ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တို့ ပူးပေါင်း တပ်များ တည်ရှိရာသို့ အစိုးရတပ်မှ စစ်ကြောင်းများ ထိုးစစ်ဆင်နိုင်ဖွယ် ရှိသည်ဟု ကရင်ပူးပေါင်းတပ်များက ပြောသည်။
“ကျနော်တို့ သိထားရသလောက်တော့ သူတို့ဘက်က ထိုးစစ်လုပ်ဖို့ အဆင်သင့်ရှိနေပြီ။ ကျနော်တို့ဘက်ကလည်း အဆင်သင့် စောင့်နေတာပေါ့” ဟု DKBA ကလို့ထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက်က မဇ္ဈိမကို ပြောသည်။
လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသတွင် အင်အား
အစိုးရဘက်မှ တပ်မ ၄၄ နှင့်တပ်မ ၁၁ တို့ကို
တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ DKBA ၏ မြိုင်ကြီးငူ ဗဟိုဌာနချုပ် အနီးတွင်လည်း အစိုးရတပ်များ ချဉ်းကပ်
နေရာယူထားသလို ကမမောင်းမြို့နယ် အတွင်းသို့ ဝင်ရောက်လာနေကြသည်ဟုလည်း ဗိုလ်မှူးကျော်သက်က
ပြောသည်။
နယ်ခြားစောင့်တပ်အဖြစ် ၉ လကျော်အကြာ တာဝန် ထမ်းဆောင်ပြီးနောက် DKBA များက ပြန်လည် ပုန်ကန်မှုကို ပြသသည့် အနေဖြင့် DKBA တံဆိပ်များ ဇွန် ၁၇ ရက်နေ့မှစ၍ ပြန်လည် တပ်ဆင်လာခဲ့ကြသည်။
ကရင်လူမျိုးများ အတွက်လည်း ပြောင်းလဲတိုးတက်မှုကို မတွေ့ရသဖြင့် ယခုကဲ့သို့ ပြန်လည် ဘက်ပြောင်းလာခြင်း
ဖြစ်သည်ဟု DKBA တပ်မှူးဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို ပြောသည်။
စိုးရိမ်မှု ရှိလာသူ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန နယ်ခြားစောင့်တပ်များ ဆိုင်ရာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်းတို့က မြိုင်ကြီးငူတွင် DKBA မှ ဆရာတော် ဦးဉာဏိကနှင့် ဇွန် ၁၇ ရက်နေ့တွင် သွားရောက် ဆွေးနွေးခဲ့ကြသည်။ အစိုးရ ကိုယ်စားလှယ်များ လာရောက်ချိန်တွင် DKBA တပ်များအပေါ် သြဇာညောင်းသည့် မြိုင်ကြီးငူဆရာတော် ဦးသုဇန ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူနေချိန် ဖြစ်သည်။
“ဒီနေရာကို သူတို့ လက်နက်အင်အားသုံးပြီးတော့ ယူသွားနိုင်ပေမယ့် ကျနော်တို့ ကျွမ်းကျင်နယ်မြေဖြစ်တဲ့ အတွက်ကြောင့် သူတို့တွေရဲ့ အသက်တွေ အများကြီး စတေးပြီးမှ ဒီနေရာကို ရပါလိမ့်မယ်။ ကျနော်တို့ကတော့
ပြောက်ကျား စနစ်အပါအဝင် နည်းမျိုးစုံ ပြင်ထားတယ်” ဟု ဗိုလ်မှူးချစ်စရာက မဇ္ဈိမကို ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး၏ တပ်ဖြစ်သော ကရင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးကြီး ဖောဒိုက
“ ကျနော်တို့ တကယ်လိုချင်တာက စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဗျ။ အခုတက်လာတဲ့ အစိုးရသစ်ကလည်း ဒီကိစ္စကို လုပ်ဖို့ အစီအစဉ် ရှိပုံ မပေါ်ဘူး။ နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးဖို့ သူတို့မှာ ရှိဟန်လည်း မပြဘူး။ ဒါကြောင့်မို့ သူလက်အောက်မှာ သွားနေခဲ့တဲ့ နယ်ခြားစောင့်တပ်တွေက အခုလို မြိုင်ကြီးငူဒေသကို အာဏာပြန်သိမ်းတာနဲ့ ကြုံနေရတာပဲ” ဟုပြောသည်။



