Sunday, May 29, 2011

နယ်ခြားစောင့်လက်ခံတဲ့ DKBAဌာနချုပ် သိမ်းပိုက်ခံရ


/www.voanews.com

By မအေးအေးမာ

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေ၊ ကရင်အမျိုးသား လွတ်မြောက်ရေး ပူးပေါင်းတပ်တွေ အင်အား ၆၀၀ ကျော်လောက်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက မြိုင်ကြီးငူမှာရှိတဲ့ DKBA ဌာနချုပ်ဟောင်း နေရာတခုလုံးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိန်းချုပ်ထားလိုက်ပြီးနောက် ကရင်ပြည်နယ် အတွင်းမှာ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို မကျေနပ်တာကစပြီး ကရင်ပြည်နယ် တခုလုံးမှာ တိုက်ပွဲသံတွေ ကြားနေရတာ ၇ လခန့်ရှိပြီလို့ ဆိုရမှာပါ။ အခုအခါမှာတော့ အရင်တုန်းက ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ DKBA၊ KNU နယ်ခြားစောင့်တပ်တွဟာ အတူတကွ
မြိုင်ကြီးငူဒေသမှာ ပူးပေါင်း တပ်စွဲလိုက်ပြီလို့ ဆိုပါတယ်။ DKBA ၉၀၂ တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာကတော့…

“ကျနော်တို့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးက တပ်ရင်းတရင်း၊ လက်ရှိ တပ်မဟာ ၇ ဗိုလ်ချုပ် ဂျော်နီက တပ်ရင်းတရင်း၊ နောက် ဗိုလ်ဘိရဲ့ အင်အား ၄၀၀ ကျော်ရှိတယ်၊ စုစုပေါင်းဆိုရင် ၆၀၀ ကျော်မှာရှိတယ်။ မြိုင်ကြီးငူမှာ လက်ရှိ ကျနော်တို့ ဗိုလ်ဘိနဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးတပ်နဲ့ ဗိုလ်ချုပ် ဂျော်နီရဲ့ ရဲဘော်ရဲတွေ ပူးပေါင်းပြီးတော့ မြိုင်ကြီးငူဒေသကို ခြေကုတ်ထိုင်ထားတယ်။ မြိုင်ကြီးငူရဲ့ အရှေ့ဘက်ခြမ်း ဘားအံနားမှာ တပ်တွေ အမြောက်အမြား ဖြန့်ထားတယ်။”

ကရင်အမျိုးသား လွတ်မြောက်ရေးတပ် အောက်ခြေတပ်တွေဘက်ကတော့ DKBA နဲ့ စစ်ရေးအရ ပူးပေါင်း တိုက်ခိုက်မှုတွေ ရှိတယ်ဆိုတာ အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကပဲ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို နယ်ခြားစောင့်တပ်တွေကပဲ ဖမ်းဆီးခဲ့တယ်လို့ ဗွီအိုအေက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါမှာ ဗိုလ်ချုပ် ကျော်သန်း ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း၊ ဘားအံမှာရှိတဲ့ မြန်မာစစ်တပ်ကို အကူအညီ သွားတောင်းတာတွေ လုပ်နေကြောင်း DKBA ဘက်က ပြောပါတယ်။

“ဗိုလ်ချုပ် ကျော်သန်း ထွက်ပြေး လွတ်မြောက်သွားပြီး ဘားအံမှာ စစ်ကူသွားတောင်းတယ်။ အဲဒီ မြိုင်ကြီးငူ ဒေသကို ၀င်ရောက် ထိုးဖောက် တိုက်ခိုက်ဖို့အတွက် နအဖ တပ်မတော်ကို စစ်ကူသွားတောင်းတယ်။ ဗိုလ်ချုပ် ထွန်းနိုင်ကို ပြန်ဖမ်းမိတယ်၊ နယ်စပ်တနေရာမှာ ထိန်းသိမ်းထားတယ်။”

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူပြီး ၁၅ နှစ်အကြာ ပြီးခဲ့တဲ့နှစ်ကုန်မှာ နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ မြန်မာအစိုးရကြား တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ၇ လကြာတဲ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် ဒုက္ခသည် သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံထဲကို ခိုလှုံလာရတာတွေလည်း ဖြစ်ခဲ့ရပါတယ်။

အခုအခါမှာတော့ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် ကော့ကရိတ်၊ ကနဲလေး၊ ၀ါလေ၊ သေဘောဘိုး၊ ခီးသဲလယ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ၄ ပွဲထက်မနည်း မနေ့ညနေနဲ့ ဒီနေ့မနက်မှာ ဖြစ်ခဲ့ပါတယ်။ ကော့ကရိတ်က အစိုးရစစ်တပ် တပ်စွဲရာ ကော့ကရိတ် ချက်ပွိုင့်ကို ၀င်ရောက် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး DKBA က ပြောပါတယ်။

“ဒီနေ့ညနေ ၄ နာရီ ၃၅ မိနစ်မှာ ကော့ကရိတ်ချက်ပွိုင့်၊ ကော့ကရိတ်နဲ့ အောက်ဘိုတဲအကြား စခန်းကို ကျနော်တို့ ၀င်ရောက်တိုက်ခိုက်တယ်။ သူ့တပ်ရင်းကတော့ ခလရ ၅၄၈ တပ်ရင်း။”

ဝါလေနဲ့ သေဘောဘိုး စတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒေသခံတဦး ပြောပြတာကတော့…

“မနေ့ညနေက ၅ နာရီခွဲလောက်ပေါ့၊ သူတို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားတယ်။ DKBA နဲ့ ခလရ ၃၂၁ ပေါ့၊ နအဖဘက်က အရာခံဗိုလ်တယောက် ဆုံးသွားတယ်၊ ၄ ယောက်တော့ ဒဏ်ရာရတယ်။”

အခုအခါမှာတော့ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ တပ်တွေက သူတို့တပ်မှူးတွေကို ပြန်လည်ပုန်ကန်တဲ့ အနေနဲ့ ဖမ်းဆီးမှုတွေ လုပ်လာခဲ့ပါတယ်။ ဒီလို ဘာကြောင့် လုပ်လာရသလဲ ဆိုတာကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို အောက်ခြေဆန္ဒ မပါဘဲ ခေါင်းဆောင်ပိုင်းက သဘောတူ လက်ခံလာကြတာတွေကနေ တင်းမာမှုတွေ စခဲ့ကြတာပါ။

အရင်က ကရင်တော်လှန်ရေးမှာ ပါခဲ့ကြတဲ့ DKBA ခေါင်းဆောင်တချို့ကို အသက် ၅၀ ကျော်တယ်ဆိုပြီး အနားယူခိုင်းလိုက်တာတွေ၊ အာဏာရ နယ်ခြားစောင့် အဖွဲ့တွေက အနားယူခိုင်းလိုက်တဲ့ ကရင်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ အိမ်တွေ ပစ္စည်းတွေကို သွားရောက် သိမ်းယူတဲ့ အဖြစ်တွေ၊ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရရှိပြီး အထက်နဲ့ အောက်ခြေ ကွာဟမှုတွေလည်း ဖြစ်ခဲ့ရပါတယ်။ အောက်ခြေတပ်တွေကတော့ နယ်ခြားစောင့် တပ်စခန်းတွေကို ဆောက်လုပ်ပြီး မြန်မာစစ်တပ်နဲ့ တွဲပြီးထားမယ့် အခြေအနေတွေကို လက်မခံလိုသူတွေလည်း တဖြည်းဖြည်း များလာနေပါတယ်။

DKBA တပ်သားတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့ပြီး အခုအခါမှာတော့ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ ကရင်လက်နက်ကိုင် အင်အားစုတွေဖြစ်တဲ့ KNU နဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA အပြင် နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ DKBA တွေဟာ အချင်းချင်း ပူပေါင်းသွားကြပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

11ReadMore-2.jpg

Saturday, May 28, 2011

မြိုင်ကြီးငူဒေသမှာ BGF ကြားနေကောင်တွေ ဘက်တံဆိပ်ပြောင်းပြီး DKBA တံဆိပ်တပ်ကာ ပြန်ပုန်ကန်နေကြတယ်ဆိုတာ  မဟုတ်ပါဘူးကွယ်  BGF နဲ့DKBA ဆိုတာတူတူဘဲလေသူတို့တတွေတခါတလေ အင်္ကျီအဟောင်းနဲ့အသစ်လဲဝတ်တမ်းကစားနေကြတာပါကွယ် ဗိုလ်ကျော်သန်းကိုဖမ်းလိုက်ပြီးဆိုတာလဲမဟုတ်ပါဘူး သူတို့တွေ အရေခွံလဲပေးဘို့  အဲ  မဟုတ်ပါဘူး အင်္ကျီလဲတမ်းကစားကြမလို့ခေါ်ထားတာနေမှာပါကွယ်   ငါတို့ကတော့ မကစားနိုင်ပေါင်  ဒါကြောင့်ဒီအတိုင်းက  ဒီတိုင်းဘဲ  ကြားနေဘ၀ဘဲပျော်ပါတယ် 
အဲ    ပြောဘို့မေ့နေလိုက်တာ   ကားပါမစ်တွေ  ယူကြဦးမလား လိုရင်ပြောနော်  ကရင်တွေအားလုံးသိအောင် ကရင့် မီဒီယာကွန်ယက်တွေကနေကျေးဇူးပြုပြီးကြော်ငြာပေးပါဦးနော်..နော်..နော်လို့....

11ReadMore-2.jpg

မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား

မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား

Submitted by Karen Information Center on Friday, 27 May 2011No Comment
မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး  ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား
မေ ၂၇။ (ကေအိုင်စီ)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ၎င်းတို့၏ တံဆိပ်များကိုချွတ်၍ DKBA တံဆိပ်များကို ပြန်ဝတ်ဆင်ကာ ယခင် DKBA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်သန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလိုက် သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၁၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစော ဖောဒိုက “ကျော်သန်းကို သူ့လူတွေ ဖမ်းထားလိုက်ပြီ။ မြိုင်ကြီးငူမှာ ဘီဂျီအက်ဖ်မရှိ တော့ဘူး။ ဒီကေဘီအေ ပြန်ဖြစ်ကုန်ပြီ။ ဘီဂျီအက်ဖ်ကို မလုပ်တော့ဘူး။ ဒီကေဘီအေကို ပြန်ပြီးတော့ ကူးပြောင်းတာ”ဟု ပြောသည်။
အလားတူ နယ်ခြားစောင့်ကို ငြင်းဆန်နေသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးကလည်း“ ဟုတ်တယ်။ အခု ဗိုလ်ချုပ်ကျော်သန်းကိုလည်း မြိုင်ကြီးငူမှာ သူ့လူတွေ ဖမ်းဆီးထိန်းသိမ်းထား လိုက်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
၎င်းဖြစ်စဉ်သည် နယ်ခြားစောင့်အချင်းချင်းကြားတွင် အထက်အရာရှိနှင့် အောက်ခြေ အရာရှိတို့ကြား ငွေကြေးကိစ္စ လာဘ်ပေးလာဘ်ယူ မမျှတသည့်အတွက် စတင်ဖြစ်ပွားခဲ့သည့် ပြဿနာဖြစ်ပြီး နောက်ဆုံးတွင် နှစ်ဘက်ညှိနှိုင်း၍ မရသောကြောင့် ယခုလို ကြီးမားလာခြင်းဖြစ်သည်ဟု KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက ပြောသည်။
သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး BGF တပ်ရင်း ၁၀၁၈မှ ထိပ်တန်းအရာရှိတစ်ဦးက “နယ်ခြား စောင့်တပ်နဲ့ ဒီကေဘီအေက တူတူပဲလေ။ သူတို့အင်္ကျီဟောင်းတွေကို တခါတလေပြန်ဝတ်လို့ ဖြစ်ရင်ဖြစ်မှာပေါ့၊ ဗိုလ်ချုပ် ကျော်သန်းကို ပြန်ဖမ်းတယ်ဆိုတာက ကျနော်ဘာမှ မကြားပါလား ”ဟု ပြောသည်။
၂၀၁၀ခုနှစ်၊ သြဂုတ်လ ၂၀ရက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲပလဲ့ကျေးရွာတွင် ကျင်းပြုလုပ်သည့် နယ်ခြားစောင့်တပ်များ တပ်ဖွင့်ပွဲအခမ်းအနား (ဓါတ်ပုံ-ကေအိုင်စီ)
ပြီးခဲ့သည့် ၂၀၁၀ခုနှစ် သြဂုတ်လတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် အများစုသည် နယ်ခြားစောင့် တပ်သို့ အသွင်ကူးပြောင်းခဲ့ပြီး လအနည်းအနည်းငယ်အကြာတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားလျှက်ရှိသလို KNUနှင့် လက်ကျန် DKBA များ ထံသို့ မကြာခဏ လာရောက်ပူးပေါင်းမှုများ ရှိသော်လည်း ယခုလို ကြီးကြီး မားဖြစ်ပွားမှုသည် ပထမ ဦးဆုံးအကြိမ်ဖြစ်သည်။
မြိုင်ကြီးငူဒေသတွင် နယ်ခြားစောင့်တပ် BGF ၁၀၁၁ နှင့် ၁၀၁၂တပ်ရင်းတို့ အခြေချလှုပ်ရှား လျှက်ရှိသည်ဟု သိရသည်။

11ReadMore-2.jpg

ကရင်နယ်ခြားစောင့်တပ် BGFအတွင်း ပုန်ကန်မှုဖြစ်

ကရင်နယ်ခြားစောင့်တပ်အတွင်း ပုန်ကန်မှုဖြစ်

E-mail Print
ဒု ဗိုလ်မှူးကြီး ပိုဘီ ဦးဆောင်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့် တပ်ရင်း ၁၀၁၂ သည် မြိုင်ကြီးငူဒေသ ကို ထိန်းချုပ်၍ ပုန်ကန်မှုပြုလုပ်နေကြောင်း သိရသည်။

DSCN400
၂၀၁၀ သြဂုတ်လ အတွင်းက ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသ၌ နယ်ခြားစောင့် တပ် စတင်ဖွဲ့စည်းစဉ်(ဓာတ်ပုံ - ဧရာဝတီ)
ပိုဘီ ၏ တပ်သည် ဗိုလ်ချုပ် ကျော်သန်း အပါအ၀င် နယ်ခြားစောင့် အရာရှိ ၇ ဦးကို ပြန်လည် ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် မြိုင်ကြီးငူမှ မယ်သဝေါအထိ ဒု ဗိုလ်မှူးကြီးပိုဘီ ၏ တပ်များ ချထားကြောင်း၊ ယင်း ပိုဘီ ၏ တပ် အင်အားမှာ ၅၀၀ ခန့်ရှိကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

မြိုင်ကြီးငူတွင်ရှိသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁ ကလည်း ပိုဘီ အဖွဲ့နှင့် ပူးပေါင်းလိုက်ပြီး တခြားသော ကရင်နယ်ခြားစောင့် တပ်များကမူ ပူးပေါင်းခြင်း မရှိသေးကြောင်း၊ ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA တပ်မဟာ ၅ မှ အင်အား ၁၀၀ ခန့် သွားရောက် ပူးပေါင်းကြောင်း သိရသည်။

“ပိုဘီအဖွဲ့က အစိုးရဖွဲ့ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် အကြံပေးအရာရှိ ၇ ဦးကို မကြိုက်လို့တဲ့၊ အဲဒီ ၇ ယောက်ကို ဖမ်းမယ် တဲ့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

၎င်း အကြံပေးအရာရှိ ၇ ဦးတွင် ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်ချစ်သူ၊ ဗိုလ်ဖားနွီး တို့ ပါဝင်ကြောင်း သိရသည်။

ပိုဘီ တပ်ဖွဲ့ သည် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းရန်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် ဆက်လက်မလုပ်လိုကြောင်း နီးစပ်သူများက ဆိုသည်။

DKBA နှင့် နီးစပ်သူ တဦးဖြစ်သည့် စောထီးမူးကလည်း“သူတို့ လူကြီးကိုမကျေနပ်လို့တဲ့၊ သူတို့ကို ခိုင်းစားတယ်လို့ ခံစားရတာကြောင့် တဲ့၊ အခုကြားတာက နယ်ခြားစောင့်ဖြစ်လာတဲ့ DKBA ကို အစိုးရက သိပ်မယုံတော့ဘူး၊ သူတို့လက်နက်ကို သိမ်းမယ်လို့ ကြားတယ်၊ သူတို့ကလည်း အဲဒါကို အဖြစ်မခံနိုင်ဘူး၊ စစ်ဖြစ်လာရင် KNU ကို အကူအညီ တောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။

“နယ်ခြားစောင့်တပ်ကို ဆက်မလုပ်နိုင်တော့လို့ သူတို့ခေါင်းဆောင်ကို ပြန်ပြီး ပုန်ကန်တဲ့သဘောပေါ့”ဟု KNU မှ ဒု ဗိုလ်မှူးကြီး
စော ဖောဒို ကလည်း ပြောဆိုသည်။

မြိုင်ကြီးငူတွင် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြားစောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အစိုးရဘက် အရာရှိတချို့ ကရင်နယ်ခြားစောင့်တပ် အရာရှိများနှင့် လာရောက်တွေ့ဆုံနေပြီး အစိုးရက အနုနည်းနှင့် မဖြေရှင်း နိုင် ပါက ကြီးမားသည့် တိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြားလာကြောင်း သိရသည်။

DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်း ပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေ ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ် သည်

11ReadMore-2.jpg

စောဘဦးကြီး မူ ၄ ချက်ကို ကားပါမစ်နှင့် လဲစားသူများ မြိုင်ကြီးငူ ဆရာတော် ကြိမ်းမောင်း

 မြိုင်ကြီး ငူဆရာတော်မှာ ကြံဖွတ်အစိုးရကို သစ္စာခံ နေသော ဗိုလ်ကျော်သန်း၊ ဗိုလ်ချစ်သူ နှင့်ဖါးနွီးတို့ အား 
ပြည်သူလူထုအပေါ်သစ္စာရှိရန်၊ ဒီကေဘီအေ နှင့်ကေအင်ယူတို့ နှင့် ပြန်လည်ပေါင်းစည်းရန် ရာဇာသံပေးထားကြောင်း ထပ်မံသတင်းရရှိပါတယ်။  ဆရာတော်က မောင်ချစ်သူအား မင်း စောဘဦးကြီးမူ ၄ ချက်ကို ကားပါမစ်နဲ့ လဲစားတဲ့ကောင် ငါ့ ကျောင်းကို မလာနဲ့  မင်း မျက်နှာမကြည့်ချင်ဘူး ဟု အေပြီလ က ဆူပူကြိမ်းမောင်းထားဘူးကြောင်း ဒီကေဘီအေ သတင်းရပ်ကွက်က ဆိုပါတယ်http://komoethee.blogspot.com/

11ReadMore-2.jpg

ငြိမ်းချမ်းရေးပွဲစားနှင့် ကျွန်ုပ်၏ အတွေးစများ


ဒီဆောင်းပါးဖတ်ပြီးရင်တော့ဒီအချက်(သုံး)ချက်ကိုနောက်တစ်ခေါက်ပြန်
လည်သုံးသပ်စေချင်ပါတယ်။


(1)..မြစ်ဝကျွန်းပေါ်ဒေသက ကရင်အမျိုးသားဧည့်သည်တော် တယောက်ပြောသွားတဲ့ စကား တခွန်းရှိတယ်… “ကေအင်န်ယူသာ အလင်းဝင်ရင်..သို့ မဟုတ် ငြိမ်းချမ်းရေးယူရင် ကျနော်တို့ အတွက် အဆိပ်ပုလင်းတွေပါ တခါတည်းယူလာခဲ့ပါလို့


(2) နောက်တခုက ဗမာစစ်အစိုးရနဲ့ ကေအင်န်ယူ တို့ ငြိမ်းချမ်းရေးကိစ္စမှာ အကျိုး တော်ဆောင်တွေ မှိုလိုပေါသလောက် တကယ်တမ်း ကိုယ့်ကရင်အချင်းချင်း (ယခင်ဒီကေဘီအေ နဲ့ ကေအင်န်ယူ တို့ ဖြစ်တဲ့တိုက်ပွဲတွေ) ဖြစ်တဲ့ပြသနာတွေ ကျတော့ကြားဝင်ဖြန်ဖြေပေးမဲ့ အကျိုးတော်ဆောင် မရှိသလောက် ဖြစ်နေတာလဲ အဖြေရှာရခက်တဲ့မေးခွန်းတခုပါ။ ?

(3) ဂတိတွေလည်းအမျိုးမျိုးပေးတယ်…နောက်ဆုံးတော့ဘာဂတိမှတည်တာမဟုတ်ဘူး..အဲဒီဂတိပေးတဲ့
လူလည်း သူ့ မှာဘာမှအာမခံချက်ရှိတာမဟုတ်ဘူး
-----------------------------------------------------------------------------------------------------------------------
ငြိမ်းချမ်းရေးပွဲစားနှင့် ကျွန်ုပ်၏ အတွေးစများ(မန်းအာကာထက်)
ဒီရက်ပိုင်းအတွင်း ဗမာဖက်ဆစ်အစိုးရကိုဖါးပြီး ကရင်သန်းကြွယ်သူဌေးဖြစ်လာတဲ့ ဦးစော ပလာတူးနဲ့ ကရင်လူမျိုးကိုချစ်မြတ်နိုးတဲ့ ပြည်တွင်းနေကရင်ခေါင်းဆောင်များက ဗမာဖက်ဆစ်အစိုးရ နဲ့ ကရင့်အမျိုးသားအစည်းအရုံး ကေအင်န်ယူတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကိစ္စအကြောင်း ပြောဆိုဆွေးနွေး တဲ့ မှတ်တမ်းဗွီဒီယိုခွေတွေကို သတင်းစာမျက်နှာတွေပေါ်မှာတွေ့ လိုက်ရတယ်။

တကယ်တော့ကရင်အမျိုးသားအစည်းအရုံးကေအင်န်ယူ နဲ့  ဗမာဖက်ဆစ်အစိုးတို့ငြိမ်းချမ်းရေးဆွေး
နွေးဖို့ ကိစ္စကို ကျနော်နယ်စပ်မှာနေစဉ်ကတည်းက ကြားခဲ့၊ သိခဲ့ မြင်ခဲ့ဘူးပါတယ်။ အဲဒီအချိန်တုံးက ဦးစောပလာတူးတို့  ဒေါက်တာစိုင်းမွန်သါတို့  တီးမသေတို့ တင်မကပါဘူး။ ပြည်တွင်းမှာနေတဲ့ နယ်မြေခံ၊
ဒေသခံကရင်လူမျိုးတွေရဲ့  လေးစားခံရ၊အထင်ကရ ဘာသာရေးခေါင်းဆောင်တွေကအစ ဗမာဖက်ဆစ်အ စိုးရရဲ့ အလိုတော်ကျ ငြိမ်းချမ်းရေးကိုယ်စားလှယ်(ပွဲစား)တွေခြေချင်းလိမ်နေကြပါတယ်။

အခုဒီဆွေးနွေးပွဲမှတ်တမ်းထဲက ဦးစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ လှုပ်ရှားမှု (လုပ်စား) မရှိခင် အရင်ရှေးကျတဲ့ပွဲစားတို့ ရဲ့ လှုပ်ရှားမှုဖြစ်ရပ်တခုကို ဒီနေရာမှာအလျဉ်းသင့်လို့  ပြန်လည်ဝေငှချင်ပါတယ်။ အဲဒီတုံးက ဗမာထောက်လှန်းရေးအကြီးအကဲဗိုလ်ချုပ်ခင်ညွန့် ရဲ့ ဘုန်းမီးတောက်တဲ့အချိန်၊သူရဲ့ အစီအစဉ် နဲ့  ပြည်တွင်းက အထင်ကရ ကရင်ဘာသာရေးခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်
အဖြစ်ကေအင်န်ယူထံကိုလွတ်လာပါတယ်။

ဖြစ်ချင်တော့ အဲဒီအချိန်တုံးက ကရင်အမျိုးသား စည်းလုံးညီ ညွတ်ရေးနှီးနှောဖလှယ်ပွဲနဲ့ လည်း တိုက်ဆိုင်တော့(တမင်ရည်ရွယ်ပြီး အဲဒီအချိန်ကိုရွေးပြီး ကိုယ်စား လှယ်လွတ် လာတာလည်းဖြစ်နိုင်) နိုင်ငံတကာရောက် ကရင်အဖွဲ့ အစည်းတွေအပါအ၀င် ၊ ကရင်အဖွဲ့ ကိုယ်စားလှယ်တွေ စုံစုံလင်လင် တက်ရောက်လာကြတယ်။ အဲဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးကိုယ်စား လှယ်တို့ ရဲ့  အာဘော်အရ
ကေအင်န်ယူ အဖွဲ့ အနေနဲ့ လိုချင်တာကိုသာပြော အတတ်နိုင်ဆွေးနွေး ပေးမှာဖြစ်ကြောင်း၊
ကေအင်န်ယူနှင့်ဒီကေဘီအေတို့  ပူပေါင်းပြီး လာမည့်နှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ကေါ့ကရိတ်မြို့ မှာ ကရင်ပြည်သူလူထုများနဲ့ အတူတကွပါဝင်ဆင်နွဲနိုင်အောင်၎င်းတို့ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ကြောင်း ယခုဆွေးနွေးသည့်အကြောင်းအရာများကို ဗိုလ်ချုပ် ခင်ညွန့် ထံအကုန်ပြန်လည် အစီရင်ခံပေးမှာဖြစ်ကြောင်းအာပေါင်အာရင်း သန်သန်နဲ့ တင်ပြဆွေးနွေးသွားတယ်။

ဒါပေမဲ့ သူတို့ ပြည်တွင်းကိုပြန်သွားပြီးမကြာခင်မှာဘဲ ဗိုလ်ချုပ်ခင်ညွန့် နဲ့ အပေါင်းပါ တွေ အစွယ် ရိုက်ချိုးခြင်းခံ လိုက်ရတော့ လာပြောသမျှစကားတွေလည်း ဘာမှအရာမ၀င်ဖြစ်သွားတယ်။ နှီးနှောဖ လှယ်ပွဲမှာ လာရောက်သွားတဲ့ငြိမ်းချမ်းရေးကိုယ်စား လှယ်တွေလည်း အနည်းနဲ့ အများတော့ သင်ခန်းစာရ ကြမယ်ထင်ပါတယ်။ နှီးနှောဖလှယ်ပွဲမှာသူတို့ လာတုံးကတိုက်ဆိုင်မှုတခုကိုလည်းခုထိကျနော်
မှတ်မိနေသေးတယ်။

အဲဒီနှီးနှောဖလှယ်ပွဲမှာရောက်တဲ့ နိုင်ငံခြားက ကရင်ကိုယ်စားလှယ် အကိုကြီးတယောက်ပါ (နာမည်မမှတ်မိတော့)ပြည်တွင်းကငြိမ်းကိုယ်စားလှယ်တွေကဗမာစစ်ဗိုလ်ချုပ်
အယုံသွင်းခြင်းကိုခံလိုက်ရပြီးနှီးနှောဖလှယ်ပွဲမှာ မက်လုံးစကားတွေအများကြီး ပြောလာတော့
သူကမေးခွန်းထုတ်လိုက်တာပါ။ “ဗမာတွေက သူတို့ အာဏာရှိတဲ့အချိန်ဆို တမျိုးပြောတယ် ကျနော်တို့ ကရင်တွေကို အပေါ်စီးကနေ ဆက်ဆံတယ်။ကလိမ်ကကျစ်အကြမ်းဖက်တဲ့နည်းနဲ့ တိုက်တယ်။ တိုက်လို့ မရရင်မက်လုံး တွေပေးပြီးစည်းရုံးတယ်။ ဂတိတွေလည်းအမျိုးမျိုးပေးတယ်…နောက်ဆုံးတော့ဘာဂတိမှတည်တာမဟုတ်ဘူး..အဲဒီဂတိပေးတဲ့လူလည်း သူ့ မှာဘာမှအာမခံချက်ရှိတာမဟုတ်ဘူး…အချိန်မရွေး ဖြုတ်ထုတ်သတ်ခံရနိုင်တယ် ။

နမူနာအရ ဗမာဝန်ကြီးချုပ်ဦးနုက ကရင်တွေတိုင်းပြည်လိုချင်ရင်တိုက်ယူလို့ ပြောသွားတယ်…ဒါပေမဲ့  သူရာထူးပြုတ်တဲ့အခါကျတော့ ကရင်နယ်မြေဆီကို ထွက်ပြေးလာရတယ်….အခုလဲ ဗမာစစ်ဗိုလ်ချုပ် ခင်ညွန့် က ဂတိတွေအမျိုးမျိုးပေးနေတယ် တဖက်မှာလည်းကရင်တွေကိုနည်းအမျိုးမျိုးနဲ့  ညှဉ်းပန်းနှိပ်စက် တယ်…တနေ့ ကျရင် ဗမာအချင်းချင်း ဖြုတ်ထုတ်သတ်တဲ့ပွဲထဲပါသွားရင် သူလည်းကျနော်တို့ ကရင်တွေ ဆီမပြေးလာနိုင်ဘူးလို့ မပြောနိုင်ဘူး”တဲ့။

ဒါလည်းမဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး…သန်းရွေသာ ခင်ညွန့် ကို အကျယ်ချုပ်မထားဘဲ ရာထူး ဘဲဖြုတ်ထားရင် အထက်က နိုင်ငံခြားက ကိုယ်စားလှယ်ပြောသလို ကရင်တွေဆီမပြေးလာနိုင်ဘူး လို့ ပြော လို့ မရဘူး။ မယုံရင် ခင်ညွန့် ကို အခု အိမ်အကျယ်ချုပ်ကနေလွှတ်ကြည့်ပါလား…… ထားးပါတော့ ဒါကဟိုးလွန်ခဲ့ တဲ့ ခင်ညွန့် ရာထူးမပြုတ်ခင်က အနေအထားပါ။
……………………………………………………………………………………………………………
အခုပြောချင်တာကစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ မှတ် တမ်း ဗွီဒီယိုခွေနဲ့ 
ပတ်သက်တာပါ။ အရင်ဆုံးပြောချင်တာက ကရင်လူမျိုးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စပါ။ ကရင်လူမျိုးတို့ ရဲ့ 
ပင်ကိုယ်စရိုက်က ငြိမ်းချမ်းရေးကို အလွန်ချစ်မြတ်နိုးတဲ့လူမျိုးတမျိုးပါ။
ကရင်တွေ အေးဆေး နေချင်လို့ ။ လူတွေရှုတ်တဲ့နေရာမှာမနေချင်လို့ ။

လူရှုတ်တွေကိုရှောင်ရင်းနဲ့ . ယနေ့ လက်ရှိကရင်လူမျိုး တွေရဲ့  နေရပ်ဌာနေကို ကြည့်ရင်းနဲ့ သိနိုင်ပါတယ်။ တဖက်ကလည်း ခေတ်အဆက်ဆက် အာဏာရတဲ့ လူမျိုးတွေရဲ့ အနိုင်ကျင့်မှုကိုမခံနိုင်တော့လို့ ရှာင်တာ
လည်းပါတယ်။ကျနော်တို့  ဘိုးစဉ်ဘောင်ဆက်ကမြန်မာပြည်အနှံ့ ၊ထိုင်းနိုင်ငံ မှာလည်း ချစ်မိုင်ဒေသ အပါအ၀င် နေရာအနှံ့  မှာ နေထိုင်ခဲ့ဘူးတယ်ဆိုတာ သမိုင်းလေ့လာသူတိုင်းသိမှာပါ။

ကရင်ပြည်ကိုစတင်တောင်းဆိုတဲ့အချိန်တုံးကလည်းငြိမ်းချမ်းစွာ ဆန္ဒပြီးတော့ တောင်းဆိုတယ်…ဗမာတွေ ကမပေးချင်လို့ အကြမ်းနည်းနဲ့ ဖြိုခွဲတော့ ကရင်တွေက ကိုယ့်အသက်အိုးအိမ်ကိုကါကွယ်တဲ့အနေနဲ့  ရရာလက်နဲ့ ဆွဲကိုင်ပြီးတော့ ပြန်လည်တိုက်ခိုက်ရတာပါ။ အဲဒီအချိန်ကစပြီးယနေ့ အထိ ကျနော်တို့  ကရင်တွေ ငြိမ်းချမ်းရေးကို လုပ်ဆောင်ဖို့ အဆင်သင့်အနေအထား မှာ အမြဲတမ်းရှိတယ်။

နောက်တခုကတော့ ဗမာလူမျိုးနဲ့ မြန်မာပြည်သမိုင်းကိုလည်းကျနော်တို့ ပြန်လည်လေ့ လာဖို့ လိုတယ်။
မြန်မာပြည်သမိုင်းတင်တဲ့အချိန်ကစ…ပဒေသရာဇ်ခေတ်အဆက်ဆက်မှာ နန်းတွင်း ပုန် ကန်မှုတွေ.. အချင်းချင်း လုပ်ကြံသတ်ဖြတ်ကြတဲ့ အဖြစ်အပျက်တွေအများကြီးရှိတယ်။ ဆိုလိုတာက ဗမာ လူမျိုးတွေဟာ သူတို့ အချင်းချင်းတွေတောင်မှ သစ္စာရှိကြတဲ့လူမျိုးမဟုတ်ဘူး။အရင်ဦးတဲ့သူအနိုင်ယူကြေး ဘဲ… ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုကိုကြည့်မလား၊ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းမှု၊ ဗိုလ်ချုပ်ခင်ညွန့် နဲ့  အပေါင်းပါများ ဖမ်းဆီးထောင်ချခံရမှုတွေဟာ ဗမာလူမျိုးတွေရဲ့  ထင်ရှားတဲ့စရိုက်သါဓက တွေဘဲဖြစ်တယ်။ ဗမာလူမျိုးတွေရဲ့ အတွင်းစိတ်သဏ္ဍန်အကြောင်းတွေ ပြောရင်တော့ကုန်မှာမဟုတ်ဘူး.. ဗမာတွေအချင်း ချင်းတောင် အဝေမတည့်ဘဲနဲ့  အခြားဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးခေါ်ပြီး နယ်မြေခွဲ
ဝေပေးမယ်ဆိုတာ အိပ်မက်တောင် သွားမမက်လိုက်ပါနဲ့ ….

ဒါကိုသိသိရင်းနဲ့  ဦးစောပလာတူးနဲ့ အဖွဲ့ က ဘာဖြစ်လို့ ငြိမ်းချမ်းရေးကိစ္စကို ဇွတ်အ တင်းလုပ်နေရတာလဲ… .ဗမာစစ်အစိုးရနဲ့ ဆက်ဆံရေးအဆင်ပြေပြီး ငှင်းတို့ ဆီက စီးပွါးရေးအခွင့် အရေးမြိုး မြိုးမြက်မြက် ရတာလောက် နဲ့  ကိုယ့်ကိုယ်ကို ဟုတ်လောက်ပြီလို့ ထင်နေကြတယ်။…

ဆွေးနွေးပွဲမှတ်တမ်းခွေထဲက တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေရဲ့ စကားအသွား အလာအရ… .“ကေအင်န်ယူအဖွဲ့ ဟာစည်းလုံးညီညွတ်မှုမရှိဘူး”လို့ လည်းသုံးသပ်ကြတယ်။ဒါဆိုကိုယ့်ကိုယ်ကို ကရင်လူမျိုးကိုချစ်တဲ့ကရင်တယောက်အနေနဲ့  ကရင်တမျိုးသားလုံးအတွက် အသက် ..သွေး… ချွေး
တွေပေးဆပ်နေတဲ့ ကေအင်န်ယူအဖွဲ့ အစည်းကို စည်းလုံးညီညွတ်မှုရှိအောင် ၀ိုင်းဝန်းညှိနှိုင်း
ပေးရမဲ့တာဝန်မရှိဘူးလား…ဒီတာဝန်ကို မသိတဲ့အပြင် မလုပ်တဲ့အပြင် ကိုယ့်ရဲ့ အမျိုးသားတော်
လှန်ရေး အဖွဲ့ ကို မရမကဖက်ထုတ်သေးတယ်…

နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ပနိုင်ငံတခုခုမှာလဲမလုပ်၊ သတင်းထုတ်ပြန် ကြေငြာချက်တွေ
လည်းမဟုတ်ဘူးဆိုတော့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်ဟာ သူခိုးကျပိုးလိုမျိုး အိမ်နောက်ဖေး အပေါက်ကနေ ၀င်ပြီး ကေအင်န်ယူကိုဖက်ထုတ်ဖို့ ကြိုးစားနေတဲ့ ကလိမ်ကကျစ် လုပ်ရပ်သါဖြစ် ပါတယ်။ တဖက်လူက လိမ်လို့  လိမ်မှန်းမသိတာလား …သိသိရင်းနဲ့  မိမိကိုယ်ကျိုးအတွက် ကိုယ့်အမျိုးသားကို လက် ညိုးထိုးရောင်း စားချင်တာလား ဆိုတာ…ကိုယ့်ကိုယ်ကိုဘဲပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်။

ဦးစောပလာတူးရဲ့ ပြောစကားအရ ကရင်လူမျိုးတို့ ရဲ့ ခံစားနေရတဲ့ဒုက္ခတွေကို သူတယောက်ဘဲ အသိဆုံးသူဘဲကယ်တယ်ပေးဖို့အစွမ်းဆောင်နိုင်ဆုံးလူပုဂ္ဂိုလ်ဖြစ်သလိုလို….ဒီနေရာမှာ လည်း အကြောင်းတိုက်ဆိုင်လို့  တခုလောက်ထပ်ပြောချင်သေးတယ်….2003 ခုနှစ် ကရင်နှီးနှောဖ လှယ်ပွဲကပါ ..မြစ်ဝကျွန်းပေါ်ဒေသက ကရင်အမျိုးသားဧည့်သည်တော် တယောက်ပြောသွားတဲ့ စကား တခွန်းရှိတယ်… “ကေအင်န်ယူသာ အလင်းဝင်ရင်..သို့ မဟုတ် ငြိမ်းချမ်းရေးယူရင် ကျနော်တို့ အတွက် အဆိပ်ပုလင်းတွေပါ တခါတည်းယူလာခဲ့ပါလို့ ပြည်တွင်းက ကရင်ပြည်သူတွေ စကားလက်ဆောင်ပါး လိုက်တယ်”လို့  ဆိုပြီး ယောက်ျားတန်မဲ့ …ရင်တွေဆို့ တက်လာပြီး မျက်ရည်တွေလည်း ပေါက်ပေါက်ကျခဲ့တယ်။ ဆိုလိုတာက ဗမာလူမျိုးတွေရဲ့ လက်အောက်မှာနေနေရတဲ့ ကရင်လူမျိုးတွေ ဘယ်လောက် ထိဖိနှိပ်မှုခံရ သလဲဆိုတာ ကရင်လူမျိုးတွေဘဲသိပါတယ်…နောက်တခုက ဗမာတွေက ဘယ်လောက်ဘဲငြိမ်း ချမ်းရေး စကား ဆိုဆို သူတို့ ရဲ့ ပင်ကိုယ်စရိုက် ကောက်ကျစ်တဲ့အကျင့်တွေကြောင့် ဘယ်တော့မှ ငြိမ်းချမ်း
ရေးအစစ်အမှန်မဖြစ်နိုင်ဘူးဆိုတာလဲ..သိနေလို့ ပါ။
………………………………………………….
အခုတော့ ဦးစောပလာတူး၊ ဒေါက်တာစိုင်းမွန်သာ နဲ့ တီးမသေတို့ ရဲ့ ကျေးဇူးတော် ကြောင့် အဖူ့ ထိန်မောင်လည်းသမိုင်းကွေးသွားပါပြီ….နောင်တတွေလည်းတပွေ့ တပိုက်ကြီးရသွားတယ် တကယ်တော့ မြန်မာပြည်တိုင်းရင်းသားတွေရဲ့ အမျိုးသားတော်လှန်ရေးလောကမှာ အချို့ တိုင်းရင်း သားအင်အားစုတွေကတော့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုနဲ့ ပြည်တွင်းပြည်ပနေ ၄င်းတို့ ရဲ
့မြေ ပေါ်မြေအောက်ပြည်သူ့ အမျိုးသားရေးအင်သားစုတွေနဲ့ ဟန်ချက်ညီညီပိရိစွာနဲ့ အမျိုးသားရေးကို ဆက် သွယ်လုပ်ဆောင်ကြတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကျတော့ ဟန်ချက်ညီညီမလုပ်ဆောင် တဲ့အပြင် ကိုယ့်အမျိုးသားတော်လှန်ရေးအဖွဲ့ အစည်းကို ပေါ်တင်ကြီး ခွဲပြစ်ဖို့ ကြိုးစားတာ အလွန် ၀မ်းနည်းစရာ ကောင်းတဲ့လုပ်ရပ်ပါ။

နောက်တခုက ဗမာစစ်အစိုးရနဲ့ ကေအင်န်ယူ တို့ ငြိမ်းချမ်းရေးကိစ္စမှာ အကျိုး တော်ဆောင်တွေ မှိုလိုပေါသလောက် တကယ်တမ်း ကိုယ့်ကရင်အချင်းချင်း (ယခင်ဒီကေဘီအေ နဲ့ ကေအင်န်ယူ တို့ ဖြစ်တဲ့တိုက်ပွဲတွေ) ဖြစ်တဲ့ပြသနာတွေ ကျတော့ကြားဝင်ဖြန်ဖြေပေးမဲ့ အကျိုးတော်ဆောင် မရှိသလောက် ဖြစ်နေတာလဲ အဖြေရှာရခက်တဲ့မေးခွန်းတခုပါ။

သမိုင်းအဆက်ဆက်မှာလည်း နောင်တရသွားတဲ့အမျိုးသားသစ္စာဖေါက်တွေ အမြောက် အများရှိခဲ့ပြီးပြီ…. ကျနော်တို့ ကရင်လူမျိုးတွေအတွက်လည်း သင်ခန်းစာတွေတထမ်းတပိုးကြီး ရသွားပါပြီ ….ရှေ့ ဆက်ပြီးလဲ ဘာသင်ခန်းစာတွေ ဆက်ရကြအုံးမလဲ…….

မန်းအာကါထက်
25/06/2011.
www.karentimes.blogspot.com

















11ReadMore-2.jpg

Thursday, May 26, 2011

ကော့ကရိတ်မြို့ ချက်ပွိုင့်ကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

 


DKBA နဲ့ ပူတွဲတိုက်ပွဲဝင်နေတဲ့ ABSDF ရဲဘော်
ဒီကနေ့ ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ ကော့ကရိတ်မြို့ အဖွဲ့ပေါင်းစုံထိုင်တဲ့ ဂိတ်နဲ့ ခလရ ၂၃၁ ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဝင်ရောက်တိုက်ခိုက်ရာတွင် ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်မှူးကျော်သက် ဦးဆောင်တယ်လို့  ဒေသခံ ပြည်သူများ ပြောပြချက်အရ သိရှိရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိမှုတွေကိုတော့ မသိရှိရသေးပါ။

မေလ ၁၁ နေ့ကလည်း ကော့ကရိတ်မြို့ပတ်လည်က နေရာအတော်များများက ကြံ့ဖွံ့အစိုးရတပ်တွေ ရှိတဲ့ နေရာတွေ ကို ဒီကေဘီအေတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေမှာ ကြံ့ဖွံ့အစိုးရ စကခ (၁၂) လက်အောက်ခံ ခမရ ၂၃၀ က အရာရှိတဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

11ReadMore-2.jpg

နယ်ခြားစောင့်တပ် ဗိုလ်မှူးတဦး ပစ်ခတ်ခံရ

 

http://ehkhaungthaunt.blogspot.com/


  
ဗိုလ်မှူးဘသိန်း (ညာ)


11ReadMore-2.jpg

Tuesday, May 24, 2011

အစိုးရ သတင်းစာ ရေးသားဖော်ပြ ချက် KNU ငြင်းဆို

 


စောသိန်းမြင့်(ကေအိုင်စီ)

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များသည် ခရီးသည်တင်မှန်လုံယာဉ်များ ပစ်ခတ်၊ ဆက် ကြေးတောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အစိုးရပိုင် သ တင်းစာတွင် ယနေ့ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာ ဖြစ်သည်ဟု ကေအဲန်ယူက တုန့်ပြန်ပြောဆိုလိုက်သည်။



ကရင်အမျိုးသားအစည်းရုံး-KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒါဟာ သက်သက်စွပ်စွဲတာ ပဲ။ ကျနော်တို့ ကေအဲန်ယူက သူများပစ္စည်းတွေကို အတင်းအဓမ္မလိုက်တောင်းဖို့အတွက် ပေါ်လစီမရှိ ဘူး။”ဟု တန့်ပြန်ပြောဆိုသည်။

ယမန်နေ့ နံနံက် ၉နာရီခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာအကြား ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ ရေးဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၅စီးအား KNU တပ်ဖွဲ့ဝင်များ ပစ်ခတ်တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ယနေ့ဖော်ပြသည်။

ပြီးခဲ့သည့် မေလ ၂၃ရပ်နေ့ မနက် ၇နာရီခွဲခန့်တွင် ရေးမှ သံဖြူဇရပ်ဘက်သို့ မောင်းနှင်လာသော ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ ရွှေဝါဖူး၊ ကြယ်စင်ဟိန်း၊ ရာဇာမင်းယာဉ်လိုင်းများမှ ခရီးသည်တင်မှန်လုံ ယာဉ် ၅စီးအနက် ရှေ့ဆုံးမှ မောင်းနှင်လာသော ရွှေမြင်းပျံခရီးသည်တင်ယာဉ်၏ ဘီးအား အင်အား ၃၀ခန့်ရှိ KNU တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖော်ခွဲ၍ ယာဉ်တန်းကို ရပ်တန့်စေပြီး ဆက်ကြေး ကောက်ခံခဲ့ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် KNU တပ်ဖွဲ့ဝင်များက ထားဝယ်-ရန်ကုန် မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၁၀ သိန်းနှင့် ထားဝယ်-မော်လမြိုင်မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၃သိန်းဖြင့် ဆက်ကြေး အဖြစ်ကောက်ခံခဲ့ပြီး ၎င်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ နယ်မြေခံ အစိုးရစစ်ကြောင်း၏ လိုက်လံရှင်းလင်းမှု ကြောင့် ဖမ်းဆီးခံရသူများအနက် ၄ဦးသည် ထွက်ပြေးလွှတ် မြောက်လာခဲ့ပြီး ၂ဦးသာကျန်ရှိသည်ဟု ဖော်ပြသည်။

KNU တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ဆန်စပါးအပါအ၀င် ရိက္ခာ များအဓမ္မတောင်းခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်တို့ကိုသာ တစိုက်မတ်မတ် လုပ်ဆောင် လျှက်ရှိ သဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံ့ရှာလျှက် ရှိသည်ဟု ရေးသားဖော်ပြချက်သည် သတင်းဖြစ်စဉ်မဟုတ်ဘဲ အစိုးရ၏ အာဘော်သာဖြစ်သည်ဟု KNU က တုန့်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၄၉ခုနှစ်မှစ၍ ယနေ့အချိန်ထိ မြန်မာအစိုးရ အဆက် ဆက်ကို ခုခံတော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
 

11ReadMore-2.jpg

DVB သတင်းဌာနနှင့် နန့် ဇိုယာဖန်း တွေ့ ဆုံမေးမြန်းခန်း (ရုပ်သံ)

11ReadMore-2.jpg

Sunday, May 22, 2011

Poe Karen Music Video



11ReadMore-2.jpg

Friday, May 20, 2011

သစ္စာဖောက်ခံရသော သူပုန်အကျဉ်းထွက်များနှင့် တွေ့ဆုံခြင်း

မဇ္ဈိမ ၁၃ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၁ ဦးသည် ကြာသပတေး နေ့လည်ပိုင်းတွင် အိန္ဒိယနိုင်ငံ ကိုလ်ကာတာမြို့ရှိ Presidency အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။

တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မြန်မာစစ်အစိုးရကို တော်လှန်နေသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA မှ တပ်ဖွဲ့ဝင်များ ဖြစ်သည်။

အိန္ဒိယ စစ်ထောက်လှမ်းရေး အရာရှိတဦး အစီအစဉ်ဖြင့် ကပ္ပလီပင်လယ် အန္ဒမန်ကျွန်းစုရှိ လန်းဖောကျွန်း၌ စစ်မျက်နှာ ဖွင့်နိုင်ရေးအတွက် လာရောက်စဉ် ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ ခေါင်းဆောင် ၆ ဦးလည်း ထိုကျွန်း၌ပင် အိန္ဒိယအာဏာပိုင်များ၏ သတ်ဖြတ်ခံခဲ့ရသည်။

CBI အမည်ရှိ အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ၁၉၉၈ ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ပထမသတင်းပေး တိုင်တန်းချက် FIR အပေါ် အခြေခံ၍ သူတို့ကို အိန္ဒိယသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားမှုဖြင့် တရားစွဲခဲ့သည်။

အထိန်းသိမ်းခံကာလ ၁၂ နှစ်နှင့် ရုံးတင်ကာလ

ခင်ဗျားတို့ ကျနော်တို့က ညီအကိုပဲ၊ လက်မြှောက်ရမယ် ဆိုရင်လည်း ကျနော်တို့လူကြီးတွေ လာပါစေအုံး၊
စောင့်အုံးမယ်လို့ ပြန်ပြောတယ်။ ဘာတွေ ဆွေးနွေးထားတယ်ဆိုတာ မသိဘူးတဲ့၊ ဒါကြောင့် လက်သာမြှောက်ပါတဲ့။ ...
၎ နှစ်နီးပါးအကြာတွင် သူပုန်များဘက်က အိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၆၅ (ခ) အရ လျှောက်ထားနိုင်ခဲ့သည်။ အဆိုပါ လျှောက်ထားမှုကို သဘောတူကာ ထိန်းသိမ်းခံထားရသူ ၃၄ ဦးကို တဦးလျှင် ဒဏ်ငွေ ရူပီး ၆ဝဝဝ ဆောင်စေကာ ထောင်ဒဏ် ၃ နှစ်လည်း ချမှတ်ခဲ့သည်။ သို့သော် သူတို့အနေဖြင့် အဆိုပါပြစ်ဒဏ်ကို ကျခံပြီးဖြစ်သည့်အတွက် ပယ်ဖျက်ပေးခဲ့သည်။ စုစုပေါင်း အထိန်းသိမ်း ၃၄ ဦးအနက် ယနေ့ ၃၁ ဦးသာ ပြန်လွတ်လာခဲ့ပြီး ကျန် ၃ ဦးမှာ အခြားအမှုအခင်းများဖြင့် တရားရင်ဆိုင်ရန် ဆက်လက် ချုပ်နှောင်ခံရဆဲ ဖြစ်သည်။

မျိုးချစ်သူပုန် ၃၁ ဦးထဲမှ ၃ ဦးကို ၎င်းတို့ ခံစားချက်၊ လန်းဖောကျွန်းနှင့် ထောင်တွင်း အတွေ့အကြုံ၊ အနာဂတ် ရည်ရွယ်ချက်များကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကိုပေါက်က ဆက်သွယ်မေးမြန်းထားပါသည်။
freedomfigher1ssPresidency အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာသော ၁၃ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၁ ဦး (ဓါတ်ပုံ မဇ္ဈိမ)
Presidency အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာသော ၁၃ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၁ ဦး (ဓါတ်ပုံ မဇ္ဈိမ)



ဓညလင်း
(ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA)

မူလတန်းကျောင်းအုပ် ဦးထွန်းအောင်၏ မွေးချင်း ၄ ဦးအနက် တဦးတည်းသော သားဖြစ်သည်။ စစ်တွေကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ၁၉၈၈ သြဂုတ်လ စစ်ကိုင်းနှင့် မော်လမြိုင်မြို့ လူထုဆန္ဒပြပွဲကြီးများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် ရခိုင် ကျောင်းသားလူငယ်များ ကွန်ဂရက် ASYC ဖွဲ့စည်းတည်ထောင်ရာ၌ ဦးဆောင်ပါဝင်ခဲ့သည်။ ထို့ပြင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မဲဆွယ်ပွဲများအတွက်လည်း ပါဝင်ကူညီခဲ့သည်။ နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေးက လိုက်လံဖမ်းဆီးမှုများကြောင့် ၁၉၉ဝ မှာပင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာလာခဲ့သည်။ ၁၉၉၅ စက်တင်ဘာ ၂၇ ရက်နေ့တွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး AASYC ကို
ဖွဲ့စည်းရာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ရခိုင်လွတ်မြောက်ရေးပါတီ ALP ထဲ ဝင်ရောက်ခဲ့သည်။ ၁၉၉၇ မတ်လ ၄ ရက်တွင် ရခိုင်ပါတီ ၄ ခု ပေါင်းပြီး NUPA ခေါ် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီကို ဖွဲ့စည်းရာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်ခဲ့သည်။

အခုလို လွတ်လာတာ ဘယ်လိုခံစားရလဲဗျ။

ပျော်တာပေါ့ခင်ဗျာ။ ၁၃ နှစ် ၃ လနဲ့ ၆ ရက်ဆိုတော့ ကျနော်တို့ရဲ့ဘဝကတော့ တဆစ်ချိုး ပြောင်းလဲလာတော့တာပေါ့။ ဒီလောက်အချိန်တွေ ကြာပြီးမှ ပြန်လွတ်လာရတော့ အများကြီး ဝမ်းသာရပါတယ်။ ၃ ယောက် ကျန်ခဲ့တဲ့အတွက်တော့ စိတ်မကောင်းဘူးပေါ့ဗျာ။

ကျန်းမာရေးအခြေအနေကော ဘယ်လိုရှိပါသလဲခင်ဗျ။

ကောင်းကြပါတယ်။

ရခိုင်တော်လှန်ရေးထဲကို ဘယ်လို စပြီး ဝင်ရောက်လာခဲ့တာလဲခင်ဗျာ။

အဲဒီတုန်းက မဆလနဲ့ နဝတ အစိုးရတွေရဲ့ ပြည်သူလူထုအပေါ် မတရားရက်စက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို
ကျောင်းနေအရွယ်ကတည်းက စခံစားသိမြင်လာခဲ့ပါတယ်။ ဒီအစိုးရတွေ ပြောင်းမှဖြစ်မယ်ဆိုတာ သိခဲ့ပါတယ်။ အဲဒီအချိန်မှာ ၈၈၈၈ အရေးအခင်း ပေါ်ပေါက်လာတယ်ပေါ့။ အဲဒီအရေးအခင်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပါတီတွေထောင်တော့ ရခိုင်ကျောင်းသားပါတီမှာ ပါဝင်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာတော့ ဝင်မပြိုင်ခဲ့ပါဘူး။ ALD တို့၊ NLD တို့ ပါတီကြီးတွေ မဲနိုင်ဖို့ပဲ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတော့ အာဏာလွှဲမပေးတဲ့အပြင် ပါတီတွေကို မတရားအသင်း ကြေညာလိုက်တော့ ဒီတိုင်းဆို အဖမ်းခံရတော့မှာဆိုပြီး ထိုင်းနယ်စပ်ကို တိမ်းရှောင်လာရပါတယ်။ ထိုင်းနယ်စပ်က ကရင်တို့၊ ABSDF တို့၊ မွန်အဖွဲ့တို့က အများကြီး အကူအညီ ပေးကြပါတယ်။ ကျနော်တို့ကလည်း ရခိုင်ကျောင်းသားအဖွဲ့ AASYC ကို ၁၉၉၅ မှာ ထူထောင်ခဲ့ပါတယ်။ နောက်ပြီး ကျနော်ဟာ ရခိုင်လွတ်မြောက်ရေးပါတီဖြစ်တဲ့ ALP အဖွဲ့ဝင်တယောက်
ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ပင်လယ်ထဲမှာ တာဝန်ယူဖို့ တာဝန်ပေးပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းထဲကို ဘယ်တုန်းက စတင်ဝင်ရောက်ခဲ့ပါသလဲ။

AASYC ကလည်း အဲဒီတုန်းက လက်နက်ကိုင် အဖွဲ့အစည်းပါပဲခင်ဗျ။ အဲဒီတုန်းကလည်း NUPA ဟာ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေ စုစည်းထားတဲ့ အဖွဲ့ကြီးတခု ဖြစ်ပါတယ်။ အဲဒီထဲကို ဝင်ခဲ့ပါတယ်။

freedomfigher19ဘယ်လိုမျှော်လင့်ချက်တွေနဲ့ လန်းဖော (အန္ဒမန်ကျွန်းစု) ကို ပင်လယ်ခရီး ထွက်လာခဲ့ရတာလဲခင်ဗျ။

လန်းဖောကျွန်းကို ကျနော်တို့လာရတာက အိန္ဒိယအစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့လာတာ။ ကျနော်တို့ NUPA ဟာ အိန္ဒိယအစိုးရကို အကူအညီပေးခဲ့သလို အိန္ဒိယအစိုးရကလည်း ကျနော်တို့ကို တစုံတရာ အကူအညီပေးခဲ့ပါတယ်။ ၁၉၉၅ နဲ့ ၉၇ အတွင်းမှာ ကျနော်တို့နဲ့ အိန္ဒိယအစိုးရ ဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ်။ တော်တော်လေးကို
ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ဌာနချုပ်ကို အိန္ဒိယနိုင်ငံတွင်းက မီဇိုရမ်ပြည်နယ် ပရာဗာမှာ တည်ထောင်ခွင့် ပေးထားခဲ့ပါတယ်။ အဲဒီချိန်မှာ အန္ဒမန်နဲ့ နီကိုဘာကျွန်းစုထဲက ကျွန်းတကျွန်းကို နေထိုင်ခွင့်ပေးဖို့ သဘောတူညီခဲ့ပါတယ်။ အဲဒါကို အိန္ဒိယ စစ်ထောက်လှမ်းရေးက သဘောတူခဲ့ပါတယ်။ အဲဒီသဘောတူညီချက်ကြောင့် ကျနော်တို့ လန်းဖောကျွန်းကို လာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ အစိုးရက ကျနော်တို့ကို လက်နက်တွေ တပ်ဆင်ပေးမယ်၊ ကျနော်တို့ရဲဘော်တွေကို စစ်သင်တန်းတွေပေးမယ်၊ ပြီးတော့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဖြတ်သန်းတဲ့အခါ အချက်အခြာကျတဲ့ နေရာဖြစ်လို့ အဲဒီမှာ တထောက်နားခွင့် နေရာပေးမယ်။ ကျနော်တို့က ဒါကိုတောင်းဆိုခဲ့လို့ အိန္ဒိယအစိုးရက ကျနော်တို့ကို ကတိပေးပြီးတော့ အဲဒီကျွန်းကို ပေးမယ်ဆိုပြီး ခေါ်လို့ ကျနော်တို့ လာခဲ့တာ ဖြစ်ပါတယ်။

လာခဲ့တုန်းက စုစုပေါင်း ဘယ်နှယောက်လဲဗျ။

ငါးဖမ်းသမားတွေရောဆို စုစုပေါင်း ၇၂ ယောက်ပါ။

အန်ဒမန်ကျွန်းရောက်ပြီး အဖမ်းခံလိုက်ရတဲ့ နောက်မနက် အဖြစ်အပျက်လေးတွေကို ပြန်ပြောပြပေးပါအုံး ခင်ဗျ။

၈ ရက်နေ့ကနေ စထွက်လာပြီးတော့ ၁ဝ ရက်နေ့ ညနေ ၄ နာရီမှာ ကျနော်တို့ လန်းဖောကျွန်းကို ရောက်ပါတယ်။ အဲဒီ လန်းဖောကျွန်းမှာ ကျနော်တို့ရဲ့ အိန္ဒိယတာဝန်ခံဖြစ်တဲ့ ဗိုလ်မှူးစောထွန်းနဲ့ သူ့လက်ထောက် ကိုရန်နိုင်တို့ကို
တွေ့ပါတယ်။ သူတို့နဲ့အတူ အိန္ဒိယထောက်လှမ်းရေး ဂရေးဝေါ ရှိနေပါတယ်။ ကျနော်တို့ရောက်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာနဲ့ ကြိုဆိုကြပါတယ်။ အဲဒီညမှာ ဘာမှ ပြဿနာမရှိပါဘူး။ သူငယ်ချင်းလိုပဲ
ပျော်ပျော်ပါးပါး စားသောက်ပြီးတော့ အိပ်ကြပါတယ်။ နောက်နေ့မနက်ကျတော့ ဂရေးဝေါက ဘာပြောလဲဆိုရင် အိန္ဒိယအစိုးရ တာဝန်ရှိသူတွေ ရဟတ်ယာဉ်နဲ့ လာမယ်တဲ့။

မနက်မိုးလင်း ကျနော်တို့ကျွန်းနားမှာ အိန္ဒိယရေတပ်ကို တွေ့ရပါတယ်ခင်ဗျ။ သူတို့ရဲ့ လူကြီးတွေဟာ အဲဒီမှာ ရှိတယ်ပေါ့၊ ရဟတ်ယာဉ်နဲ့ လာမှာပေါ့၊ အဲဒါကြောင့် ကြိုဆိုဖို့ နေရာလုပ်ပါတဲ့။ အဲဒါနဲ့ ကျနော်တို့က ပင်လယ်ကမ်းစပ် သောင်ပြင်မှာ အကုန်လုံး တက်နေကြပါတယ်။ အဲဒါပြီးတော့ ကျနော်တို့ လူကြီး ၅ ယောက်ဖြစ်တဲ့ ဗိုလ်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လွန်းဇံခိုင်နဲ့ KNU က ပဒိုမူးလွေပါ။ သူတို့ ၅ ယောက်ကို ကျနော်တို့ ရပ်နေတဲ့ နေရာမှာ ရဟတ်ယာဉ်ဆင်းမယ့် နေရာ မရှိဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့နဲ့ ခပ်လှမ်းလှမ်း တောတန်းနောက်မှာ ကွင်းရှိတယ်ပေါ့။ အဲဒီကွင်းကို သွားရအောင်ဆိုပြီး အဲဒီ ၅ ယောက်ကို ခေါ်သွားပါတယ်ခင်ဗျ။ ခေါ်သွားတုန်းက ၅ ယောက်ပါ။

သူတို့ ထွက်သွားတော့ ခပ်လှမ်းလှမ်းအရောက် သူတို့ကို
ကျနော်တို့ ရခိုင်တော်လှန်ရေးကို အိန္ဒိယက ကူညီပေးမယ်ဆိုပြီး ယုံကြည်မှုကြောင့် ဒီလိုဖြစ်သွားရတာပေါ့။...
ကျနော်တို့က မမြင်ရတော့ပါဘူး။ တောတန်းနဲ့ ကွယ်သွားပါတယ်ခင်ဗျ။ ခဏနေမှ ခေါင်းပေါင်းနဲ့ ပန်ချာစစ်ဗိုလ်က ကျနော်တို့ရှေ့မှာ လာရပ်ပါတယ်။ သူက ဘာပြောလဲဆိုရင် ကျနော်တို့ ခင်ဗျားတို့ဟာ ညီအကိုတွေ၊ ဘာမှ မစိုးရိမ်ကြနဲ့ပေါ့၊ ခင်ဗျားတို့ ဘာအကူအညီလိုလဲ၊ လိုတဲ့ အကူအညီကို ကျနော်တို့ ကူညီသွားမယ်လို့ ပြောပါတယ်။ ခင်ဗျားတို့ လက်ကို မြှောက်ပါလို့ ပြောတယ်။ ကျနော်တို့က ဘာကြောင့် လက်မြှောက်ရလဲ၊ ခင်ဗျားတို့ ကျနော်တို့က ညီအကိုပဲ၊ လက်မြှောက်ရမယ် ဆိုရင်လည်း ကျနော်တို့လူကြီးတွေ လာပါစေအုံး၊ စောင့်အုံးမယ်လို့ ပြန်ပြောတယ်။ ဘာတွေ ဆွေးနွေးထားတယ်ဆိုတာ မသိဘူးတဲ့၊ ဒါကြောင့် လက်သာမြှောက်ပါတဲ့။ အဲလိုအချိန်မှာ စစ်သား ၃-၄-၅ဝ လောက်က ကျနော်တို့ ဘေးနားမှာနေပြီး ကျနော်တို့ကို သေနတ်တွေနဲ့ ချိန်ထားတာပေါ့။

အဲဒီအခါ ကျနော်တို့က သဘောပေါက်ပြီပေါ့။ ကျနော်တို့ကို သူတို့က အမိန့်ပေးနေပြီ၊ ကျနော်တို့ လက်ထဲမှာ ဘာမှ မရှိဘူးနေပါ့နော်၊ ခုခံစရာလည်း အကြောင်းမရှိဘူး။ သူတို့ခေါ်လို့ လာတာဆိုတော့ ကျနော်တို့ကလည်း လက်မြှောက်ရတာပေါ့။ နောက် ကျနော်တို့လက်တွေကို ကြိုးချည်တယ်၊ မျက်စိကို ပိတ်တယ်။ ကျနော်တို့ကိုယ်ပေါ်က အဝတ်အစားတွေ အကုန်လုံး ချွတ်လိုက်ပါတယ်။ နောက် ကျနော်တို့ကို သဲသောင်ပြင်မှာ လှဲခိုင်းလိုက်ပါတယ်။

အဲလိုလုပ်နေတဲ့ အချိန်အထိ KNU က ဗိုလ်မင်းဆွေဟာ ကျနော်တို့နောက်မှာ ရှိနေပါသေးတယ်။ ပို့ဘလဲကို ရောက်လို့ ပြန်စစ်ဆေးတဲ့အခါမှ သူလည်း ပျောက်တဲ့အထဲမှာ ပါသွားပါတယ်။ ကျနော်တို့ကို လက်မြှောက်ခိုင်းပြီးမှ သဲသောင်ပြင်မှာ မှောက်ခိုင်းပါတယ်။ မျက်စိပိတ်လိုက်လို့ ကျနော်တို့ ဘာမှ မမြင်ရတော့ပါဘူး။ ပထမတုန်းကတော့ ကျနော်တို့ ထင်တာက ကျနော်တို့နဲ့ အရပ်သားတွေ၊ လှေသားတွေ ပါလာတဲ့အတွက်တော့ မြန်မာအစိုးရ မသိရလေအောင် ဖုံးကွယ်ဖို့ လုပ်တာလို့ စဉ်းစားပါတယ်။

မျက်စိပိတ်နေရချိန်မှာ ကျနော်တို့လူကြီးတွေ သွားတဲ့ဘက်က သေနတ်သံ အချက် ၂ဝ ၊ ၃ဝ လောက် ကြားရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှ မတတ်နိုင်ပါဘူး။ ကျနော်တို့လက်ထဲမှာ တစုံတရာ ဘာမှ မရှိပါဘူး။ ဓားတောင် မပါတဲ့အတွက် ခုခံစရာလည်း အကြောင်းမရှိဘူး။ ကျနော်တို့လူကြီးတွေ ဒီလိုဖြစ်လို့ ဒေါသဖြစ်တာပေါ့၊ ဝမ်းနည်းပူဆွေးမိတာပေါ့။ အစားထိုးမရတဲ့ အရာတွေပါ။ ပိုက်ဆံတွေ၊ လက်နက်တွေ၊ ပစ္စည်းတွေကို ရှာလို့ ရပေမယ့် လူကြီးတွေကို ပြန်အစားမထိုးနိုင်ပါဘူး။


ဦးစိုးနိုင်
(ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA)

ဦးစိုးနိုင်ကို ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ၁၉၅၄ ခုနှစ်က မွေးဖွားခဲ့သည်။ ၁၉၇ဝ တွင် ဓာတုဗေဒ အဓိကဖြင့် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇ဝ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ပေးရန် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ပြီး မြကျွန်းသာ အမည်နှင့် ရခိုင်ဘာသာဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင် ထုတ်ဝေခဲ့သည်။ ယင်းစာစောင်မှာ ဗိုလ်ချုပ်နေဝင်း အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြသည့် စာစောင် ဖြစ်သည်။ စာတမ်းဝေမှုကြောင့် ဖခင်ဖြစ်သူကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

၁၉၇၄ တွင် သူတို့အဖွဲ့ ခေါင်းဆောင်အပါအဝင် အဖွဲ့သား ၂ဝ ကျော် ဖမ်းခံခဲ့ရပြီး ခေါင်းဆောင်ဖြစ်သူ မောင်သိန်းမြကို လူမြင်ကွင်းတွင် ခေါင်းဖြတ်သတ်ခဲ့သည်။ သူကိုယ်တိုင်လည်း တောထဲတွင် အသတ်ခံရမည့်ဆဲဆဲ စစ်ဌာနချုပ်က စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်မှုကြောင့် သေဘေးမှ လွတ်ခဲ့ရသည်။

စစ်တွေတွင် တနှစ်ခန့် ထိန်းသိမ်းခံခဲ့ရပြီး ရန်ကုန်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၇၆ ဇွန်တွင် ပြန်လွတ်လာသည်။ သို့သော် ရန်ကုန်တွင် နေထိုင်ခွင့်မပေးဘဲ နေရင်း စစ်တွေသို့ ပြန်ခိုင်းခဲ့သည်။

ရန်ကုန်တွင် ဆက်လက်နေထိုင်သောကြောင့် စစ်ထောက်လှမ်းရေးတွေက နောက်ယောင်ခံတာကြောင့် ထိုင်း-မြန်မာ နယ်စပ် ထွက်ပြေးခဲ့သည်။

၁၉၈၈ လူထုအုံကြွမှုတွင် ထိုင်းဘက်သို့ ထွက်ပြေးလာသည့် ကျောင်းသားနှင့် လှုပ်ရှားသူများကို စားစရာ၊
ဆေးဝါးနှင့် နေစရာများ ကူညီပေးခဲ့သည်။ ယင်းနောက် သူပါဝင်လှုပ်ရှားသော NUPA ပါတီကို အိန္ဒိယထောက်လှမ်းရေးတွေက ဆက်သွယ်လာပြီး မြန်မာရေပိုက်နက်အတွင်းမှ တရုတ်ငါးဖမ်းလှေ လှုပ်ရှားမှုအတွက် အိန္ဒိယအစိုးရကို သတင်းပေးလုပ်ခိုင်းခဲ့သည်။ ထို့အတွက် အိန္ဒိယအစိုးရက NUPA ကို အန္ဒမန်ကျွန်းစု၏
မြောက်ဘက်အကျဆုံး လန်းဖောကျွန်းကို အသုံးပြုခွင့်ပေးခဲ့သည်။

ဦးစိုးနိုင်မှာ ၁၉၉၈ ဖေဖော်ဝါရီ ၆ ရက်တွင် ၁ဝ ရက်နေ့တွင် လန်းဖောကျွန်း သွားနိုင်အောင် စီစဉ်ပေးမည်ဟု ခေါင်းဆောင် ခိုင်ရာဇာ အမိန့်အရသွားရာတွင် ဖမ်းဆီးခံခဲ့ရသည်။

freedomfigher2sအခုလို ပြန်လွတ်လာတာ ဘယ်လိုခံစားရလဲ။

နှစ်ကြာကြီး ထောင်ထဲမှာ နေလာရပြီး ဒီနေ့လွတ်တော့ ပျော်တော့ပျော်တာပေါ့။ ဒါပေမဲ့ နှစ်ကြာလာတော့ ဆုံးရှုံးမှုတွေ ရှိတာပေါ့။ ၁၃ နှစ်ဆိုတာ ကျနော်တို့လုပ်ငန်းတွေ၊ ကျနော်တို့ရဲ့ တော်လှန်ရေးခရီးအတွက် ဆုံးရှုံးတာပေါ့။

ဘာတွေဆက်လုပ်မယ်လို့ စိတ်ကူးရှိလဲဗျ။

အဆက်အသွယ်တွေက ပြတ်နေတော့ အပြင်ရောက်မှ စဉ်းစားပြီးတော့ လုပ်ကြရမှာပါ။ အခုအခြေအနေက ဘာမှ မသိသေးဘူး။

ဒီ ၁၃ နှစ်တာ ထောင်တွင်းဘဝကို ခြုံငုံပြီးတော့ ဘယ်လိုပြောနိုင်မလဲခင်ဗျ။

တော်လှန်ရေးလုပ်တာက ဗမာပြည် ဒီမိုကရေစီအရေးလုပ်တာ အိန္ဒိယထောင်မှာ အချိန်ကုန်သွားသလို ဖြစ်တာပေါ့။ ကျနော်တို့က အိန္ဒိယကို ကူညီပေးခဲ့ရပြီးမှ သူတို့က ကျနော်တို့ကို ဒီလိုလုပ်လိုက်တာ ကျနော်တို့ရင်ထဲမှာ ခံစားရတာပေါ့ဗျာ။ ကျနော်တို့ ရခိုင်တော်လှန်ရေးကို အိန္ဒိယက ကူညီပေးမယ်ဆိုပြီး ယုံကြည်မှုကြောင့် ဒီလိုဖြစ်သွားရတာပေါ့။

ဒီလို ၁၃ နှစ်တာအတွင်းမှာ ဘာအကျိုးအမြတ်တွေများ ရခဲ့ပါသလဲ။

ခံနိုင်ရည် ရှိသွားတာပေါ့ဗျာ။ ပိုလို့ ခိုင်မြဲသွားတယ်လို့ ခံစားရတယ်။

ဒီလိုလွတ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူတွေကို ဘာများပြောချင်ပါသလဲ။

ဝိုင်းဝန်းကြိုးစားပေးတဲ့ တော်လှန်ရေး အဖွဲ့အစည်းအားလုံး၊ မြန်မာပြည်သား အားလုံးကို အများကြီး
ကျေးဇူးတင်ပါတယ်။


စောချာတိုးတိုး
(ကရင်အမျိုးသား အစည်းအရုံး KNU)

အခုလို လွတ်မြောက်လာခဲ့တာ ဘယ်လိုခံစားရလဲ။

အာ… သိပ်ပျော်တာပေါ့ဗျာ။ ဒီမိုကရေစီအဖွဲ့အစည်းတွေကိုလည်း ဒီလိုလွတ်မြောက်အောင် ကြိုးစားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဘယ်လိုပြောရမှန်း မသိအောင် တအားဝမ်းသာသွားတယ်ကွာ။

ထောင်ထဲမှာ နေခဲ့ရတာ ဘယ်လိုခံစားရလဲ။

ထောင်ကတော့ ခံစားရတာပေါ့။ စိတ်ကတော့ အမြဲပင်ပန်းနေတာပေါ့။

ဘာတွေ ဆက်လုပ်သွားမလဲ။

ဒီမိုကရေစီ မရမချင်းကတော့ ဆက်ကြိုးစားသွားရမှာပေါ့။ အားလျှော့စရာလည်း မလိုပါဘူး။ အခုဟာက သင်ခန်းစာပေါ့ဗျာ။ အားဆေးတခွက်ပေါ့။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်တောင် နှစ်ပေါင်းမနည်း ခံခဲ့ရတာပဲ။ သူက အမျိုးသမီးတယောက်တောင် အားမလျှော့ဘဲ တွန်းလှန်နိုင်တယ်ဆိုရင် ကျနော်တို့က သူ့ကို အတုယူရမှာပေါ့ဗျာ။ ကျနော်တို့ ဒီမိုကရေစီရဖို့၊ အမျိုးသားလွတ်မြောက်ဖို့ အမြဲ တာဝန်ရှိတယ်လို့ ယူဆပါတယ်။

မိခင်အဖွဲ့အစည်း KNU ကိုရော ဘာများ နှုတ်ခွန်းဆက်စကား ပြောချင်ပါသေးလဲ။

ဘာမှ အထူးအထွေ မရှိပါဘူး။ တယောက်နဲ့တယောက် အားပေးရမှာပေါ့။

11ReadMore-2.jpg

Wednesday, May 18, 2011

ကရင်ပြည်နယ်၌ ၄ လအတွင်း တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွား


//ehkhaungthaunt.blogspot.com

အစိုးရ စစ်တပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့ အကြား ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အထိ တိုက်ပွဲပေါင်း ၃၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNLA ၏ သုံးလပတ် စစ်တမ်းများ အရ သိရသည်။


တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုနှင့် ၁၀၁တပ်ဖွဲ့ဝင်များ ဓာတ်ပုံ-ehka


တိုက်ပွဲများသည် ကရင်ပြည်နယ် အတွင်း၌ ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်မှ ၆၁၁ ဦး သေဆုံး၍ ၈၄၈ ဦးဒဏ်ရာရရှိခဲ့ ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဘက်မှ ၆ ဦး သေဆုံး၍ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တမ်း၌ ဖော်ပြထားသည်။

KNLA တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက “အခုအချိန် အထိ အပြောင်းအလဲတွေ မတွေ့ရသေးဘူး၊ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲဖို့ အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များကို အစိုးရအနေဖြင့် နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နယ်မြေခံ အစိုးရစစ်တပ်မှ အထက် တာဝန်ရှိသူများထံ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ပေးပို့သော အချက်အလက်များ၌ အစိုးရတပ်ဖွဲ့ဝင်များ သေဆုံးသူ စာရင်း ပါဝင်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်က စတင်၍ မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် အစိုးရတပ်နှင့် DKBA အကြား နေ့စဉ်နီးပါး တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွေး၏ တပ်ဖွဲ့ကမူ ယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ယင်းသို့ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း DKBA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရကို တိုက်ခိုက်ရာမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အကြား ပိုမိုအင်အား ကောင်းလာကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

စစ်အစိုးရက ဖွဲ့စည်းပေးထားသော ကရင် နယ်ခြားစောင့်တပ်ဖွဲ့ တချို့ကလည်း DKBA တပ်ဖွဲ့ဝင်များထံ လာရောက်ပူးပေါင်းခဲ့ ကြကြောင်း ၎င်းက ဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ ဖြစ်သည်။

KNLA တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုကမူ“ကျနော်တို့ အရင်ကထက် ပိုပြီး အင်အား ကောင်းလာတယ်၊ အရင် က ကျနော်တို့ စွန့်ခွာခဲ့တဲ့ နေရာတွေတောင်မှ ကျနော်တို့အဖွဲ့ဝင်တွေ ကင်းလှည့်နိုင်တဲ့ အခြေအနေတွေရှိပြီ”ဟု ပြောသည်။

၎င်းကဆက်လက်၍ “တကယ်လို့ အစိုးရအသစ်က ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမယ် ဆိုလို့ရှိရင် တိုက်ပွဲတွေ နည်းလာမယ်၊ ငြိမ်းချမ်းရေး အတွက် အစိုးရက မဆွေးနွေးဘူးဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲ၊ ဒါအခု တက်လာတဲ့ အစိုးရအသစ်အပေါ် မူတည်နေပါတယ်”ဟု ပြောဆိုသည်။

11ReadMore-2.jpg

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသော်မြို့နယ်အတွင်း ဒေသခံရွာသား (၉,၀၀၀) နီးပါး စားနပ်ရိက္ခာ အကျပ်အတည်း ကြုံတွေ (ရုပ်သံ)

11ReadMore-2.jpg

ပစ်ခတ်မှု အရပ်သား ၃ဦးသေဆုံး၊ ၈ဦး ထိခိုက်ဒဏ်ရာရရှိ

မေလ ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်တွင် ခိုလှုံနေရသည့်စစ်ပြေးရွာသား မိသားစုများ (Photo-KHRG)





ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲတွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အစိုးရစစ် တပ်နှင့် လက်နက် ကိုင်ကရင်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုများအတွင်း အရပ်သား ၃ဦးသေဆုံးပြီး ၈ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အ ရေးအဖွဲ့ KHRGက ယနေ့ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့မှ ၃၀ရက်နေ့အထိ အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထိုကဲ့သို့ ထိခိုက်သေဆုံးခဲ့ ရခြင်းသည်ဟု KHRG၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။



လက်နက်ကြီး ကျည်စထိမှန်သည့်ရွာသားတစ်ဦး (Photo-KHRG)

၎င်းပစ်ခတ်မှုများကြောင့် ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်း၊ ဘုရားငုတ်တို၊ တအေးရှေး၊ မိနန်းအပ် စသည့်ကျေးရွာ များမှ ရွာသား ၁၄၃ဦးသည် ထိုင်းနိုင်ငံနယ်စပ်တစ်နေရာသို့ ထွက်ပြေးခိုခဲ့ရသည့်အပြင် လူနေအိမ်တချို့ကို လည်း အစိုးရစစ်တပ်မှ မီးရှို့ဖျက် ဆီးခဲ့သည်ဟု KHRG က ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်(Albert)က “အဲဒီပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ လူတချို့ကို ကျနော်တို့လူတွေ ကိုယ်တိုင်ကိုယ်ကျ သွားပို့ခဲ့ရတယ်။ ကျိုက်ဒုံဆေးရုံမှာ တယောက်သေတယ်။ နောက် တစ် ယောက်ကတော့ မျက်လုံးထိမှန်သွားတော့ အခု ထိုင်းဘက်ခြမ်း၊ အုန်းဖန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။”ဟု ပြော သည်။

ထိုင်းနိုင်ငံနယ်စပ်တွင် ထွက်ပြေးခိုလှုံနေသည့် အဆိုပါရွာသားများသည် လက်ရှိအချိန်တွင် အလုပ်ခွင်အ တွင်းသို့ ပြန်လည် လုပ်ကိုင်ကြပြီဖြစ်သော်လည်း နယ်မြေမတည်ငြိမ်သည့် အခြေအနေကြောင့် စိုးရိမ်မှု များဖြင့် အလုပ်လုပ်ကိုင်နေရသည်ဟု စော အဲလ်ဘတ်က ပြောသည်။

“အခုချိန်မှာတော့ ရွာသားတွေ အလုပ်ပြန်ဆင်းကြပြီ။ ဒါပေမယ့် အခြေအနေက တည်ငြိမ်မှု အပြည့်အ၀ မရှိသေးတဲ့အချိန်ဆို တော့ သူတို့သားသမီးတွေကို နယ်စပ်မှာပဲ ထားခဲ့ရတယ်။ စိုးရိမ်စိတ်တွေ၊ ကြောက် စိတ်တွေရှိပေမယ့် အလုပ်ကိုတော့ သူတို့ ချန်ထားပစ်လို့မရဘူးလေ။”ဟု ပြောသည်။

၎င်းပစ်ခတ်မှုတွင် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့သည် နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိသလို ယင်းပစ် ခတ်မှုများကြောင့် ကျိုက်ဒုံမြို့နယ်မှ ဒေသခံပြည်သူ ၇၀၀ကျော် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်၊ ပိုင်ခလန်ကျေး ရွာနှင့် အနီးတ၀ိုက်တွင် ထွက်ပြေးခို လှုံခဲ့သည်ဟု ထိုင်းနယ်စပ်အခြေစိုက် သတင်းဌာနများ က ဖော်ပြခဲ့သည်။

ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ရက်သတ္တပတ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့ကြား ပစ် ခတ်မှုများ ဖြစ်ပွားလျှက်သော်လည်း နောက်ထပ် အရပ်သား ထိခိုက်သေဆုံးမှုများ မရှိတော့ကြောင်း KHRG က ပြောသည်။

11ReadMore-2.jpg

Template by:

Free Blog Templates