်ပါတယ်။ ကျွန်ုပ်၏ရှေ့တွင် ပထမဦးဆုံးတွေ့ရှိသူမှာ တရားသူကြီးတယောက်ဖြစ် ပြီး (သူ့ကိုယ်သူ ကျွန်ုပ်အား မိတ် ဆက်ပေးသောကြောင့် တရားသူကြီးမှန်း သိရပါတယ်) လက်ဝဲဘက်ဘေးတွင် အမျိုးသမီးနှစ်ယောက် တွေ့ရပါတယ်။ သူ တို့သည် သက်သေများဟု ပြောပါတယ်။ ကျွန်ုပ်၏ လက်ယာဘက်တွင် အဝေးထိန်း ဗွီဒီယိုကင်မရာတခု ထောင်ထားပြီး ၎င်းမှန်ဘီလူးက ကျွန်ုပ်အား ချိန်ရွယ်ထားပါတယ်။ ၎င်းဗွီဒီယို ကင်မရာဘေးတွင် မြန်မာသတင်းစဉ် (သို့) ထောက်လှမ်း ရေးမှဟု ယူဆရသော ကျွန်ုပ်အား ဓာတ်ပုံရိုက်ယူနေသည့် ဓာတ်ပုံကင်မရာသမားတဦးကို တွေ့ရပါတယ်။ ကျွန်ုပ်၏ရှေ့ နှစ်ပေခန့်အကွာ စားပွဲခင်း၏အောက်တွင် အသံဖမ်း မိုက်ကရိုဖုန်း (Microphone) အပြာလေးကို တွေ့ရပါတယ်။ ၎င်းမှ ထွက်လာသော ဓာတ်ကြိုးသည် ကျွန်ုပ်၏ နောက်ကျော ဆယ့်နှစ်ပေခန့်အကွာရှိ တိတ်ခွေနှစ်ခွေထည့်ထားသော ကက် ဆက်ရီကော်ဒါ နှစ်လုံးဆီသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိရပါတယ်။ ၎င်းအနီးအနားတွင် စစ်တပ်မှ အရာရှိအချို့ကို လည်း ကျွန်ုပ် လှည့်ကြည့်သောကြောင့် တွေ့ခဲ့ရပါတယ်။
တရားသူကြီးဆိုသူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျွန်ုပ်ကို ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးရန် ဖြစ်ကြောင်း မပေးလိုပါက မပေးဘဲ နေလို့ရကြောင်း ပြောပါတယ်။ ကျွန်ုပ်သည် မဆိုင်းမတွပင် “ကျွန်ုပ်သည် ဖြောင့်ချက်ပေးရန် ဆန္ဒ လုံးဝမရှိကြောင်း၊ ကျွန်ုပ်မှာ ကျန်းမာရေး မကောင်းကြောင်း၊ တရားရုံး ရောက်မှသာ အများရှေ့မှောက်တွင် ဖြောင့်ချက် ပေးမှာဖြစ်ကြောင်း” ပြောရာ တရားသူကြီးက ကျွန်ုပ်အား “စဉ်းစားပါဦး။ အခု တခါတည်း ဖြောင့်ချက်ပေးစေလိုကြောင်း” ပြောရာ ကျွန်ုပ်က “အနူးအညွတ် တောင်းပန်ပါကြောင်း၊ ဖြောင့်ချက်ပေးရန် ကျွန်ုပ်တွင် လုံးဝ ဆန္ဒမရှိပါကြောင်း၊ စဉ်းစား ပြီးမှ တရားသူကြီးမင်းအား ပြောခြင်းဖြစ်ကြောင်း” ပြောရာ တရားသူကြီးက “ထပ်မံစဉ်းစားပါရန်” စဉ်းစားဖို့ ခဏ အချိန် ပေးလိုက်ပါတယ်။ အဲဒီအချိန်က နေ့လယ် ၁၂းဝဝ နာရီကျော် ဖြစ်ပါတယ်။
အဲဒါနဲ့ ထောက်လှမ်းရေးများဟာ ကျွန်ုပ်ကို စောင်ခြုံစေ၍အပြင်သို့ခေါ်သွားပြီး တခြားအခန်းတခုထဲသို့ ခေါ်သွားပါတယ်။ ကျွန်ုပ်ကို ဆဲဆိုပြီး ဝိုင်းထိုးကြိတ်ကြတယ်။ ခြေထောက်တွေနဲ့ ဆောင့်ကန်တယ်။ စောင်ကိုခွာလိုက်ပြီး မျက်နှာကို လက် သီးတွေနဲ့ ထိုးတယ်။ ကျွန်ုပ်အား စတင်ဖမ်းဆီး စစ်ဆေးနှိပ်စက်သော ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရား လမ်းရှိ အောင်သပြေ ရဲရိပ်သာမှ ထောက်လှမ်းရေးများပင် ဖြစ်ပါတယ်။ ကျွန်ုပ်လည်း ဖြောင့်ချက်မပေးနိုင်ကြောင်း တရား ရုံးရောက်မှ အမှန်အတိုင်း အများရှေ့မှောက်တွင် ပြောမည်ဖြစ်ကြောင်း အဖန်ဖန်တောင်းပန် တိုးလျှိုး၍ ပြောပါတယ်။
အချိန်မှာလည်း တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာပါတယ်။ ရေဒီယိုမှ ည ၈ နာရီ ထိုးသည့်အသံ သတင်းကြေညာ သော အသံကို ကြားနေရပါတယ်။ ကျွန်ုပ် ကောင်းစွာကြားနေသည်မှာ ၎င်းသတင်းတွင် စစ်ခုံရုံးများ ဖွင့်လှစ်ခြင်းကို ကြေ ညာသံ ကြားရပါတယ်။ မရှေးနှောင်းတွင် နဝတ အတွင်းရေးမှူး (၁) ဦးခင်ညွန့်က သန်လျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲ မှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ကြေညာသံကို ကြားနေရပါတယ်။ ထို့နောက် ချက်ချင်းပင် ထောက်လှမ်းရေးများက တခြား မကြားနိုင်သည့်နေရာကို ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်သည် ဖြောင့်ချက် မပေးချင်၍ တမင် အချိန်ဆွဲနေလည်း မရပါ။ အတင်းအဓမ္မပင် ဖြောင့်ချက်ပေးခိုင်းပါသည်။ ကျွန်ုပ်၏ ရှေ့မှ ညီညီဦးနှင့် မိုးကျော်သူ တို့ ဖြောင့်ချက်ပေးသွားကြောင်း ကျွန်ုပ်အား ပြပါတယ်။ ကျွန်ုပ် ဆက်လက်၍ပင် ငြင်းဆန်နေပါတယ်။ နှိပ်စက်မှု ပြင်းထန် ပြီး မပေးလျှင် မရကြောင်း အဓမ္မ ပြုလုပ်ခိုင်းပါသည်။
အချိန်မှာ ည ၉ နာရီ ကျော်နေပါပြီ၊ ဖြောင့်ချက်ပေးမည့် တရားသူကြီးနှင့် သက်သေဆိုသူ အမျိုးသမီးနှစ်ယောက်မှာ ကျွန်ုပ်က ဖြောင့်ချက် မပေးမချင်း စောင့်နေပါတယ်။ ထောက်လှမ်းရေးများသည် အတင်းအဓမ္မ အခန်းထဲ ဆွဲသွင်းပြီး ကုလားထိုင်တွင် အတင်းထိုင်စေ၍ ၎င်းတို့ အောင်သပြေရဲရိပ်သာ စစ်ကြောရေးစခန်းတွင် လံကြုပ် ပြောခဲ့သည့် ဗုံးပေါက် ကွဲမှုအကြောင်း ပြောခိုင်းပါသည်။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်တော့ဘဲ စိတ်မပါ့တပါဖြင့် လည်းကောင်း မေးခွန်းများ ကို ပြန်လည် ဖြေဆိုခြင်းကို တုံဏှိဘာဝေ နေခြင်းဖြင့် လည်းကောင်း ဂရုမထားသည့် ဟန်မျိုးဖြင့်လည်းကောင်း၊ ရှေ့ နောက် မညီအောင် လံကြုပ် ဖြောင့်ချက်ကြီးကို ညသန်းခေါင် ၁၂းဝဝ နာရီအထိ ပြောခဲ့ရပါတယ်။
၂၇၊ ၇၊ ၈၉ နေ့ နံနက်ပိုင်းတွင် ကျွန်ုပ်အား တိုက်ခန်းဝင်း ရှေ့တံခါးမှ ထုတ်၍ ကားဖြင့် လာရောက်ခေါ်သွားပါတယ်။ အင်းစိန် အကျဉ်းထောင်ဘေးရှိ ခန်းမတခုသို့ ခေါ်သွားခြင်း ဖြစ်ပါတယ်။ ၎င်းနေရာတွင် ညီညီဦးနှင့် မိုးကျော်သူတို့ကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရော ကျွန်ုပ်ပါ လက်ထိပ်ခတ်ထားပြီး အတူ ထိုင်ခိုင်းထားပါတယ်။ ကျွန်ုပ်တို့၏ မျက်နှာ များကို မဖုံးထားသည့်အတွက် ပတ်ဝန်းကျင် အားလုံးကို မြင်နေရပါတယ်။ တရားစစ်ဆေး ကြားနာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်က အထင်ဖြင့် ညီညီဦးနှင့် မိုးကျော်သူတို့အား ယခု လုပ်နေသည်မှာ စစ်ခုံရုံးဖြစ်ကြောင်း ဘာပဲဖြစ် ဖြစ် အမှန်အတိုင်း ပြတ်ပြတ်သားသား ပြောရန် အထပ်ထပ် မှာကြားပါတယ်။ သေချာပါတယ်။ စစ်ခုံရုံး ဖြစ်ပါတယ်။ ပြင် ဆင်ပြီးတာနဲ့ ကျွန်ုပ်တို့ သုံးဦးကို ၎င်းခုံရုံးစင်မြင့်ရှေ့တွင် ထိုင်စေပါတယ်။ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ) ဥက္ကဋ္ဌ ပြုလုပ်သော စစ်ခုံရုံး ဖြစ်ပါတယ်။
ကျွန်ုပ်တို့ကို ဗုံးဖောက်ခွဲသည်ဟုဆိုကာ ထောက်လှမ်းရေးများက စာတတန် ပေတတန်ဖြင့် စစ်ခုံရုံးတရားသူကြီးများအား ဖတ်ပြပြီး ကျွန်ုပ်တို့ တရားခံသုံးယောက်အား ပြင်းထန်သော ပြစ်ဒဏ်ပေးပါရန် ပြောပါသည်။ကျွန်ုပ်တို့ကို စွဲဆိုထားသော ပုဒ်မများမှာ ၃ဝ၂/၁ (ခ) ၃၄ ဟုလည်း တပ်ထားပါတယ်။ ၎င်းစွဲချက်များသည် ကျွန်ုပ်တင်မဟုတ် ကျွန်ုပ်တို့၏ ပါတီကိုပါ စော်ကားသိက္ခာချခြင်း ဖြစ်ကြောင်း အဆိုပါ ဗုံးဖောက်ခွဲမှုတွင် ကျွန်ုပ်တို့နှင့် လုံးဝ မပတ်သက်ကြောင်း၊ ကျွန်ုပ်တို့ လုံးဝ မဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲမှု မဖြစ်သွားမီ နေ့များ၊ ဗုံးကွဲသည့် ဇူလိုင် ၇ ရက်နေ့နှင့် ဗုံးကွဲပြီး နောက်ပိုင်းအထိ ကျွန်ုပ်တို့ ဘယ်နေရာတွင် ရှိသည်၊ ဘယ်သူတွေနှင့် ရှိနေသည်၊ ဘယ်အချိန်တွင် ရှိနေသည် စသည်ဖြင့် တိကျ ခိုင်လုံသော အ ထောက်အထားများ သက်သေများ ပြဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့အား စစ်ဆေးသော ထောက်လှမ်းရေးများသည် ကျွန်ုပ်တို့ အား အရွယ်ဖြင့် မလိုက်အောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှုတို့ကို မခံမရပ်နိုင် ဖြစ်ခြင်းကြောင့် ထောက်လှမ်းရေး များ အလိုကျ ပြောခဲ့ရကြောင်း ကျွန်ုပ်တို့တွင် လုံးဝ လုံးဝ အပြစ်မရှိပါကြောင်း နှစ်နာရီခန့် ကျွန်ုပ် လျှောက်လဲ ပြောဆိုခဲ့ ပါတယ်။ ထိုအခါ တရားသူကြီး ဥက္ကဋ္ဌ အောင်ညွန့်က ခေတ္တနားမည်ဟု အမိန့်ပေး၍ တရားစစ်ဆေးခြင်းကို နေ့လယ် ၁၁းဝဝ နာရီတွင် ခေတ္တရပ်နားပါသည်။ ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ပြီး အင်းစိန်ထောင်တွင်းသို့ ပြန်ပို့ပါတယ်။ ကားပေါ်တွင်လည်း အကန်ခံရပါသေးတယ်။
နေ့လယ် ၁းဝဝ နာရီတွင် ထပ်မံပြီး ထောက်လှမ်းရေးများက လာခေါ်၍ တရားရုံးသို့ ကားဖြင့်ပို့ပါတယ်။ ကျွန်ုပ်တို့အား တရားရုံးစင်မြင့်ရှေ့တွင် ထိုင်ခိုင်းပြီး တရားရုံးအစီအစဉ်ကို စတင်ရာ တရားသူကြီးဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး အောင်ညွန့် (လေ) က “တရားခံများ ဖြစ်ကြသော နံပါတ်(၁)တရားခံ မောင်သန်းဇော်၊ (၂) တရားခံ ညီညီဦး၊ (၃) တရားခံ မောင်မိုး ကျော်သူ တို့အား စစ်တရားခုံရုံး အမှတ် (၁)မှ အပြစ်ရှိသည်ဟု ယူဆသောကြောင့် အပြစ်ပေးမည် ဖြစ်သည့်အတွက် ဘာပြောချင်သေးလဲ” ဟု မေးပါသည်။ ထိုအခါ ကျွန်ုပ်က စတင်ပြီး ၇၊ ၇၊ ၈၉ နေ့ ရေနံချက် စက်ရုံးဝန်းအတွင်း ဗုံးပေါက် ကွဲမှုအတွက် ကျွန်ုပ် လုံးဝပတ်သက်ခြင်း မရှိကြောင်း ကျွန်ုပ်တို့ လုံးဝ မပြုလုပ်ကြောင်း၊ ကျွန်ုပ်တို့တွင် အပြစ် မရှိသည့်အ တွက် အပြစ်ပေးစရာ မလိုအပ်ကြောင်း လုံးဝလွှတ်ပေးရန် လိုလားကြောင်း၊ ဓမ္မပါလ သြဝါဒတွင် “ပြစ်မှု ကျူးလွန်သော တရားခံ ဆယ်ဦး လွတ်သွားခြင်းထက် လုံးဝ အပြစ် မရှိသော သူတယောက်အား အပြစ်မပေးမိပါစေနှင့်” ဟု မိန့်ဆိုထား သည်ကို သတိပြုရန်၊ ကျွန်ုပ်တို့အား တရားသေ လွှတ်ပေးပါရန် စသည့် အချက်များ အပါအဝင် အမှုကျူးလွန်ခြင်း မရှိ သည့် သက်သေ အထောက်အထားများ ထုချေ လျှောက်လဲပါတယ်။ သို့သော်လည်း စစ်ခုံရုံးတရားသူကြီးသည် ကျွန်ုပ် အပါအဝင် ညီညီဦးနှင့် မိုးကျော်သူတို့ပါ အပြစ်ရှိကြောင်း ယူဆသည်ဟု ဆိုကာ ‘သေဒဏ်’ အမိန့် ချမှတ်လိုက်ပါတယ်။
ကျွန်ုပ်၏ဖြစ်စဉ်မှာ ‘သေဒဏ်’ အပြစ် တခုတည်းတွင်သာ မကပါ။ ၅၊ ၉၊ ၈၉ နေ့တွင် ကျွန်ုပ်နှင့် ညီညီဦး အား လက်ကို ကြိုးများဖြင့်တုပ်ပြီး အင်းစိန်ကြိုးတိုက်မှ နေ့လယ် ၁၁းဝဝ နာရီခန့်တွင် ခေါ်သွားပြီး၊ သံခြေကျင်းများ ခတ်စေပါသည်။ ထို့နောက် ကျွန်ုပ်တို့အား ခေါင်းစွပ်များစွပ်၍ ကားဖြင့် တနေရာသို့ ခေါ်ဆောင်သွားပါတယ်။ အဲဒီနေရာမှာ ယခင် ‘သေ ဒဏ်’ ချမှတ်ခဲ့သော စစ်ခုံရုံးအမှတ် (၁) နေရာပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အား အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ် ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) ဖြင့် တရားစွဲဆိုခြင်းဖြစ်ပါသည်။
ဤအထက်ပါ အမှုတွင်လည်း ကျွန်ုပ်တို့ အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြောင်း ကြောင်းကျိုး ဆက်နွယ်ပြီး အထောက်အထား ခိုင်လုံ ပြည့်ဝစွာဖြင့် တဦးချင်း အပြစ်မရှိကြောင်း အချိန်များစွာ လျှောက်လဲချေပသော် ငြားလည်း ကျွန်ုပ် အပါအဝင်
မောင်ညီညီဦး (NLD လူငယ်တာဝန်ခံ သန်လျင်မြို့နယ်)
ဒေါက်တာထွန်းသူ (သန်လျင်မြို့နယ် ဖားကူးကျေးရွာ စည်းရုံးရေး NLD အဖွဲ့ဝင်)
မောင်အောင်ကျော်ဆန်း (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ဌေးလွင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ထွေးမောင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်အုံးဝင်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်စန်းအောင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်သန်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်မိုးကျော် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်နေလင်းစိုးရင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်နိုင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်ဇော်ထွန်းသက် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်သက်ခိုင် (ဗကသ၊ သုဝဏ္ဏမြို့နယ်)
မောင်အောင်အောင် (လူ့ဘောင်သစ်ဒီမိုကရက်တပါတီ၊ ကော့မှူးမြို့နယ်)
မောင်မိုးသက် (လူ့ဘောင်သစ်ဒီမိုကရက်တပါတီ၊ ကော့မှူးမြို့နယ်)
စုစုပေါင်း ၁၆ ယောက်အား ပုဒ်မ ၁၂၂ (၁) နိုင်ငံတော်ပုန်ကန်မှုဖြင့် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ထိုသို့ ပြစ်ဒဏ်များဖြင့် အင်းစိန်အကျဉ်းထောင် ကြိုးတိုက်ထဲတွင် ခါးသီးသော အတွေ့အကြုံများကို လက်သီးဆုပ်မပျက် ရင်ကော့ခံစားရင်း ၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထောင်တွင်းမှ နိုင်ငံရေး တောင်းဆိုမှုများ သပိတ် တိုက်ပွဲများ ပြုလုပ်ဖန်တီးသည်ဟုဆိုကာ သရက်အကျဉ်းထောင်သို့ သွေးရဲရဲ သံရဲရဲ အရိုက်အနှက် ကြမ်းတမ်းစွာ ပြု လုပ်၍ ကျွန်ုပ်အား လုံခြုံရေးအစောင့်များဖြင့် ၂၆၊ ၉၊ ၉ဝ နေ့တွင် ပို့လိုက်ပါသည်။
ယခု ကျွန်ုပ်အား ၁/၉၃ဖြင့် သေဒဏ်မှ အနှစ် ၂ဝ၊ တသက်တကျွန်း ပြစ်ဒဏ်မှ ၁ဝ နှစ် စုစုပေါင်း ၃ဝ နှစ်သို့ ပြောင်းပေး လိုက်ပါတယ်။
မည်သို့ မည်သို့ပင် ဆိုစေ အမှုနှစ်ခုလုံးတွင် ကျွန်ုပ်၌ ထင်ရှားစေသည့် စာရွက်စာတမ်း သဲလွန်စ ခိုင်လုံသည့် အထောက် အထား တစုံတရာ စိုးစဉ်းမျှ မရှိဘဲနှင့် ပြစ်ဒဏ်များ အတင်းအဓမ္မ ချပြီး ယနေ့အချိန်အထိ အကျဉ်းထောင် တိုက်ခန်းအ တွင်း လှောင်ပိတ်ထားခြင်းကို အကျဉ်းချုံး၍ အစီရင်ခံ တင်ပြအပ်ပါတယ် ခင်ဗျား။ ။
မောင်သန်းဇော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)
…………………………………………………………………
ကိုဘိုကြည်
တွဲဖက်အတွင်းရေးမှူး၊
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
http://www.burmavjmedia.net/?p=4567#.TxaHYFCP4x4.facebook မှ …
BGF လက်နက်ကို DKBA သိမ်းဆည်း
ဇန်န၀ါရီလ ၁၉ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့သဝေါကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် BGF တပ်ရင်း(၁၀၁၁) တပ်ဖွဲ့ဝင်များ၏ လက်နက်များကို ဗိုလ်မှူးစောဘိ ဦးဆောင်သည့် DKBA တပ်ဖွဲ့မှ ယမန်နေ့က သိမ်းဆည်းခဲ့သည်ဟု သိရသည်။
မဲ့သဝေါကျေးရွာရှိ BGF တပ်ရင်း(၁၀၁၁)မှ တပ်ခွဲ(၃)မှူး ဗိုလ်ကြီးမြတ်သောင်း ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား ၁၀ဦးခန့်သည် ဆရာတော်ဦးသုဇနအား မြိုင်ကြီးငူသို့ ကားဖြင့် ပြန်ပို့စဉ် ကားလမ်းခုလတ်တွင် DKBA တပ်ဖွဲ့မှ လက်နက်သိမ်းဆည်းလိုက် ခြင်းဖြစ်သည်ဟု BGF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “မနေ့က မနက် ၆နာရီမှာ ဆရာတော် မဲ့သဝေါကို ရောက်လာတယ်။ အဲဒီမှာ မြိုင်ကြီးငူကို ပြန်ကြွဖို့ လုံခြုံရေးအတွက် ဆိုပြီး တပ်ခွဲမှူး မြတ်သောင်းနဲ့ သူ့လူတချို့ကို ခေါ်သွားတယ်။ ၉၆၂ ပွိုင့်ကုန်းအလွန်မှာ ဗိုလ်ဘိတို့ DKBA က လက်နက်သိမ်း ပစ်လိုက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ လက်နက်သိမ်းဆည်းခံရပြီးနောက် မဲ့သဝေါကျေးရွာရှိ BGF တပ်ရင်း(၁၀၁၁) တပ်ခွဲ(၃) ဒုတပ်ခွဲမှူးနှင့်အဖွဲ့သည် ယနေ့ မနက်တွင် မြိုင်ကြီးငူဘက်သို့ ကားဖြင့် ထွက်ခွာသွားသည်ဟု အဆိုပါနီးစပ်သူက ပြောသည်။
မဲ့သဝေါကျေးရွာရှိ အမည်မဖော်လိုသူ DKBA တပ်မှူးတစ်ဦးက “လက်နက်က ၁၀လက် ကျော်ရတာပေါ့။ ဆရာတော် သိမ်းခိုင်း လို့ သိမ်းလိုက်တာပါ။ မဲ့သဝေါမှာ အဖွဲ့ပေါင်းစုံ ရှိအခါကျတော့ ပြည်သူတွေလည်း ဘယ်ခံနိုင်မလဲ။ ဒါကို မောင်းထုတ်လိုက်တဲ့ သဘောပါ။ အခု မဲ့သဝေါမှာရှိတဲ့ BGF တွေ ပြန်ကုန်ပြီ။”ဟု ပြောဆိုသည်။
ထို့အပြင် ယခုလ ၁၆ရက်နေ့က အဆိုပါကားလမ်း၌ပင် BGF (၁၀၁၂)တပ်ရင်းမှ တပ်ကြပ်ကြီး ခေဆန်မင်း၏ ကားရေပုံးကို DKBA တပ်ဖွဲ့မှ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ဖျက်ဆီးခဲ့သေးကြောင်း နယ်ခြားစောင့်တပ်နှင့် နီးစပ်သူများက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၂၂) ဒုရင်းမှူး ဗိုလ်မှူးဒီးကွယ်က “လက်နက်သိမ်းတယ်ဆိုတာ ရန်သူအဖြစ် သတ်မှတ်လို့ သိမ်းတဲ့သဘော သက်ရောက်တယ်။ ခု အခြေအနေရဆိုရင် DKBA နဲ့ BGF နှစ်ဖွဲ့ကြားမှာ သဘော ထားတင်းမာနေတဲ့ အနေအထားမှာရှိတယ်။”ဟု သုံးသပ်ပြောဆိုသည်။
တပ်အင်အား (၁၀၀)၀န်းကျင်ရှိ ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် သြဂုတ်လတွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်ခံခဲ့ပြီး ၈လအကြာတွင် DKBA အဖြစ်သို့ ပြန်လည်ရပ်တည်လာခဲ့ပြီး လက်ရှိ အချိန်တွင် လှိုင်းဘွဲမြို့နယ် နယ်စပ်နေရာတွင် အခြေချ လှုပ်ရှားလျှက်ရှိသည်။
၎င်းဗိုလ်ဘိအဖွဲ့သည် KNU အနေဖြင့်သာ ပြန်လည်ရပ်တည်မည်ဟု သက်ဆိုင်ရာ KNU စစ်ဘက်ဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ ခေါင်းဆောင်တချို့နှင့် ဆွေးနွေးပြောဆိုခဲ့သော်လည်း အမှန်တကယ်တွင် ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် DKBA ကလို့ ထူးဘောအဖွဲ့နည်းတူ ဆရာတော်ဦးသုဇန၏ ညွှန်ကြားမှုအောက်တွင်သာ လှုပ်ရှားနေကြောင်း သိရသည်။
သို့သော် ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် DKBA ကလို့ထူးဘောဗျူဟာအဖွဲ့မှာ ယခင်လ ဒီဇင်ဘာလ ၁၁ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘာတူစာချုပ် ချုပ်ဆိုခဲ့သည်။
Wednesday, January 18, 2012
ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်
ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်
By သန်းထိုက်ဦး on January 18, 2012 12:59 pm
ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် KNU နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ သွားရောက် ဆွေးနွေးခဲ့ရာ ဦးအောင် မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထော က ဧရာဝတီသို့ ပြောသည်။
နေ့ရက် အတိအကျ ပြောကြားခြင်း မရှိသော်လည်း အစိုးရက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။
“အပစ်အခတ် ရပ်စဲရေး ပြီးသွားတဲ့ နောက်ပိုင်းမှာ မန်းငြိမ်းမောင်သာ မကဘူး၊ ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ အကျဉ်းကျခံ နေရ တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း စာရင်းတင်ပြီး တောင်းမယ်၊ လွှတ်ပေးမယ်လို့လည်း ယုံပါတယ်”ဟု ဦးစောဒေးဗစ်ထောက ဆက် ပြော သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်း – မြန်မာနယ်စပ် တနေရာတွင် KNU ခေါင်းဆောင်တချို့နှင့် အစိုးရ ကိုယ်စားလှယ်များ ငြိမ်းချမ်း ရေး အကြို တွေ့ဆုံစကားပြောခဲ့စဉ်ကာလ၌ ဦးအောင်မင်းက ပဒို မန်းငြိမ်မောင်းကို ပြန်လွှတ်ပေးခဲ့ပါက ငြိမ်းချမ်းရေး ကိစ္စ အထောက်အကူ ဖြစ်မည်လောဟု မေးခဲ့ဖူးသည်။
KNU ခေါင်းဆောင်များကလည်း နှစ်ဘက် ဆောင်ရွက်နေသော ကိစ္စများအတွက် အထောက်အကူဖြစ်မည်ဟု ဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကမူ ပဒို မန်းငြိမ်းမောင်နှင့် ပတ်သက်ပြီးအရေးယူနိုင်ရန် ဆောင် ရွက်နေကြောင်း၊ တောင်းဆိုလာပါက လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားမည်ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က နေပြည်တော်၌ ကျင်း ပသော အကျဉ်းသားလွှတ်ပေးခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ပြီးခဲ့သည့် ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက် ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၄၅ ရက်အတွင်း ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
KNUဘက်က တောင်းဆိုထားသည့် မြန်မာပြည်တ၀န်း အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကို ဆွေးနွေးကြမည် ဖြစ်သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။
ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကို အောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။
Tuesday, January 17, 2012
ကိုယ်ဝန်ဆောင်ကျောင်း ဆရာမကို မြန်မာတပ်မှ ပစ်သတ်
ကိုယ်ဝန်ဆောင်ကျောင်း ဆရာမကို မြန်မာတပ်မှ ပစ်သတ်
မြန်မာစစ်တပ် ခလရ ၅၈ မှ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကချင်ကျောင်းဆရာမှ Mangshang Ying Wang အား ဖားကန့်လမ်း ကားမိုင်းတွင် မြေမြှပ် သဂြိုလ်နေပုံ။
ကိုယ်ဝန်ရှိသူ အသက်၂၂ အရွယ်ခန့်ဆရာမ မန်ရှန် ယိန်းဝမ် (Mangshang Ying Wang)နှင့် ယောက်မဖြစ်သူ ဂေါ့လူ ဆိုင်းခေါန် (Gawlu Seng Hkawn) တို့သည် ဖားကန့်လမ်းပိုင်း နမ်ယာ (Nam Ya) နှင့် ကပ်မှော် (Kapmaw) ကြား ဇန်နဝါရီ ၁၁ ရက်နံနက် ၉ နာရီတွင် မြန်မာအစိုးရစစ်ကြောင်းတခု နှင့် ဆုံတွေ့စဉ် ထိုစစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရရှိသွားသည်။
ထိုနေ့ ညနေ ၄ နာရီတွင်လည်ပင်းအရင်းတွင် ရရှိသောဒဏ်ရာကြောင့် ကိုယ်ဝန် ၄ လနှင့် ဆရာမ ယိန်းဝမ် သေဆုံးသွားသည်။
ယောက်မဖြစ်သူမှာ လည်းပင်းနှင့် ပခုံးစပ်တွင် သေနတ်ဒဏ်ရာတခု အပြင်ဘယ်ဘက်ပေါင်နောက်ဘက်ပိုင်း တွင် သေနတ်ဒဏ်ရာတခု သာရရှိပြီး အသက်ဘေးမှလွတ်မြောက်ခဲ့သည်ဟုသိရသည်။
မြန်မာစစ်သားများ၏ ပစ်ခတ်မှုကြောင့် လည်ပင်းအရင်းတွင်ရရှိတဲ့ ဒဏ်ရာဖြင့် ကားမိုင်းဆေးရုံတွင် သေဆုံးခဲ့တဲ့ ဆရာမယိန်းဝမ်။
ပစ်ခတ်သွားကြသည့် မြန်မာအစိုးရတပ်မှာ ဗိုလ်မှူး ရဲမင်းသွေး၊ ဗိုလ်မှူး ကိုကိုလတ်၊ ဗိုလ်ကြီး ထွန်းနိုင်တို့ ဦးစီးသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)အောက် ဝိုင်းမော်နယ်မြေခံ ခလရ အမှတ်(၅၈) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။
ပဒိုမန်းငြိမ်းမောင်ကို ဥပဒေအရ အရေးယူဆောင်ရွက်နေဟု အစိုးရပြော
Submitted by admin on Tuesday, 17 January 2012--
ဇန်န၀ါရီ ၁၇ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)
အကျဉ်းကျခံနေရသည့် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်သည် မကြာမီရက်ပိုင်း အတွင်း ပြန်လည် လွတ်မြောက်လာမည်ဟု မိခင်အဖွဲ့အစည်းက ပြောဆိုသော်လည်း မြန်မာအစိုးရ ဘက်ကမူ ဥပဒေ အရအရေးယူဆောင်ရွက်မှုများ ပြုလုပ် နေသည်ဟုအစိုး ရ ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ပြီးခဲ့သည့် စနေနေ့က နေပြည်တော်ရှိ ပြည်ထဲရေးဌာနတွင် ယခုလ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပဒိုမန်းငြိမ်းမောင်ကို တရားဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သတင်းထောက်များကို ပြော ကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်အကျဉ်းထောင်တွင် ယမန်နှစ်က အကျဉ်းကျခံနေရသည့် ပဒိုမန်းငြိမ်းမောင်ကို မြန် မာအစိုးရဘက်မှ မကြာမီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည်ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားရောက်ခဲ့သည့် KNU ကိုယ်စား လှယ်အဖွဲ့ကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်သည့် ပဒိုကွယ်ထူးဝင်းက “ပဒိုမန်းငြိမ်းမောင်ကို ကျနော်တို့နဲ့အပြန်မှာ တစ်ခါ တည်း ထည့်ပေးလိုက်မလို့ပါပဲ။ ကျနော်တို့ နေပြည်တော်ကအပြန်မှာ အချိန်ကပ်သွားတဲ့အတွက် ရုံးလုပ်ငန်းနဲ့ စာရွက်စာတမ်း ကိစ္စတွေကြောင့် သူ့ကိုတစ်ပါတည်း ခေါ်လာလို့မရဘူး ဖြစ်သွားတယ်။ မကြာမီရက်ပိုင်းမှာတော့ မြန်မာအစိုးရဘက်က သူ့ကို ပြန်လွှတ်ပေးနိုင်ပါတယ်။”ဟု ကရင်သတင်းဌာနသို့ ပြောသည်။
ပဒိုမန်းငြိမ်းမောင်သည် ယမန်နှစ် ဇူလိုင်လက ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပျောက်ဆုံး ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရကာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် စာရွက်စာတမ်းကိုင်ဆောင်မှု၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ စသည့်စွဲချက်များဖြင့် အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည်။
ပဒိုမန်းငြိမ်းမောင်၏ဇနီးသည်က “သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ အသက်လည်း ၇၀ ရှိပြီး။ သူ အမြန်ဆုံး ပြန် လွှတ်လာဖို့ပဲ ကျမတို့မိသားစု ဆုတောင်းနေရတယ်။”ဟု ပြောသည်။
မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU တို့အကြားယ ခုလ ၁၂ရက်နေ့က ပြုလုပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးခရီးစဉ်တွင် KNU ဘက်မှ တောင်းဆိုသည့်အချက်များအနက် အကျဉ်းသားများ လွှတ်ပေး ရေးလည်း ပါရှိသည်။
၎င်းခရီးစဉ်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ၌ အကျဉ်းကျခံနေရသည့် KNU အဖွဲ့ဝင်များနှင့် အခြားဆက်စပ်သူများ စာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့သော်လည်း KNU ဘက်မှ ပေးအပ်နိုင်ခဲ့ခြင်းမရှိဟု သိရသည်။
ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင်တဦးက “ဒီကိစ္စက တမင်တကာကို ပြန်မလွှတ်ပေးတာ သူတို့ ပြန်လွှတ်စေချင်တယ်ဆိုရင် KNU အဖွဲ့နဲ့ ပြန်ထည့်ပေးလို့ရတာပဲ။ ဒီကိစ္စ မရိုးသားတာပဲလို့ မြင်တယ်။”ဟု ဆိုသည်။
ပဒိုမန်းငြိမ်းမောင်သည်မဆလခေတ် ၁၉၆၉ ခုနှစ်တွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။
ကိုကိုးကျွန်းမှ အကျဉ်းသား ၂ဦးနှင့်အတူ ပင်လယ်ပြင်ကို လှေဖြင့်ဖြတ်ပြီး ကျွန်းနှင့်မိုင် ၂၅၀အကွာ၊ မွန်ပြည်နယ် ရေးမြို့နယ် ကမ်းခြေရှိ ဒူးယားရွာသို့ ရောက်ရှိသွားသော်လည်း ကျေးရွာသူကြီးက နယ်မြေခံစစ်တပ်ကို အကြောင်းကြားခဲ့သဖြင့် ဖမ်းဆီး ခြင်းခံရကာ ထောင်ဒဏ် ၃နှစ်ကျခံခဲ့ရပြီး ၁၉၇၃ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
Monday, January 16, 2012
သာမညကျေးရွာသူ ရွာသားများ၏ နိုင်ငံတော်သမ္မတထံ အသိပေးခြင်း
ဘားအံမြို့နယ် သာမညကျေးရွာသူ ရွာသားများ၏ နိုင်ငံတော်သမ္မတထံ အသိပေးခြင်း(ပေးစာကဏ္ဍ)
Author: ကိုးဒီသွေး | Posted at: 4:59 PM | Filed Under: article
ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း လုပ်ရပ်များအပေါ် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သိရှိနိုင်ရန်၊ ကမ္ဘာတ၀ှမ်း လူထု သိရှိနိုင်ရန်နှင့် နိုင်ငံတော်သမ္မတပါ သိရှိနိုင်ရန် တင်ပြပေးပါရန်။
ရက်စွဲ- ဇန်န၀ါရီလ (၁၃)၊ ၂၀၁၂။
၁) ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ခေတ်စနှစ် လိုအပ်ချက်အရ ဒီမိုကရေစီနိုင်ငံ တော်သို့ လျှောက်လှမ်းနေပါပြီးဟု ဆိုပါသည်။
၂) ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မှီတင်း နေထိုင်ကြကုန်သော ကျေးလက်၊ မြို့ပြည်သူလူထု အားလုံး၏ ဆန္ဒသည် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူး ဥပဒေအရ ခေတ်စနှစ်နှင့်လျောညီစွာ အသစ်ပြန်လည်ရွေးချယ် တင်မြှောက်ချင်ကြပါသည်။
၃) ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ကျနော်၊ ကျမတို့ သာမညကျေးရွာတွင်လည်း ရွာသူရွာသားအားလုံး နှင့် ရပ်မိရပ်ဖများသည် ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောင်းလဲပေးပါရန် ပြည်နယ်ဝန်ကြီးချုပ်မှလည်း ကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။ ခရိုင်အုပ်ချုပ်ရေးမှူးမှာ အရေးယူပြောင်းလဲချင်သော ဆန္ဒရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းမှာ လုံးဝ လုံးဝ အသစ် လဲလှယ်တင်မြှောက်လိုသော ဆန္ဒမရှိဘဲ လူထု၏ သဘောထားကို ဖြည့်ပေးခြင်း မရှိပါ။
၎) ကျနော်/ကျမတို့ သာမညကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပြည်သူလူထု၏ ဆန္ဒသဘောထားကို ဖြည့် ဆည်းမှု မရှိဘဲ ၎င်းက တင်သလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပါသည်။
၅) ကျေးရွာတွင် ပြည်ထောင်စု စာရင်း ပြုလုပ်မှုနှင့်ပတ်သက်ပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂,၅၀၀ နှုန်း ကောက်ခံသော်လည်း ယခုထက်တိုင် အိမ်ထောင်စုစာရင်းမှာ ရရှိခြင်းမရှိဘဲ ငွေကြေးလိမ်လည်ကာ ကိုယ်ကျိုးအတွက် အသုံးပြုပါသည်။
၆) ကျေးရွာမှ ကောက်ယူသော လစဉ် ငွေစာရင်းများကိုလည်း တစ်ကြိမ်တစ်ခါမျှ စာရင်းရှင်းလင်းခြင်း မရှိပါ။
၇) ကျေးရွာ မီးလင်းရေးဆောင်ရွက်ရာတွင်လည်း တရားမျှတစွာ ကောက်ခံခြင်းမရှိဘဲ ၎င်း၏ ဆန္ဒအရ သာ လုပ်ဆောင်ပြီး ပြည်သူများ၏ဆန္ဒ၊ ပြည်သူ၏အသံကို လုံးဝလစ်လျူရှုထားကာ အာဏာရှင်ဆန်ဆန် လုပ်ဆောင်ပါသည်။
၈) ယခုအခါတွင် သာမညဆရာတော်မရှိသည့်နောက်ပိုင်းမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက် ပြားပြီး ရွာသူရွာသားများမှာလည်း အားလုံးစိတ်ဝမ်းကွဲကာ အခြေအနေမှာ တဖြေးဖြေး ဆိုးရွားလာပါ သည်။ ယခုလက်ရှိ နာယက ဆရာတော်များမှာလည်း စိတ်ဆင်းရဲနေရပါသည်။
၉) ၁၀. ၁. ၂၀၁၂ ရက်နေ့ည ၇နာရီခန့်တွင် အုပ်ချုပ်ရေးမှူး၏ မတရားမှုကို သီးမခံနိုင်သော ရွာသား ၃၀၀ဦးခန့်သည် ၎င်းတို့၏ အိမ်ရှေ့တွင် ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြပါသည်။
၁၀) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်းမှာ ကရင်လူမျိုး မဟုတ် ဘဲ ဗမာလူမျိုးဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ကရင် ပြည်နယ်သူ၊ ပြည်နယ်သား၏ သဘောထားဆန္ဒ၊ ပြည်နယ်သူ ပြည်နယ်သား၏ အကျိုးစီးပွားကို စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်မည်မဟုတ်ဟု ယုံကြည်ကာ လူထုကြိုက်နှစ်သက်ခြင်း မရှိချေ။
၁၁) ၎င်းအပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ပြည်နယ်သူပြည်နယ်သားတို့ တောင်းဆိုသော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် လဲလှယ်တင်မြှောက်ခြင်းကို လုံးဝ စိတ်ဝင်စားခြင်းမရှိဘဲ နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့မြေကွက်သစ်များ ဖော်ထုတ်ရောင်းဝယ်ခြင်းနှင့် လန(၃၉)ကို ဈေးကြီးကြီး ယူ၍ လုပ်ကိုင်ဆောင်ရွက်ခြင်းကိုသာ စိတ်ဝင်စားပါသည်။
၁၂) ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ၎င်း၏ရာထူးနှင့် အာဏာတည်မြဲရေးအတွက် ဘားအံမြို့နယ် ဇွဲကပင်တောင်အနီး ကျောက်ကလပ် ဆရာတော်ထံတွင် အမြဲတမ်း ယတြာနှင့် ဓါတ်ရိုက် ဓါတ်ဆင်များ ပြုလုပ်ကြောင်းလည်း သိရှိရပါသည်။
၁၃) အထက်ပါ အကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာတ၀ှမ်းလုံးတွင် သိရှိနိုင်ရန်၊ ကမ္ဘာကပါ သိရှိနိုင် ရန်နှင့် နိုင်ငံတော်သမ္မတပါ သိရှိနိုင်ရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
မှတ်ချက်။ ။ ယ္ခု ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းသည် ယ္ခင် န.၀.တ ခေတ် အရှေ့တောင် တိုင်း စစ်အုပ်ချုပ်မှ ဒုတိုင်းမှူးအနေနှင့် ကရင်ပြည်နယ်ကို ဥက္ကဌအားဖြင့် ဆောင်ရွက်ခဲ့ပြီး ယ္ခု သမတ ဦးသိန်းစိန်လက်ထက်တွင် ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ပြန်လည် အုပ်ချုပ်ရသူတစ်ဦး ဖြစ်ပါသည်။
လေးစားစွာဖြင့်
ရွာသူ/ရွာသားများ
သာမညကျေးရွာ၊ ဘားအံမြို့နယ်
ကရင်ပြည်နယ်။
Sunday, January 15, 2012
Facebook တွေက ပြောနေကြတဲ့ ဦးခင်ညွန့် အကြောင်း

ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ စမ်းသပ်ကြည့်တာ ဖြစ် ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလား ဆိုတာ စမ်းကြည့်တာ လဲ ဖြစ်နိုင်တယ်။သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။
မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရား ခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံတွေဘက်က ကြားဖြတ်အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ်တန်ပြန်ရေး ဖော်ဆောင်သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာသူပဲ။ အဲ့ဒါကြောင့် ဒီနေ့တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရ တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန် အောင် ကြူပင်ခုတ် ကြူငုတ်မကျန် လုပ်ခဲ့တာ သူပါပဲ။
ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာသူ့စနက်တွေ ချည်း ပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာက အစ သောက်တဲ့ ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွား ခဲ့တာ သူပါပဲ။
ရေကြည်အိုင်ကို ၀င်သွားတဲ့သူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ်ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမ သိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာတပြည်လုံးကို အကြောက်တရားနဲ့အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ်ခံရမလဲဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက် သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။ နိုင်ငံရေးဆိုတာ လုပ်တာနဲ့ သင်္ချိုင်းကုန်းပဲ ပြေးမြင်အောင် လုပ်ထားတာ သူပါ။
စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လို ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သားမဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာပေးခြင်း ခံခဲ့ရတာပါ။
ဦးနေ၀င်း ဆင်းပြီးသူ့သြဇာခံတွေလဲ ထည့်မရတဲ့အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင် ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊့  တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်တို့ပဲ။အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန် ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။
သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက် နောက်ခံမရှိတဲ့ ဗိုလ်ခင် ညွန့်ဟာ အခြေအနေ မကောင်းဘူးဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်း ရေးလုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့ ၊လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်းအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျော ထောက်နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တို့ဟာ မြန်မာလူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ပါတယ်။ ငြိမ်းအဖွဲ့တွေ သူတလူငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည်သွားတာဟာ နောက်ဆုံး သူ ဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။
စစ်အစိုးရ အနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့အစောဆုံး သဘောပေါက်တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ သူ့ကို ပေးကခဲ့ရင် အခု ပုဆိုးဝတ်ကြီးတွေကို ဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။
တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့ တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့ လား မပြောတတ်ဘူး။ စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်းနဲ့ပဲ လုပ် တတ်ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။ ကဲ ဘယ်သူဟာ ပိုကြောက်စရာကောင်းလဲ စဉ်းစားကြည့် ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအတွက် အချိန်မရှိလို့ပဲ။ တခြားတိုးတက်ရေးလုပ်စရာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင် တော့ သတိထားနေရမယ်။ သူလုပ်ခဲ့တာတွေကိုတော့ မေ့မပစ်ဘဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။
မောင်ညီ MMCP
…………………………………..
ဦးခင်ညွန့် ဘာတွေလုပ်ခဲ့လဲ ဟုတ်လား
၁- စစ်အစိုးရ တတ်ခါစမှာ သူတဦးတည်းမှာ ပါဝါအပြည့်ရှိတယ်လို့ ပြောလို့ရလောက်အောင်ကို ပါဝါရှိပါတယ်။ အဲ့ဒီ အ ချိန်က သူဆန္ဒပြ ကျောင်းသားတွေ NLD နဲ့လူ့ဘောင်သစ်ပါတီဝင်တွေကို ဘယ်လို့ဘ၀တွေရိုက်ချိုးခဲ့တယ်ဆိုတာ ပြန် ပြောပြဖို့လိုမယ် မထင်ပါဘူး။ မန္တလေး သံဃာ့အရေးအခင်းကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်းအကျဉ်း ချခဲ့ပါသလဲ….
၂- အာဏာတည်ဆောက်ပုံ…ကြမ်းတဲ့နေရာမှာ သူ့လောက်ဘယ်သူမှ မကြမ်းပါဘူး။ သူ့အထက်က ဦးစောမောင်၊သူ့လယ် ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည် တို့အုပ်စု၊ သူတွေကို ဘယ်လိုရှင်းသွားလဲ… အဲ့အချိန်မှာ ဦးသန်းရွှေ တောင် သူ့ပါဝါသူအသာလေး စုနေရတဲ့အဆင့်ပဲ ရှိသေးပါတယ်။ နောက် ဦးတင်ဦး ကေစ့် မသေမချင်း လုပ်ကြံခံရတာ သူ့ကြောင့်မဟုတ်ဘူး ဆိုရင်တောင် သူအကာအကွယ် မပေးနိုင်ခဲ့တာဟာလည်း သူ့ကိုယ်သူလုံလှပြီလို့တော့ ပြောလို့မရ နိုင်ပါဘူး။ နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ်သုတ်ခအလုပ်မှာ တချက်၊ သူ့လူတွေ လည်လွန်းပြီး ချီးနင်းမိနေချိန်မှာ တချက်အ ခြေပျက်သွားလို့သာ သူခံလိုက်ရတာပါ။
အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန်အရှိဆုံးလည်းဆိုတာ ပေါ်လောက်ပါပြီ။ ဦးသန်းရွှေက သူ့လောက်မတော်ပါဘူး…. ဦးသန်းရွှေ မဟုတ်တာလုပ်ရင် လူသိတာများတယ်။ သူမဟုတ်တာလုပ်တာ လူသိပ်မသိဘူး။ သူက ဆင်ဖြုမရှင်နဲ့ စုဘု ရားလတ် ပုံစံ တဘက်ကပွဲခင်းပြီး တဘက်က လူသတ်တဲ့သူစားမို့ပါ… သူလုပ်သွားတာ အားလုံးဟာ ဆန်းဆန်းပြားပြား မပါပါဘူး။ တကယ်တော့ သူသိပ်တော်ပါတယ် ပြောရင် ဗလလို ငမြောက်ငခြောက်ကောင်ကလည်း အဲ့လိုနေရာလေး သာရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ရတယ်လို့ ကြွေးကြော်ချင်ပါတယ်… ဘာကြောင့်လဲ မေးရင် တော့ မြန်မာလူမျိုးတွေက မြန်မာလူမျိုးတွေမို့ ပါပဲ။
အခုတောင် ဖေ့စ်ဘုတ်မှာ အရင်ထောက်လှမ်းရေးအတွက် အသုံးတော်ခံခဲ့တဲ့ 7days voice eleven တို့က တဖြည်းဖြည်း နဲ့ မင်းကိုနိုင် တပုံ သူ့ပုံ တပုံတင်ပြီး စည်းရုံးရေးဆင်းနေပါပြီ။ အားလုံးကလည်း ဘဘကြီးနေကောင်းလားတို့ အရမ်း ၀မ်း သာတာပဲတို့ ဖြစ်ကုန်ကြရော။ ကျုပ်တို့လူမျိုးကလည်း မေ့တတ်တာကိုး ၁၉၈၈ အရေးအခင်းဖြစ်တယ် အရေးအခင်းပြီး တာနဲ့ အရပ်ထဲ နတ်ပွဲတွေနဲ့ တခြိမ်းခြိမ်းပေါ့၊ မေ့ကုန်ပြီ၊ မသေတဲ့ မိသားစုတွေက ၁၉၉၀ ရွေးကောက်ပွဲလုပ်တယ် မနက် ဖြန်ပဲပေးမလိုလို လုပ်နေလိုက်တယ်။ ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော၊ အမှတ်မမှားရင် လွတ်တော်ခေါ်မယ်ကို ၁၉၉၁- ၉၂ နှစ်လောက်မှ ကြေငြာတာ ရွေးကောက်ပွဲပြီးတယ်။ ၁၉၉၃ ညီလာခံခေါ်တယ်။ တနှစ်တကြိမ် တခါတလေ ၂-၃ ကြိမ်ခေါ်တယ်၊ လူတွေဆူပူမှာဆိုးလို့ မြို့တော်ဝန် မာရသွန် ပြေးလိုက်ကြတာပဲ။ တီကိုကားရအောင်လို့ နအဖ ဖလား လှေသဘင်၊ မြင်းခင်းသဘင်၊ ဟောပြီးတော့ အမျိုးသားအားကစားပွဲတော်၊ နောက်တော့ ကျောင်းသားအားကစားပွဲ တော်လုပ်ပေးတယ်။
ဒါတွေဟာ ပုံမှန်ပါပဲ။ တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ လူတယောက်အတွက် တကယ့်ကို ပုံမှန်ပါပဲ။ အခုအွန်လိုင်းမှာဟော့နေတဲ့ မြန်မာ့အင်တာနက်ဖောင်ဒါဆိုတဲ့ စကားလုံးမှားတယ် ပုဂံဆိုက်ဘာ ကို စလုပ်တဲ့ ရည်ရွယ်ချက်ကိုက သူ့အတွက်ပါ။ သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်းအတွက်ရည်ရွယ်ပြီး လုပ်ခဲ့တာ ပါ။ သူမလုပ်ရင် သူကျန်ခဲ့တော့မယ်။
အဲ့နောက်ကနေမှ လူတွေမသုံးနိုင်တဲ့ ဈေး၊ လူတွေမသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ လူတွေကြားထဲ ချထားပေးလိုက်တာပါ။ ဒါ လည်း လေးစားလောက်စရာမရှိပါဘူး။ သူနိုင်ငံအုပ်ချုပ်နေတဲ့ သူတယောက် သူ့အလုပ် သူလုပ်ရမှာပေါ့။ ဒါ ကျနော်တို့ က ပိုပြီး ချီးကျူးထောပနာပြုနေစရာ ဘာလိုလို့လဲ။ ကောင်းတာကို ချီးကျူးခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူ လုပ်ပါ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့။ နောက် လူတွေပြောတဲ့ မာလ်တီမီ ဒီယာ ဟားတိုက်တာ ရယ်ချင်ရဲ့ စက်ရှိတယ် ရုပ်ပြ၊ အင်တာနတ်ကနေ စာသင်မယ်တဲ့ မီးမလာဘဲ အဲ့တော့ အဲ့တာတွေ ဟာ အပိုဆိုတာ သဘောပေါက်ပေါ့။ ထမင်းကျွေးလို့ ထိုင်စားမယ့်လူကို ထမင်းသိုး ဟင်းသိုးကျွေးတာ ထုတ်ပြီး ချီးကျူး လောက်တဲ့ သူဟာ ထမင်းသိုးဟင်းသိုးကြိုက်တဲ့သူပဲ ဖြစ်မှာပေါ့။
နောက်တခု မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း ဒါဟာ တပ်တွင်းအားပြိုင်ဖို့ လောက်နေရာတခုပါ။ အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင် တို့က မတိုးဘူးလေ။ သူ့မိန်းမက ဒေါက်တာဆိုတော့ ပိုပြီးလူဝင်ဆန့်တော့ ဒါကိုတည်ခဲ့တာပဲ။ နောက် အတန်းပညာရေးကို ဘယ်လောက်ထိဖျက်ဆီးပစ်တယ်ဆိုတာ အားလုံးအသိပါ။ မအောင်မနေရ အတန်းတင်ပညာရေး စနစ်ဟာသူ့ကြောင့် ပေါ်ထွန်းလာတာပါ။ အဲ့ဒီ ပညာရေးစနစ်ကထွက်လာတဲ့သူတွေ အခုအချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ ချင်းတူရင် ဒီပလိုမာချင်းတူရင် ဘယ်သူက ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်ပါသလဲ၊ ကိုယ့်ဘာသာကိုယ် မပြင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်။ အဲ့လောက်ဆိုရင် သူဘာလဲ သိလောက်ပါပြီ။
သူဟာ ရုပ်ရှင်သရုပ်ဆောင် ကြက်သမား ၀င်းမြင့် (ဦးလူချော မှန်ပါတယ်နော်) ရဲ့ ညီလို့ မပြောရဘူး။ သရုပ်ဆောင် ကောင်းသူပါ။ ဘုရားထီးတော်တင်ရင် ဆုတခုပဲတောင်းတယ်။ နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီးအေးချမ်းပါစေ တဲ့ (နည်းနည်းတော့ စကားလုံးကွဲနိုင်တယ်) အဲ့လို ဟန်ပါပါ မာန်ပါပါနဲ့ဆုတောင်းလို့ လူကောင်းထင်နေရင်တော့ မှားမှာ ပေါ့။
ကျနော် အိမ်ကနေ ရှေ့တပြက ဘုရားသူထီးတင်ခဲ့သလို ကျနော့် လမ်းထိပ်က ကကလှမ်းရုံးမှာလည်း သူ့တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်။ အဲ့တော့ မိချောင်းမျက်ရည်လို့သာ ပြောချင်တယ်။ သူ့အကြောင်း ထဲကနေ ကောင်းတာ လေး တခုနှစ်ခုလောက်တော့ ရှိတာပေါ့။ သူ့ တပ်မတော်ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်းယူဖို့အကြံနဲ့ ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ပုံစံ ချိုးယူတာမျိုး၊ အာစီယံမှာ သူ့တပည့် ဦးဝင်းအောင် ကို အလှည့်အပြောင်းလာတော့မယ် ဆိုတဲ့ စကားထွက်စေတာမျိုးကို ကြိတ်ပြီး ချီးကျူးမယ်ဆိုရင်ပေါ့။ ဒါပေမယ့် ဒီလူဟာ ကျနော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလိုပြောရရင် မှင်အနက်ပဲ။ ဘယ်လိုမှင်နဲ့မှ သူ့ကိုအရောင်ပြောင်းလို့ မရနိုင်ဘူး။ သူဟာ လူမကြမ်းဘဲ စိတ်ဓါတ် ကြမ်းတဲ့ အတွင်းကောက်သမားပါ။
ကျေးဇူး ဗလ (MMCP)
………………………………………..
ရွေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသားအရေးအခင်းဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျမသိဘဲလို့ ဆိုရ အောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ သူကြီးလဲ အပြင်ဘက်မှာ အရှင်လတ်လတ်ကြီး ညွှန်ကြားနေ တာကွယ့်။ လှည်းတန်းမှာ နံနက်လင်းအားကြီး ကတ္တရာလမ်းပေါ်ထိုင် လက်ချင်းချိတ်တွဲထားတဲ့ ကျောင်းသားတွေကို မီး သတ်ပိုက်နဲ့ အနီးကပ်အတင်းထိုးခွဲ ကားပေါ်ပစ်တင်ခိုင်းတာ အခု ရွှေဘိုထောင်ကလွှတ်တဲ့ထဲပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင် တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူးထင်တယ်။ အမိန့်အရ အနီးကပ်ညွှန်ကြားသူပေါ့။ထောက် လှန်းရေးတစု ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ မန်းလေး သံဃာ့အရေးအခင်းဆိုတာလဲ မီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ ကျောင်းသားတယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်းကျောင်းသူတောင်မချန်) ထောင်ထဲ ဖမ်းထည့်ပစ်လိုက် တာကော သူတော်တဲ့အချက်လို့ ပြောဦးမလား။ မျှားခေါ်တတ်လိုက်တာ ပေါ့နော် အဲဒီတ၀ိုက် စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံအကြောင်း အကောင်းအ ဆိုး နည်းနည်းတောင် မဟ၀ံ့၊ ကချင်ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစုပုံတောင် မထားရဲတဲ့ သာမန်ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်းစကားတွေ မဟုတ်ဘူး။ အမှန်က ဒီလူကြီးအကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။
…………………………………………….
ဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော်ဘွဲ့တွေ ရွတ်နေကြပါစေ ကျနော်တော့ သူ့မျက်နှာမြင်တာနဲ့ ပထမဆုံး ပြေးမြင်မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။
အဘညွှန့် ဘာလုပ်ခဲ့သလဲတော့ မသိပါဘူး။ အဘညွှန့်ရဲ့ သားသမီး အမ်အိုင်တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ် ပေါ်တင်တင် ဖွင့်ရဲလာတာတော့ အတော်ထင်ထင်ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီးကျေးဇူးတင်ရမယ်ဆိုရင် ကိုရင်ချက် ကြီး တို့ ပြည်တွင်းဖြစ် ကုန်ကြမ်းရစေဖို့ စတင်မိတ်ဆက် ကျေးဇူးပြုခဲ့တာ အဘညွှန့်ရဲ့ အမ်အိုင်တွေပဲ။
…………………………………………….
ဒါပေမယ့် သူလွတ်ခြင်းမလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစားမိပါဘူး၊ အကျဉ်းကျနေသူ လွတ်မြောက်တဲ့ အ တွက် မုဒိတာပွားပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရားနွံထဲ ဆွဲချခဲ့တဲ့ အဖွဲ့အစည်းကြီးတခုကို ဦး ဆောင်ခဲ့တဲ့ သူတယောက်ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။
မော်ကင်းလေး
………………………………………..
မခံခဲ့ရဘူးတဲ့သူတွေကတော့ ခံခဲ့ရတဲ့အမြင်ကို ဘယ်သိမလဲဗျ။ မိသားစုတွေ သားတကွဲ၊ မယားတကွဲ ဖြစ်ခဲ့တာတွေ၊ လူ့ ဘ၀ သက်တမ်းတ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ်ကိုယ်နေတာတောင် ကြီးလန့်စာစား နေ ခဲ့ရတာတွေ၊ ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။ ဒီလို လူမျိုးကို အကာအကွယ်ပေးတဲ့သူတွေ facebook ပေါ်မှာ လဲ အတော်များသားကလား။ ဒီလူကြီးရဲ့လက်တံက တော်တော်ရှည်သေးတာ တွေ့ရပါတယ်။ (သူတပည့်ဟောင်းတွေ တော်တော်များများလဲ facebook ပေါ်ရှိနေတာ သေချာတယ်) ထောက်လှမ်းရေး ဆိုတဲ့အတိုင်း ဉာဏ်နီဉာဏ်နက်၊ က လိမ်ကကျစ် ဉာဏ်ကတော့ တော်တော်ကြောက်ဖို့ ကောင်းရိုးအမှန်ပဲ။ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး အခုလို ထောင်ကျ တာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။
သွားလေသူကြီးက မြွေပွေးတကောင်ကို ပခြုပ်ထဲထည့်လိုက်တာပါ။ (သူတို့ အာဏာထိပါးမှာ မြင်လို့လားမသိ) ခုတော့ မြွေပွေးတကောင် ပြန်လွတ်လာပြီပေါ့။
MMCP
………………………………..
သူတို့တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ်သားသား အသာစီးရ အပေါ်စီးကနေပြီး လုပ် ခြင်သလို လုပ်ခဲ့ကြတယ်။ ကျတော်တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပေခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီးရ လာရင် ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ခြေမှုန်းဖို့ ဆိုတာတွေကို စိတ်မ၀င်စားတော့ဘူး။ အားလုံး အတူတကွ လက်တွဲ့ နေထိုင်ရေးကို ပိုဦးစားပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီးခံခဲ့ကြရတယ်။
တခါတလေတော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ခြင်လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစာန် မဟုတ်ဘူးလို့ ပြန် စဉ်းစားလိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ်သွားတယ်။ လူအဖြစ်ကို အဆုံးရှုံးခံပြီးမှရမဲ့ အနိုင် ထိုက်တန်ရဲ့လား တကယ်ကော လိုခြင်ရဲ့လားလို့ ပြန်စဉ်းစားစရာတွေ ဖြစ်လာခဲ့တယ်။
အခုအချိန်မှာ အခုလို လွှတ်ပေးလိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့်သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာ အောင် လုပ်ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေအားလုံး ရင်သပ် ရှုမောစရာ ဖြစ်သွားတယ်။ မြစ်ဆုံကိစ္စ အကျဉ်း သား လွတ်ပေးရေး ကိစ္စတွေမှာ သေသေချာချာ ပလန်ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက်တွေလို ကျနော်လည်း အစ်ကို တချို့နဲ့ အမြင်တူတယ်။
သစ်တာကြီးပေါ် ကျောက်တုံးတင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုးဆိုတဲ့ အဖြစ်မျိုးဆိုတာကိုလည်း လက်ခံတယ်။ ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တပြိုင်နက် ထွက်ပြီးမှ ဆိုတာလေးကို ပိုပြီးသိခြင်လာ တယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေးပါလား။
အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန်နေ တယ်။ ခွင်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အဖျောက် မခံသင်ဘူး။ အရေးယူတာ မယူတာက နောက်တပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိကျန်ရစ်ဖို့ နောက်တပိုင်းပါ။ ထိုအတူ ဒီပဲယင်းဆိုတာလည်း လူအများအပြား လူမသိသူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့် လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်င်ချိန်ပြီး ခွင့်လွှတ်အုန်းတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အ ပြည်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။ အခုပဲကြည့် ဘာမှ မကြာသေးတဲ့ နှစ်ကာလတွေတုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင့် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်းသင်တာပါဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန်အမှတ်ရကြပါ။
ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်းသလား ဆိုးသလား တော်သလားဆိုတာတွေ ဆွေးနွေးချင်ရင် နိုင် ငံရေး သရက်ထဲမှာ သူအမည်နဲ့ သီးခြား တခုရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျော်လေးမလားလို့ အကြံပေး တာပါ။ ကျတော် ဂရုပြုမိသလောက် အမည်ကျော်တွေထဲမှာ ကိုယ်ကိုကိုယ် publicity ဖြစ်အောင် promotion ကို သေ သေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန်အကုန်ခံပြီး လုပ်ယူတဲ့လူ နှစ်ယောက်ကို တွေ့မိတယ်။ တယောက်က ကျော် ဟိန်း ပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ်အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တကျ လုပ်သွားတာပါ။ နောက်တ ယောက် အခု မြို့မေတ္တာ ခံယူနေသူကြီးပါ။
လူတွေဟာ တခုခုကို အများထဲက ရွေးရတော့မယ်ဆိုရင် ယဉ်ပါးနေတဲ့ ကြားဖူးတဲ့ အရာကိုပဲ ရွေးတယ်ဆိုတာ စနစ်တ ကျ လေ့လာချက်များမှာ တွေ့ရှိရတဲ့ လူ့အကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ပဲ ဖြစ်ဖြစ် ဆိုးတဲ့ကိစ္စနဲ့ပဲ တွဲပြီးတော့ပဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စီထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါတလည်းလည်း ၀င်အောင်လုပ် ပေးရမယ်။ အဲဒီ လုပ်ထားနိုင်ရင် အဲသည်လူဟာ တခုခုကို ရွေးရတော့မယ်ဆိုရင် မသိစိတ်ကနေပြီး သူမကြာခဏ ကြား ဖူးနေတဲ့ အမည်ကိုပဲ ရွေးတော့တယ်ဆိုတာ အခြေခံ မာကက်တင်း နိယာမ တခုပါ။ ဒါကို တီဗီမင်းသားကြီးက ကောင်း ကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုးနေတဲ့ မဆ လ မာကက်တင်း နည်းစနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည်တွေနဲ့မှ စားပျော် အိပ်ဝင်ပြီး လူလုပ်ခဲ့သူတွေ ကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူးဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး လက် ခံသွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။
အောင်အောင်ဦး
………………………………………
ဒေါ်စုကို အပျော့ဂိုဏ်း ခင်ညွန့်က စကားပြောချင်နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့်ဆိုပြီး ဆရာတပဲ့ နှစ်ယောက် အ ပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။ ထောက်လှမ်း ရေးတွေကို သန်းရွှေက လိုက်ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေအိမ်မှာ ရွှေတွေ ပိဿာများစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွ နံရံမှာမြုတ်ထားတယ်။ ထူးခြားတာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင်တွေမှာ ဘုရားမရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။
ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်းအလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက်ဖြုတ်ရာ မှာ အဓိကဇာတ်ကောင်လို့ စွပ်စွဲခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန်ပို့ ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့နေရာမှာ ကျော်ဝင်း ခိုးဝှက်ထားတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ (ဆယ်ဂဏန်းလို့ နီးစပ်သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီအချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာသံရုံးမှာ ရှိနေတုန်းပါ။ ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ်က အကုန်စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့အခါ ထောက်လှမ်းရေး ဗိုလ် ချုပ်ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏနေပါတယ်။ ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်း လဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်း စိမ်ခံနိုင်မှာမို့ ဟန်ကိုကျလို့။ ကနေ့ အမေရိကန်အစိုးရက အောင်လင်းထွဋ် ကို လုံးဝ နိုင်ငံရေးခိုလှုံခွင်မပေးပါ။ အမေရိ ကန်မှာ နေခွင့်သာပေးတယ်လို့ နိုင်ငံခြားသတင်းတခုမှာ ဖတ်ရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြားမတန်အောင် မြန်မာ့အလင်းသတင်းစာကနေ ဆောင်းပါးမျိုးစုံနဲ့ အပုတ်ချ ခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေးအရာရှိတွေဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်ဒီကို အောက်လမ်းနည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါ။
ခင်ရတနာ